← Chapters

အခု လက်ထပ်ကြမယ်

Vol. 4 Ch. 308

အခု လက်ထပ်ကြမယ်

Vol. 4 Ch. 308

သိပ်မကြာခင်မှာပင် ကော်ဖီဆိုင်အတွင်းသို့ ဖန့်ချုံး ရောက်ရှိလာသည်။

သူမက မိတ်ကပ်လိမ်းခဲသော်လည်း ယနေ့တွင်မူ ခပ်ပါးပါးလေး လိမ်းထားသည်။ သူမက ကုပ်အင်္ကျီနှင့် ဂျင်းစကပ်ကို တွဲဖက်ဝတ်ဆင်ထားပြီး ဆံပင်များအား အနက်ရောင် ကလစ်ဖြင့် ချည်နှောင်ထားသည်။ အဝါရောင် ဖိနပ်များနှင့် နေကာမျက်မှန်တို့နှင့် ပေါင်းစပ်ထားသော သူမ၏ အသွင်အပြင်က ခါတိုင်းထက် ပိုမို၍ ဆွဲဆောင်မှု ရှိနေခဲ့သည်။

ဖန့်ချုံးက အယ်လ်ဗီ(LV) တံဆိပ် လက်ကိုင်အိတ်ကို စားပွဲပေါ်သို့ ချရင်း ထိုင်ချလိုက်သည်။

"အမေ ဒီကို လာသွားတာလား…"

သူမက ရောက်သည်နှင့် တန်းမေးသည်။

"အင်း…" ချန်းဖန်က ခေါင်းညိတ်သည်။

သူ့တွင် ဖုံးကွယ်စရာ မရှိပေ။ ချန်းဖန်နှင့် စုစု စကားပြောနေစဉ် ဆိုင်အပြင်ဘက် တစ်နေရာ၌ ဖန့်ချုံး စောင့်နေခဲ့ကြောင်း ချန်းဖန်သိသည်။

"သူ ငါတို့နှစ်ယောက်ကို နောက်ထပ်မတွေ့ဖို့ ပြောသွားတယ်လား”

ဖန့်ချုံး၏ အပြစ် ကင်းစင်သော မျက်လုံးများက စိုးရိမ်စိတ်ဖြင့် ပြည့်နှက်နေသည်။

"အင်း…"

ချန်းဖန်က ခေါင်းညိတ်ရင်း ဖြေသည်။

"ငါတို့ မရပ်နိုင်ဘူးလို့ သူ့ကို ပြောလိုက်တယ်။

ဖန့်ချုံးက မျက်မှောင်ကြုတ်လိုက်ရင်း…

"ရှောင်ဖန်… အမေက စုမိသားစုအကြောင်း ပြောပြသေးလား”

"အင်း…"

ချန်းဖန်ကပြောရင်း ဖန့်ချုံး၏ လက်အား ငြင်သာစွာ ကိုင်လိုက်သည်။

"စိတ်မပူနဲ့။ စုမိသားစုက ပြဿနာတစ်ခု မဟုတ်ဘူး။ နင်ဘာပဲ လုပ်လုပ် ငါနင့်ရဲ့ ဘေးမှာ ရှိနေမယ်”

ဖန့်ချုံးက ချန်းဖန်၏ လက်အား အနည်းငယ်ဖျစ်ညှစ်လိုက်သော်လည်း တစ်ခွန်းမှ ပြန်မပြောခဲ့ချေ။

ချန်းဖန် မဆိုထားနှင့်။ ကျင်းရှို့ လုပ်ငန်းစုနှင့် ချန်းမိသားစုပင်လျှင် စုမိသားစုကို မယှဉ်နိုင်ကြောင်း သူမကောင်းစွာ သိသည်။

စုမိသားစု၏ နှစ်သုံးရာ ကြွယ်ဝမှုများအား အသက်နှစ်ဆယ် မပြည့်သေးသော ကောင်လေးက မည်သို့မျှ ယှဉ်နိုင်ရန် မဖြစ်နိုင်ပေ။

ခဏကြာအောင် တွေဝေနေပြီးနောက် သူမက ချန်းဖန်၏ မျက်လုံးများအား ကြည့်ရင်း…

"ရှောင်ဖန်… ငါတို့ လက်ထပ်ကြမယ်”

"ဘယ်လို…"

မိန်းကလေး၏ စကားလုံးများက နှစ်ငါးရာတိုင် ကျင့်ကြံခဲ့သော မြောက်ပိုင်း ကောင်းကင် အရှင်သခင်၏ တာအိုနှလုံးသားကိုပင် တုန်ခါစေခဲ့သည်။

"အမေ့ရဲ့ စိတ်ကို ငါ ကောင်းကောင်း သိတယ်။ သူက ဆုံးဖြတ်ပြီးရင် ပြောင်းလဲဖို့ မဖြစ်နိုင်ဘူး”

ဖန့်ချုံးက ပြောသည်။

"ငါငယ်ငယ်တည်းက အမေက အဖေ့ကို အလုပ်တွေပဲ အမြဲဖိပြီး လုပ်ခိုင်းခဲ့တယ်။ စီရွှေ့နယ်ကနေ ချူကျိုး၊ ချူကျိုးကနေ ကျင်းမြို့တော် အထိ။ အဖေက တစ်လလောက်ပဲ အိမ်ကို ပြန်လာနိုင်ခဲ့အောင် အလုပ်တွေ ပိနေခဲ့တာ”

"နောက်ပြီး အမေက ငါ့ဘဝကိုလည်း အချိန်စာရင်းလို ဆွဲထားပြီးသား။ သူက ငါ့ကို တက္ကသိုလ်မှာတောင် စီးပွါးရေးမေဂျာ ယူခိုင်းတယ်။ နောက်ပြီး အင်္ဂလိပ်စာ သင်တန်းတွေ တက်ခိုင်းတယ်။ ကျောင်းပြီးတာနဲ့ ပညာဆက်သင်ဖို့ အမေရိကကို လွှတ်မှ။ သူက ငါ့ကို မင်ဒီလုပ်ငန်းစုနဲ့ စုမိသားစုရဲ့ လုပ်ငန်းတွေကို ဆက်ခံစေချင်နေတာ”

"ဒါပေမဲ့ ငါက ငါ့ရဲ့ ပုဂ္ဂိုလ်ရေး ကိစ္စတွေကို အခြားလူဝင်ပြီး ခြယ်လှယ်နေတာ ခွင့်မပြုနိုင်ဘူး”

ဖန့်ချုံးက ပြတ်သားစွာ ပြောသည်။

"ဒါကြောင့် ငါတို့ အခု လက်ထပ် ကြရအောင်။ လက်ထပ် ပြီးသွားရင် သူတားလို့ ရတော့မှာ မဟုတ်ဘူး”

"အဲဒါက တစ်ခုတည်းသော နည်းလမ်းပဲ”

သူမက တည်ငြိမ်စွာပင် ပြောလိုက်၏။

"ဒါပေမဲ့ ငါတို့က ခုထိ ချစ်သူတွေ မဟုတ်သေးဘူးလေ”

ချန်းဖန်မှာ လက်ရှိ အဖြစ်အပျက်များအား မယုံကြည်နိုင်အောင် ဖြစ်နေခဲ့တော့သည်။

"အရင် လက်ထပ်ကြမယ်ဟာ။ ပြီးရင် ငါတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ချစ်သွားမှာပေါ့”

မိန်းကလေးက ချန်းဖန်အား ကြည့်သည်။

"နင် ငါ့ကို မကြိုက်ဘူးလား…"

သူမက မေးသည်။

"ကြိုက်တာပေါ့…"

ချန်းဖန်က ပြန်ဖြေသည်။

"နင့် ငါ့ကို လက်ထပ်ချင်လား…"

သူမက ထပ်မေးသည်။

ယခုတစ်ကြိမ်တွင်မူ ချန်းဖန် တိတ်ဆိတ် နေခဲ့သည်။

"ကလေး ဘဝတည်းက နင် ငါ့ကို လက်ထပ်မယ်လို့ ကတိ ပေးထားတယ်လေ။ နင်မှတ်မိလား…"

သူမက ချန်းဖန်၏ မျက်လုံးများအား ကြည့်ရင်း စိတ်လှုပ်ရှားစွာဖြင့် မေးသည်။

ချန်းဖန်က တိတ်ဆိတ်နေပြန်သည်။

ထိုကတိအား သူလုံးဝ မမေ့ခဲ့ပေ။ ထိုကတိကြောင့်ပင် ဖန့်ချုံးက ရန်ကျင်းတက္ကသိုလ်နှင့် ဟွာချင် တက္ကသိုလ်တို့၏ ဖိတ်ခေါ်မှုများအား ငြင်းပယ်ခဲ့သည်။ သူတို့ ကတိထဲမှ ကျင်းတက္ကသိုလ် မှာပင် သူ့အား စောင့်ခဲ့သည်။

မျှော်လင့်တကြီး ကြည့်နေသော မိန်းကလေးအား ကြည့်ရင်း အတိတ်ဘဝ၏ မှတ်ဉာဏ်များက ချန်းဖန်၏ နှလုံးသားအတွင်း ပြန်လည် စီးဆင်း လာခဲ့တော့သည်။

အတိတ်ဘဝက ယခုကဲ့သို့ အချိန်မျိုးမှာပင် သူနှင့် သူမ ပြန်လည် တွေ့ဆုံခဲ့သည်။ အမျိုးမျိုးသော တားဆီးမှုများ ကြားတွင်ပင် သူမက ကတိအား လုံးဝ လက်မလွှတ်ခဲ့ချေ။ ချန်းဖန်၏ လက်အား အမြဲပင် ဆုပ်ကိုင်ထားခဲ့သည်။

နောက်ပိုင်း စုစု၏ အတင်းအကျပ် စီစဉ်မှုများအောက်၌ သူမက သူနှင့်အတူတူ ထွက်ပြေးရန် စီစဉ်ခဲ့သည်အထိ သူ့အား တွယ်တာခဲ့သည်။

သို့သော်လည်း ထိုစဉ်က ချန်းဖန်မှာ မိခင်၏ သေဆုံးမှု၊ ကျင်းရှို့လုပ်ငန်းစု၏ ဒေဝါလီခံရမှု ဖိအားများကြား၌ ဖန့်ချုံးအား အဆက်အသွယ် ဖြတ်ခဲ့သည်။ ယုံကြည်မှုများ ပျောက်ဆုံးနေသော သူ့တွင် ဖန့်ချုံးနှင့်အတူ အရာရာကို ရင်ဆိုင်ကျော်လွှားရန် သတ္တိမရှိခဲ့။

ထိုအချိန်က ချန်းဖန်သည်ကား စိန်ခေါ်မှုများအား ရင်မဆိုင်ဝံ့သည့် လူကြောက် တစ်ယောက်သာ။

သူမက ထက်မြက်ပြီး အောင်မြင်မှုများအား သိမ်းပိုက်မည့် ကောင်မလေး ဖြစ်သည်။ သူ့ကဲ့သို့ အရှုံးသမား တစ်ယောက် အနေဖြင့် သူမ၏ ပန်းခင်းလမ်း အနာဂတ်အား ရှုပ်ထွေးအောင် မလုပ်ချင်ပေ။

ထို့ကြောင့်ပင် အလုံးစုံအား လွှတ်ချကာ ချူကျိုးသို့ သူတစ်ယောက်တည်း ထွက်ပြေးခဲ့သည်။

သူတို့ နောက်တစ်ကြိမ် ပြန်လည် ဆုံတွေ့ခဲ့သည်က အတန်းဖော်ဟောင်းများ တွေ့ဆုံပွဲတွင် ဖြစ်သည်။

ထိုအချိန်၌ သူမမှာ မင်ဒီလုပ်ငန်းစု၏ အောင်မြင်သော စီအီးအို တစ်ယောက်ဖြစ်နေခဲ့ပြီ ဖြစ်သလို ရှန်းချန်ဝမ်နှင့်လည်း လက်ထပ်ကြတော့မည် ဖြစ်သည်။

သူမ၏ ဘဝက အောင်မြင်ကာ ဖြောင့်ဖြူးနေသည့်တိုင် ထိုနေ့က သူမ၏ မျက်လုံးများထဲ၌ ပျော်ရွှင်မှု တစ်စုံတစ်ရာကိုပင် သူရှာမတွေ့ခဲ့။

သူမ၏ နှလုံးသားထောင့် တစ်နေရာ၌ သူ၏ ပုံရိပ်တစ်ခုက ရှိနေသေးကြောင်း ချန်းဖန် ကောင်းကောင်းနားလည်ခဲ့သည်။ အကယ်၍ သူသာ တောင်းဆိုခဲ့လျှင် သူမက အရာရာအား စွန့်လွှတ်ကာ သူ့ထံပြန်လာမည်ဖြစ်ကြောင်း သူသိခဲ့သည်။

သို့သော် သူကား အလွန်ပင် သရဲဘောကြောင်သော လူတစ်ယောက်သာ ဖြစ်ခဲ့သည်။

ဖန့်ချုံးအား သူ စကားတစ်ခွန်းပင် သွားမပြောရဲခဲ့။

စိတ်ပျက်မှု၊ အားငယ်မှုများဖြင့် ထိုညက ဖန့်ချုံး မူးအောင်သောက်ရင်း ငိုခဲ့သည်။

ထိုညတွင်ပင် ချန်းဖန် ခံစားချက်များအား ခံနိုင်ရည် မရှိတော့သောကြောင့် အထပ်မြင့်အဆောက်အဦ တစ်ခု၏ အမိုးပေါ်မှ ခုန်ချကာ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့သည်။ အကယ်၍ ထန်ချင်သာ သူ့အား မကယ်ခဲ့ပါက အရှုံးသမား ချန်းဖန်၏ ပုံပြင်က အဆုံးသတ်သွားလောက်ပြီ ဖြစ်သည်။

ထို့နောက် မြောက်ပိုင်းကောင်းကင် အရှင်သခင် ဖြစ်လာခဲ့ကာ နှစ်ငါးရာအတွင်း စကြဝဠာအား လွှမ်းမိုးနိုင်ခဲ့သည်။ သို့သော်လည်း သူ၏ နှလုံးသားထဲမှ ဖန့်ချုံး၏ ပုံရိပ်က မည်သည့်အခါမျှ မပျောက်ကွယ်ခဲ့ပေ။

"ငါက အတိတ်ကို ပြန်လာပြီး အရာရာကို ပြင်ဆင်ဖို့ အခွင့်အရေး ရခဲ့တယ်။ အခု ဘာလုပ်မှာလဲ”

ချန်းဖန်၏ မျက်လုံးက ထက်ရှမှုများ၊ ပြတ်သားမှုများနှင့် ပြည့်နှက် လာသည်။

"အင်း… လက်ထပ်ကြမယ်”

"တကယ်လား…"

မိန်းကလေး၏ မျက်နှာက ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားသည်။ သူမက ထိုင်ခုံမှ ထလိုက်ရင်း…

"ခုချက်ချင်း မြို့တော်ခန်းမကို သွားပြီး လက်မှတ်ထိုးရအောင်…"

"နင့် သဘောပါပဲ…"

ချန်းဖန်က ပြုံးရင်း ပြန်ပြောလိုက်သည်။

ဆယ်ကျော်သက် နှစ်ယောက်ကား ကျင်းမြို့တော်ခန်းမသို့ ကားမောင်းကာ ထွက်လာ ခဲ့သည်။ သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် စကားမပြောမိကြချေ။

ဖန့်ချုံးက သူမ၏ ဖုန်းအားထုတ်၍ ကျောင်းယို့ယို့အား ခေါ်ကာ ဆုံးဖြတ်ချက်အား ပြောပြသည်။

သူတို့ မြို့တော်ခန်းမသို့ ရောက်ချိန်၌ ကျောင်းယို့ယို့က ကြို၍ ရောက်နှင့်နေခဲ့ပြီ ဖြစ်သည်။

"ရှောင်ချုံး… နင် သူ့ကို လက်ထပ်ချင်တာ သေချာလား…"

သူမက ဖန့်ချုံးအား စိုးရိမ်စွာဖြင့် ဆီးကြိုမေးသည်။

"ဒါပေါ့…"

ဖန့်ချုံးက ကျောင်းယို့ယို့ထံသို့ လျှောက်လာကာ သူမ၏ လက်မောင်းအား ကိုင်လိုက်ရင်း…

"ယို့ယို့… နင်က ငါ့ရဲ့ အကောင်းဆုံး သူငယ်ချင်းပါ။ ငါ့ကို ကူညီပေးနော်”

ကျောင်းယို့ယို့က လေးပင်စွာ ခေါင်းညိတ်ရင်း သူတို့နှစ်ယောက်အား ခန်းမအတွင်း ခေါ်လာခဲ့သည်။ သူမ၏ ချန်းဖန်အပေါ် အကြည့်များက အမြင်ကြည်သည့်ပုံ မရှိချေ။ သူမ၏ ချစ်သူအား ခိုးယူသွားသည့် အလား မနာလို၊ သဝန်တိုနေသည့် ပုံစံမျိုး ဖြစ်ပေါ်နေသည်။

မြို့တော် ခန်းမ၏ ဒါရိုက်တာက ကျောင်းယို့ယို့၏ ဦးလေးဖြစ်သည်။ သူ၏ ခွင့်ပြုချက်ဖြင့် ဆိုလျှင် ချန်းဖန်တို့ နှစ်ယောက်တွင် မှတ်ပုံတင်များ မပါသည့်တိုင် လက်ထပ်နိုင်မည် ဖြစ်သည်။

လက်မှတ်ထိုးချိန်၌ ဖန့်ချုံး၏ လက်များက အနည်းငယ် တုန်နေခဲ့သည်။

လက်ထပ်ခြင်းမှာ မိန်းကလေးတစ်ယောက်အတွက် အခမ်းနားဆုံး အရာဖြစ်သလို သူတို့ ဘဝ၏ အရေးအကြီးဆုံး အရာလည်း ဖြစ်သည်။ ဖန့်ချုံးမှာ အသက် ဆယ့်ကိုးနှစ်သာ ရှိသေးရာ ထိုအကျိုးဆက်အား ခံနိုင်ရည်ရှိအောင် မရင့်ကျက်သေးပေ။

သို့သော်လည်း ဖန့်ချုံး ထိုအရာအတွက် နောင်တရလိမ့်မည် မဟုတ်ကြောင်း ချန်းဖန် ကောင်းစွာသိသည်။ သူမက သူနှင့်အတူ တန်ခိုးရှင် ကျင့်ကြံခြင်း လမ်းစဉ်အား လျှောက်လှမ်းလိမ့်မည်။ ထို့နောက် သူတို့နှစ်ယောက်အတူတူ ဤကမ္ဘာမြေမှ ထွက်ခွါလိမ့်မည် ဖြစ်သည်။

တရုတ်ပြည်၏ အစွမ်းအထက်ဆုံး အထွတ်အထိပ် ပညာရှင်၊ အမှောင်တိုတမ်၏ ထိပ်ဆုံးစာရင်းဝင် ချန်းပေ့ရွှမ်းကား တိတ်ဆိတ်စွာပင် သေးငယ်သော မြို့တော်ခန်းမလေးအတွင်း၌ လက်ထပ် ပြီးစီးခဲ့ပြီ ဖြစ်သည်။ အသိသက်သေ ဟူ၍လည်း ကျောင်းယို့ယို့ တစ်ယောက်သာ ရှိနေခဲ့သည်။

မြို့တော်ခန်းမမှ ထွက်လာပြီးနောက် ဆန်ခေါက်ဆွဲ ဆိုင်လေးသို့ သူတို့သုံးယောက် ဦးတည် လိုက်သည်။

ဖန့်ချုံးမှာ ထိုဆိုင်လေးမှ ဆန်ခေါက်ဆွဲအား အလွန်နှစ်သက်သူ ဖြစ်ပြီး အထက်တန်း ကျောင်းသူ ဘဝကပင် ထိုဆိုင်သို့ မကြာခဏ ရောက်တတ်သည်။

သူတို့နှစ်ယောက်မှာ လက်ထပ်ပြီးပြီ ဖြစ်သဖြင့် ဖန့်ချုံး၏ ချန်းဖန်အပေါ် ဆက်ဆံမှုက ပြောင်းလဲ လာခဲ့သည်။ သူမက ချန်းဖန်နှင့် ပိုမို နီးကပ်စွာ ထိုင်လိုက်ရင်း ခေါက်ဆွဲပန်းကန် တစ်ခုအား နှစ်ယောက်မျှ၍ စားလိုက်ကြသည်။

ချန်းဖန်ကလည်း သူမ၏ မျက်နှာလေးအား တစိမ့်စိမ့်ကြည့်ရင်း ပြုံးပျော်နေခဲ့သည်။ သူတို့ နှစ်ယောက်မှာ လက်ထပ်ပြီးပြီဖြစ်ရာ ပို၍ နီးစပ်သွားသလို ခံစားရသည်။

သူတို့ရှေ့တွင် ထိုင်နေသော ကျောင်းယို့ယို့မှာမူ ထိုမြင်ကွင်းအား ကြည့်ရင်း ထိုင်ရမလို ထရမလို ဖြစ်နေခဲ့တော့သည်။ သူမ၏ မျက်နှာက ရက်လွန်သော အသားများအလား ပုပ်သိုး နေခဲ့တော့၏။

ဆန်ခေါက်ဆွဲ သုံးပွဲ… နှစ်ဆယ့်တစ်ယွမ်။

ထိုအရာက သူတို့လက်ထပ်ပွဲ၏ စုစုပေါင်း ကုန်ကျစရိတ်ပင်။

ထို့နောက် သူတို့မခွဲခွါခင် ဖန့်ချုံးက ချန်းဖန်အား နှုတ်ဆက် အနမ်းပေးသည်။

ချန်းဖန် မိန်းကလေး၏ နှုတ်ခမ်းဖြင့် စိုစွတ်ခဲ့သည့် ပါးအား နူးညံ့စွာ ထိကြည့်လိုက်သည်။ ထိုခဏမှာပင် ကြည်နူးသော အပြုံးတစ်ခုက သူ၏ နှုတ်ခမ်းတွင် မွေးဖွားသည်။

ထို့နောက် သူ၏ လက်များကို နောက်ပစ်လိုက်ရင်း အဆောင်သို့ ပျော်ရွှင်စွာ ပြန်လာ ခဲ့တော့သည်။ ထိုအရာက သူ့နှလုံးသား၏ အမြဲတောင့်တ ခဲ့ရသော လိုအင်ဆန္ဒပင် မဟုတ်ပါလား။

ဖန့်ချုံး အိမ်သို့ပြန်ရောက်ချိန်၌ ညက အတော်လေးနောက်ကျနေပြီ ဖြစ်သည်။

စုစုက နောက်မှီကုလားထိုင် တစ်ခုပေါ်တွင် ထိုင်ရင်း သူမအား အသင့် စောင့်နေခဲ့သည်ကို ဖန့်ချုံး တွေ့လိုက်ရသည်။

သူမက ဖန့်ချုံးအားကြည့်ရင်း…

"ဘယ်လိုသွားနေလို့ ခုလောက် နောက်ကျနေရတာလဲ…"

"သမီး ဘယ်သွားတယ် ဆိုတာ အမေသိပါတယ်…"

ဖန့်ချုံးက ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။

"နင် အဲကောင်လေးနဲ့ ဘာလို့ ခုအချိန်ထိ အတူရှိနေရအောင် ဘယ်တွေ လျှောက်သွားနေ တာလဲ…"

စုစု၏ မျက်နှာ တစ်ခုလုံးက မည်းမှောင်နေခဲ့ပြီ ဖြစ်သည်။

"သမီးတို့က လျှောက်သွားနေတာ မဟုတ်ဘူး။ မြို့တော်ခန်းမကို လက်ထပ်ရအောင် သွားတာ”

ဖန့်ချုံးက ပြန်ပြောလိုက်သည်။ ထိုအရာက သူမ၏ ဆုံးဖြတ်ချက်အား ယုံကြည်မှုရှိစွာ ပထမဆုံး အကြိမ်အဖြစ် ပြောခဲ့ခြင်းပင်။

"ဘယ်လို…"

စုစုက  မယုံကြည်နိုင်စွာ ရေရွတ်သည်။

ဖန့်ချုံးက သူမထံသို့ လျှောက်လာရင်း လက်ထပ်စာချုပ်အား စားပွဲပေါ်သို့ တင်လိုက်ရင်း…

"အခုက စပြီး ချန်းဖန်က သမီးရဲ့ ယောက်ျားပဲ။ အမေ ဘယ်လိုတွေးတွေး ကိစ္စမရှိဘူး။ အဲဒါက ဖြစ်ပြီးသွားပြီ”

ဖန့်ချုံးက ပြောပြီးသည်နှင့် သူမ၏ အခန်းရှိရာသို့ ထွက်လာခဲ့တော့သည်။

စုစု၏ မျက်လုံးများက ဒေါသရိပ်ဖြင့် နီရဲလာကာ ချွန်ထက်သော လက်သည်းများ ကလည်း သူမထိုင်နေသည့် ဆိုဖာအား တင်းကျပ်စွာ ဆုပ်ကိုင်လိုက်တော့သည်။

***

All Chapters