ဖန့်မင်ဒီ၏ သံသယ
Vol. 4 Ch. 309
စုစုက လက်ထပ် စာချုပ်အား ဒေါသတကြီး ကောက်ယူလိုက်ရင်း ကြည့်လိုက်သည်။
"လက်ထပ် ထိမ်းမြားခြင်း စာချုပ်"
အနီရောင် နောက်ခံ၌ ရွှေရောင် စာလုံးများက စာချုပ်၏ အဖုံး၌ ခန့်ညား ထင်ရှားစွာ ပေါ်လွင် နေခဲ့သည်။
အတွင်းပိုင်းတွင်မူ စာမျက်နှာတစ်ဖက်၌ ဖန့်ချုံးနှင့် ချန်းဖန်တို့၏ပုံ ရှိနေခဲ့သည်။ ထိုပုံထဲတွင် ဖန့်ချုံးက ကုတ်အင်္ကျီလေးနှင့် ဖြစ်ကာ ချန်းဖန်ကမူ အားကစား ဂျာကင် အင်္ကျီကို ဝတ်ဆင်ထားသည်။ ထိုကလေး နှစ်ယောက်ကား မည်သို့ပင် ကြည့်ပါစေ နှစ်ဆယ် မကျော်သေးသည့် ကလေးရုပ်လေး များသာ ဖြစ်ကြသည်။
စုစုက ချန်းဖန်၏ မျက်နှာအား မုန်းတီးစွာ ကြည့်ရင်း ဆိုဖာကို ပိုမို ဖျစ်ညှစ်လိုက်သည်။ သူမ၏ လက်သည်းရှည်များက ဆိုဖာ အပိုင်းအစများနှင့်အတူ ကျိုးပဲ့နေခဲ့ကြောင်းကိုမူ သူမ သတိမပြုခဲ့မိချေ။
"အခုက စပြီး ချန်းဖန်က သမီးရဲ့ ယောက်ျားပဲ။ အမေ ဘယ်လိုတွေးတွေး ကိစ္စမရှိဘူး။ အဲဒါက ဖြစ်ပြီးသွားပြီ”
ဖန့်ချုံး၏ စကားများက သူမ၏ ဦးနှောက်အား လှိုင်းများသဖွယ် အထပ်ထပ် ရိုက်ခတ်ရင်း ချောက်ချားမှုကို ပေးသည်။
သူမက ငေးကြောင်ကာ ထိုင်ရင်း ဘေးနာရှိ ဖုန်းအား ကောက်ယူလိုက်ကာ နံပါတ်တစ်ခုအား ကပြာကယာ နှိပ်သည်။ ဖုန်းဝင်၍ အတန်ကြာသည်နှင့် အိပ်ချင်မူးတူးအသံက ဖုန်းအား ကိုင်လိုက်သည်။
"ဘာကိစ္စရှိလို့လဲ မိန်းမ… ဒီလောက်ကြီး နောက်ကျနေမှ…"
"ဖန့်မင်ဒီ… ရှင် ဘယ်သူနဲ့ ဘယ်နေရာမှာ ရှိနေလဲဆိုတာ ကျွန်မ ဂရုမစိုက်ဘူး။ ခုချက်ချင်း အိမ်ကို ပြန်လာခဲ့”
စုစုက အော်ပြောပြီးနောက် ဖုန်းအား ကြမ်းပြင်ပေါ် ပစ်ပေါက် ချလိုက်သည်။
အခြားတစ်ဖက်ရှိ မျက်ခုံးထူထူနှင့် လူကြီးက ဖုန်းကိုကိုင်ရင်း သက်ပြင်း ချလိုက်သည်။ ထို့နောက် သူက ခန္ဓာကိုယ်အား ပန်းရောင် သဘက်ဖြင့် ပတ်ရင်း ခုတင်ပေါ်မှ အောက်သို့ ဆင်းလိုက်သည်။ ခုတင်ပေါ်တွင်မူ အဝတ်အစားမဲ့သော မိန်းကလေး တစ်ယောက် ရှိနေခဲ့သည်။ သူမက အသက် သုံးဆယ်ခန့်ဟု ထင်ရသည်။
သူမသည်လည်း ဖုန်းခေါ်ဆိုသံကြောင့် နိုးလာပုံရသည်။
"ဘာဖြစ်လို့လဲ မင်ဒီ… သူက ရှင့်ကို ပြန်လာခိုင်းတာလား…"
မိန်းကလေးက ခုတင်ပေါ်မှ သူ့အား ဆွဲဆောင်သည့် အကြည့်ဖြင့် ကြည့်ရင်း မေးသည်။
"အိမ်မှာ တစ်ခုခု ဖြစ်နေပုံရတယ်။ မင်းလည်း အနားယူတော့။ နောက်ရက်ပိုင်း အတွင်း မင်းဆီကို ငါထပ်ပြီး လာခဲ့မယ်”
မင်ဒီက ပြောရင်း အဝတ်အစား များအား လျင်မြန်စွာပင် ဝတ်ဆင်လိုက်သည်။ ထို့နောက် မိန်းကလေးအား ကျောခိုင်းကာ ထိုနေရာမှ ထွက်လာခဲ့တော့သည်။
မိန်းကလေးက ကျောခိုင်းသွားသော မင်ဒီအား စိတ်ပျက်အားငယ်စွာ ကြည့်လိုက်မိသည်။ သူမ အသက် ဆယ့်ရှစ်နှစ်ကပင် မင်ဒီ၏ အတွင်းရေးမှူး အဖြစ် သူမ တာဝန်ယူခဲ့ပြီး အနှစ် နှစ်ဆယ် တိုင်တိုင် သူ့ဘေး၌ အမြဲရှိနေခဲ့သည်။
သူမက မင်ဒီအတွက် ကစားစရာ တစ်ခုသာ ဖြစ်ကြောင်း သူမ ကောင်းကောင်း သိသည်။ မင်ဒီ၏ နှလုံးသားထဲ၌ မည်သည့်အခါမျှ ဖျောက်ဖျက်၍ မရနိုင်သော ပုံရိပ်တစ်ခု ရှိသည်။ ထိုအရာကား စုစု ပင်။
ဖန့်မင်ဒီက သူ၏ ပြိုင်ကားကို ထုတ်ယူကာ လျင်မြန်စွာ မောင်းရင်း အိမ်သို့ ပြန်လာခဲ့သည်။ သူ၏ မိန်းမကား အလွန် စိတ်ဓာတ် ကြံ့ခိုင်သူ ဖြစ်သည်။ ယခုကဲ့သို့ တုန်ရီကြောက်ရွံ့နေသည့် အသံအား သူတစ်ခါမျှပင် မကြားခဲ့ဖူးချေ။
ဖန့်မင်ဒီက ကားအား မိုင်ကုန်တင်ရင်း မီးနီများကိုပင် ဖြတ်မောင်း လာခဲ့သည်။ အိမ်သို့ ရောက်သည်နှင့် စိုးရိမ်တကြီး အိမ်အတွင်း ပြေးဝင်လာခဲ့သည်။
အိမ်ထဲတွင်မူ စုစုက ဆိုဖာပေါ်၌ မတုန်မလှုပ် ထိုင်နေသည်အား သူတွေ့ရသည်။
"စုစု… ဘာဖြစ်တာလဲ…"
ဖန့်မင်ဒီက စိုးရိမ်စွာ မေးသည်။
စုစုက တစ်ခွန်းမှ ပြတ်မပြောပဲ စားပွဲပေါ်မှ စာရွက်အား လက်ညိုး ထိုးပြသည်။
"ဘာများလဲ…"
ဖန့်မင်ဒီက မျက်မှောင်ကြုတ်ရင်း ထိုအရာအား ယူကြည့်လိုက်သည်။ ထိုစာရွက်က လက်ထပ် စာချုပ် ဖြစ်ပုံရသည်။
"သူ ငါနဲ့ ပတ်သက်လို့ အထောက်အထား တစ်ခုခု ရသွားတာလား…"
ဖန့်မင်ဒီက စိုးရိမ်စွာ တွေးရင်း အတွင်းပိုင်းသို့ လှန်ကြည့်လိုက်သည်။
"ရှောင်ချုံး…"
ဖန့်မင်ဒီ ထိတ်လန့်စွာ အော်ဟစ် လိုက်မိသည်။
ထိုလက်ထပ်စာချုပ် ဓာတ်ပုံထဲမှ နှစ်ယောက်အား သူကောင်းစွာ သိသည်။ တစ်ယောက်က သူ၏ သမီးဖြစ်ကာ အခြား တစ်ယောက်က သူ၏ သူငယ်ချင်း ချန်းကောရှင်း၏ သား ချန်းဖန် ဖြစ်သည်။
"ရှောင်ချုံးနဲ့ ချန်းဖန် လက်ထပ်လိုက်တာလား…"
ဖန့်မင်ဒီက စုစုအား လှည့်ကြည့်ရင်း လိုက်သည်။ စုစု၏ မျက်နှာတွင် အေးစက်သော အပြုံးတစ်ခု ရှိနေကြောင်း သူတွေ့ရသည်။
"ဟုတ်တယ်။ ရှင့်ရဲ့ ချစ်လှစွာသော သမီးလေးပေါ့လေ။ သူက အဲဒီခွေးကောင်နဲ့ မြို့တော်ခန်းမကို သွားပြီး လက်ထပ်ခဲ့တာ။ ဘယ်သူ့ကိုမှတောင် အသိမပေးခဲ့ဘူး”
"ဒါက…"
ဖန့်မင်ဒီက မည်သို့ ပြန်ပြောရမှန်း မသိချေ။
အမှန်ဆိုလျှင် သူကိုယ်တိုင်က ထိုကောင်လေးအား သဘောကျသည်။ ထိုကောင်လေး၏ အဖေနှင့် သူက ငယ်စဉ်တည်းက သူငယ်ချင်း ဖြစ်သည့်အပြင် သူတို့မိသားစု နှစ်ခုကလည်း အလွန် ရင်းနှီးသည်။
"မှတ်မိပြီ။ ရှောင်ဖန်က ကျင်းတက္ကသိုလ်မှာ တက်နေပြီးတော့ အိမ်ကိုလည်း ခဏ ခဏ လာတယ်လို့ မင်းပြောခဲ့သေးတယ်လေ”
ဖန့်မင်ဒီက ဓာတ်ပုံအား သေချာကြည့်ရင်း…
"ပုံထဲမှာ တွေ့ရသလောက်ဆိုရင် သူက မဆိုးပါဘူး…"
"ဝမ်ရှောက်ယွင်ကလည်း ချန်းလုပ်ငန်းစုနဲ့ ကျင်းရှို့ရဲ့ စီအိုးအိုပဲ။ သူတို့နှစ်ယောက်က လိုက်ဖက်ပါတယ်။ ဒါပေမဲ့ ဒီနှစ်ယောက်က ဘာလို့ ခုလောက် အလျင်လိုရတာလဲ။ အနည်းဆုံး ငါတို့ကို တိုင်ပင် သင့်တာပေါ့”
"ဖန့်မင်ဒီ… ရှင်ဘာလို့ အဲစကားတွေ ပြောထွက်ရတာလဲ…"
စုစုက ကော်ဖီစားပွဲအား ရိုက်ရင်း ဒေါသတကြီး အော်သည်။
"ရှင့်သမီးက ခုမှ တက္ကသိုဘ် ပထမနှစ်ပဲ ရှိသေးတာ။ အဲအရွယ်လေးနဲ့ လက်ထပ် ပြီးသွားတာလေ။ ကောင်းတာ ဘာရှိလဲ။ ရှင်ပြောစမ်းပါဦး…"
ဖန့်မင်ဒီက ပြုံးရင်း…
"စိတ်လျှော့ပါဦး မိန်းမရဲ့။ ခုက အခြားလူနဲ့မှ မဟုတ်တာ။ ရှောင်ဖန်နဲ့ လေကွာ။ သူ ငယ်ငယ်လေး တည်းက ငါတို့နဲ့ သိကြတာပဲဟာ။ နောက်ပြီး ဝမ်ရှောက်ယွင်ရဲ့ ကျင်းရှို့လုပ်ငန်းစု ကလည်း ငါတို့ ထက်တောင် အောင်မြင်နေတာပဲ။ နောက်ပြီး ချန်းမိသားစုကလည်း တရိပ်ရိပ် တိုးတက် နေတာပဲဟာ။ မင်းက ဘာကြောင့်…"
"ဘာပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး။ ဝမ်ရှောက်ယွင်ရဲ့ သားက ငါ့သမီးကို ငါ့ဆီက ယူသွားတာလေ။ သူ ငါ့ကို ဖြေရှင်းချက် ပေးကို ပေးရမယ်”
စုစုက ဖန့်မင်ဒီ၏ စကားအားဆုံးအောင် မစောင့်ပဲ အော်ဟစ်လိုက်သည်။
"ရှင့်သမီး လက်ထပ်မယ့်သူက အသုံးမကျတဲ့ကောင် ဆိုတာရော ရှင်တွေးမိလား။ သူ့အမေကသာ ပိုက်ဆံတွေ ပုံအော မလိုက်ခဲ့ရင် အဲကောင်က အထက်တန်းတောင် အောင်မှာ မဟုတ်ဘူး။ သူ့မှာ ရှောင်ချုံးနဲ့တန်တဲ့ အရည်အချင်း တစ်ခုတောင် ရှင်တွေ့ရဲ့လား။ သူက ရှောင်ချုံး အတွက် ဘာအသုံးကျလဲ။ ဘာထောက်ပံ့ပေးနိုင်လဲ။ သူ့မိဘတွေ ကြောင့်သာ မဟုတ်ရင် သူက ဘာမှကို အသုံးမကျတဲ့ကောင်ပဲ”
စုစု၏ စကားများကို နားထောင်ရင်း ဖန့်မင်ဒီ သက်ပြင်းချမိသည်။
အတန်းပညာအရည်အချင်းက လူတစ်ယောက်၏ ဘဝအတွက် အလွန် အရေးမပါသည့်တိုင် ထိုအရာက ကိုယ်ရည်ကိုယ်သွေး၏ လက္ခဏာတစ်ရပ်ဟု သတ်မှတ်၍ ရသည်။
သူ၏ သမီးဆိုလျှင် မူလတန် းဘဝတည်းကပင် အမြဲတမ်းလိုလို ထိပ်ဆုံး သုံးယောက် နေရာအား သိမ်းပိုက်နိုင်ခဲ့သည်။ သူမ၏ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲရလဒ်ကပင်လျှင် ပြည်နယ်၏ ထိပ်ဆုံး ဆယ်ယောက် စာရင်းအား ဝင်ခဲ့သည်။
ရန်ကျင်းတက္ကသိုလ်နှင့် ဟွာချင်တက္ကသိုလ်တို့ကပင် သူမအား ကမ်းလှမ်းခဲ့သော်လည်း မွေးရပ်မြေတွင်နေချင်သည်ဟုသော အကြောင်းပြချက်ဖြင့် သူမက ငြင်းပယ်ခဲ့သည်။
ဖန့်မင်ဒီ၏ အမြင်တွင် ချန်းဖန်မဆိုထားနှင့်။ ကျင်းမြို့တော်တစ်ခုလုံးမှ လူငယ်များပင် သူ့သမီးနှင့် မတန်ချေ။
"နေပါဦး… ချန်းဖန်က တစ်ယောက်ယောက်နဲ့ တူနေသလိုပဲ”
ဖန့်မင်ဒီက ချန်းဖန်၏ ရုပ်ပုံအားကြည့်ရင်း တစ်ခုခု ထူးဆန်းနေသလို ခံစားလိုက်ရသည်။
"ရှင်က သူ့ကို ငယ်ငယ်တည်းက တွေ့ဖူးတာပဲ။ တူမှာပေါ့”
စုစုက အဓိပ္ပာယ်မရှိသည့် စကားများအား ပြောဆိုနေသော သူ့ယောက်ျားအား ကြည့်ရင်း အော်လိုက်သည်။
"မဟုတ်ဘူး… ဒီမျက်နှာကို လွန်ခဲ့တဲ့ လအနည်းငယ် လောက်ကပဲ မြင်ဖူးခဲ့တာပါ။ ဘယ်မှာ တွေ့ခဲ့တာပါလိမ့်။ ဘာလို့ အစ ဖော်မရတာလဲ”
ဖန့်မင်ဒီက မျက်မှောင်ကြုံ့ရင်း သူ့ခေါင်းအား အလုပ်ပေးလိုက်သည်။
ထိုစဉ်မှာပင် သူတို့၏ ဆူညံနေသော အသံများကြောင့် ဖန့်ချုံးက အခန်းထဲမှ ထွက်လာရင်း…
"အမေ… သမီးရဲ့ ယောက်ျား အကြောင်း ပြောနေတာ တော်တော့…"
"ဒီစာရွက်လေး အသုံးဝင်မယ်လို့ ထင်နေတာလား…"
စုစု၏ မျက်နှာက ဒေါသဖြင့် ပိုမိုနီရဲလာသည်။
"ဖန့်ချုံး… နင့်ကို သမီးလိမ္မာလေးလို့ အမြဲ မျှော်လင့်ထားခဲ့တာ။ ခုလိုမျိုး လုပ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူ”
"သမီးက အမေဖြစ်စေချင်တဲ့ အတိုင်း နှစ်နှစ်ဆယ်လုံးလုံး နေခဲ့ပြီးပြီပဲ။ ဒါပေမဲ့ သမီးရဲ့ အိမ်ထောင်ရေး ကိုတော့ ဘယ်သူမှ ဝင်စွက်ဖက်တာ မခံနိုင်ဘူး။ သမီး ရှောင်ဖန့်ကို ချစ်တယ်။ သူနဲ့ပဲ အမြဲတမ်း အတူနေချင်တယ်”
ဖန့်ချုံးက ပြတ်သားစွာပင် ပြောသည်။
"အဓိပ္ပါယ် မရှိဘူး…"
စုစုက အာခေါင်ခြစ်ရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ငါ မြို့တော်ခန်းမကို အခုပဲ ဖုန်းခေါ်မယ်။ အဲလက်ထပ်ပွဲကို ဖျက်တယ်လို့ နင်ကိုယ်တိုင်ပြော”
သူမက ပြောရင်း ဖုန်းကို ကောက်ကိုင်ရင်း နံပါတ်တစ်ခုအား နှိပ်လိုက်သည်။
"အမေ့…"
ဖန့်ချုံးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ မျက်ရည်များက သူမ၏ မျက်ဝန်းမှ အတားအဆီး မရှိ ကျလာခဲ့သည်။
ဖန့်ချုံး၏ အရူးတစ်ပိုင်း ဖြစ်နေသော ရုပ်အားကြည့်ရင်း စုစုက လက်ထဲမှ ဖုန်းအား လွှတ်ချလိုက်ရင်း…
"အရူးမလေး… အမေလုပ်သမျှက သမီးအတွက်ချည်းပဲ။ သမီးမှာ တောက်ပတဲ့ အနာဂတ် ရှိတယ်။ ဘာကြောင့် သမီးရဲ့ ဘဝကို အသုံးမကျတဲ့ကောင်အတွက် ဖြုန်းတီးရမှာလဲ”
"နောက်ပြီး အဖေနဲ့ အမေက သမီးတို့ရဲ့ မင်္ဂလာပွဲကို သဘောတူရင်တောင် သမီးအဘက ဘာပြောမလဲ။ နောက်ပြီး ဝူကျိုးက သမီးရဲ့ အဘိုးကရော ဘယ်လိုတွေးမလဲ…"
ဖန့်ချုံးက စုစု ပါးစပ်မှ ထွက်လာသော စကားများအား နားထောင်ရင်း လက်သီးကို တင်းကြပ်စွာ ဆုပ်လိုက်မိသည်။
သူမက ထိုစကားများအား ပြန်လည် ချေပချင်သည့်တိုင် သူမထံ၌ စကားလုံးများ ရှိမနေခဲ့ချေ။
သူ့မိခင်၏ စကားက မှန်သည်။ ချန်းဖန်က ရိုးသားပြီး ကြောက်တတ်သည့် လူငယ်လေး ဖြစ်သည်။ ချန်းဖန်နှင့် ပတ်သက်၍ သူမ၌ ကြွားစရာ တစ်ခုပင် မရှိချေ။
ဖန့်ချုံး၏ ငြိမ်ကျသွားသော ပုံစံအားကြည့်ရင်း အပြုံးတစ်ခုက စုစု၏ မျက်နှာ၌ ပေါ်လာသည်။
သူမက တစ်ခုခုအား ပြောရန် ထပ်မံ ပြင်ဆင် လိုက်ချိန်မှာပင် ဖန့်မင်ဒီက ကျယ်လောင်စွာဖြင့်…
"အာ… သူဘယ်သူလဲ ဆိုတာ ငါ မှတ်မိပြီ”
***