← Chapters

ချန်းဖန်၏ အစစ်အမှန် ပုံရိပ်

Vol. 4 Ch. 310

ချန်းဖန်၏ အစစ်အမှန် ပုံရိပ်

Vol. 4 Ch. 310

"အာ… သူဘယ်သူလဲဆိုတာ ငါ မှတ်မိပြီ”

ဖန့်ချုံးနှင့် စုစုတို့ နှစ်ယောက်က သူ့အား လှည့်ကြည့်သည်။

စုစု၏ မျက်နှာက မဲမှောင်လာကာ…

"ဖန့်မင်ဒီ… ရှင်ဘာလုပ်နေတာလဲ။ ခုက ရှင့်သမီးအကြောင်း ပြောနေတာ။ အဓိပ္ပာယ် မရှိတာတွေ လျှောက်လုပ်မနေနဲ့။ ရှင့်ရဲ့ မယားငယ်တွေက ရှင့်ရဲ့ ဦးနှောက် အလုပ် မလုပ်နိုင်အောင် လုပ်လိုက်တာလား…"

"အမေ… အဲဒါတွေ ပြောမနေပါနဲ့…"

ဖန့်ချုံးက ရှက်ရွံ့စွာ ပြောလိုက်သည်။

သူမ၏ အဖေတွင် မယားငယ်များ ရှိကြောင်း သူမ ကောင်းကောင်း သိသည်။ ထိုအရာက ချမ်းသာသော လူတိုင်း၏ အကျင့်စရိုက် တစ်မျိုးပင်။ သို့သော်လည်း ဖန့်မင်ဒီက သူမတို့ သားအမိ နှစ်ယောက်ပေါ်၌ ဝတ္တရားတစ်ချက်ပင် မပျက်ကွက်ခဲ့ဖူးချေ။

"သမီးရှေ့မှာ အဲကိစ္စတွေ မပြောနဲ့…"

ဖန့်မင်ဒီကလည်း ပြောလိုက်သည်။ သူ၏ မျက်လုံးများတွင်မူ ရှက်ရွံ့ခြင်းထက် အံ့အား သင့်ခြင်းက ကြီးစိုးနေခဲ့သည်။

"ဒီပုံကို ဘယ်မှာမြင်ဖူးလဲ ဆိုတာ မှတ်မိပြီလို့ ငါပြောချင်တာ”

"ဘယ်သူ့အကြောင်းကို ရှင်ပြောနေတာလဲ…"

စုစုက မျက်မှောင်ကြုတ်ထားရင်း မေးသည်။

"သူ…"

ဖန့်မင်ဒီက လက်ထပ် စာချုပ်ကို ဖွင့်ပြီး ချန်းဖန်၏ ပုံအား ပြသည်။

"ချန်းဖန်…"

ဖန့်ချုံးက ရေရွတ်လိုက်သည်။

စုစု၏ မျက်နှာကလည်း မဲ့ရွဲ့သွားကာ…

"ဖန့်မင်ဒီ… ရှင့်ခေါင်းက ပလပ်ကျွတ်သွားပြီလား။ အဲခွေးကောင်လေးကို ကလေး ဘဝတည်းက ရှင်တွေ့ဖူးတယ်လေ။ ဒါကြောင့် တွေ့ဖူးသလို ဖြစ်နေတာပေါ့…"

"ဟုတ်တယ် အဖေ… သမီးတို့ မိသားစု ဓာတ်ပုံတွေထဲမှာတောင် ရှောင်ဖန်က အမြဲပါတယ်လေ”

ဖန့်ချုံးကလည်း သံသယ ဖြစ်စွာ ပြောသည်။

သူတို့ မိသားစုနှစ်ခုမှာ ယခင်က ဆိုလျှင် အမြဲတမ်း တတွဲတွဲ ရှိနေတတ်ခဲ့သည်။ မိသားစုနှစ်ခု ပူးပေါင်းကာ ခရီးများ၊ ပျော်ပွဲစားများလည်း ခဏ ခဏ သွားခဲ့ဖူးရာ ချန်းဖန် အပါအဝင် သူတို့အတူရိုက်ထားသည့် ဓာတ်ပုံပေါင်း ရာကျော်အထိ ရှိသည်။

ထို့ကြောင့် ချန်းဖန်၏ ပုံအား ဖန့်မင်ဒီ ရင်းနှီးနေခြင်းက မထူးဆန်းပေ။

သို့သော်လည်း ဖန့်မင်ဒီက လေးပင်စွာဖြင့်…

"အိမ်မှာ တွေ့ဖူးတာ မဟုတ်ဘူး။ သင်္ဘောတစ်စီးပေါ်မှာ ရိုက်ထားတဲ့ပုံကို လွန်ခဲ့တဲ့ လပိုင်းလောက်က ငါမြင်ဖူးတာ”

"သင်္ဘော…"

စုစုက ဖန့်ချုံးက ရေရွတ်လိုက်သည်။

"ဘာလဲ… ရှင်က ဝမ်ရှောက်ယွင်နဲ့ ညစာ သွားစားတုန်းကလား…"

စုစုက ရွဲ့၍ မေးသည်။

"ဝမ်ရှောက်ယွင် မဟုတ်ပါဘူး။ စွန်းမိသားစုက စွန်းပင်ရှန်းက ငါ့ကို အဲဓာတ်ပုံ ပြတာ”

ဖန့်မင်ဒီက အလေးအနက် ပြောသည်။

"စွန်းပင်ရှန်း…"

ထိုနာမည်က စုစု၏ အာရုံအား ဖမ်းစားသွားသည်။

ကျိုမိသားစုနှင့် စွန်းမိသားစုတို့မှာ ချန်းမိသားစု မြင့်တက်မလာခင်ကပင် ကျင်းလင်မြို့၏ ထိပ်တန်း မိသားစုများ ဖြစ်ကြသည်။ သူတို့၌ နက်ရှိုင်းပြီး ခိုင်မာသော အခြေခံရှိသည့်အပြင် ထိုမိသားစု နှစ်ခုပေါင်း အင်အားက မြစ်မြောက်ပိုင်းမှ ဝေ့မိသားစုကိုပင် ယှဉ်နိုင်သည်။

စွန်းပင်ရှန်းမှာ စွန်းမိသားစု ဒုတိယ မျိုးဆက်၏ ခေါင်းဆောင်ဖြစ်သည်။ သူက စွန်းမိသားစု၏ စီအီးအို ဖြစ်ကာ ဘီလျံရာချီတန်သော လုပ်ငန်းများအား ထိန်းချုပ်ထားသည်။

စွန်းပင်ရှန်းမှာ လျှို့ဝှက်စွာသာ နေထိုင်တတ်သဖြင့် လူသိသိပ်မများပေ။ သို့သော်လည်း သူကား ကျန်းနန်နယ် အချမ်းသာဆုံး ဆယ်ယောက် စာရင်းဝင် တစ်ယောက် ဖြစ်သည်။

ဖန့်မင်ဒီ၏ မင်ဒီလုပ်ငန်းစုပင်လျှင် စွန်းပင်ရှန်း၏ စွန်းမိသားစုအား မယှဉ်နိုင်ပေ။

"စွန်းပင်ရှန်းမှာ ဘာလို့ ချန်းဖန်ရဲ့ပုံ ရှိနေတာလဲ။ ဝမ်ရှောက်ယွင်က သူ့ကို ပေးထား တာလား”

စုစုက အေးစက်စွာ ပြုံးလိုက်ရင်း…

"ဟမ့်… သူ့ကို စွန်းပင်ရှန်းက ထောက်ပံ့ထားလည်း ဘာဖြစ်လဲ။ ငါ သဘောမတူရင် သူဘာလုပ်နိုင်မှာလဲ”

ဖန့်မင်ဒီက သူမ၏ စကားအား ဂရုမစိုက်ပဲ လေးပင်သော အသံဖြင့်…

"ဝမ်ရှောက်ယွင်က စွန်းပင်ရှန်းကို ပေးထားတာ မဟုတ်ပါဘူး။ စွန်းပင်ရှန်းက အဲပုံကို ဆရာချန်းရဲ့ ပုံဆိုပြီး ပြတာ”

မယုံကြည်နိုင်မှုဖြင့် အံ့အားသင့်မှုက စုစု၏ မျက်လုံးအတွင်း ပြည့်နှက်လာသည်။

"ဆရာချန်း… ဆရာချန်း ဆိုတာ ဘယ်သူလဲ…"

ဖန့်ချုံးက နားမလည်စွာ မေးသည်။

"ကျန်းပေ့ရဲ့ ဆရာချန်း…"

စုစု၏ မျက်နှာက ဖြူလျော်လာသည်။

"ကျန်းပေ့နယ်ရဲ့ ဆရာချန်း…"

ဖန့်ချုံး နောက်ဆုံး၌ တစ်စုံတစ်ယောက်အား သတိရမိသွားသည်။ လွန်ခဲ့သည့် သုံးလကျော် ခန့်က ရှန်းမိသားစု၏ ကျဆုံးမှုနှင့်အတူ ဆရာချန်း၏ နာမည်က ကျင်းမြို့တော် အထက်တန်းစားများ ကြား၌ အလွန်ပင် နာမည်ကြီးခဲ့သေးသည်။

"အဖေ… ရှောင်ဖန်က ကျန်းပေ့နယ်ရဲ့ ဆရာချန်းလား…"

ဖန့်ချုံးက ဝိုင်းစက်နေသော မျက်လုံးများအား ပင့်တင်ရင်း ဖန့်မင်ဒီအား မယုံကြည်နိုင်စွာ မေးသည်။

"ဖန့်မင်ဒီ… ရှင်မသောက်လာတာ သေချာလား။ ချန်းဖန်က ကျန်းပေ့နယ်ရဲ့ ဆရာချန်း… အဓိပ္ပာယ် မရှိတာ…"

စုစုက နှာခေါင်းရှုံ့ရင်း ပြောသည်။

"ငါ မနေ့ညက သောက်ထားတယ်။ အဲဒါကြောင့်ပဲ မနည်း စဉ်းစား နေရတာ။ ပုံက မှားတာ ဖြစ်ချင် ဖြစ်မယ်။ ဒါပေမဲ့…"

ဖန့်မင်ဒီက စကားစ ဖြတ်ထားလိုက်သည်။

"ဒါပေမဲ့ ဘာဖြစ်လဲ…"

ဖန့်ချုံးက မေးလိုက်သည်။

"စွန်းပင်ရှန်း ငါ့ကို ပုံပြတုန်းက ဆရာချန်းရဲ့ နာမည်က ချန်းဖန်လို့ ပြောခဲ့သေးတယ်။ သူက ချူကျိုးက လာတာတဲ့။ သူ့ အသက်တောင် နှစ်ဆယ် မပြည့်သေးဘူး တဲ့”

ဖန့်မင်ဒီက ဖြူလျော်လျော် ပြုံးရင်း ဆိုသည်။

"အဲနာမည်ကြားတုန်းက ငါလည်း ဇဝေဇဝါ ဖြစ်ခဲ့သေးတယ်။ ချူကျိုးမှာ ချန်းဖန်ဆိုတဲ့ နာမည် တစ်ရာကျော်လောက် ရှိနိုင်ပေမဲ့ ရုပ်တူတဲ့ ချန်းဖန်တော့ နှစ်ယောက် မရှိနိုင်ဘူး”

သူက ဇနီးနှင့် သမီးအား ကြည့်ရင်း…

"ချူကျိုးမြို့၊ အသက်က နှစ်ဆယ်အောက်၊ နောက်ပြီး ဓာတ်ပုံထဲကနဲ့ ချွတ်စွတ် တူတဲ့  ချန်းဖန်ဆိုတဲ့ အခြား တစ်ယောက်ကို ရှာနိုင်မလား”

ဖန့်ချုံးနှင့် စုစုတို့နှစ်ယောက် ငြိမ်ကျကာ တစ်ခုခုအား တွေးတော နေခဲ့ကြသည်။

"ရှောင်ဖန်က ကျန်းပေ့ရဲ့ ဆရာချန်း… ရှန်းမိသားစုကို အပြတ်ရှင်းခဲ့တဲ့ တစ်ယောက်…"

ဖန့်ချုံးက မယုံကြည်နိုင်စွာ တီးတိုး ရေရွတ်လိုက်မိသည်။

ဆရာချန်းအကြောင်း ကောလဟာလများစွာအား သူမ ကြားဖူးသည်။ ကောလာဟလများက ဆရာချန်းမှာ သဘာဝလွန် စွမ်းအားများအား ပိုင်ဆိုင်သည့် အေးစက်သော အသည်းနှလုံး ရှိသူဟု ဆိုကြသည်။

သူမ၏ အတွေးတွင် ဆရာချန်းမှာ အနက်ရောက်ကုတ် အင်္ကျီထူကြီးနှင့် တက်တူးများစွာ ထိုးထားသော လူမိုက်ကြီးဖြစ်လိမ့်မည်ဟု ပုံဖော်ကြည့်ခဲ့ဖူးသည်။ သူသွားသည့် နေရာတိုင်း အနက်ရောင် ဝတ်စုံများနှင့် ရက်စက်သည့် လူများအား ခေါ်ဆောင်သွားလိမ့်မည် ဟူ၍။

သူမသိသော ချန်းဖန်ကမူ အမြဲနွေးထွေးစွာ ဆက်ဆံတတ်သည့် အစ်ကိုတစ်ဦး ကဲ့သို့ လူမျိုးပင်။ ထိုနှစ်ခုကား ဆက်စပ်၍ မရပေ။

စုစုမှာလည်း ငေးငိုင်ကာ တစ်ခုခုအား တွေးတော နေခဲ့သည်။ လွန်ခဲ့သည့် မိနစ်ပိုင်းက သူမ အလွန် အထင်သေးခဲ့သော လူငယ်က သူမကြားဖူးသည့် စွမ်းအားအကြီးဆုံး၊ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်နေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။။

"သမီး မှတ်မိပြီ။ ရှောင်ဖန်က တစ်ခါ ပြောပြသေးတယ်။ သူက ချန်းမိသားစုက ဆရာချန်းတဲ့။ သူနောက်တယ်ပဲ ထင်နေခဲ့တာ”

ဖန့်ချုံးက ရုတ်တရက် ပြောသည်။

"ဝမ်ရှောက်ယွင်က ချန်းဖန်ကြောင့်ပဲ ချန်းလုပ်ငန်းစုရဲ့ စီအီးအို ဖြစ်လာတာပဲ ဖြစ်ရမယ်။ နောက်ပြီး ချန်းမိသားစု တိုးတက်လာရတဲ့ အကြောင်းရင်းကပဲ ချန်းဖန်ပဲ”

ဖန့်မင်ဒီက စဉ်းစားရင်း ပြောသည်။

"ဟမ့်… အဲဒီတော့ရော ဘာဖြစ်လဲ။ ငါက အစိုးရ အတွက် အလုပ်လုပ်နေတာ။ သူ့ဘာသူ ဘာပဲ ဖြစ်နေနေ။ ငါ့မှာ စုမိသားစု နောက်ခံရှိနေသေးတယ်”

စုစုက နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။

ဖန့်မင်ဒီမှာမူ သူမအား ကြည့်ကာ ခေါင်းခါမိသည်။ သူမကား အရှုံး သေချာနေသည့် တိုက်ပွဲအား တိုက်လိုပုံ ပုံသည်။

သူ၏ မင်ဒီလုပ်ငန်းစုမှာ ချန်းဖန်အတွက် ဘာမျှ မဟုတ်သည်ကို သူကောင်းစွာ သိသည်။ စုမိသားစုပင်လျှင် ချန်းဖန်အား ကိုင်တွယ်ရန် လွယ်ကူလိမ့်မည် မဟုတ်ချေ။

"မိန်းမ… အဲဒီလောက် မရိုးရှင်းဘူးနော်”

ဖန့်မင်ဒီက ဖျော့တော့သော မျက်နှာဖြင့် သူမအား ပြောသည်။

"ရှန်းမိသားစုအပြင် ဆရာချန်းကြောင့် ဒုက္ခရောက်သွားတဲ့ အခြား တစ်ယောက်ကို မင်းသိလား…"

"ဘယ်သူလဲ…"

ဖန့်ချုံးက ဝင်မေးလိုက်သည်။

စုစုက ခေါင်းကိုမော့ရင်း သူ့အား ကြည့်သည်။

ဖန့်မင်ဒီက အသက်ကို ပြင်းစွာ ရှူလိုက်ရင်း…

"ကူထန်မင်…"

***

All Chapters