အပြောင်းအလဲ
Vol. 4 Ch. 312
စုစုက သက်ပြင်းတစ်ချက် ချရင်း အခန်းထဲသို့ ဝင်သွားသော ဖန့်ချုံးအား ကြည့်လိုက်သည်။ ထို့နောက် ဆိုဖာပေါ်၌ ဆောင့်ကြောင့်ထိုင်ရင်း ဒူးနှစ်ဖက်အား ရင်ဘတ်သို့ကပ်ရင်း လက်ဖြင့် ဖက်ထား လိုက်သည်။
ဖန့်မင်ဒီက သူမအား ကြည့်ရင်း…
"ဘာဖြစ်လို့လဲ မိန်းမ… ချန်းဖန်က အဆင်ပြေတယ်လို့ ငါထင်ပါတယ်…"
"သူက တကယ်ပဲ ကောင်းပါတယ်။ မယုံကြည်နိုင် လောက်အောင်ကို ကောင်းနေခဲ့တာ…"
စုစုက တိတ်ဆိတ်စွာပင် ပြောသည်။
"လွန်ခဲ့တဲ့ ခြောက်နှစ် ကျွန်မတို့ သူ့ကို နောက်ဆုံးတွေ့ခဲ့တုန်းက သူက ကလေးလေးပဲ ရှိသေးတာ။ ဒါပေမဲ့ ရုတ်တရက်ကြီး သူက ကျန်းပေ့ရဲ့ ဆရာချန်း ဖြစ်နေခဲ့တယ်။ ဒီခြောက်နှစ် အတွင်း ဘာတွေဖြစ်ပျက်ခဲ့တယ် ဆိုတာ ရှင် တွေးလို့ရလား”
"အာ…"
ဖန့်မင်ဒီ ဆွံအသွားသည်။ သူ့ဇနီး၏ စကားက အလွန်ပင် မှန်သည်။ ချန်းဖန်၏ ပြောင်းလဲသွားပုံက ယုံကြည်ရန် ခက်ခဲသော ပုံစံမျိုး ဖြစ်သည်။
ချန်းဖန် ကလေး ဘဝတည်းက သူတို့နှင့် အတူရှိခဲ့ခြင်း ဖြစ်သည်။ သူကြီးပြင်းလာပုံအား သူတို့ တွေ့မြင်ခဲ့ရသည်။ သို့သော်လည်း ခြောက်နှစ် ကြာပြီးနောက် ချန်းဖန်က လုံးဝမတူညီသော လူတစ်ယောက် ဖြစ်သွားခဲ့သည်။
သူ၏ ပြောင်းလဲပုံက နဂါးဂိတ်အား ဖြတ်ကျော်လိုက်မိသော ငါးတစ်ကောင်အလား စစ်မှန်သော နဂါးတစ်ကောင် အဖြစ် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။
"နောက်ပြီး ရှန်းမိသားစု ကျဆုံးမှုနောက်မှာ ကျွန်မတို့ မသိသေးတဲ့ လျှို့ဝှက်ချက်တွေ ရှိနေနိုင်သေးတယ်”
စုစုက အေးစက်စွာ ပြုံးလိုက်သည်။
"ချန်းမိသားစုနဲ့ ရှန်းမိသားစုဆိုတာ အရင်က နှိုင်းယှဉ်ဖို့ မဖြစ်နိုင်တဲ့ မိသားစု နှစ်ခုပဲ။ ဒါပေမဲ့ ရုတ်တရက် ချန်းမိသားစုက မြင့်တက်လာပြီး အရှေ့တောင်ကြား ပရောဂျက်ကို ရှန်းမိသားစုနဲ့ ယှဉ်လုခဲ့တယ်။ အဆိုးဆုံးက ရှန်းရုန်ဟွာ အပါအဝင် ရှန်းမိသားစုဝင်တွေအားလုံး ပျောက်ကွယ် သွားခဲ့တာပဲ”
"အဲဒါတွေ အားလုံးက ချန်းဖန် လုပ်ခဲ့တာလို့ ပြောချင်တာလား”
ဖန့်မင်ဒီက အသက်ကိုပြင်းစွာ ရှူရင်း မေးသည်။
"မသေချာဘူး။ သူက ရှန်းမိသားစုဝင်တွေ အပေါ်မှာ အစီအရင် ဒါမှမဟုတ် ကျိန်စာ တစ်ခုခု သုံးခဲ့တာ ဖြစ်မယ်။ သူနဲ့ လက်ထပ်ပြီးရင် သမီးလေး အတွက် ကျွန်မ စိုးရိမ်မိတယ်”
စုစုက ခေါင်းအား ခါယမ်းရင်း ပြောသည်။
"မိန်းမ… မင်းအတွေးလွန်နေပါပြီ…"
ဖန့်မင်ဒီက သူမအား ဖျောင်းဖျလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်လောက်က စပြီး ချန်းကောရှင်းတို့နဲ့ သိခဲ့တာပဲဟာ။ ချန်းဖန်က သူတို့ရဲ့ သားပဲလေ။ ငါတို့ကို သူ တစ်ခုခုလုပ်မှာ မဟုတ်ပါဘူး…"
စုစု ငြိမ်ကျ သွားသော်လည်း မျက်မှောင်ကမူ ကြုတ်ထားဆဲပင်။
"ချီးပဲ…"
ဖန့်မင်ဒီက တစ်ခုခုအား သတိရသွားဟန် ရသည်။
"ဘာဖြစ်တာလဲ…"
စုစုက မေးလိုက်သည်။
ဖန့်မင်ဒီက ဖြူရော်ရော် ပြုံးလိုက်ရင်း…
"ကိုယ် မင်းကို ပြောပြစရာ ရှိတယ်။ ခုနက ဖန့်ချုံးရဲ့ မင်္ဂလာပွဲအကြောင်း ပြောနေတာနဲ့ မေ့သွားတာ”
စုစုက တိတ်ဆိတ်စွာ နားထောင်နေသည်။
"မကြာသေးခင်ကပဲ ကိုယ် ဝူကျိုးကို အလုပ်ကိစ္စနဲ့ သွားပြီး မင်းရဲ့ အဘိုးဆီ ဝင်လည်ပတ် ခဲ့သေးတယ်။ သူက ရှောင်ချုံးအတွက် သင့်တော်မယ့်လူတစ်ယောက်ကို မိတ်ဆက်ပေးမလို့တဲ့။ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း တစ်ယောက်ရဲ့ မြေးတဲ့။ ကိုယ်လည်း ရှောင်ချုံးနဲ့ ရှောင်ဖန်တို့ အကြောင်း မသိသေးတော့ အဲကောင်လေးကို ရှောင်ချုံးနဲ့ တွေ့ပေးဖို့ သဘောတူခဲ့တယ်။ ဒါပေမဲ့ အခု…"
ဖန့်မင်ဒီက စကားစအား ဖြတ်လိုက်သည်။
ဖန့်မင်ဒီ၏ စကားအား ကြားပြီးနောက် မေးခွန်းများစွာက သူမ၏ ခေါင်းအတွင်း စုပြုံ ဝင်ရောက်လာသည်။
စုမိသားစုမှ အဘိုးအို၏ အဆင့်အတန်းအား သူမကောင်းစွာ သိသည်။ အဘိုးအို၏ မိတ်ဆွေ ဆိုလျှင် အနည်းဆုံး ပြည်နယ်ဝန်ကြီးအဆင့် ရှိလောက်မည် ဖြစ်သည်။
"ရှင် ဘာလို့ စောစောက မပြောတာလဲ…"
စုစုက ဖန့်မင်ဒီအား စူးရဲစွာ ကြည့်ရင်း မေးသည်။
ဖန့်မင်ဒီက မည်သို့မျှ ပြန်မပြောပဲ ပြုံးရုံသာ ပြုံးလိုက်သည်။ အဘိုးကြီးက မည်သူနှင့်ပင် စီစဉ်ပါစေ။ ထိုအရာက အသုံးမဝင်တော့ချေ။ ဖန့်ချုံးက လက်ထပ်ပြီးပြီ ဖြစ်သည်။
"သူက ဘယ်မိသားစုကလို့ အဘိုးကြီး ပြောလဲ”
စုစုက မျက်မှောင်ကြုတ်ရင်း ထပ်မေးလိုက်သည်။
"သူက ကောင်းဟိုင်ကလို့ ထင်တာပဲ။ အဘိုးကြီး ပြောတာကတော့ အဲကလေးက လူတစ်သန်းမှာ တစ်ယောက် ထူးချွန်တဲ့သူပဲ”
ဖန့်မင်ဒီက စဉ်းစား၍ ပြောရင်းက ရပ်လိုက်သည်။ ထို့နောက် စုစုအား ကြည့်ရင်း…
"မင်းက ပြောပြီးသား စကားကို ပြန်အန်ထုတ် မလို့လား။ ရှောင်ချုံးနဲ့ ရှောင်ဖန်က လက်ထပ်ပြီး နေပြီနော်။ နောက်ပြီး အဲကောင်လေးက ဘယ်သူပဲ ဖြစ်ဖြစ် ကူထန်းမင်လောက် အာဏာ ရှိပါ့မလား။ ကူထန်းမင်တောင် ချန်းဖန်ကို မယှဉ်နိုင်တာ။ ဘာပဲဖြစ်ဖြစ် ချန်းဖန်က အတော်ဆုံးပဲ။ ကိုယ် ပြောရဲတယ်”
"ကျွန်မ သိတယ်…"
စုစုက သူ့ယောက်ျားအား စိတ်ပျက်စွာ ကြည့်ရင်း ပြောသည်။
"ဝမ်ရှောက်ယွင်တို့ကို မဆက်သွယ်နဲ့ဦး။ ရှောင်ချုံး ကိုယ်တိုင် သူ့ ဆုံးဖြတ်ချက်ကို အဘိုးကြီးကို ပြောပါစေ။ သူ ဘယ်သူ့ကို ရွေးရွေး အဘိုးကြီးရဲ့ သဘောတူညီမှု လိုတယ်”
"နောက်လာမယ့် ရက်အတွင်းမှာ အဘိုးကြီးရဲ့ လက်ထပ်ပွဲ ရှိတယ်။ ကျွန်မတို့ အခု သူ့ကိုပြောလိုက်ရင် သူ့ကို နှောင့်ယှက်သလို ဖြစ်သွားမှာ စိုးရိမ်မိတယ်”
ဖန့်မင်ဒီက သူမ၏ စကားအား မကျေမနပ် နှာခေါင်းရှုံ့ရင်း…
"ငါသာ မင်းနေရာမှာဆိုရင် ဒွိဟတွေ ဖြစ်မနေတော့ဘူး။ ကျောင်းဟိုင်က ဘယ်သူမှန်း မသိသေးတဲ့ တစ်ယောက်က ရှောင်ဖန်ထက် ပိုကောင်းမယ်လို့ မင်းထင်နေတာလား…"
သူ့အနေဖြင့် စုမိသားစုအား သဘောမကျခဲ့ပေ။ ထို့ကြောင့် စုမိသားစုအား ကျော်နိုင်ရန် သူအစွမ်းကုန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ယခု သူ့တွင် မျှော်လင့်ချက် ရှိလာခဲ့ပြီ ဖြစ်သည်။ ထိုအရာက သူ၏ အဖိုးတန် သမက်လောင်းလေး ချန်းဖန်ပင်။
"အရူးထ မနေနဲ့။ ကျွန်မတို့သာ ဆန့်ကျင်ရင် အဘိုးကြီး ဘယ်လိုတွေးမလဲ ဆိုတာ ရှင်သိလို့လား”
စုစုက သူ့ယောက်ျား၏ မကျေနပ်နေသော ပုံအား ကြည့်ရင်း ပြောသည်။
"အဘိုးက အကြောင်းပြချက် မရှိပဲ လက်ထပ်ပွဲကို စီစဉ်မှာ မဟုတ်ဘူး။ သူက စုမိသားစု တတိယ မျိုးဆက်ရဲ့ ကိစ္စတွေကိုတောင် စိတ်ဝင်စားတာ မဟုတ်ဘူး။ သူ ရှောင်ချုံးအတွက် ခုလို စီစဉ်တာက ရှောင်ချုံးကို တန်ဖိုးထားလို့ပဲ။ သူစီစဉ်တာကို ငြင်းလိုက်တာက သူ့မျက်နှာကို ရိုက်လိုက်တာနဲ့ အတူတူပဲ”
"အာ… သိပြီ။ ငါတို့ ချန်းဖန်ကို အတူတူ ခေါ်သွားရအောင်။ ချန်းဖန်ကို တွေ့တာနဲ့ အဘိုးကြီး နားလည် သွားလိမ့်မယ်”
ဖန့်မင်ဒီက အကြံပေးသည်။
စုစုက ခဏမျှ တွေးတောပြီးနောက် ခေါင်းညိတ်သည်။
"အင်း… ရှောင်ချုံးကို အဲခွေးကောင်လေးကို အိမ်ကို ခေါ်လာဖို့ ပြောလိုက်။ သူနဲ့ ကျွန်မတို့ စကား ပြောရမယ်”
ရှောင်ချုံးမှာ ထိုတစ်ညလုံး ချန်းဖန် အကြောင်းအား တွေးနေမိသည်။ ချန်းဖန်၏ အစစ်အမှန် ပုံရိပ်အား တွေ့မြင်လိုက်ရခြင်း နှင့်အတူ အဖြစ်အပျက် အချို့က သူမ၏ ခေါင်းအတွင်း စီးဝင်လာခဲ့သည်။
"အစ်မရီဖေးက ရှောင်ဖန်အပေါ် အမြင်တွေ ပြောင်းသွားတာ မထူးဆန်းဘူးပဲ။ စတွေ့ခါစတုန်းက ရှောင်ဖန်ကို အစ်မရီဖေးက ကြည့်ရတဲ့ပုံမရဘူး။ ဒါပေမဲ့ နောက်ပိုင်းကျတော့ ချန်းဖန်အပေါ် သူ့ရဲ့ ဆက်ဆံရေးတွေ ပြောင်းလဲလာခဲ့တယ်”
"နောက်ပြီး ကျောင်းယို့ယို့… သူက ရှောင်ဖန်ကို တွေ့တာနဲ့ ကြောက်နေတော့တာပဲ။ သူလည်း ရှောင်ဖန်ရဲ့ အစစ်အမှန် စွမ်းအားတွေကို သိတာ ဖြစ်ရမယ်”
"ရှောင်ဖန်က ဓမ္မစွမ်းအားတွေကို လွန်ခဲ့တဲ့ ခြောက်နှစ်အတွင်း လေ့လာခဲ့တာလား”
"ဆရာချန်းက လွန်ခဲ့တဲ့ တစ်နှစ်လောက်က စပြီး ချူကျိုးမှာ ကျော်ကြားလာခဲ့တယ်။ ကျန်ခဲ့တဲ့ နှစ်တွေမှာ သူတစ်ယောက်တည်း ကြိတ်ပြီး လေ့ကျင့်နေခဲ့တာ ဖြစ်မယ်။ လုံလောက်ပြီလို့ ထင်တဲ့အခါမှ လူလုံးထွက်ပြတာ ဖြစ်နိုင်တယ်”
ဖန့်ချုံးက ခန္ဓာကိုယ်အား ခုတင်ပေါ်၌ လူးလိမ့်ရင်း တွေးနေမိသည်။
"ငါ အိပ်မှ ဖြစ်တော့မယ်။ မနက်ကျမှပဲ သူရှင်းပြတာ နားထောင်တော့မယ်”
***
နောက်တစ်နေ့ ဖန့်ချုံးက ချန်းဖန်အား တွေ့သည်နှင့် တိုက်ရိုက်ပင် မေးလိုက်သည်။
"နင်က ဆရာချန်းလား…"
"အင်း…"
ချန်းဖန်က ခေါင်းညိတ်သည်။ သူ့တွင် ဖုံးကွယ်စရာ မရှိပေ။
"ဘာလို့ ငါ့ကို မပြောပြတာလဲ…"
ဖန့်ချုံးက မေးသည်။
"နင် ငါ့ကို ဆရာချန်း အနေနဲ့ မမြင်စေချင်လို့ပေါ့။ ငါက နင့်ရဲ့ အကောင်းဆုံး သူငယ်ချင်း၊ နင့်ရဲ့ ယောက်ျား ချန်းဖန်ပဲ ဖြစ်ချင်တာ…"
ချန်းဖန်က တည်ငြိမ်စွာ ပြောလိုက်သည်။
"နင့်ရဲ့ ယောက်ျား" ဆိုသော စကားက ဖန့်ချုံးအား အနည်းငယ် ရှက်သွေးဖြာစေသည်။ သူမက ခေါင်းအား ငုံ့ရင်း တိုးတိတ်စွာဖြင့်…
"အမေက နင့်ကို ငါတို့နဲ့ အတူ ဝူကျိုးကို လိုက်စေချင်တယ်။ မကြာခင်မှာ ငါ့အဘိုးရဲ့ မွေးနေ့ ရှိတယ်။ အဲဒါ အမေက နင့်ကို အဘိုးနဲ့ တွေ့စေချင်တယ်”
"အင်းပါ…"
ချန်းဖန်က ခေါင်းညိတ် လိုက်သည်။ သူကိုယ်တိုင် ကလည်း ဝူကျိုး၏ စုမိသားစုနှင့် တွေ့ဆုံ ချင်နေသည် မဟုတ်ပါလား။
***