ရှေးဟောင်း စုမိသားစု
Vol. 4 Ch. 313
ချန်းဖန်နှင့် ယောက္ခမလောင်း နှစ်ယောက်၏ တွေ့ဆုံမှုက အေးဆေးစွာပင် ပြီးဆုံး သွားခဲ့သည်။
ဖန့်မင်ဒီနှင့် စုစုတို့ကား တော်သော လူများပင် ဖြစ်ကြသည်။ ချန်းဖန်သာ သူတို့အား အငြိုး ထားခဲ့လျှင် ဆိုသော အတွေးက သူတို့၏ အပြုအမူများအား ပြောင်းလဲစေခဲ့သည်။
စုစုသည်ပင်လျှင် သူမ၏ စိတ်အတွင်းမှ မကျေနပ်မှုများအား ဖုံးကွယ်ကာ ဖော်ရွေစွာ ပြုံးရင်း ချန်းဖန်အား ကြိုဆိုခဲ့သည်။
ဖန့်မင်ဒီမှာမူ ချန်းဖန်အား အမြဲတမ်း သဘောကျခဲ့ရာ ထိုကောင်လေး သူ့သားမက် ဖြစ်လာခြင်းက ပျော်ရွှင်စရာသာ ဖြစ်သည်။ သူက မင်္ဂလာပွဲ အထိမ်းအမှတ် အဖြစ် ချန်းဖန်အား သူနှင့်အတူ တစ်ခွက် တစ်ဖလား ချရန်ပင် တိုက်တွန်း ခဲ့သေးသည်။
ချန်းဖန်ကလည်း မငြင်းပဲ သူကမ်းပေးသမျှကို လည်ချောင်း အတွင်း သွန်ချခဲ့သည်သာ။
စုစုအတွက်မူ ထိုအတွဲ ညီနေသော သူတို့ နှစ်ယောက်အား စိတ်ရှုပ်ထွေးစွာ ကြည့်ရှု့ရန်သာ တတ်နိုင်ခဲ့သည်။ ဖန့်မင်ဒီကြောင့်သာ မဟုတ်လျှင် ချန်းဖန်မှာ ကျန်းပေ့၏ အရှင်သခင် ဖြစ်ကြောင်းအား သူမ သိခဲ့လိမ့်မည် မဟုတ်ပေ။
"သူက ဓမ္မစွမ်းအားတွေကို သုံးပြီး ကျန်းပေ့ရဲ့ သူဌေးကြီးတွေကို စုစည်းခဲ့တယ် ဆိုတာ အမှန်ပဲလား”
မေးခွန်းများက သူမ၏ စိတ်အတွင်း ဝင်ရောက်လာသည်။ မည်သို့ပင် ကြည့်ပါစေ သူမတို့ ရှေ့၌ ထိုင်နေသော လူငယ်လေးက ကျန်းပေ့၏ အရှင်သခင် ဆရာချန်း ဖြစ်ကြောင်း သူမ မယုံကြည်နိုင်ချေ။
သူမတို့ ကဲ့သို့သော လူများ အတွက် ဓမ္မစွမ်းအားများ၊ သဘာဝလွန် ဖြစ်ရပ်များက အလှမ်း မမသော အရာများ ဖြစ်သည်။
ဆရာချန်း ရှန်းမိသားစု တစ်ခုလုံးကို ရှင်းပစ်ခဲ့သော သတင်းအား ကြားခဲ့ရစဉ်က သူမ ချောက်ချား ခဲ့ရသည်။ ထို့ကြောင့်ပင် ထိုကောင်လေးအား သူမ ကြောက်သည်။ ထိုကောင်လေးအား သူမ နားမလည်နိုင်သလို ထိုကောင်လေး၏ နည်းလမ်းများအားလည်း သူမ သဘောမပေါက်နိုင်ချေ။
မိသားစုညစာ စားပြီးသည် အထိ ထိုစုံတွဲက ချန်းဖန်၏ ပုဂ္ဂိုလ်ရေး ကိစ္စများအား မမေးခဲ့ချေ။
ညစာ စားပြီးသည်နှင့် ဖန့်မင်ဒီက ချန်းဖန်အား စုမိသားစု ခေါင်းဆောင်ကြီးက စီစဉ်သည့် မင်္ဂလာပွဲအကြောင်းကို ပြောပြသည်။ ချန်းဖန်ကလည်း သိပြီးဖြစ်ကြောင်း ခေါင်းညိတ်သည်။
ဖန့်မိသားစုမှ ထွက်လာသည်နှင့် ချန်းဖန် အဆောင်သို့ မပြန်တော့ပဲ တက္ကစီငှား၍ ချန်းမိသားစု ရှိရာသို့ ထွက်လာခဲ့သည်။
သူ့အနေဖြင့် သူနှင့် ရှောင်ချုံးတို့၏ မင်္ဂလာပွဲအား မိသားစုထံ အသိပေးရန် လိုသည်။ ထို့အပြင် ဝူကျိုး စုမိသားစု အကြောင်းကိုလည်း သူ့အဘိုးအား မေးကြည့်ရဦးမည်။
ချန်းဟွိုက်အန်းမှာ ကျင်းမြို့တော်၌ နှစ်ပေါင်းများစွာ ကြာအောင် နေခဲ့သူဖြစ်ရာ စုမိသားစု အကြောင်း ကောင်းစွာ သိနိုင်သည်။
ချန်းဖန် မိသားစု အိမ်တော်သို့ ရောက်ချိန်၌ ချန်းဟွိုက်အန်းမှာ လက်ရေးလှ လေ့ကျင့် နေခဲ့သည်။
အဘိုးအိုက ချန်းဖန်အား ပြုံးပြကာ သူ၏ လေ့ကျင့်မှုကိုပင် ဆက်လုပ်နေခဲ့၏။ ချန်းဖန် ကလည်း အဘိုးအို၏ နံဘေးတွင်ပင် ထိုင်ရင်း သူလုပ်သမျှအား ကြည့်နေခဲ့သည်။
"ရှောင်ဖန်… အဘိုး ရေးထားတာကို ကြည့်ပါဦး…"
အဘိုးအိုက လက်ထဲမှ မှင်တံအား ချရင်းက ဂုဏ်ယူသော အပြုံးဖြင့် ပြောလိုက်သည်။
"ထည်ဝါတယ်။ ခန့်ညားတယ်။ အဖြတ်အတောက်က ဆရာဟန်ယုလိုပဲ တည်ငြိမ်တယ်။ အဘိုးက ဒီအနုပညာကို ဆယ်စုနှစ်နဲ့ချီပြီး လေ့ကျင့်ခဲ့ပုံပဲ”
ချန်းဖန်က ချီးမွမ်း လိုက်သည်။
ချန်းဖန် ကိုယ်တိုင်က လက်ရေးလှ ပညာရပ်အား မလေ့ကျင့်ဖူးသော်လည်း ထိုအရာအား မည်သို့ တန်ဖိုး ထားရမည်ကိုမူ နားလည်သည်။ သူ၏ ဖခင် ချန်းကောရှင်းမှာလည်း လက်ရေး လှရေးရသည်ကို နှစ်သက်သူ တစ်ယောက် ဖြစ်သောကြောင့် သူနှင့် ထိုအနုပညာက အနည်းငယ် နီးစပ်သည်ဟု ဆိုနိုင်သည်။
"ငါက လက်ရေးလှရေးသားတာကို ငယ်ငယ်လေးတည်းက လေ့ကျင့်ခဲ့တယ်။ အလုပ်တွေက အငြိမ်းစား ယူပြီးတဲ့နောက် မင်တံကို နောက်တစ်ကြိမ် ထပ်ကိုင်ခဲ့တယ်။ ဒါပေမဲ့ အဘိုးရဲ့ အောင်မြင်မှုက မြေးနဲ့ ယှဉ်ဖို့ အဝေးကြီး လိုပါသေးတယ်”
ချန်းဟွိုက်အန်းက ချန်းဖန်၏ လက်မောင်းအား ကိုင်ကာ ဆွဲထူလိုက်ရင်း…
"စစ်တုရင် တစ်ပွဲလောက် ဆော့ကြစို့…"
ချန်းဟွိုက်အန်း၌ ဝါသနာများစွာ ရှိပြီး လက်ရေးလှ လေ့ကျင့်ခြင်း၊ သိုင်းပညာ၊ တရုတ် စစ်တုရင် စသည်တို့လည်း အပါအဝင် ဖြစ်သည်။
ချန်းမိသားစုဝင် များစွာအနက် သူ၏ ထိုဝါသနာများအား တန်ဖိုးထားသူက ချန်းဖန်သာ ရှိသည်။
ချန်းဖန် ကိုယ်တိုင် ကလည်း စစ်တုရင်ထိုးခြင်းအား ဝါသနာပါသူ တစ်ယောက်ပင်။ ကျင့်ကြံခြင်း ကမ္ဘာတွင် ရှိစဉ်ကဆိုလျှင် သူ အားလပ်ချိန်များ၌ အစီအရင်ဖြင့် ပုံရိပ်ယောင် တစ်ခုအား အသက်သွင်းကာ သူ၏ ပြိုင်ဘက်အဖြစ် ဆော့ကစား စေခဲ့သည်။
နှစ်ငါးရာတိုင်တိုင် ဆော့ကစား ခဲ့သော သူ၏ စစ်တုရင် ကျွမ်းကျင်မှုက ဤကမ္ဘာပေါ်၌ ပြိုင်ဘက် ကင်းနေခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း သူ့အဘိုးနှင့် ကစားရာ၌ သူ အနည်းငယ်တော့ အလျော့ ပေးရပေဦးမည်။
ချန်းဟွိုက်အန်းက သူရွှေ့ရမည့် အကွက်အား တွေးတောရင်း…
"မြေး ဘာလို့ ဒီနေ့ ရောက်လာတာလဲ…"
"ကျွန်တော် လက်ထပ်ပြီးပြီ အဘိုး…"
ချန်းဖန်က သူ၏ မြင်းရုပ်ဖြင့် အဘိုးအို၏ မြင်းရုပ်အား စားရင်းပင် ပြောသည်။
"ဘယ်လို…"
ချန်းဟွိုက်အန်း၏ လက်ထဲမှ ရွေ့ရန် ကိုင်ဆောင်ထားသော အရုပ်တစ်ခုက လွတ်ကျ သွားသည်။
"လက်ထပ်ပြီးပြီလား။ ဘာကြောင့် မင်းရဲ့ မိဘတွေ ငါ့ကို မပြောတာလဲ”
"ကျွန်တော် မနေ့ကမှ လက်ထပ် လိုက်တာပါ”
ချန်းဖန်က ခေါင်းအားငုံ့ရင်း မနေ့က ဖြစ်ပျက်ခဲ့သော အကြောင်းအရာများအား ရှက်ရွံ့စွာ ပြောပြလိုက်သည်။
"မဆင်မခြင်ကွာ…"
ချန်းဟွိုက်အန်းက ချန်းဖန်အား ဆူသည်။
"မင်းက အသက် ဆယ့်ကိုးနှစ်ပဲ ရှိသေးတယ်။ မှတ်ပုံတင်တောင် လုပ်ရသေးတာ မဟုတ်ဘူး။ အဲဒီလို လက်ထပ်မှုမျိုးက တရားဝင်ဖြစ်မှာ မဟုတ်ဘူး”
"ဒါပေမဲ့ အဲကလေးမ အကြောင်း ရှောင်နင် ပြောပြတာ အဘိုး ကြားဖူးတယ်။ သူက တကယ့်ကို ရှားပါးတဲ့ အဖိုးတန်လေးပါပဲ။ နောက်ပြီး မြေးအတွက် သူက ခုလို စွန့်စားရဲတယ် ဆိုတော့ မြေးကို တကယ် ဂရုစိုက်လို့ပဲ။ သူ့ကို စိတ်ပျက်အောင် မလုပ်မိစေနဲ့”
အဘိုးအိုက ဖြည်းညင်းစွာပင် ပြောသည်။
"စိတ်ချပါ အဘိုး။ ကျွန်တော့် အသက်နဲ့ ထပ်တူ သူ့ကို ကာကွယ်ပေးမှာပါ”
ချန်းဖန်က ခေါင်းညိတ်ရင်း ကတိပေးလိုက်သည်။
"ဖန့်မိသားစုက မြေးရဲ့ အစစ်အမှန် ပုံရိပ်ကို သိနေပြီ ဆိုတော့ ပြဿနာ မရှိလောက်ပါဘူး”
ချန်းဟွိုက်အန်းက ခုံအား ခေါက်ရင်း…
"ငါ့မြေးက ကျန်းပေ့ရဲ့ ဆရာချန်း… ထန်လုံတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ချန်းပဲဟာ။ ဖန့်မင်ဒီ သမီး မပြောနဲ့။ တရုတ်မှာရှိတဲ့ ဘယ်မိန်းမကိုမဆို လက်ထပ်ဖို့ အရည်အချင်း ရှိတယ်”
ချန်းဖန်က သူ့အဘိုး၏ ဂုဏ်ယူသော စကားအား နားထောင်ရင်း ပြုံးလိုက်မိသည်။ သူ့အဘိုး၏ စကားက အလွန်ပင် မှန်သည်။ အကယ်၍ သူသာ ဆန္ဒရှိလျှင် အမေရိကန် သမ္မတ၏ သမီးကိုပင် ယူနိုင်စွမ်း ရှိသည်။
"မြေးရဲ့ မိဘတွေကိုလည်း ဒီအကြောင်း ပြောထားသင့်တယ်”
ချန်းဟွိုက်အန်းက စဉ်းစားရင်း ပြောသည်။
"မြေးတို့ နှစ်ယောက်စလုံးက အရမ်း ငယ်နေသေးတယ်။ အဘိုးလည်း ဖန့်တွေနဲ့ သဘော တူတယ်။ စေ့စပ်ပွဲကို အရင်လုပ်ထား။ လက်ထပ်ပွဲ ကတော့ အေးဆေးမှ ပေါ”
"အဘိုး သဘောပါပဲ”
ချန်းဖန်က ခေါင်းညိတ်လိုက်သည်။
"နောက်ပြီးတော့ အဘိုးကို ဝူကျိုးရဲ့ စုမိသားစုအကြောင်း ကျွန်တော် မေးချင်သေးတယ်”
ချန်းဖန်က ဆက်ပြောလိုက်သည်။
"ဝူကျိုးရဲ့ စုမိသားစု…"
အဘိုးအိုက တီးတိုး ရေရွတ်သည်။
"တကယ် ခန့်မှန်းမရတဲ့ မိသားစုကြီးပါပဲ…"
ချန်းဟွိုက်အန်းက ခေါင်းအား ခါရင်း ဆက်ပြောလိုက်သည်။
"ချင်မင်းဆက် ကျဆုံးချိန်ကစလို့ မရေမတွက်နိုင်တဲ့ စစ်ပွဲတွေကြားမှာ စုမိသားစုက ကြံ့ကြံ့ခံပြီး ရပ်တည် နိုင်ခဲ့တယ်။ စုမိသားစုရဲ့ ခေါင်းဆောင်တိုင်း ကလည်း ပညာတတ်ပြီး အမျှော်အမြင် ရှိတဲ့ လူတွေချည်းပါပဲ”
ချန်းဖန်ကလည်း သဘောတူစွာ ခေါင်းညိတ်သည်။
စုမိသားစုက လု၊ ကူ မိသားစုများနှင့် လုံးဝကွာခြားသည်။
လု နှင့် ကူ မိသားစုများမှာ သိုင်းပညာ မိသားစုများ ဖြစ်ကာ အစွမ်းထက်သော သိုင်းပညာရှင် များစွာအား မွေးထုတ်သည်။ သူတို့က ထိုအင်အားဖြင့် နယ်ပယ်၊ ဒေသတစ်ခုအား လွှမ်းမိုးသည်။
စုမိသားစုမှာမူ ကုန်သည်များ ဖြစ်ကြသည်။ ထို့ကြောင့် ခေတ်ပျက် ကာလအတွင်း သူတို့၏ စည်းစိမ် ဥစ္စာများက မသမာသူများစွာ၏ ပစ်မှတ်ဖြစ်ခဲ့သည်။ ထိုကဲ့သို့သော အခက်အခဲများ ကြားတွင်ပင် ဆက်လက် ရပ်တည်နိုင်ခဲ့ရာ စုမိသားစု ခေါင်းဆောင်များ၏ အရည်အချင်းအား မေးခွန်း ထုတ်စရာ မလိုချေ။
ထို့နောက် ချန်းဟွိုက်အန်းက ချန်းဖန်အား စုမိသားစု အောင်မြင်မှုများ နောက်ကွယ်မှ လူတစ်ယောက်၏ နာမည်ကို ပြောပြသည်။
"ဟူရွယ်ယန်…"
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း အဘိုးအိုအား မေးလိုက်သည်။
"အဘိုးပြောတော့ စုမိသားစုက ကုန်သည် မိသားစု မဟုတ်ဘူးလား…"
"ဟုတ်တာပေါ့…"
အဘိုးအိုက သူ၏ ရှည်လျားသော မုတ်ဆိတ်များအား လက်ဖြင့် ပွတ်သပ်လိုက်သည်။
ဟူရွယ်ယန်မှာ ချင်မင်းဆက် လက်ထက်တွင် ကျော်ကြသည့် စီးပွားရေး သမားတစ်ယောက် ဖြစ်ကာ ဗိုလ်ချုပ်ဇူအား ထောက်ခံခဲ့သူ ဖြစ်သည်။ သူကား ကုန်သည်လူတန်းစားများ၌ အနီရောင် ဦးထုပ်အား ချီးမြှင့်ခံရသည့် တစ်ဦးတည်းသော သူဖြစ်သည်။
"စုမိသားစုက ကျန်းနန်နယ်မှာ အထည်အလိပ်လုပ်ငန်းနဲ့ စပြီး နာမည်ကြီးလာခဲ့တယ်။ နောက်ပိုင်းမှာတော့ သူတို့က ဘဏ်လုပ်ငန်းကို ပြောင်းလုပ်ခဲ့တယ်။ တော်လှန်ရေး ကာလမှာ စုမိသားစုက ဒေါက်တာ ဆွန်ယက်စင်တို့ကို ငွေကြေးအင်အား အလုံးအရင်းနဲ့ ထောက်ပံ့ ပေးခဲ့သေးတယ်။ အဲဒီ ခေတ်တုန်းက စုမိသားစုရဲ့ ခေါင်းဆောင် တစ်ယောက်ဆိုရင် တရုတ် ဗဟိုဘဏ်ရဲ့ လက်ထောက် ဒါရိုက်တာ ဖြစ်ခဲ့သေးတယ်။ သူတို့ပ မိသားစုကြီး လေးခုနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်”
"တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို တည်ထောင်ပြီးတဲ့ နောက်မှာတော့ စုမိသားစု ခေါင်းဆောင်က ဗဟိုပါတီ ကော်မတီကို ဖိတ်ခေါ်ခြင်း ခံခဲ့ရတယ်။ ဘဏ္ဍာရေးနဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေ မှာတောင် သူက အကြံပေးနိုင်ခဲ့တယ်။ စုမိသားစုရဲ့ ခေါင်းဆောင်ကို ဆိုရင် နိုင်ငံခေါင်းဆောင်တွေ ကတောင် လေးစားရတယ်”
အဘိုးအိုက ချန်းဖန်အား စုမိသားစု၏ နှစ်သုံးရာ သမိုင်းကြောင်းကို စိတ်ရှည်စွာ ရှင်းပြသည်။ ချန်းဖန်က ခေါင်းညိတ်ရင်း တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။
စုမိသားစုအနေဖြင့် ဘီလျံနှင့်ချီသော လုပ်ငန်းများ ပိုင်ဆိုင်သည့် ဖန့်မင်ဒီအား အထင် မကြီးသည်ဟု မထူးဆန်းပေ။ သူတို့ကား နှစ်ရာချီတိုင်အောင် ကျန်းနန်တွင်သာမက တရုတ် တစ်နိုင်ငံလုံးအား လွှမ်းမိုးနိုင်ခဲ့သူများ ဖြစ်သည်။
"စုမိသားစုက အဘိုးကြီး အနားယူပြီးတဲ့နောက် နည်းနည်း ကျဆင်းလာတယ် ဆိုပေမဲ့လည်း ကျန်းနန်နဲ့ ကျောင်းဟိုင်မှာတော့ ထိပ်ဆုံးဆိုတဲ့ နေရာမှာ ရှိနေသေးတယ်။ ဘာပဲ ဖြစ်ဖြစ် ငါ့မြေးက ထန်လုံအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ အပြင် ဗိုလ်ချုပ်ရာထူး ရှိတဲ့သူပဲ။ စုရန်ဟိုရဲ့ မြေးကို လက်ထပ်နိုင်တယ် ဆိုတာထက် အရည်အချင်း အများကြီး ပိုရှိတယ်”
အဘိုးအိုက ဂုဏ်ယူစွာဖြင့် ခေါင်းအား မော့ရင်း ပြောသည်။
ချန်းဖန်ကမူ ပြုံးရုံသာ ပြုံးနေခဲ့သည်။
***