← Chapters

ဆရာချန်း ခင်ဗျား ဒီကို ဘယ်လိုရောက်လာတာလဲ

Vol. 4 Ch. 314

ဆရာချန်း ခင်ဗျား ဒီကို ဘယ်လိုရောက်လာတာလဲ

Vol. 4 Ch. 314

စုမိသားစု၏ အဘိုးအိုမှာ စုရန်ဟို ဖြစ်ပြီး လက်ရှိ စုမိသားစု ခေါင်းဆောင်၏ အဖေလည်း ဖြစ်၏။

ချန်းဖန် အရှေ့တောင်ကြား ဒေသမှ ထွက်လာခဲ့သည်နှင့် သူ့အဘိုး၏ သတိပေး စကားအား ကြားယောင်မိသည်။

"စုရန်ဟိုက အသက်ကိုးဆယ်လောက် ရှိနေပြီ ဆိုတော့ သူက သိပ်ကိစ္စ မရှိဘူး။ ဒါပေမဲ့ သူ့ရဲ့သား စုကျန်းဒီ ကိုတော့ ဂရုစိုက်။ သူက လုပ်ခဲ့တဲ့ အလုပ်တိုင်းမှာ ကျရှုံးတယ်ဆိုတာ မရှိဘူး။ ဒါကြောင့် သူ့ကို ဆက်ဆံဖို့က ခက်လိမ့်မယ်”

"မြေးက ဗိုလ်ချုပ်ရာထူး ရှိတယ် ဆိုပေမဲ့လည်း စုမိသားစုကိုတော့ အထင်မသေးနဲ့။ သူတို့မှာ ဗဟိုအစိုးရရဲ့ နောက်ခံရှိနေတယ်”

ချန်းဖန် ပြုံးလိုက်မိသည်။ သူ့အတွက်မူ စုမိသားစုက သိပ်အလေးထားစရာ မရှိပေ။

"စုမိသားစုကို သွားရင် နည်းနည်း ကြည့်ကောင်းအောင်တော့ ပြင်ဆင်သွားဦးမှပဲ…"

ချန်းဖန် မေးစေ့အား ပွတ်ရင်း တွေးလိုက်သည်။

သူပြန်လည် မွေးဖွားလာစဉ်မှ စ၍ ရုပ်ရည် အသွင်အပြင်နှင့် ပတ်သက်၍ သူ ဂရုမစိုက်ခဲ့ချေ။ သို့သော်လည်း ယခုတစ်ကြိမ်က ဖန့်ချုံး၏ မိသားစု တစ်ခုလုံးနှင့် တွေ့ရမည် ဖြစ်ရာ စုတ်ပြတ် နေသော ပုံစံဖြင့် သွားပါက သူတင်မက ရှောင်ချုံးပါ အလှောင် ခံရလိမ့်မည် ဖြစ်သည်။

သူ့အနေဖြင့် အခြားလူများကို ဂရုမစိုက်သည့်တိုင် ရှောင်ချုံးအား အခြားလူများ အထင်သေးမည် ကိုတော့ မခံလိုချေ။

ချန်းဖန်က ခဏမျှစဉ်းစားရင်း ကျိုးချင်းရထံသို့ ဖုန်းခေါ်လိုက်သည်။

"ဘာကိစ္စလဲ…"

ကျိုးချင်းရမှာ ချန်းဖန်၏ ဖုန်းကြောင့် အနည်းငယ် အံ့အား သင့်သွားသည်။ သူမထံသို့ ချန်းဖန်မှာ တစ်ခါမျှ ဖုန်းမခေါ် ခဲ့ဖူးချေ။

"ငါ အင်္ကျီဝင်ချင်လို့… လိုက်ပြီး ကူညီနိုင်မလား…"

ဟောင်ကောင်တွင် ရှိစဉ်က ကျိုးချင်းရမှာ သူ့အတွက် ဝတ်စုံ ရွေးပေးခဲ့သေးသည်။ ထို့ကြောင့် ကျိုးချင်းရအား ချန်းဖန် အကူအညီ တောင်းခဲ့ခြင်း ဖြစ်သည်။

"အင်္ကျီ ဝယ်ဖို့…"

ကျိုးချင်းရက ချန်းဖန်အား အနည်းငယ် အထင်သေးမိ သွားသည်။ သူမနှင့် ချန်းဖန်မှာ ဈေးဝယ်အတူ ထွက်ရလောက်သည် အထိ ရင်းနှီးကြသူများ မဟုတ်ချေ။ သို့သော်လည်း သူမ၏ စိတ်တွင်မူ ချန်းဖန်အား ကူညီချင်သည့် ဆန္ဒက ပြည့်နှက်နေသည်။

ခဏမျှ စဉ်းစားပြီးနောက် ကျိုးချင်းရက ချောင်းတစ်ချက် ဟန့်ရင်း…

"ရပါတယ်… ခဏစောင့်နော်…"

မိနစ်နှစ်ဆယ်မျှ ကြာပြီးနောက် ကျိုးချင်းရမှာ ဘီအမ်ဒဗယ်လျူ မီနီ (BMW Mini) ကားဖြင့် မြို့မဈေးသို့ ရောက်ရှိလာသည်။

သူမက ချန်းဖန်အား မြင်သည်နှင့် လေးစား ရိုသေသည့်စိတ်က အကြောင်းရင်း မရှိပဲ အလိုအလျောက် ပေါ်ပေါက် လာခဲ့သည်။ ချန်းဖန်မှာ ကောလိပ်ကျောင်းသား တစ်ယောက်အစား အစွမ်း ထက်သော လူတစ်ယောက် အလား သူမ ခံစားနေခဲ့ရသည်။

"ဘာဖြစ်ရတာလဲ… သူက ချန်းမိသားစုရဲ့ သာမန် မျိုးဆက် တစ်ယောက်ပဲဟာ။ ဘာလို့ ငါ သူ့ကို အရမ်း လေးစား နေရတာလဲ”

ကျိုးချင်းရက အကူအညီမဲ့စွာ တွေးလိုက်မိသည်။

ချန်းဖန်က သူမ၏ မှတ်ဉာဏ်များအား ဖျက်ပစ်ခဲ့သည့်တိုင် ခံစားချက်များကိုမူ ဖျက်မပစ် နိုင်ခဲ့ပေ။

"ချန်းဖန်… နင် ဘယ်လို ဝတ်စုံမျိုး လိုချင်တာလဲ…"

ကျိုးချင်းရက စိတ်ကို တည်ငြိမ်အောင် ထိန်းရင်း မေးလိုက်သည်။

"ငါက ငါ့ကောင်မလေးရဲ့ မိသားစုကို သွားတွေ့မလို့…"

ချန်းဖန်က ပြုံးရင်း ပြန်ဖြေသည်။

"နင့်ရဲ့ ကောင်မလေး…"

ကျိုးချင်းရ၏ မျက်ခုံးက အနည်းငယ် တောင့်တင်း သွားသည်။ ရုတ်တရက် နာကျင်မှုနှင့် စူးနစ်မှုတို့က သူမ၏ နှလုံးသားတွင် ဖြစ်ပေါ်လာသည်။

သို့သော်လည်း သူမက အားတင်း၍ ပြုံးလိုက်ရင်း…

"ဖန့်ချုံးရဲ့ မိသားစုနဲ့လား…"

"အင်း…"

ချန်းဖန်က ခေါင်းညိတ်သည်။

ကျိုးချင်းရက တစ်ခဏမျှ စဉ်းစားရင်း…

"အဲဒီလိုဆိုရင် ပိုပြီး ရင့်ကျက်တဲ့ ဝတ်စုံမျိုး လိုမယ်။ နောက်ပြီး ပထမဆုံး အကြိမ် သွားတွေ့မှာ ဆိုတော့… ငါတို့ နည်းနည်းလောက် လျှောက်ကြည့်ရအောင်…"

ချန်းဖန်က တစ်ခွန်းမျှ မပြန်ပြောပဲ သူမ၏ နောက်မှ လိုက်လာခဲ့သည်။ ထိုအရာက သူမကျွမ်းကျင်သော နယ်ပယ် ဖြစ်သည်။ ထို့ကြောင့် သူမ စီစဉ်သမျှအား ငြိမ်သက်စွာသာ နားထောင်ရန် လိုသည်။

တစ်နေ့ခင်းလုံး အချိန်ဖြုန်းပြီးနောက် ကျိုးချင်းရရှေ့၌ ချန်းဖန်က ဝတ်စုံအသစ်ဖြင့် မတ်တတ်ရပ် နေခဲ့သည်။ ကျိုးချင်းရ၏ မျက်လုံးများက သူ့အား အံ့အားသင့်မှုဖြင့် စိုက်ကြည့် နေခဲ့သည်။

"ရပြီ… နင် ကြည့်ကောင်း သွားပြီ”

ကျိုးချင်းရမှာ ချန်းဖန်၏ အင်္ကျီအသစ် ဝတ်ဆင်ထားသော အသွင်အပြင်အား ကြည့်၍ ကြွေဆင်းတော့ မလို ဖြစ်နေခဲ့သည်။

ချန်းဖန်၏ မိဘများကား ကောင်းမွန်သော မျိုးရိုးမှ ဆင်းသက်လာခြင်း ဖြစ်ရာ ရုပ်ရည်အားဖြင့် ကြည့်ကောင်း ကြသည်။ ထို့ကြောင့် ချန်းဖန်မှာလည်း သပ်သပ်ရပ်ရပ် မနေသည်က လွဲလျှင် ရုပ်ဆိုးသော လူများတွင် မပါဝင်ချေ။

"ချန်းဖန်… နင်က အရမ်းကို ကြည့်ကောင်းသွားပြီ…"

ရုတ်တရက် ဝမ်းနည်းသော ခံစားမှုတစ်ခုက ကျိုးချင်းရ၏ စိတ်၌ ပေါ်လာခဲ့ပြန်သည်။ သူမ ကိုယ်တိုင်ကမူ ထိုအရာက ဝမ်းနည်းခြင်းမှန်း မသေချာပေ။

"သူက ချန်းမိသားစုရဲ့ သာမန်လူ တစ်ယောက်ပါပဲ။ ငါ့ကောင်လေးက သူ့ထက် အများကြီး ပိုကောင်းတယ်။ ငါ ဘာလို့ ဝမ်းနည်း နေရတာလဲ…"

ကျိုးချင်းရက ဒွိဟဖြစ်စွာ တွေးလိုက်မိသည်။ လွဲချော်နေသည့် အရာတစ်ခုခုအား သူမ စဉ်းစား၍ မရပေ။

"ကျေးဇူးပဲ…"

ချန်းဖန်က သူမအား ခေါင်းညိတ် ပြလိုက်သည်။

ဆိုင်၏ မန်နေဂျာကလည်း သူတို့ထံသို့ လျှောက်လာကာ…

"ဆရာ… ရှင်က အရမ်း ကံကောင်းတာပဲ။ ခုလို ကောင်မလေးမျိုးကို ပိုင်ဆိုင်ထားတယ်။ မိန်းကလေး တစ်ယောက်က သူ့ရည်းစားဖို့ အဝတ်လိုက်ဝယ်ပေးတယ် ဆိုတာက တကယ့်ကို တွေ့ရခဲတယ်”

ကျိုးချင်းရက သူမ၏ စကားကြောင့် ရှက်ရွံစွာ ခေါင်းငုံ့လိုက်သည်။

ချန်းဖန်က ကျိုးချင်းရမှာ သူ၏ ကောင်မလေးမဟုတ်ကြောင်း ပြောရန် ဟန်ပြင် လိုက်သော်လည်း ကြမ်းတမ်းသော အသံတစ်ခုက သူတို့၏ နောက်နားမှ ထွက်ပေါ်လာခဲ့သည်။

"ဟဟ… နောက်မီးလင်းတဲ့ဟာမ… နင့်ကို မိပြီ။ ငါတို့ နေ့လည်စာ စားမပြီးခင်မှာ နင်အလောတကြီး ထွက်သွားတည်းက တစ်ခုခုကို ငါရိပ်မိသားပဲ။ နင်က ဒီကိုလာပြီး ရုပ်ချောချော ကောင်လေးနဲ့ တွေ့နေတာကိုး။ နင်က ငါ့ကို လွန်ခဲ့တဲ့ သုံးလလုံး အဆက်ဖြတ်ချင်နေတာ ဒီချီးကောင်လေး ကြောင့်လား…"

လူများစွာက ကျယ်လောင်သော အသံကြောင့် သူတို့အား လှည့်ကြည့်ကြသည်။

ကျိုးချင်းရမှာ လျှောက်လာသော လူငယ်အား တွေ့သည်နှင့် မျက်နှာတစ်ခုလုံး မည်းမှောင်လာသည်။

ဆိုင်မန်နေဂျာက ထိုကောင်လေး ဆီသို့ မျက်နှာမူလိုက်ရင်း…

"ဆရာ… ကျင်းတင်ဗျူးတီးစလွန်း ထဲမှာ ဆူဆူညံညံ မလုပ်ပဲ နေပေးပါရှင်…"

"သွားစမ်းပါကွာ…"

လူငယ်၏ နောက်တွင်ပါလာသော တစ်ယောက်က ဆိုင်မန်နေဂျာအား စောင့်တွန်း လိုက်သည်။

လူငယ်ကမူ သူမအား ဂရုမစိုက်ပဲ ကျိုးချင်းရအား စူးရဲစွာကြည့်ရင်း လျှောက်လာကာ…

"ခွေးမ… နင်က ငါ့ကို ဖောက်ပြန်ရဲတယ်ပေါ့…"

သူက ပြောရင်းဖြင့် ကျိုးချင်းရ၏ မျက်နှာအား ရိုက်ချလိုက်သည်။

သို့သော် သူ၏ လက်က ကျိုးချင်းရ၏ မျက်နှာသို့ မရောက်ခင်မှာပင် အခြား လက်တစ်ဖက်၏ ဖမ်းဆုပ်ခြင်းအား ခံလိုက်ရသည်။

"ဝေ့ကျီပင်… ငါ့ရှေ့မှာ အခြားလူ တစ်ယောက်ကို ရိုက်ဖို့ မင်းကို ဘယ်သူက ခွင့်ပေး ထားတာလဲ…"

ထိုလူငယ်ကား တတိယ သခင်ကြီးဝေ့၏ သား ဝေ့ကျီပင် ပင်။

"ဘာ…"

ဝေ့ကျီပင်ကား ကျိုးချင်းရထံသို့သာ စိတ်ရောက်နေသဖြင့် ချန်းဖန်အား သတိမထား မိသေးချေ။ ထို့ပြင် ချန်းဖန်မှာလည်း ဝတ်စုံ အသစ်ဖြင့် သန့်ပြန့်နေရာ သူ ရုတ်တရက် မမှတ်မိသေးချေ။

"မင်းက ဘယ်ကကောင်လဲ။ ငါတို့ရဲ့ သခင်လေး ဝေ့ကိုတောင် နာမည် တပ်ခေါ်ရဲတယ်ပေါ့”

ဝေ့ကျီပင်၏ နောက်မှ ပါလာသော တစ်ယောက်က ပြောရင်း ရှေ့တိုးလာသည်။

"ဟုတ်တယ်… မင်းက ဘယ်ကောင်လဲ…"

ဝေ့ကျီပင်က ပြောရင်း ချန်းဖန်အား သေချာ ကြည့်လိုက်သည်။ ချန်းဖန်မှာ ဆံပင်ကေ အသစ်၊ အဝတ်အစား အသစ်နှင့် ဖြစ်သော်လည်း သူ့ခြေထောက်အား ချိုးခဲ့သည့် လူကိုမူ လုံးဝ မမေ့ချေ။

ချန်းဖန်အား သတိထားမိ သည်နှင့် သူ၏ မျက်နှာက အိပ်မက်ဆိုး တစ်ခု မက်သည့်အလား ချောက်ချားခြင်း များနှင့် ပြည့်နှက်လာသည်။

လူတိုင်း၏ အကြည့်များအောက်တွင်ပင် ဝေ့ကျီပင်က ချန်းဖန်အား ခေါင်းညွှတ်ကာ

ဖားယားသည့် ပုံစံမျိုး ပြုံးလိုက်ရင်း လေးစား ကြောက်ရွံ့သည့် အသံမျိုးဖြင့်…

"ဆရာချန်း… ခင်ဗျား ဒီကို ဘယ်လို ရောက်လာတာလဲ…"

***

All Chapters