ဝူကျိုးသို့
Vol. 4 Ch. 315
"ဆရာချန်း…"
"ဘယ်လို... ဆရာချန်း…"
"သူက ဘယ်သူလဲ…"
ကျိုးချင်းရ အပါအဝင် လူများစွာမှာ ထိုမြင်ကွင်းအား ကြည့်ရင်း ဆွံ့အသွားသည်။
ထိုနေရာတွင် ရှိနေခဲ့သော လူများစုက သာမန်လူများသာ ဖြစ်ကြရာ အမှောင်တိုတမ်၏ ထိပ်ဆုံး စာရင်းဝင် ဆရာချန်းအား မကြားဖူးကြချေ။
သို့သော်လည်း ဝေ့ကျီပင်မှာမူ မြစ်မြောက်ပိုင်း ဝေ့မိသားစုမှ တတိယ သခင်ကြီး ဝေ့၏ သားဖြစ်သည်။ ထိုသခင်လေး၏ အဆင့်အတန်းအား သူတို့ ကောင်းစွာ သိသည်။
"ခင်ဗျားကို ဒီမှာ တွေ့ရမယ်လို့ မမျှော်လင့်ထားခဲ့ဘူး”
ဝေ့ကျီပင်က ချန်းဖန်အား အတတ်နိုင်ဆုံး ပြုံးပြရင်း ပြောလိုက်သည်။
ချန်းဖန်က သက်ပြင်း တစ်ချက် ချလိုက်မိသည်။ သူ့အနေဖြင့် ကျိုးချင်းရအား ရိုရိုးသားသား အကူအညီတောင်းခဲ့သော်လည်း သူမအား ဒုက္ခပေးသလိုပင် ဖြစ်ခဲ့ရသည်။ ချန်းဖန်အနေဖြင့် ကျိုးချင်းရနှင့် ဝေ့ကျန်းပင်၏ ကြားမှ ဆက်ဆံရေးအား ဂရုမစိုက်သည့်တိုင် သူ့ကြောင့် သူတို့ နှစ်ယောက်၏ ဆက်ဆံရေး ပျက်စီးမည်ကိုမူ စိုးရိမ်မိသည်။
"ငါက အဝတ်အစား ဝယ်ထွက်ဖို့ ကျိုးချင်းရကို အကူအညီ တောင်းခဲ့တာ။ မင်းက မကျေနပ်ဘူးလား”
ချန်းဖန်က ဖြူဖပ်ဖြူရော် မျက်နှာရှိနေသည့် လူငယ်အား ကြည့်ရင်း မေးသည်။
"အာ… ရပါတယ်ဗျာ။ ရပါတယ်။ ဒါက နားလည်မှုလွဲတာပါ”
ဝေ့ကျီပင်က ချန်းဖန်အား အလျင်စလို တောင်းပန်သည်။
လူတိုင်းက သူ့အား နားမလည်နိုင်စွာ ကြည့်ကြသည်။ ထိုလူငယ်ကား မြစ်မြောက်ပိုင်း ဝေ့မိသားစု၏ ဝေ့သခင်လေး ဖြစ်သည်။ သူ့အနေဖြင့် လူငယ် မျိုးဆက်၌ မည်သူ့ကို မဆို အနည်းဆုံး တန်းတူတော့ ဆက်ဆံနိုင်သည်။ ယခုကဲ့သို့ လူငယ်လေး တစ်ယောက်အား ဖားယားနေခြင်းက အနည်းငယ် ထူးဆန်းနေသည်။
"အာ့ဆိုလည်း သွားတော့…"
ချန်းဖန်က လက်တစ်အား ဝှေ့ရမ်းလိုက်သည်နှင့် ဝေ့ကျီပင်မှာ နောက်သို့ အနည်းငယ် လွင့်စဉ်သွားသည်။ သို့သော်လည်း လူငယ်မှာ ခေါင်းအားငုံ့ရင်းပင် ကပျာကယာ ထရပ်ကာ သူ၏ လူများ နှင့်အတူ အပြင်သို့ အပြေးတစ်ပိုင်း ထွက်သွားတော့သည်။
"ဆရာချန်း… သူက ကျန်းပေ့ရဲ့ ဆရာချန်းလား…"
ကျိုးချင်းရက ချန်းဖန်အား မယုံကြည်နိုင်သော မျက်နှာဖြင့် ကြည့်မိသည်။
သူမ သာမက ဗျူးတီးစလွန်း အတွင်းရှိ လူတိုင်းက ချန်းဖန်အား သရဲသဘက် တစ်ကောင် အလား ခြောက်ခြားစွာ ကြည့်နေခဲ့ကြသည်။
ချန်းဖန်ကမူ အခြားလူများ၏ အကြည့်များအား ဂရုမစိုက်ပဲ ကျိုးချင်းရနှင့်အတူ သူမ၏ BMD ကားလေးထဲသို့ ပြန်ဝင်လိုက်သည်။
"ပြဿနာတွေ ဖြစ်စေခဲ့တဲ့ အတွက် စိတ်မကောင်းပါဘူး။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ငါ ကောင်းကောင်း ကိုင်တွယ်လိုက်ပါ့မယ်။ ဝေ့ကျီပင်က မင်းကို ဘာမှ လုပ်မှာ မဟုတ်ပါဘူး”
ချန်းဖန်က အေးဆေးစွာပင် ပြောလိုက်သည်။
"ရတယ်… ရတယ်… စိတ်ပူစရာ မလိုပါဘူး”
မိန်းကလေးက ခေါင်းအားခါရင်း ပြောသည်။
"ငါတို့က လမ်းခွဲပြီးနေပြီ။ ပြီးခဲ့တဲ့ နေ့လည်စာက သူနဲ့အတူ နောက်ဆုံး စားတာပါ။
"ဟုတ်လား…"
ချန်းဖန်က သူမအား ကြည့်ရင်းမေးသည်။
"မင်းတို့က နှစ်ဝက်လောက် တွဲခဲ့ကြတယ် မလား။ ခုမှ ဘာလို့ အလျင်စလို လမ်းခွဲရတာလဲ”
ကျိုးချင်းရက ဖြူရော်စွာ ပြုံးလိုက်ရင်း…
"ငါလည်း မသေချာပါဘူး။ ဟောင်ကောင်က ပြန်လာတည်းက အိပ်မက်က လန့်နိုး သွားသလိုပဲ။ ဒါပေမဲ့ အဲဒီ အိပ်မက်ကို ပြန်စဉ်းစားလို့ မရဘူး။ ငါ ဝေ့ကျီပင်ကိုတွေ့တိုင်း ငါ့စိတ်က သူနဲ့ ဝေးဝေးနေဖို့ သတိပေးနေသလိုပဲ”
ချန်းဖန်က တိတ်ဆိတ်စွာသာ နားထောင်နေလိုက်သည်။ သူ၏ စိတ်တွင်မူ သူမ ထိုသို့ ဖြစ်နေရသည့် အကြောင်းရင်းအား ကောင်းစွာသိသည်။
သူက ကျိုးချင်းရ၏ မှတ်ဉာဏ်များအား ဖျက်ပစ်ခဲ့သည့်တိုင် စိတ်ခံစားမှုများကမူ ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့်ပင် ချန်းဖန်အား တွေ့သည်နှင့် လေးစားမှုနှင့် ကြောက်ရွံ့မှုတို့ သူမ၏ စိတ်၌ ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်သည်။
ချန်းဖန်မှာ မိန်းကလေး အတွက် စိတ်မကောင်း ဖြစ်မိသွားသည်။ ထို့ကြောင့်ပင် မိန်းကလေးအား ညင်သာစွာ ကြည့်လိုက်ရင်း…
"အများကြီး တွေးမနေနဲ့။ မင်း ပင်ပန်းသွားလို့ ဖြစ်မှာပါ။ အနား ယူလိုက်ရင် ပြန်ကောင်း သွားလိမ့်မယ်”
"အင်း…"
ကျိုးချင်းရက တိတ်ဆိတ်စွာပင် အဖြေပြန်ပေးလိုက်သည်။
ထို့နောက် သူတို့ နှစ်ယောက် စလုံး တိတ်ဆိတ်သွားခဲ့သည်။ ကျိုးချင်းရမှာ ချန်းဖန်အား ဆရာချန်း အကြောင်း မေးချင်သော်လည်း မျိုသိပ်၍သာ ထားလိုက်တော့သည်။
***
ရက်အနည်းငယ် အတွင်းမှာပင် ချန်းဖန်တို့ ဝူကျိုးအား သွားရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ဝူကျိုးကား နှစ်ထောင်ချီ သမိုင်းကြောင်း ရှိကာ ကျန်းနန်၏ အတိုးတက်ဆုံး မြို့ကြီး ဖြစ်သည်။
နှစ်ထောင်ချီ ကာလအတွင်း၌ ဝူကျိုးမှ မရေမတွက်နိုင်သော ပုဂ္ဂိုလ်ကျော်များစွာ ပေါ်ထွက်ခဲ့သည်။ အရင်းအမြစ် ကြွယ်ဝမှု၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်မှုများက ဝူကျိုးအား ပိုမို တိုးတက်စေခဲ့သည်။ ထို့အပြင် ဝူကျိုးမှာ လှပသော ဥယျာဉ်များနှင့် ပိုးချည်မျှင် လုပ်ငန်းကြောင့်လည်း ကျော်ကြားသည်။
လက်ရှိ ဝူကျိုး၏ စုမိသားစုမှာ အထည်အလိပ် လုပ်ငန်းအား အဓိက မလုပ်ကိုင်သည့်တိုင် တရုတ်၏ အထည်အလိပ်စက်ရုံများ၏ ထက်ဝက်ခန့်အား ပိုင်ဆိုင်ထားသေးသည်။
ဖန့်မင်ဒီနှင့် စုစုတို့မှာ အခြား ဆွေမျိုးများနှင့် စုပေါင်း၍ သွားမည်ဖြစ်ရာ ချန်းဖန်တို့က သူတို့နှင့် အတူ မလိုက်တော့ချေ။
ဖန့်ချုံးနှင့် ချန်းဖန်တို့မှာ နှစ်ယောက်တည်းသာ ဝူကျိုးသို့ သွားရန် ဆုံးဖြတ်ခဲ့ကြသည်။ ဝူကျိုးနှင့် ကျင်းမြို့တို့မှာ သိပ်မဝေးသည့် အပြင် ဖန့်ချုံးအနေဖြင့်လည်း ထိုခရီးအား မကြာခဏ ကိုယ်တိုင် ကားမောင်း၍ သွားဖူးသည်။
ဖန့်ချုံးက သူမ၏ အော်ဒီ (Audi TT) အမျိုးအစား ကားလေးအား ကိုယ်တိုင် မောင်းနှင် လာခဲ့သည်။ ကားပြတင်းပေါက်များအား ဖွင့်ထားသည်ဖြစ်ရာ လတ်ဆတ်သော လေထုက သူမ၏ ဆံပင်များအား ပွတ်သပ်ကျီစယ်၍ နေသည်။
"ဘာကြည့်နေတာလဲ…"
ဖန့်ချုံးက သူမအား ဘေးမှ မျက်တောင်မခတ် ကြည့်နေသော ချန်းဖန်အား မျက်စောင်းထိုးရင်း မေးသည်။
"ငါတို့ ခွဲနေရတာ ကြာပြီလေဟာ။ ဒါကြောင့် ခု အခွင့်အရေး ရတုန်းလေး နင့်ကို ကြည့်မိတာပါ”
ချန်းဖန်က ပြုံးရင်း ပြောသည်။
"ဟင်း… ငါ့ကို အရူးလာလုပ် မနေနဲ့။ ဆရာချန်း အကြောင်းကိုတောင် နှစ်ဝက်လောက် ငါ့ကို နင်လိမ်ထား ခဲ့သေးတယ်”
ဖန့်ချုံးက နှာခေါင်းရှုံ့ရင်း ပြောသည်။ ချန်းဖန်က အရာအားလုံးအား ရှင်းပြပြီး ဖြစ်သော်လည်း သူမက ကျေနပ်ပုံ မရေသေးပေ။
ချန်းဖန်က မိန်းကလေး၏ အမူအရာအား ကြည့်ရင်း ပြုံးလိုက်မိသည်။
သူက လက်တစ်ဖက်အား ဆန့်ထုတ်လိုက်ရင်း သူမ၏ ပခုံးအား ဖက်လိုက်ရင်း…
"ငါက အဲအကြောင်း ပြောလိုက်ရင် နင်နဲ့ငါကြားမှာ အဖုအထစ်တွေ ရှိလာမှာ စိုးရိမ်လို့ပါ။ နောက်ပြီး ငါအရင်က နင့်ကို ပြောခဲ့တုန်းကရော နင်က ယုံခဲ့လို့လား…"
"ဟင်း…"
ဖန့်ချုံးက နှာခေါင်းရှုံ့ကာ သူ့အား မျက်စောင်းထိုးရင်း …
"ဘာပဲဖြစ်ဖြစ် ယုံအောင် ပြောပြရမှာပေါ့။ အဲဒီလိုဆို အမေနဲ့တောင် ငါ အချေအတင် ဖြစ်မှာ မဟုတ်ဘူး”
"ဟုတ်ပါပြီ မိန်းမရယ်… ယောက်ျား မှားတာပါ ဟုတ်ပြီလား… ချစ်ဇနီးလေး…"
ချန်းဖန်က သူမအား လက်နှစ်ဖက်ဖြင့် သိုင်းဖက်ရင်း သူမ၏ လက်မောင်းများပေါ် ခေါင်းဖြင့် မှေးထားလိုက်သည်။
ဖန့်ချုံးက ရှက်ရွံ့သွားကာ ချန်းဖန်အား အော်လိုက်သည်။
"လွှတ်ပါဦး… ငါတို့က ခု လမ်းပေါ်မှာနော်။ နောက်ပြီး… နောက်ပြီးတော့… ငါက နင့်မိန်းမ မဟုတ်ဘူး”
"ဟဟ… ငါတို့က လက်တောင် ထပ်ပြီးနေပြီနော်…"
ချန်းဖန်က သူမအား မလွှတ်ပဲ ပြောလိုက်သည်။
မိန်းကလေးကား ရှက်ရွံ့မှုဖြင့် မျက်နှာကြီးတစ်ခုလုံး နီရဲနေတော့သည်။
ထိုအချိန်မှာပင် သူတို့ကား၏ ဘေးသို့ အခြားကား တစ်စီးက မီလာကာ သူတို့အား လှမ်း၍ နောက်ပြောင်လိုက်သည်။
"ဟေ့… စိတ်လေးလည်း ထိန်းကြဦးနော်။ ဟီးဟီး … ဟော်တယ်ဖြစ်ဖြစ် သွားလိုက်ကြ…"
ထိုကားပေါ်မှ လူများကလည်း သူတို့အသက်အရွယ် ဆယ်ကျော်သက်များ ဖြစ်ကြသည်။
ဖန့်ချုံးက နှာခေါင်းရှုံ့ရင်း ကားအား အရှိန်မြှင့်လိုက်သည်။ မကြာခင်မှာပင် သူမတို့၏ ကားလေးက ထို လူငယ်များ၏ SUV ကားအား အဝေး၌ ချန်းထားပစ်နိုင်ခဲ့သည်။
အနီရောင် အော်ဒီကားလေး အရှိန်မြှင့်စွာ မောင်းထွက် သွားသည်ကို ကြည့်ရင်း SUV ကားလေးထဲ၌ ရယ်မောသံများ ပျံ့လွင့်လာခဲ့တော့သည်။
ထိုကားလေးထဲမှ ဆွဲဆောင်မှု ရှိသော ကောင်မလေး တစ်ယောက်က တစ်ခုခုအား စဉ်းစားရင်း…
"နေကြပါဦးဟ။ ငါ အဲကောင်မလေးကို ရင်းနှီးသလိုပဲ။ သူက အန်တီစုရဲ့ သမီး ဖန့်ချုံးနဲ့ ရုပ်တော်တော် ဆင်တယ်”
"ဖန့်ချုံးက ဘယ်သူလဲ…"
အခြားလူများက မေးသည်။
ထိုကားထဲတွင် လူငါးယောက် ရှိပြီး ယောက်ျားလေး နှစ်ယောက် မိန်းကလေး သုံးယောက် ဖြစ်သည်။
ကားမောင်းနေသော လူမှာ ဗလကြီးကြီး လူတစ်ယောက် ဖြစ်သည်။ သူ၏ နံဘေးတွင်မူ ခြေတံ လက်တံ ရှည်ရှည်နှင့် ချောမောသော လူငယ်တစ်ယောက် ရှိသည်။
ကား၏ နောက်ခန်းတွင်မူ မိန်းကလေး သုံးယောက်ရှိသည်။ ထိုသုံးယောက်ထဲတွင် ပရာဒါ နေကာမျက်မှန်နှင့် ကောင်မလေးမှာမူ ထင်ပေါ်နေသည်။ သူ၏ ပါးမှ ပါးချိုင့်လေးကလည်း သူမအား ပိုမိုချစ်စရာကောင်းစေရန် ဖြည့်စွက်ပေးနေခဲ့သည်။ စောစောက ဖန့်ချုံးဆိုသော နာမည်အား ပြောလိုက်သူက သူမပင်။
"အမကျို့… အစ်မပြောတာက ဝူကျိုး စုမိသားစုက ဖန့်ချုံးလား…"
ကားရှေ့ခန်းမှ ချောမောသော လူငယ်က တစ်ခုခုကို မှတ်မိဟန်ဖြင့် ကားနောက်ခန်းအား လှည့်ရင်း မေးလိုက်သည်။
***