ကျိမိသားစု ရောက်ရှိလာခြင်း
Vol. 4 Ch. 317
"ကျောင်းဟိုင်ရဲ့ ကျိမိသားစု ဆိုတာက ဘာလဲ…"
စုမိသားစု၏ မိသားစု ပန်းခြံထဲမှ အပြင်သို့ မရောက်ခင်မှာပင် ချန်းဖန်က မေးလိုက်သည်။
ဖန့်ချုံးက ချန်းဖန်အား ကြည့်ရင်း…
"စုမိသားစုက ငါ့အတွက် လက်ထပ်ပေးဖို့ စီစဉ် ထားတယ်လို့ အဖေက ငါ့ကို ပြောတယ်။ ငါကမှ သဘော မတူတာ။ အဲအတွက် မစိုးရိမ်နဲ့”
"ငါကလည်း ခွင့်မပြုပါဘူး။ နင်က ငါ့ရဲ့ မိန်းမပဲဟာ”
ချန်းဖန်က လက်တစ်ဖက်အား ဆန့်ထုတ်ကာ မိန်းကလေးအား ပွေ့ဖက်လိုက်ရင်း…
"ကျောင်းဟိုင်ရဲ့ ကျိမိသားစု မပြောနဲ့။ USA (အမေရိကန်) ရဲ့ သမ္မတတောင် နင့်ကို ငါ့ဆီက ခေါ်သွားလို့ မရဘူး”
ဖန့်ချုံးအနေဖြင့် ထိုလက်ထပ်ပွဲအား သဘောတူမည် မဟုတ်မှန်း သူကောင်းစွာ သိသည်။ အတိတ်ဘဝက ရှန်းချန်ဝမ်မှာ သူမအား နှစ်ပေါင်းများစွာ ကြာအောင် လိုက်ခဲ့သော်လည်း ဖန့်ချုံးက ပြန်မချစ်ခဲ့ပေ။
ယခု ကျောင်းဟိုင်၏ ကျိမိသားစုက မည်မျှပင် စွမ်းအားကြီးပါစေ။ ချန်းဖန်အတွက်မူ ပြဿနာ တစ်ခု မဟုတ်ပေ။
"ဘယ်သူက နင့်ရဲ့ မိန်းမလဲ။ ငါ့ကို လွှတ်ဦး။ လူတွေ အများကြီး ရှေ့မှာကို”
ဖန့်ချုံးက ချန်းဖန်၏ လက်အား တွန်းဖယ်ရင်း ပြောသည်။ ချန်းဖန်ကမူ လုံးဝမလွှတ်ခဲ့ချေ။ ခဏအကြာ၌ ဖန့်ချုံးက ချန်းဖန်အား မျက်စောင်းထိုးရင်း ချန်းဖန်၏ လက်မောင်းများကိုပင် ပြန်လည် ပွေ့ဖက်လိုက်သည်။
လူများစွာမှာ ထိုမြင်ကွင်းအား ကြည့်ရင်း ဆွံ့အနေကြသည်။ ဖန့်ချုံးမှာ အဘိုးကြီးစု၏ အချစ်ဆုံး မြေးဖြစ်ရာ သူတို့ကောင်းစွာ မှတ်မိနေသည်။
ထိုမိန်းကလေးနှင့် အခြားကောင်လေး တစ်ယောက် ယခုကဲ့သို့ ကြည်နူးနေခြင်းအား မြင်ရခြင်းက အနည်းငယ် အဆင်မပြေပေ။
ထိုအချိန် စုမိသားစု ခန်းမကြီး အတွင်းတွင်…
အဘိုးအိုစုက စားပွဲ၏ ထိပ်ဆုံးတွင် ထိုင်ရင်း ဧည့်သည်အချို့နှင့် လက်ဘက်ရည် သောက်နေခဲ့သည်။
စုရန်ဟိုမှာ အသက်ကိုးဆယ်ခန့် ရှိပြီဖြစ်သော်လည်း သူ၏ နှင်းကဲ့သို့ ဖြူဖွေးနေသော မုတ်ဆိတ်များ အောက်မှ မျက်နှာကမူ အင်အားပြည့်ဝနေသည့် ပုံစံရှိသည်။ သူကား ဝူကျိုး စုမိသားစု၏ အဓိက ကျောရိုးပင်။ သူ့ကြောင့်သာ မဟုတ်လျှင် စုမိသားစု ကျဆုံး သွားခဲ့လောက်ပြီ ဖြစ်သည်။
"အကိုကျိ… ကျုပ်တို့ အခုလို အေးအေးဆေးဆေး ထိုင်ပြီး လက်ဘက်ရည် မသောက်ရတာ ဘယ်လောက်တောင် ကြာပြီလဲ”
စုရန်ဟိုက တရုတ်ပြည်ဖြစ် ကြွေခွက်အား မြောက်ရင်း အထဲရှိ လက်ဘက်ရည်အား အနံ့ခံလိုက်သည်။ ထိုလက်ဘက်ရည်မှာ လုံကျင်း လက်ဘက်ခြောက်ဖြင့် နှပ်ထားခြင်း ဖြစ်သည်။
ထိုလက်ဖက်ခြောက်မှာ ခြင်္သေ့တောင်၊ နှစ်ရာချီသက်တမ်းရှိသည့် သစ်ပင်များမှ သစ်ရွက်နှင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ မိုးဦးရာသီ မရောက်ခင် နှစ်ပတ်အလို ဧပရယ်ခန့် ထိုသစ်ရွက်များ ရွက်နု ထိုးချိန်၌ ထိုလက်ဘက်ခြောက်အား ခူးဆွတ်ရသည်။
"ဟုတ်ပါရဲ့… ကျုပ်လည်း အနားယူပြီးတည်းက ဘာမှ အသုံးမကျတဲ့ အဘိုးကြီး ဖြစ်သွား တော့တာပဲ။ တစ်နေ့ တစ်နေ့ အိမ်မှာ တစ်ယောက်တည်းရယ် နေနေရတာ”
အခြားအဘိုးအို တစ်ယောက်က ပြန်ပြောလိုက်သည်။ သူကား ရှေ့ရိုးသာ တရုတ် ဝတ်စုံကြီးအား ဝတ်ဆင်ထား၏။
သူတို့အပြင် အခန်းအတွင်း၌ စုရန်ဟို၏ ညီများနှင့် စုမိသားစု၏ လက်ရှိခေါင်းဆောင် စုကျန်းဒီတို့ ရှိနေခဲ့သည်။
အဘိုးအိုကျန်းမှာ ဧည့်သည်များအား ကိုယ်တိုင် ကိုယ်ကျ တွေ့ဆုံခဲပြီး သူ၏ ညီများနှင့်ပင် စကားပြောလိမ့် မရှိချေ။ ယခုကဲ့သို့ စုရန်ဟို ကိုယ်တိုင် ထွက်၍ ဧည့်ခံနေခြင်းက ထိုအဘိုးအိုမှာ သူ့ထက်ပင် ပို၍ အင်အားရှိကာ လွှမ်းမိုးနိုင်စွမ်းရှိသော ပုဂ္ဂိုလ်ဖြစ်ကြောင်း သိသာစေသည်။
ထိုအဘိုးအိုကား ကျောင်းဟိုင်၊ ကျိမိသားစု၏ ခေါင်းဆောင်ကြီး ကျိလျှိုကျူ ပင် ဖြစ်၏။
"အကိုစု… ဒီမိန်းကလေးက စုမိသားစုရဲ့ အတော်ဆုံးကောင်မလေး နှစ်ယောက်ထဲ တစ်ယောက် ဖြစ်ရမယ်။ ဟုတ်တယ်မလား…"
ကျိလျှိုကျူက အဘိုးအိုနှစ်ယောက်၏ အကြား၌ ရပ်ကာ လက်ဘက်ရည် ငှဲ့ပေးနေသော မိန်းကလေးအား ကြည့်ရင်း မေးလိုက်သည်။
ထိုမိန်းကလေးက အသက်နှစ်ဆယ်ခန့် ရှိကာ လှပသော ရုပ်ရည်နှင့် အသက်ရှူ မှားလောက်သည့် ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသည်။ သူမ၏ အသားအရည်က ချောမွေ့ကာ ဝါဝင်း နေသည်။ သူမ၏ လှုပ်ရှားမှုများက ညင်သာကာ ရေပြင်အလား တည်ငြိမ်မှု ရှိသည်။
"ကျွန်မ နာမည်က စုရှောင်ပါ။ တွေ့ရတာ ဝမ်းသာပါတယ် အဘိုးကျိ…"
သူမက ပြုံးရင်း အဘိုးအိုအား ဒူးညွှတ်ကာ နှုတ်ဆက်လိုက်သည်။
"ဟားဟား… တကယ့် မိန်းမကောင်းလေးပဲ။ မင်းရဲ့ အဘိုးစုနဲ့ ကြိုသဘောတူထားတာ မရှိဘူးဆိုရင် မင်းကို အဘိုးရဲ့ မိသားစုထဲ သွတ်သွင်းဖို့ ကြိုးစားမိမှာ…"
ကျိလျှိုကျူက ရယ်မောရင်း ချီးကျူးလိုက်သည်။
ထိုမြင်ကွင်းအား ကြည့်ရင်း ကျိလျှိုကျူ၏ နောက်၌ ရပ်နေသော လူငယ်က ပြုံးလိုက်သည်။ စုရှောင်၏ ခေါင်းအစ ခြေဖျားအဆုံးအား ကြည့်ရင်း စိတ်ဆန္ဒတစ်ခုက သူ၏ မျက်နှာ၌ ပေါ်လာခဲ့သည်။
ထိုမိန်းကလေးကသာ စုမိသားစု၏ အဖိုးတန် အစစ်အမှန်လေး ဖြစ်ကြောင်း သူကောင်းစွာသိသည်။ သူမက အဘိုးအို စုရန်ဟို၏ တိုက်ရိုက်မြေး ဖြစ်ကာ အလွန်ထူးချွန်သူ ဖြစ်သည်။ အကယ်၍ သူမသာ ဆန္ဒရှိလျှင် တရုတ်၏ အချမ်းသာဆုံး မိသားစုများမှ သခင်လေးများ ကိုပင်လျှင် လက်ထပ်နိုင်သည်။
ထိုသို့သော မိသားစုကြီးများမှာ ကျိမိသားစု အနေဖြင့် နိုင်ငံရေး၊ စီးပွားရေးအရ မယှဉ်နိုင်သော အရာများ ဖြစ်သည်။
ထိုအတွေးက စိတ်အတွင်းသို့ ဝင်ရောက် လာသည်နှင့် ကျိလျှိုကျူက ပြုံးလိုက်ရင်း စကားလမ်းကြောင်း လွှဲလိုက်သည်။
"အစ်ကိုစု… ကျုပ်ကတော့ ကျုပ်ရဲ့မြေးကို ခေါ်လာခဲ့ပြီ။ ခင်ဗျားရဲ့မြေး ဖန့်ချုံးရော ဘယ်ရောက်နေလဲ”
စုရန်ဟိုက ဖန့်မင်ဒီနှင့် စုစုတို့အား လှမ်းကြည့်သည်။ ဖန့်မင်ဒီတို့က ခက်ခဲနေသော မျက်နှာဖြင့် အဘိုးအိုအား ပြန်ကြည့်လိုက်ကြသည်။
သူတို့အနေဖြင့် အဘိုးအို၏ မွေးနေ့ပွဲ မတိုင်ခင် ရောက်အောင် လာခဲ့ကြသော်လည်း အခြားလူများက ကြိုတင် ရောက်နေခဲ့သည်။ ထို့ကြောင့် ချန်းဖန် အကြောင်းအား ပြောပြရန် အချိန် မရှိတော့ချေ။
"တတိယ ဦးလေး… မစ္စတာကျိ… ရှောင်ချုံးက ခုမှ လာနေတာ ဆိုတော့ နည်းနည်း နောက်ကျ လိမ့်မယ်။ မနက်ကျမှ တွေ့ဖို့ ခေါ်လာခဲ့ပါမယ်”
စုစုက အားတင်း၍ ပြုံးရင်း ပြောလိုက်သည်။
စုရန်ဟိုက သူတို့အား ဖိအား မပေးပဲ တိတ်ဆိတ်စွာသာ နေလိုက်သည်။
သူ့အနေဖြင့် ဖန့်ချုံးအား ငယ်ရွယ်စဉ်မှပင် သဘောကျခဲ့သည်။ သူမကား ဉာဏ်ကောင်းပြီး အရည်အချင်းရှိသည့် ကောင်မလေး ဖြစ်သည်။ သူမ မျိုးရိုးနာမည်က စုမဟုတ်သည်သာ ရှိသည်။
ထို့ကြောင့်ပင် သူမအား အသုံးပြု၍ အင်အားကြီး မိသားစု တစ်ခုနှင့် မဟာမိတ်ဖွဲ့ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
"အင်း…"
ကျိလျှိုကျူးက သူတို့အား ခေါင်းညိတ် ပြလိုက်သည်။ ထိုစဉ်မှာပင် အခြား မိန်းကလေး တစ်ယောက်က အခန်း အတွင်းသို့ ဝင်လာရင်း…
"သူ ရောက်နေပါပြီ။ ခုနလေးတင် ခြံထဲမှာ တွေ့ခဲ့တာ…"
"ရှောင်ချင်… အပြောအဆို ဆင်ခြင်စမ်း။ ဧည့်သည်တွေ ရှိနေတယ်”
စုကျန်းဒီက သူမအား ငေါက်လိုက်သည်။
"တကယ်ပါ။ ကျွန်မ ညီမကိုးလေးကို ခုနကပဲ တွေ့ခဲ့တာ…"
စုချင်က မေးစေ့အား မော့ရင်း အခိုင်အမာ ဆိုသည်။
"သူ့ဘေးမှာ ကောင်လေး တစ်ယောက် ပါလာသေးတယ်။ သူ့ယောက်ျား ဆိုလားပဲ။ သူ့အသက်က ဆယ့်ကိုးလောက်ပဲ ရှိလိမ့်ဦးမယ်”
"ဘာ…"
လူတိုင်းက သူမ၏ စကားများကြောင့် အံ့အား သင့်သွားကြသည်။
စုကျန်းဒီနှင့် အခြား အဘိုးအိုများ၏ မျက်နှာများက မည်းမှောင်လာသည်။ သူတို့က အဘိုးအို နှစ်ယောက်အား စိုးရိမ်စွာ ကြည့်လိုက်မိသည်။
သို့သော်လည်း အဘိုးအို နှစ်ယောက်ကမူ တည်ငြိမ်လျှက်ပင် ရှိနေသေးသည်။
"ရှောင်ချင်… မြေးပြောတာ အမှန်ပဲလား…"
စုရန်ဟိုက ဖြည်းညင်းစွာ မေးလိုက်သည်။
"ဟုတ်တယ် အဘိုး… မယုံရင် ရှောင်လင်းကို မေးကြည့်ပါ။ သူလည်း မြင်တယ်”
စုချင်က ပြန်ပြောသည်။
"ဘိုးဘိုး.. ဦးလေး… အစ်မကိုးနဲ့ အစ်ကိုကြီး တစ်ယောက် ဖက်နေတာကို ကျွန်တော် တွေ့တယ်”
လူငယ်ကလည်း ဝင်ကာ ပြောလိုက်သည်။
အဘိုးအိုစု၏ မျက်မှာက အခက်အခဲတွေ့သည့် ပုံစံမျိုး ဖြစ်လာခဲ့သည်။ စုချင် လိမ်ညာ နေသည်က ဖြစ်နိုင်သော်လည်း ယခုက နှစ်ယောက်၏ စကားဖြစ်သည်။
"ကိုးလေးက ယောက်ျား တစ်ယောက်ကို ခေါ်လာတာလား။ ဒါက တော်တော်လေး စိတ်ပျက်စရာပဲ”
လူတိုင်းက ဖန့်မင်ဒီနှင့် စုစုတို့အား ကြည့်လိုက်ကြသည်။ အချို့က သူတို့အတွက် စိုးရိမ် နေကြပြီး အချို့ကမူ ဝမ်းသာအားရ ဖြစ်နေခဲ့ကြသည်။
အဘိုးအိုစု၏ မျက်နှာအမူအရာက တည်ငြိမ် နေသော်လည်း သူ ဒေါသ ထွက်နေကြောင်းအား လူတိုင်း နားလည်ကြသည်။ တကယ်၍ သေချာ ရှင်းမပြနိုင်လျှင် စုစုတို့ မိသားစု အနေဖြင့် တန်ဖိုးတစ်ခုခု ပေးရဖို့ရှိသည်။
***