← Chapters

အခန်း ၁၂

Vol. 2 Ch. 12

အခန်း ၁၂

Vol. 2 Ch. 12

ရှောင်ဟွေ့မှာသူ့ဘေးတွင်ကျားလိရပ်နေသည်ကို သတိရသွားကာမြေခွေးထီးလေးနှင့်သူမကိုမိတ်ဆက်ပေးလာသည်။

"ကျားလိကျဲ သူကစီရင်စုမြို့ရဲ့တရားဝင်စက်ချုပ်ဆရာလေ။ အရင်ကကျွန်တော်အထည်တွေချုပ်ပြီးလာရောင်းရင်း သူနဲ့ရင်းနှီးသွားကြတာ။ အဲ့တုန်းကကျွန်တော်ချုပ်လာသမျှအဝတ်တွေကို သူကအကုန်ဝယ်သွားတာလေ"

မြေခွေးထီးလေးမှာ သူမအားတည်ငြိမ်စွာကြည့်ပြီးခေါင်းအသာငြိမ့်ကာမိတ်ဆက်လာ၏။

"တွေ့ရတာဝမ်းသာပါတယ် မိန်းကလေး။ ကျွန်တော့်နာမည်ကကျွမ်းဟူပါ"

ကျားလိမှာသူမ၏ရုပ်ရည်ပေါ်တစ်ခဏတာအံ့ဩသွားပြရုံကလွဲ၍ တည်ငြိမ်စွာစကားပြောလာသူအားကြည့်ကာ မျက်ခုံးပင့်လိုက်မိသည်။ သူမကိုယ်သူမအထင်ကြီးနေမိသည်မဟုတ်ပါသော်ငြား သူမရုပ်ရည်မှာတစ်ခဏတာအံ့ဩရုံမျှသာမကမှန်းတော့ ယုံကြည်လေသည်။

"ကျွန်မက ယီဟွေ့ရဲ့အစ်မကျားလိပါ။ ရှောင်ဟွေ့ကို ကူညီ‌ပေးခဲ့တဲ့အတွက်ကျေးဇူးပါနော်"

"မဟုတ်တာ အားဟွေ့ကအရည်အချင်းရှိတဲ့လူငယ်လေးမလို့ ကျွန်တော်မဟုတ်တောင် သူ့ကိုဖေးမမယ့်လူတွေရှိနေမှာပါပဲ။ ကျွန်တော်ကသာ အခွင့်အရေးလုယူလိုက်မိတာပါ"

ရှောင်ဟွေ့မှာကျွမ်းဟူ၏စကားများကြောင့် ရှက်ရွံ့ကာနားရွက်များထိနီရဲနေတော့၏။ ကျားလိမှာ‌ေရှာင်ဟွေ့၏အခြေအနေကိုကြည့်ကာ သူမစိတ်ထဲအရင်နေ့များမှ ရှောင်စစ်ပြောခဲ့ဖူးသည့်စကားတို့အားရုတ်တရက်ကြားယောင်လာကာ ထူးဆန်းသောအတွေးတစ်ချက်ပေါ်လာသည်။

ကျားလိမှာကျွမ်းဟူ၏ယောင်္ကျားလေး မိန်းကလေးမကွဲပြားအောင် လှပသည့်ရုပ်ဆင်းသွင်ပြင်ကိုတစ်လှည့် ရှက်ရွံ့ကာအထစ်ထစ်အငေါ့ငေါ့ဖြင့်စကားပြောနေသောရှောင်ဟွေ့အားတစ်လှည့်ကြည့်ကာ အသက်ပြင်းပြင်းရှူလိုက်မိ၏။ သို့သော် သူမအထင်မှားသည်သာဖြစ်နိုင်ကြောင်းတွေးလိုက်ပြီး ကျွမ်းဟူအားမေးလိုက်သည်။

"ဒါဆို ဆရာကျွမ်းကဒီစီရင်စုထဲမှာပဲ နေတာပေါ့။ မိဘတွေနဲ့အတူတူနေတာလား အိမ်ထောင်ရောကျပြီးပြီလား။ ဟို ဒီလိုတွေမေးနေလို့ တစ်မျိုးတော့မထင်ပါနဲ့နော်။ ဆရာကျွမ်းရဲ့ အခြေအနေက မဆိုးဘူးဆိုတော့ကျွန်မကဟုန်နျန်တစ်‌ေယာက်မဟုတ်‌ေပမယ့် ကောင်းမွန်တဲ့မိန်းကလေးများတွေ့ခဲ့ရင် မိတ်ဆက်ပေးရအောင်လို့ပါ"

ကျားလိ၏စကားကြောင့် ရှောင်ဟွေ့မှာအနည်းငယ်ဝမ်းနည်းသွားပုံရသော်လည်း သူ၏မက်မွန်ပွင့်လွှာမျက်ဝန်းများသည် ကျွမ်းဟူထံမှအကြည့်လွှဲမသွားခဲ့ချေ။ ကျွမ်းဟူမှာတော့ခေတ္တ‌တိတ်ဆိတ်သွားသော်လည်း အပြုံးလေးဖြင့်ငြင်းပယ်လာသည်။

"ကျွန်တော်ကခုထိတစ်စုံတစ်ယောက်ရဲ့ဘဝကို တာဝန်ယူ‌နိုင်တယ်လို့ မခံစားမိသေးလို့ မိန်းကလေးရဲ့စကားကိုကျေးဇူးတင်ကြောင်းပဲပြောရဦးမယ်"

ရှောင်ဟွေ့မှာကျွမ်းဟူ၏အဖြေကြောင့် မျက်လုံးများတောက်ပသွားသည်ကို သူမသတိပြုမိလိုက်၏။ သူတို့၃ဦးသားကြားစကားထပ်ဆိုမလာကြတော့ဘဲ တိတ်ဆိတ်မှုကြားရောက်နေစဉ် ပစ္စည်းသွားဝယ်ပေးသော အရောင်းဝန်ထမ်းမှာပြန်ရောက်လာသည်။

"ရှောင်ကျွမ်းနင်ကခုထိမပြန်သေးဘူးလား။ အထည်တွေချုပ်စရာရှိတယ်ဆို"

ကျွမ်းဟူမှာ‌အရောင်းဝန်ထမ်းအမျိုးသမီးအားအပြုံးလေးဖြင့်ပြန်ဖြေပေး၏။

"ကျွန်တော်ပြန်တော့မလို့ပါပဲ အစ်မရုံ။ ဒီမှာအသိကောင်လေးတစ်ယောက်နဲ့တွေ့လို့ စကားပြောနေတာပါ"

အစ်မရုံမှာသူ၏စကားကြောင့်ကျားလိတို့အားကြည့်ကာ

"ဪ နင်ကဒီကညီမတို့နဲ့သိတာလား"

ကျားလိမှာခေါင်းယမ်း၍ငြင်းပယ်လိုက်၏။

"ကျွန်မနဲ့မဟုတ်ပါဘူး။ ကျွန်မမောင်လေးနဲ့သိကြတာပါ။ ဒီကောင်လေးကလည်းအပ်ချုပ်တာတော်တော့ ဆရာကျွမ်းကအကြံဉာဏ်တစ်ချို့ပေးနေတာပါ"

ထိုအခါမှအစ်မရုံလည်းသဘောပေါက်ကာ ဘာမှထပ်မေးမလာတော့ဘဲ ကျွမ်းဟူအားပြောလိုက်သည်။

"ဒီလိုလား ဒါဆိုလည်းအစ်မအလုပ်ဆက်လုပ်လိုက်ဦးမယ်နော်။ ဒီကညီမတို့ဝယ်ခိုင်းထားတဲ့ပစ္စည်းတွေကိုသေချာထုတ်ပိုးပေးမလို့"

"ရပါတယ် အစ်မရုံ လုပ်စရာရှိတာလုပ်ပါ။ ကျွန်တော်လည်း ဝယ်ထားတွေစုပြီးရင်ပြန်တော့မှာ ဒါဆိုနောက်ကြုံရင်ထပ်တွေ့ကြတာပေါ့"

ကျွမ်းဟူမှာ နောက်ဆုံးစကားအားရှောင်ဟွေ့ထံပြောခဲ့ပြီး သူဝယ်ထားသည့်အထုတ်တို့ကို ကောင်တာတွင်သွားယူကာ ယပ်တောင်တစ်ဖျပ်ဖျပ်ခတ်ရင်းထွက်သွားတော့သည်။ ကျွမ်းဟူအားမျက်စိတစ်ဆုံးလိုက်ကြည့်နေသောရှောင်ဟွေ့အားကြည့်ကာ အခွင့်သာလျှင်စကားသေချာပြောကြည့်ရမည်ဟု တွေးထားလိုက်၏။ ထို့နောက်ရှောင်ဟွေ့အား သူနှစ်သက်သည့်အထည်စသွားရွေးခိုင်းကာ အစ်မရုံထုတ်ပိုးပေးထားသည့်ပစ္စည်းများအားသွားယူ၍ ပိုငွေပြန်ပေးလာသည်ကို လက်မခံခဲ့ပဲ ဘောက်ဆူးအ‌ေနဖြင့်ပေးလိုက်သည်။ အစ်မရုံမှာပျော်ရွှင်စွာဖြင့် ငွေအားပြန်ယူလိုက်ပြီး ကျားလိအားအင်တင်တင်ကြည့်လာရာ အကဲဆတ်သောကျားလိလည်း ပွင့်ပွင့်လင်းလင်းမေးခဲ့၏။

"အစ်မကျွန်မကိုတစ်ခုခုပြောစရာရှိလို့လား။ ပြောစရာရှိရင်ပြောပါ အဲ့လိုကြီးကြည့်နေတော့ ကျွန်မလည်းနေရခက်တာပေါ့"

ကျားလိဘက်မှလမ်းဖွင့်ပေးလာ၍ အစ်မရုံမှာမျိုသိပ်ထားသမျှအားဖွင့်ဟကာပြောလာတော့သည်။

"ခုနကကောင်လေးလေ အစ်မတို့အိမ်ရာဝင်းထဲကပဲ သူ့နာမည်ကကျွမ်းဟူတဲ့။ သူ့မိဘတွေကလည်း ရိုးရိုးသားသားတွေပဲ တစ်ဦးတည်းသောသားလည်းဖြစ်နေတော့ သူ့ဆိုအရမ်းအလိုလိုက်ပြီးချစ်ကြတာလေ။ ဒါပေမယ့်သူ၁၈နှစ်ပြည့်လို့ မိန်းကလေးတစ်ယောက်နဲ့ကြင်ဖက်တွေ့ခိုင်းတဲ့အချိန်ကစပြီး ပြဿနာတက်တော့တာပဲ။ သူတို့ကြားဘာတွေဖြစ်ခဲ့တယ်ဆိုတာတော့အစ်မတို့လည်းသေချာမသိဘူး။ မိဘတွေကလည်းပညာတတ်တွေဖြစ်ခဲ့ကြတော့ ဒေါသထွက်တောင် အော်ကြီးဟစ်ကျယ်မပြောကြတော့ သူတို့တွေရန်ဖြစ်လို့ရန်ဖြစ်မှန်းတောင် ဘေးအိမ်တွေကမသိကြဘူး‌ေလ။ သူ့ဘာသာတစ်ယောက်တည်းအိမ်ခွဲနေတဲ့အခါကျမှသာ သူတို့မိသားစုကြား တစ်ခုခုဖြစ်ခဲ့ကြမှန်းသိကြတော့တာ။

အိမ်ရာဝင်းတစ်ခုထဲတင်‌ေနကြတာဆို‌ေတာ့ အိမ်ခွဲနေတောင်မှ တစ်ယောက်နဲ့တစ်‌ေယာက်တစ်ခါတစ်လေတွေ့တာရှိတောင် သူတို့ကစကားမပြောကြဘူး။ သူ့မိဘတွေကလည်းသူတို့ပင်စင်ငွေတွေနဲ့တင် ကောင်းကောင်းမွန်မွန်နေနိုင်စားနိုင်နေတာဆိုတော့ အပြင်ထွက်အလုပ်လုပ်ကြတာလည်းမရှိဘူးလေ။ အဲ့တော့ ပတ်ဝန်းကျင်ကလူတွေကလည်း အကျိုးအကြောင်းမေးလို့မရတော့ဘူးပေါ့။

အခုဆိုသူ့အသက်က၂၁နှစ်ရှိနေပြီ။ အိမ်ထောင်ပြုသားမွေးဖို့အစီအစဉ်လည်းရှိပုံမရဘူး။ ဒါပေမယ့် သူ့မိဘတွေကသူ့အတွက်တရားဝင်စက်ချုပ်သမားအဖြစ်လက်မှတ်ရအောင်လုပ်ပေးထားတော့ အိမ်ခွဲနေ‌တာတောင် သူ့လစာနဲ့သူကောင်းကောင်းမွန်မွန်နေထိုင်စားသောက်နိုင်နေတာပေါ့။ အ‌ေကြာင်းအရင်းမသိကြတဲ့ အိမ်နီးချင်းတွေကနေ နောက်ပိုင်းကျကောလဟလအမျိုးမျိုးထွက်လာတော့တာပဲ။ ‌ေနာက်ဆုံး‌ေတာ့ သူကမြုံနေလို့အိမ်ထောင်ပြုမရတာကို မိဘတွေကမသိဘဲအတင်းအိမ်ထောင်ပြုဖို့ပြောနေလို့ အိမ်ခွဲ‌ေနရတာပါဆိုတဲ့စကားကို အကုန်လုံးကလက်ခံလိုက်ကြရောလေ။

အဲ့သတင်းတွေကဟုတ်သည်မဟုတ်သည်ထားပါ။ အစ်မကမင်းကိုအမြင်ကောင်းရှိတာမလို့ ကြိုသတိပေးထားတာ။ မြို့ထဲမှာဆို သူ့ရုပ်ရည်နဲ့ဝင်ငွေကြောင့် မိန်းကလေးတွေကသဘောကျကြပေမယ့် မိဘတွေကတော့ သူ့ဆိုသားမက်စာရင်းထဲတောင်ထည့်မထားကြဘူးလေ။ ဒီလိုသတင်းတွေထွက်နေတဲ့လူကို ဘယ်မိဘကသူတို့သမီးမျက်နှာအပျက်ခံပြီးပေးစားချင်ကြမှာလဲ"

ကျားလိမှာ ထိုလူကမြုံနေသည်ဆိုသောစကားကို မယုံကြည်ချေ။ ခုနကသူမတို့နှင့်စကားပြောနေစဉ်တစ်လျှောက်လုံး သူ့အကြည့်ထဲတွင်သိမ်ငယ်သောအရိပ်အယောင်တစ်ခုမှမတွေ့ခဲ့ပေ။ ယောင်္ကျားတစ်ဦးအတွက် အဆိုးဝါးဆုံးသောနှိပ်စက်မှုမှာ 'မလုပ်နိုင်' ဆိုသည့်အရာပင်။ ဘယ်လိုဖြစ်တည်မှုမျိုးမဆိုအ‌ေနှးနဲ့အမြန်လက်ခံနိုင်‌ေသာ်လည်း ထိုအရာမှာတော့ယောင်္ကျားသားများအတွက်လက်မခံနိုင်စရာပင်။ အထူးသဖြင့် မျိုးဆက်အားအလေးထားလွန်းသော လက်ရှိကာလတွင်ပေါ့။

ကျွမ်းဟူ၏အေးဆေးတည်ငြိမ်သောအမူအကျင့်မှာ မြုံနေသည်ဟူသောစကားအားပယ်ချနေသည်။ ထိုသည်သာမဟုတ်ပါလျှင် မိဘများနှင့်အိမ်ခွဲနေသည့်အခြေအနေထိရောက်အောင် စကားများ၍အိမ်ထောင်မပြုဘဲဆက်ရှိနေရသောအကြောင်းပြချက်မှာ တစ်ခုသာရှိတော့၏။ ကျားလိမှာ အထည်စများအား ပျော်ရွှင်စွာရွေးချယ်နေသောရှောင်ဟွေ့အားကြည့်ကာ ခဏလွှတ်ထားပေးရန်ဆုံးဖြတ်လိုက်သည်။ ထို့နောက် ချောကလက်တစ်ဘူးအားထုတ်ကာ အစ်မရုံဆီကမ်းပေး၍အကူအညီတောင်းလိုက်၏။

"သူ့အကြောင်းထားလိုက်ပါတော့ ဒီချောကလက်ကလည်းအရင်တစ်ခေါက်ကပေးခဲ့တဲ့အမျိုးအစားလိုပဲ။ ဒါပေမယ့်ဒီဟာလေးကကျ ချိုချဉ်ပုံစံမျိုးဆိုတော့ တစ်ခုချင်းစားလို့အဆင်ပြေတယ်"

အစ်မရုံမှာကျားလိမှ ကျွမ်းဟူအကြောင်းစိတ်မဝင်စားမှန်းသိသွားရာ ထပ်မပြောတော့ဘဲ ပေးလာသောချောကလက်အားယူကာ အင်မတန်ကျေနပ်နေတော့သည်။ သူမဆီ၌ချောကလက်သိပ်မကျန်တော့၍စိုးရိမ်နေခဲ့ရသော်လည်း ယခုတော့ဘူးလိုက်ရလာသောအခါပျော်ရွှင်ဝမ်းမြောက်သွားတော့၏။ အစ်မရုံကျေနပ်နေသည်ကိုမြင်ကာမှ ကျားလိလည်းအဓိကလာရင်းကိစ္စကိုပြောလိုက်သည်။

"တစ်ကယ်တော့အစ်မကို ကျွန်မကနည်းနည်းခက်ခဲလောက်မယ့် ကိစ္စတစ်ခုအကူအညီတောင်းချင်လို့ပါ"

အစ်မရုံမှာချောကလက်ဘူးအားချကာ သူမလက်အားဝှေ့ယမ်း၍ စိတ်ထဲမထားရန်အမူအယာပြလာ၏။

"အစ်မကိုအစ်မရုံလို့ပဲခေါ်ပါ။ မသိသေးတဲ့လူတွေမှမဟုတ်တာ အစ်မတို့ကြားတအားယဉ်ကျေးပြမနေပါနဲ့။ ဘာအကူအညီလဲပြောလေ အစ်မတတ်နိုင်တဲ့ဟာဆို ကူညီပေးမှာပေါ့"

ကျားလိလည်း သူမလိုရာဆီရောက်သွား၍တည့်သာပြောလိုက်သည်။

"ဒါကဒီလိုပါ။ ကျွန်မရဲ့မောင်တစ်ယောက်က ဟင်းချက်တာအရမ်းကောင်းတော့ သူ့ကိုပိုတိုးတက်အောင် ဟင်းချက်ကျွမ်းတဲ့သူတစ်ယောက် ယောက်ဆီပညာသင်ခိုင်းမလို့ပါ။ အဲ့တာအစ်မရုံမှာများ စားဖိုမှူးအသိတစ်ယောက်ယောက်လောက်များရှိမလားလို့လေ။ ဒါပေါ့ သူ့ကိုထိုက်သင့်တဲ့လစာငွေလည်းပေးမှာပါ။ အိမ်က ကလေးအားတဲ့အချိန်တွေမှာ နည်းနည်းလမ်းပြပေးရုံပါပဲ"

All Chapters