← Chapters

အခန်း ၁၇

Vol. 2 Ch. 17

အခန်း ၁၇

Vol. 2 Ch. 17

"ပါဝင်ပစ္စည်းထည့်တာ မျှတတယ်။ ငရုတ်ကောင်းထည့်လိုက်တာက အကြံကောင်းပဲ။ သူ့အနံ့နဲ့အရသာ‌ေကြာင့် အစာသွပ်ထားတဲ့အမယ်တွေရဲ့ထူးကဲမှုကပိုပြီးပေါ်လွင်သွားစေတယ်။ ဂျုံနှပ်ထားတာကလည်း လုံးဝနပ်နေပြီး အစာရွက်ကိုလည်းပါးနေအောင်လှိမ့်ထားတော့ အပေါ်ယံဂျုံနဲ့အစာပလာတွေရဲ့အရသာတွေက လုံးဝကိုလိုက်ဖက်အောင်ပေါင်းစည်းသွားတာပဲ"

ကျားလိမှာ ပါးစပ်ထဲကျန်သည်တို့ကိုမျိုချကာ ရေဖြင့်ပလုတ်ကျင်း၍သက်သာသွားပြီးဖြစ်ရာ ကောင်းယုံ၏အကဲဖြတ်မှုကိုနားထောင်ပေးနေ၏။ သို့သော်ကောင်းယုံ၏ပညာရပ်ဆိုင်ရာ အသုံးအနှုန်းများဖြင့် ဖြီးဖြန်းနေသည်ကို နားထောင်နေရင်း မနေနိုင်တော့ပဲဖြတ်ပြောလိုက်တော့သည်။

"ဆရာကောင်းရေ ရှင်လုပ်ထားတဲ့မုန့်ထက်ပိုကောင်းတယ်လို့သာ ပြောလိုက်ပါတော့။ ကျွန်မလည်းစားကြည့်ထားတာမလို့ ရှောင်စန်းရဲ့မုန့်ကပိုကောင်းတာ အသိသာကြီးပါနော်"

ကောင်းယုံမှာကျားလိစကားကြောင့် စိတ်ပျက်နေဟန်ဖြင့် မျက်လုံးလှန်လိုက်ကာ ‌ပြန်ပြောလိုက်၏။

"အဲ့ဒါကပါဝင်ပစ္စည်းအရည်အသွေးကြောင့်လေ။ မင်းတို့ယူလာခဲ့တဲ့ အသီးအရွက်တွေက လတ်လတ်ဆတ်ဆတ်တွေမလို့ မုန့်ရဲ့အရသာကပိုပြီးပေါ်လွင်လာတာပေါ့"

ကျားလိမှာတော့ အရှုံးမပေးဟန်ဖြင့် အတွန့်တက်လာသည်။

"အဲ့တော့ရော ဘာပဲဖြစ်ဖြစ်ရှင်လုပ်ထားတာထက်တော့ အရသာပိုကောင်းတာပဲလေ"

ကောင်းယုံမှာကျားလိအားလျစ်လျူရှုလိုက်ကာ ရှောင်စန်းကိုကြည့်၍လေးလေးနက်နက်ပြောလိုက်သည်။

"ငါမင်းကိုတပည့်အဖြစ်လက်ခံမပေးနိုင်ဘူး"

ကျားလိနှင့်ကောင်းယုံ၏စကားအချေအတင်ပြောဆိုနေကြသည်ကို ပျော်ပျော်ကြီးစောင့်ကြည့်နေသောရှောင်စန်းမှာ ကောင်းယုံ၏စကားကြောင့် မျက်နှာထက်မှ အပြုံးတို့ပျောက်ကွယ်သွားသလို ကျားလိသည်လည်း မျက်မှောင်ကြုတ်သွားရ၏။ ကျားလိသည် ကောင်းယုံအား တည်တင်းသောမျက်နှာထားဖြင့် ငုံ့ကြည့်ကာပြောလိုက်သည်။

"ဘာလဲ ဆရာကောင်း ရှင်ပဲခုနကကျမုန့်လုပ်ပြီးရင် ဆုံးဖြတ်ချက်ချမယ်ဆို။ ရှောင်စန်းလုပ်လိုက်တဲ့မုန့်က ရှင့်ထက်သာနေတော့ ရုတ်တရက်ကြီးမနာလိုဖြစ်သွားတာလား။ ဒါဆိုရင်တော့ ရှင်လူမှားသွားပြီလို့ပဲပြောရလိမ့်မယ်။ ကျွန်မတို့ဒီဝင်းထဲကခြေတစ်လှမ်းထွက်ပြီးတာနဲ့ ရှင့်အနာဂတ်အတွက် အကြောင်းပြချက်‌ကောင်းတစ်ခုရှာထားရလိမ့်မယ်နော်"

ကျားလိမှာအမှန်တစ်ကယ်ဒေါသထွက်သွားခြင်းပင်။ ရှောင်စန်းမှာသူ၏စစ်ဆေးမှုအားအောင်အောင်မြင်မြင်ဖြတ်ကျော်နိုင်ခဲ့သည်မှာသေချာပါသော်ငြား ရလဒ်ကိုမျက်စိရှေ့တင် ဖျောက်ဖျက်ခံလိုက်ရသည့်အလား ခံစားလိုက်ရ၏။ သူမတို့အား ကောင်းယုံမှအကြောင်းပြချက်ကောင်းကောင်းထုတ်မပေးနိုင်ပါက သူ့အားအနည်းငယ်ခက်ခဲသည့်အချိန်များရသွားစေရန် လုပ်ဖို့ဆိုသည်မှာ အလွယ်လေးပင်။ ရှောင်စန်းမှာ ကျားလိ၏စကားကြောင့် မကျေမနပ်ဖြင့် ကောင်းယုံကိုမေးခွန်းထုတ်လိုက်သည်။

"ဆရာကြီး ကျွန်တော်ကခေါင်းမာတတ်တဲ့လူမဟုတ်ပေမယ့် ခေါင်းခံနေမယ့်လူလည်းမဟုတ်ပါဘူး။ အခုကျွန်တော့်အသက်က၁၂နှစ်ရှိနေပြီမလို့ အရာရာကိုနားလည်နိုင်နေပါပြီ။ ဒါကြောင့် ကျွန်တော့်ကိုဘာလို့ငြင်းရတယ်ဆိုတာ ပွင့်ပွင့်လင်းလင်းပြောပြပေးပါ"

ကောင်းယုံမှာ ကျားလိ၏စကားကြောင့် ကျောရိုးတစ်လျှောက်အေးစိမ့်သွားရသည်။ သူမနှင့်တွေ့စမှစ၍ ယခုမှသာသူမသည်အန္တရာယ်ရှိသည်ဟူ‌ေသာ ခံစားချက်အားရခြင်းပင်။ သူ့လိုအသက်၄၀နီးပါးလူကြီးတစ်ယောက်က ဆယ်ကျော်သက်ကလေးမလေးတစ်ယောက်ကို ပထမဆုံးထိတ်လန့်ဖူးခြင်းပေ။ ထို့ကြောင့်သူသည်ရှောင်စန်းမှဆက်ပြောရန်လုပ်နေသည်ကို တားကာအမြန်ဖြတ်ပြောလိုက်တော့၏။

"မင်းတို့နှစ်ယောက် ငါ့စကားကိုဆုံးအောင်နားထောင်ပြီးမှကောက်ချက်ချလိုက်လို့မရဘူးလား။ ငါ့ကိုပြီးအောင်ပြောခွင့်ပေးကြပါဦး"

ကျားလိမှာ ကောင်းယုံစကားကြောင့် ‌သူမမှအ‌ေလာတကြီးနိုင်သွားမိသည်ကို သတိပြုမိကာ ဆကျ‌မ‌ပွော‌တော့ပဲ ငွိမျ၍နား‌ထောငျ‌နေစဥျ ရှောင်စန်းမှာ လက်သီးအားတင်းတင်းဆုပ်၍ ပြောလာသည်။

"ပြောပါ ဆရာကြီး။ ကျွန်တော်တို့နားထောင်နေပါတယ်"

ကောင်းယုံမှာကျားလိအားကြည့်ကာမေးလိုက်၏။

"ရုံအိမ်က ကလေးမဆီကနေငါ့အကြောင်းတွေကြားခဲ့ပြီမဟုတ်လား"

ကျားလိလည်းဘာကြောင့်ထိုသည်ကိုမေးလာမှန်းမသိပေမယ့် ခေါင်းငြိမ့်ကာပြန်ဖြေလိုက်သည်။

"အင်း ရှင့်ကိုခုချိန်ထိယူမယ့်အမျိုးသမီးမရှိလို့ လူပျိုကြီးဘဝနဲ့ရှေ့ဆက်ရတော့မယ်ဆိုတဲ့အကြောင်းရယ် ရှင်ရဲ့ဘိုး‌ေဘး‌ေတွက ချင်မင်းဆက်ရဲ့ တော်ဝင်စားဖိုမှူးမျိုးရိုးဆိုတာရယ်တော့ ပြောပြထားတယ်"

ကောင်းယုံမှာကျားလိ၏အဖြေကြောင့် ဆို့နင့်သွားရသော်လည်း ဆက်ပြောလာ၏။

"မင်းပြောတာလည်းဟုတ်ပါတယ်။ ငါ့ကိုလက်ဆက်ချင်တဲ့အမျိုးသမီးမရှိခဲ့လို့ ငါကတစ်ယောက်တည်းဖြစ်နေရတာပါ။ ထားလိုက်ပါတော့ ငါပြောတာသာနားထောင်‌ကြ။ ငါ့ရဲ့ဘိုးဘေးတွေကတော်ဝင်စားဖိုမှူးတွေလေ။ သူတို့တစ်ဘဝလုံးချက်ပြုတ်ခြင်းအပေါ်မှာပဲ စိတ်နှစ်ခဲ့ကြတာ။

ဒီလိုနဲ့မျိုးဆက်တစ်ဆက်စီ ချက်ပြုတ်နည်းလမ်းတွေလက်ဆင့်ကမ်းလာကြတာ ငါ့မိဘတွေလက်ထက်‌ေရာက်လာတယ်။ ဒါ‌ေပမယ့်မတည်မငြိမ်ကာလတွင်းမှာသူတို့တွေကအမွေအနှစ်တွေကို ကာကွယ်ဖို့ကြိုးစားကြရင်း မတော်တဆတစ်ခုဖြစ်သွားခဲ့ပြီး သန္ဓေသားဖြစ်နေသေးတဲ့ငါ့ကိုလာထိသွားတယ်လေ။ ငါမွေးတုန်းကတအားချူချာခဲ့ပြီး တခြားရွယ်တူတွေထက်ဖွံ့ဖြိုးမှုနောက်ကျခဲ့တယ်။

အခုငါ့ကိုကြည့်လိုက် ဒီကလေးနဲ့ဆို အရပ်အမောင်းကမကွာသလောက်ပဲလေ။ ထားပါတော့ တစ်နေ့ကျငါအပြင်းဖျား,ဖျားခဲ့ပြီး အခြေအနေအရဆေးမြီးတိုတွေနဲ့ပဲကုသခဲ့ရတယ်။ ‌ေနာက်ပိုင်းငါ့ကို‌ေဆးရုံဆီ‌ေရာက်‌ေအာင်ပို့နိုင်တဲ့အချိန်ကျ လူကနေကောင်းသွားခဲ့ပေမယ့် ဆေးဒဏ်ပိပြီးအသက်ကြီးလာ‌ေလမျိုးဆက်ရဖို့ခက်လေဖြစ်သွားနိုင်တယ်လို့ ဆရာဝန်ကဆေးစစ်ချက်ထုတ်ခဲ့တယ်။

ငါ့မိဘတွေသေဆုံးသွားတဲ့ထိရှိခဲ့တဲ့နောင်တဆိုလို့ ငါတို့မျိုးရိုးပြတ်မှာထက် လက်ဆင့်ကမ်းလာခဲ့တဲ့ ဟင်းချက်နည်းတွေ တိမ်ကောသွားမှာပဲရှိတယ်။ ငါလည်းအရွယ်‌ေကာင်းတုန်းက အမျိုးသမီးတစ်ယောက်နဲ့လက်ဆက်ပြီး မျိုးဆက်ရှိဖို့မျှော်လင့်ခဲ့တာပေါ့။ ဒါပေမယ့် ငါ့ရဲ့ချို့ယွင်းချက်ကြောင့် အိမ်ထောင်မပြုနိုင်ခဲ့ဘူး။ ‌ေနာက်ကျ ငါ့အခြေအနေကိုငါသိနေတော့ အခြားအမျိုးသမီးတစ်ယောက်ကို လက်ဆက်ဖို့စိတ်ကူးလည်းမရှိတော့ဘူး‌ေလ။ အခုတော့ငါလည်းဒီစိတ်နဲ့ပဲအသက်ဆက်နေရတာပဲ။ တစ်နေ့ငါများသေဆုံးသွားခဲ့ရင် ငါ့ရဲ့အမွေအနှစ်တွေကို ထိုက်တန်တဲ့သူဆီမပေးနိုင်ခဲ့မှာကို စိုးရိမ်နေရတယ်"

ထို့နောက်ကောင်းယုံမှာရှောင်စန်းအားကြည့်ကာ ရှန်းပင်းမုန့်ပန်းကန်အားညွှန်ပြ၍

"ဒါပေမယ့်ဒီနေ့တော့ ငါ့ရဲ့မျှော်လင့်ချက်တွေအသစ်ပြန်လည်မွေးဖွားလာတဲ့နေ့ပဲ။ အရင်ကငါ့ဆီမင်းအစ်မမင်းကို တပည့်အဖြစ်လက်ခံပေးဖို့လာပြောတုန်းက ငါကဒီအတိုင်းချက်ပြုတ်နည်းတစ်ချို့သင်ပေးပြီး အိုစာမင်းစာလေးရအောင်စုထားလိုက်မယ်လို့တွေးထားခဲ့တာ။ ဒီမုန့်ကိုစားကြည့်ပြီးမှသာ မင်းကဒီထက်ပိုဝေးဝေးသွားနိုင်သေးမှန်း သိလိုက်ရတယ်။ မင်းလုပ်ထားတဲ့မုန့်ကနေမင်းရဲ့ကိုယ်ပိုင်ခံစားချက်ဝိညာဉ်ကိုငါခံစားမိတယ်"

ကောင်းယုံ၏ရင်နှင့်ခံစား၍ပြောနေသည့်စကားများကို နားထောင်နေသောရှောင်စန်းမှာ ခေါင်းအားကုတ်ကာရှုပ်ထွေးနေဟန်ဖြင့် ပြောလိုက်သည်။

"အာ!ဆရာကြီး ကျွန်တော်နားလည်အောင်တရုတ်စကားနဲ့ပြောပြပေးလို့ရမလား"

ဘေးမှရပ်ကြည့်နေသော ကျားလိမှာ စိမ်းဖန့်လာသည်ထိဒေါသထွက်လာသော ကောင်းယုံ၏မျက်နှာကြောင့် 'ဖူး'ကနဲရယ်မိလိုက်ရာ ကောင်းယုံကမျက်လုံးများအားမှေးကျဉ်းကာ သတိပေးသလိုကြည့်လာ၏။ ထို့နောက်အူလည်လည်ဖြစ်နေသော ရုပ်ဖြင့် ရှောင်စန်းအားကြည့်ကာသက်ပြင်းချ၍လိုတိုရှင်းပြောလိုက်သည်။

"မင်းလုပ်တဲ့မုန့်ကငါလုပ်တဲ့မုန့်နဲ့တူပေမယ့် မင်းရဲ့မုန့်အရသာကမင်းရဲ့ကိုယ်ပိုင်အရသာရှိပြီး ငါလုပ်ထားတဲ့မုန့်အရသာနဲ့ကွဲပြားနေတယ်လို့ပြောတာ နားလည်လား"

ရှောင်စန်းမှာကောင်းယုံ၏စကားကို နားမလည်နိုင်သေးသော်လည်း ခုနကလောက်ဒေါသလည်းမဖြစ်တော့ပေ။ သူသည်ငယ်သေးသည်ဖြစ်ရာ အနာဂတ်၌ဆရာတစ်ယောက်ရှာမတွေ့ဟု မယုံကြည်ပေ။ ထို့ကြောင့်ဤနေရာတွင် ခေါင်းရှုပ်ခံကာ နားမလည်သည့်စကားများအား နားထောင်နေရမည့်အစား ထွက်သွားချင်လေပြီဖြစ်၏။

"အဲ့တော့ ကျွန်တော်ကဆက်နားထောင်ပေးရဦးမှာလား။ တပည့်မဖြစ်နိုင်ဘူးဆိုမှတော့ မမှောင်ခင်အိမ်ပြန်ရောက်အောင် ကျွန်တော်တို့ပြန်တော့မယ်လေ"

ကျားလိမှာတော့ ကောင်းယုံ၏စကားအသွားအလာကို ခုနကတည်းမှသဘောပေါက်သွားပြီဖြစ်ရာ ရှောင်စန်း၏စကားကြောင့် မထိန်းနိုင်တော့ပဲအော်ရယ်မိသွားတော့၏။

"ဟားဟားဟား...."

ကောင်းယုံမှာတော့ ရှောင်စန်း၏စကားနှင့် ကျားလိ၏ရယ်သံကြောင့် သွေးအန်မတတ်ဖြစ်သွားရ၏။ ထို့ကြောင့်ရှောင်စန်းအားကြည့်ကာ ငေါက်လိုက်တော့သည်။

"မင်းဦးနှောက်က ပုံမှန်ဆိုလည်း အဲ့လောက်ပိန်းတာပဲလား"

ရှောင်စန်းမှာ ကောင်းယုံ၏အကြောင်းအရင်းမရှိ ဆူငေါက်လာမှုကြောင့်ကြောင်အမ်းသွားရပြီး နားမလည်ဖြစ်ကာကျားလိအားအကူအညီတောင်းသလို ကြည့်လိုက်၏။ ကျားလိလည်းအရယ်ရပ်ကာ ကောင်းယုံကိုပြောလိုက်သည်။

"ဆရာကောင်း ရှောင်စန်းကိုစကားပြောရင်လိုရင်းကိုပဲတန်းပြောလိုက်ပါ။ ကွေ့ဝိုက်နေရင် သူကသိမှာမဟုတ်ဘူး"

ကောင်းယုံလည်းကျားလိစကားကြောင့် သက်ပြင်းအသာချကာ ရှောင်စန်းအားကြည့်၍လေးလေးနက်နက်မေးလိုက်၏။

"မင်းငါ့ကိုခေါင်းကိုင်အဖေအဖြစ်အသိအမှတ်ပြုမလား။ ငါ့ကိုခေါင်းကိုင်အဖေအဖြစ်လက်ခံရင် မင်းအတွက်မနစ်နာစေရဘူး"

All Chapters