← Chapters

တစ်ယောက်တည်း လာမယ်

Vol. 4 Ch. 321

တစ်ယောက်တည်း လာမယ်

Vol. 4 Ch. 321

ချန်းဖန်က ကျို့လော့ရင်အား သူ့အကြောင်း မည်သို့ သိသည်ကို မမေးခဲ့ပေ။

ကျို့မိသားစုမှာ ကျင်းမြို့တော်၏ ထိပ်တန်း မိသားစု တစ်ခု ဖြစ်ရာ ကျို့လော့ရင် အနေဖြင့် သူ၏ပုံအား တွေ့မြင်ဖူး မည်မှာ သေချာသည်။ ကျို့လော့ရင် ချန်းဖန်အား ချက်ချင်း မမှတ်မိ ရသည့် အကြောင်းရင်းမှာ ဓာတ်ပုံနှင့် အပြင်မှ ရုပ်ပုံက အနည်းငယ် ကွာနေသည့် အပြင် ကျိုးချင်းရ ဆင်ပေး လိုက်သည့် အဝတ်အစား များကြောင့် ဖြစ်နိုင်သည်။

ယခု ချန်းဖန်၏ ပုံက ဓာတ်ပုံထဲက ကဲ့သို့ စုတ်စုတ်ပြတ်ပြတ် ရှိမနေပဲ သန့်ပြန့် နေခဲ့သည် မဟုတ်ပါလား။

"ဟုတ်တယ် ... ငါပဲ …"

ချန်းဖန်က စားပွဲပေါ်မှ ဝိုင်ပုလင်းအား ကောက်ယူရင်း ဖန်ခွက် အတွင်း လောင်းထည့်ရင်း ပြောလိုက်သည်။ လူများစွာမှာ စကား တစ်ခွန်းပင် မပြောနိုင်တော့ပဲ ချန်းဖန်အား အံ့အား သင့်မှု၊ မယုံကြည် နိုင်မှု များဖြင့် ကြည့်လိုက် ကြသည်။

"ကျန်းပေ့ရဲ့ ဆရာချန်း …"

ထိုလူကား ရှန်းမိသားစု တစ်ခုလုံးအား မျိုးတုန်း သတ်ဖြတ်ခဲ့သူ ဖြစ်သည်။ ဝူကျိုးတွင် ပင်လျှင် သူ့အကြောင်းက လူများ ပါးစပ်ဖျားတွင် ရေပန်း စားခဲ့ သေးသည်။ များစွာသော ဇာတ်လမ်းများ၌ ဆရာချန်းမှာ ရက်စက်ပြီး သွေးအေးသော လူကြမ်းကြီး ဖြစ်သည်။ သို့သော်လည်း အံ့အား သင့်စွာပင် ဆရာချန်းမှာ ရုပ်ရည် ချောမောသည့် သာမန် ဆယ်ကျော်သက် ကောင်လေး ဖြစ်နေခဲ့သည်။ အမျိုးမျိုးသော ဇာတ်လမ်းထဲမှ ဇာတ်ကောင်နှင့် လားလားမျှပင် မဆိုင်ချေ။ ချွေးများက အစောင့် ခေါင်းဆောင်၏ နဖူးမှ စီးကျ လာသည်။ သူအလျင်စလို မလှုပ်ရှား ခဲ့မိသည်က ကံကောင်း သွားသည်။

အကယ်၍ ကျို့လော့ရင်သာ တစ်စက္ကန့်မျှ နောက်ကျခဲ့လျှင် သူသေ သွားလောက်ပြီ ဖြစ်သည် သူက သာမန် လူများ၏ အမြင်တွင် အစွမ်းထက်သော လူတစ်ယောက် ဖြစ်နိုင်သော်လည်း ဆရာချန်း၏ ရှေ့တွင်မူ ချနင်းစရာ ပုရွက်ဆိတ် လေးထက် မပိုချေ။ စုဇီနှင့် စုပန် တို့ကလည်း ချန်းဖန်အား မယုံကြည်နိုင်စွာ ကြည့်ရင်း ဆွံ့အ နေခဲ့ကြသည်။

"ကိုးလေးက သူ့ကို ရွေးချယ် ခဲ့တာ အံ့ဩစရာ မရှိဘူးပဲ။ သူက အမြဲတမ်း သူ့ကိုယ်သူ အထင်ကြီးခဲ့ပြီး ရှန်းချန်ဝမ် ကိုတောင် ပြန်မချစ်ခဲ့ဘူး။ အဲဒီအကြောင်းရင်းက သူ့ကြောင့်ကိုး …"

စုပန်က ချန်းဖန်အား ကြည့်ရင်း တွေးလိုက်သည်။

စုချင်ကမူ သူမ ထိုင်နေသော ကုလား ထိုင်အား ကြောက်ရွံစွာ ဆုပ်ကိုင် ထားမိသည်။

ထိုလူငယ်က ကျော်ကြားသည့် ကျန်းပေ့၏ ဆရာချန်း ဖြစ်နေသည်လား ...။

ထိုလူငယ်ကား အသက်နှစ်ဆယ် မပြည့်ခင်မှာပင် သူတို့၏ အဘိုးနှင့် အောင်မြင်မှုချင်း ယှဉ်နိုင်နေပြီ ဖြစ်သည်။ ထိုသို့သော အောင်မြင်မှုက သူတို့ အတွက် အသက်နှစ်ဆယ် မဆိုထားနှင့်။ တစ်သက်လုံး ကြိုးစားလျှင်ပင် ရောက်နိုင်ရန် မသေချာပေ။ သူတို့ ရှင်းလင်းစွာ သိလိုက် ရသည်က ထိုလူငယ်မှာ သူတို့နှင့် လုံးဝ မတူသော အဆင့် တစ်ခုတွင် ရှိနေခြင်းပင်။ စုမိသားစု ခေါင်းဆောင် စုကျန်းဒီ၊ နင်းမိသားစု ခေါင်းဆောင် တို့သာ ထိုလူငယ်နှင့် တစ်စားပွဲ ထဲ၌ ထိုင်ရန် ထိုက်တန်သည်။

"သူက ဘာလို့ ဒီလောက် ကံကောင်း ရတာလဲ။ ဆရာချန်း မတိုင်ခင်က ရှန်းချန်ဝမ်က သူ့ကို တစ်ချိန်လုံး အသည်းအသန် ကြွေခဲ့တယ်။ အခု ရှန်းချန်ဝမ် သေတော့ ဆရာချန်းရဲ့ စိတ်ကို ဖမ်းစား နိုင်ခဲ့တယ်။ သူ့မှာ အဆောင် တစ်ခုခုများ ရှိနေလား။"

စုချင်က ဖန့်ချုံးအား ကြည့်ရင်း တွေးသည်။ သူမ၏ မျက်လုံး တွင်မူ မနာလိုမှု များက ပြည့်နှက်နေ၏။ ချန်းဖန်မှာ အခြားလူများ သူ့အကြောင်း မည်သို့ တွေးနေကြောင်းအား စိတ်မဝင် စားပေ။ သူက စားပွဲပေါ်မှ ဝိုင်ခွက်အား ညင်သာစွာ ထိသည်။ ဝိုင်ခွက်က လေထဲတွင် ဖြည်းညင်းစွာ ပျံသန်းရင်း သူ၏ ပါးစပ်ရှေ့၌ ရပ်သည်။ လူတိုင်းက ထိုပျံသန်း နေသော ဝိုင်ခွက်အား မယုံကြည်နိုင်စွာ ကြည့်ကြသည်။ ဖန့်ချုံးမှာလည်း ထိုမြင်ကွင်းအား ကြည့်ရင်း အံ့အားသင့် နေခဲ့သည်။ ယခု တစ်ကြိမ်က ချန်းဖန်၏ နတ်ဘုရား စွမ်းအားအား တွေ့မြင် ရသည့် ပထမဆုံး အကြိမ်ပင် ဖြစ်သည်။

"ဆရာချန်းရဲ့ ဓမ္မအစီအရင်တွေ အကြောင်း လူတိုင်း ပြောတာ ကြားဖူးခဲ့တယ်။ ဒီနေ့ ကိုယ်တိုင် မျက်လုံးနဲ့ တွေ့မြင် ခဲ့ရပြီ။"

ကျိလော့ချန်းက အံ့ဩမှု များအား ထိန်းချုပ်ရင်း ချန်းဖန်အား ပြောလိုက်သည်။

"ဆရာချန်း အတွက် တစ်ခွက်လောက် သောက်ရအောင်။"

ကျိလော့ချန်းမှာ ကျောင်းဟိုင်၏ ထိပ်တန်း မိသားစုကြီးတွင် မွေးဖွား လာသူ ဖြစ်ရာ ဓမ္မအစီအရင် များအား မကြာခဏ ဆိုသလိုပင် တွေ့မြင် ခဲ့ဖူးသည်။ သို့သော်လည်း သူတွေ့ ဖူးသည့် ဓမ္မ ဆရာ အများစုက အသက် ငါးဆယ်ကျော်များ ဖြစ်ကြသည်။ သို့တိုင်အောင် ချန်းဖန် ကဲ့သို့ သူတို့ လုပ်နိုင်စွမ်း မရှိချေ။ အစီအရင် တစ်ခု ခင်းကျင်းရန်ပင် အချိန်များစွာ ယူကြရသည်။ ချန်းဖန်က သူ့အား တစ်ချက်ပင် လှည့်မကြည့်ပဲ ဝိုင်ခွက်ထဲမှ ဝိုင်များအား လည်ချောင်း အတွင်းသို့ သွန်ချ လိုက်သည်။

ကျိလော့ချန်း၏ မျက်လုံး၌ ဒေါသ အရိပ်အယောင် အချို့ ပေါ်လာ သော်လည်း ခဏ အတွင်းမှာပင် ပြန်လည် ပျောက်ကွယ် သွားသည်။ သူက လက်ထဲမှ ဝိုင်ခွက်အား မော့ချရင်း ခွက်အား လက်၌ အနည်းငယ် လှည့်၍ ကစား လိုက်သည်။

ထို့နောက် ချန်းဖန်အား စိတ်ဝင်တစား ကြည့်လိုက်ရင်း …

"ဆရာချန်း … နင်းယုကျီရဲ့ နောက်ခံကို ခင်ဗျား သိလား။"

"ဘာများလဲ …"

ချန်းဖန်က ဝိုင်နောက် တစ်ခွက်အား ထည့်ကာ မော့ချ လိုက်ရင်း မေးသည်။

ကျိလော့ချန်းက လူများအား အကဲခတ်ကာ အသံအား အနည်းငယ် မြှင့်လိုက်ရင်း …

"သူက နင်းချန်းတုန်ရဲ့ တစ်ဦးတည်းသော သားဖြစ်သလို အဘိုးအိုနင်းရဲ့ တစ်ဦးတည်းသော မြေးပဲ။ ဆရာချန်း … ခင်ဗျား လုပ်ခဲ့တာတွေ အတွက် နင်းမိသားစုကို ဘယ်လို ရှင်းပြမလဲ …"

ကျိလော့ချန်းက စကား ဆုံးသည်နှင့် နှုတ်ခမ်း တွန့်ရုံ ပြုံးလိုက်သည်။

သူ၏ စကားကြောင့် လူများစွာက ချန်ဖန် ကြုံတွေ ရမည့် အကျိုးဆက်များ အကြောင်း တွေးလိုက် မိသည်။ ကျောင်းဟိုင်မှာ တရုတ်၏ အကြီးဆုံး မြို့များ အနက် တစ်မြို့ ဖြစ်သည်။ ထို့ကြောင့် မြို့၏ အရာရှိပိုင်း များမှာ ပြည်နယ်၏ အစိုးရနှင့်ပင် တန်းညီသော အာဏာ ရှိသည်။ ထိုသို့ မြင့်မားသော မိသားစု နောက်ခံသာ မရှိလျှင် နင်းယုကျီ အနေဖြင့် ကျူးရန်တုန်း၊ တန်ကျင်းဖန် တို့နှင့်အတူ ကျောင်းဟိုင်၏ သခင်လေး လေးယောက်၌ ပါဝင် လိမ့်မည် မဟုတ်ပေ။

"အိုး … တကယ်ကြီးလား …"

ချန်းဖန်၏ အမူအရာက မည်သို့မျှပင် ထူးခြားပုံ မရပဲ တတိယမြောက် ဝိုင်ခွက်အား ထည့်လိုက်သည်။ နင်းမိသားစု အနေဖြင့် မည်မျှပင် အစွမ်းထက်ပါစေ။ ကူထန်းမင်အား ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။ ချန်းဖန် အတွက် ကူးထန်းမင် ပင်လျှင် ကစားစရာလောက် ရှိရာ နင်းမိသားစု အကြောင်းအား ထည့်တွေးနေစရာ မလိုချေ။

"ဒါပေါ့ … ဆရာချန်းအတွက် နင်းမိသားစုက ဘာမှမဟုတ်ဘူး။ ဒါပေမဲ့ နင်းနဲ့ ကျောက်မိသားစု နှစ်ခုပေါင်း အင်အား ဆိုရင်ရော။"

ကျလော့ချန်းက လျှို့ဝှက်သော အပြုံးဖြင့် မေးသည်။

"ကျောက်မိသားစု … ဘာကျောက် မိသားစုလဲ …"

လူများစွာက သံသယ ဖြစ်စွာ မေးသည်။

ကျိလော့ချန်းက ကျောက်ဘိုဖန်အား ညွှန်ပြရင်း …

"သူက အသက် သုံးဆယ်ပဲ ရှိသေးပေမဲ့ ထန်လုံ အထူးတပ်ဖွဲ့ရဲ့ လက်ဖတင်နင် နင်ဖြစ်နေခဲ့ပြီ။"

"သူက ထန်လုံရဲ့ လက်ဖတင်နင် …"

လူတိုင်းက လူသန်ကြီးအား အံ့အားသင့်စွာ ကြည့်လိုက် ကြသည်။

ထန်လုံ အထူးတပ်ဖွဲ့ အကြောင်း သူတို့ ကောင်းစွာ သိကြသည်။ ထိုတပ်ဖွဲ့တွင် အဖွဲ့ဝင် အရေအတွက်က တစ်ရာ မပြည့် သည့်တိုင် အဖွဲ့ဝင် တစ်ယောက်ချင်းဆီပင် အလွန် ထူးချွန်သူများ ဖြစ်ကြသည်။ လက်ဖတင်နင် မဆိုထားနှင့်။ တပ်ဖွဲ့ထဲမှ သာမန် စစ်သား တစ်ယောက် ပင်လျှင် တောက်ပသော အနာဂတ် ရှိသည်။ ထိုအထဲမှ တစ်ယောက်ချင်းဆီက အနာဂတ်၏ ဗိုလ်ချုပ်ပင် ဖြစ်လာနိုင်ချေ ရှိသည်။

ထိုအခိုက်မှာပင် ကျိလော့ချန်းက နောက်တစ်ကြိမ် ကြော်ငြာ လိုက်ပြန်သည်။

"နောက်ပြီး သူ့အဖေက စစ်တပ်ရဲ့ ဒုတိယ ဗိုလ်ချုပ်ပဲ …"

သူ၏ စကားအဆုံး၌ လူထုက နောက်တစ်ကြိမ် ပြန်လည် ဆူပွက် လာပြန်သည်။

"ဘာ ... ဒုတိယ ဗိုလ်ချုပ် …"

"ဘုရားရေ … သူက စစ်တပ်ရဲ့ လွှမ်းမိုးမှု အရှိဆုံး ငါးယောက်ထဲ ကလား။"

လူများစွာ၏ စိတ်အတွင်း၌ ကျင်းမြို့တော် စစ်စခန်းရှိ ကျောက်မျိုးရိုး ဒုတိယ ဗိုလ်ချုပ်က ရုတ်တရက် ပေါ်လာ ခဲ့သည်။ ထိုကျောက်ဘိုဖန် ဆိုသော လူသန်ကြီး၏ မိသားစု နောက်ခံက နင်းမိသားစု၊ ကျို့မိသားစုတို့ ထက်ပင် ပိုမို မြင့်မား နေလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ချေ။

ဖန့်ချုံး ပင်လျှင် ဖိအား တစ်ခုအား ခံစားလိုက် ရသည်။ သူမအနေဖြင့် ချန်းဖန် အပေါ်တွင် ယုံကြည်မှု ရှိသည့်တိုင် ယခုအချိန်၌မူ အနည်းငယ် စိုးရိမ် မိသည်။ ဝူကျိုး၏ စုမိသားစုပင်လျှင် နင်းနှင့် ကျောက်မိသားစု နှစ်ခု၏ ပူးပေါင်း တိုက်ခိုက်မှုအား မယှဉ်နိုင်ပေ။

"အဲဒီတော့ ဘာဖြစ်လဲ …"

ချန်းဖန်က တတိယ ဝိုင်ခွက်အား သောက်ရင်း တည်ငြိမ်စွာပင် မေးသည်။ ထို့နောက် သူက ကျိလော့ချန်း၏ မျက်လုံး များအား ကြည့်ရင်း …

"မင်းနဲ့ ငါအချိန် မဖြုန်းချင်ဘူး။ တကယ်လို့ မင်းငါ့ကို တိုက်ခိုက်ချင်တယ် ဆိုရင်လည်း မင်းကို ပြင်ဆင် ခွင့်ပေး ထားလိုက်မယ်။ မနက်ဖြန် အဘိုးကြီးရဲ့ မွေးနေ့ပွဲမှာ မင်းရဲ့ အပေါင်း အပါတွေ အကုန် ခေါ်လာခဲ့။ အဲဒီမှာ တစ်ခါတည်း ပေါင်းပြီး ရှင်းလိုက် ကြတာပေါ့။"

"နောက်ပြီး မင်းတို့လည်း အတူတူပဲ။"

ချန်းဖန်က စုချင်၊ စုဇီ၊ စုပန်၊ ကျို့လော့ရင်နှင့် ကျောက်ဘိုဖန် တို့အား တစ်ယောက်ချင်းစီ ကြည့်ရင်း ပြောလိုက်သည်။

"မင်းတို့ ကြိုက်တဲ့ သူကိုခေါ်ခဲ့။ ငါက တစ်ယောက်တည်းပဲ လာခဲ့မယ်။ မနက်ကျ ဘာဖြစ်မလဲ ကြည့်ရ သေးတာပေါ့။"

ချန်းဖန်က ပြောပြီး သည်နှင့် ဝိုင်ခွက်အား စားပွဲ ပြန်တင်ကာ ဖန့်ချုံး၏ လက်အာ ဆွဲ၍ အခန်းထဲမှ ထွက်လာ ခဲ့တော့သည်။ လူများက ဖန့်ချုံးနှင့် အတူ ထွက်ခွာ သွားသော ချန်းဖန်၏ နောက်ကျော အားကြည့်ရင်း သက်ပြင်း ချလိုက် မိကြသည်။ တစ်ယောက်မှပင် သူ့အား မတားရဲကြသလို ရဲစခန်း သို့လည်း ဖုန်းမဆက်ရဲကြပေ။

"သူက တကယ့်ကို ကြမ်းတဲ့သူပဲ။ ကျန်းပေ့နယ်ကို လွှမ်းမိုး နိုင်တာ အံ့ဩစရာ မရှိဘူး။"

တစ်စုံ တစ်ယောက်က မှတ်ချက် ချသည်။

"သူက တကယ့်ကို ဂရုမစိုက်တာပဲ …"

စုပန်နှင့် အခြား လူများစွာက ခေါင်းခါ လိုက်ကြသည်။ ထိုကောင်လေးက နင်းမိသားစု၊ ကျောက်မိသားစုနှင့် ကျိမိသားစု တို့ကိုပင် ထည့်တွက်ပုံ မရချေ။ ထိုအပြုအမူက အလွန် ရဲတင်း လွန်းသည်။ ထိုကဲ့သို့သော အင်အားစုအား ထိပ်တိုက် ရင်ဆိုင်ရဲ သူက အရူးသာ ဖြစ်နိုင်သည်။

"သူမနက်ဖြန် ဘာလုပ်မလဲ ဆိုတာ စိတ်ဝင်စားစရာပဲ။"

လူများစွာက တွေးလိုက် မိကြသည်။

ကျို့လော့ရင်၏ မျက်လုံးတွင်မူ ထူးဆန်းသော အရောင် တစ်ခု ဖြတ်ပြေး နေသည်။ သူမ၏ သူငယ်ချင်း တန့်ရီဖေးထံမှ ဆရာချန်း၏ မယုံကြည် နိုင်လောက်သော စွမ်းဆောင်မှုများ အကြောင်း သူကြားဖူး ခဲ့သည်။ အကယ်၍ သူမ သူငယ်ချင်း၏ စကားက အမှန်ဆိုလျှင် အဘိုးအိုကျိနှင့် အဘိုးအိုနင်းတို့ ချန်းဖန်အား မည်သို့ ကိုင်တွယ်မည်က စိတ်ဝင်စား စရာပင်။

"သူက တရုတ်ရဲ့ အစွမ်း အထက်ဆုံး အထွတ်အထိပ် ပညာရှင် ချန်းပေ့ရွှမ်း …"

ကျို့လော့ရင် ခေါင်းအား ငုံ့ရင်း တီးတိုး ရေရွတ် မိတော့သည်။

***

All Chapters