← Chapters

မွေးနေ့ပွဲ

Vol. 4 Ch. 323

မွေးနေ့ပွဲ

Vol. 4 Ch. 323

အထူးကု ဌာနမှ ထွက်လာသည်နှင့် ကျိလော့ချန်း၏ မျက်နှာက တဖြည်းဖြည်း မည်းမှောင် လာခဲ့သည်။

လို့ကျင်းဟိုင် ကဲ့သို့သော ပုဂ္ဂိုလ်မျိုးက အသေးအဖွဲ့ ပြဿနာများထက် သေခြင်းရှင်ခြင်း အခိုက်အတန့်မျိုး တွင်သာ လူလုံး ထွက်ပြသင့်သည်။

ဆရာချန်းနှင့် မြစ်မြောက်ပိုင်း ဝေ့မိသားစု ကောင်းမွန်သော ဆက်ဆံရေး ရှိကြောင်းမှာ လူတိုင်း သိကြသော အရာဖြစ်သည်။ ထိုဆက်သွယ်မှုကြောင့် ကူထန်းမင် ရာထူးမှ ဖယ်ရှားခံရခြင်း ဖြစ်နိုင်သည်။

ထို့ကြောင့် ဆရာချန်းအား လုံးဝ လျှော့တွက်၍ မရေပေ။ လို့ကျင်းဟိုင်ကဲ့သို့ စွမ်းအား ကြီးသူသာလျှင် ချန်းဖန်အား အနိုင်ယူရန် ဖြစ်နိုင်ချေ ရှိသည်။

"ဘိုဖန်ရော ဘယ်မှာလဲ… သူအဆင်ပြေရဲ့လား"

ကျိလော့ချန်းက ဘေးသို့လှည့်ကာ သူ၏ လက်ထောက်အား မေးသည်။

ကျောက်မိသားစု၏ လွှမ်းမိုးမှုက ကျိမိသားစုထက် အနည်းငယ်လေးသာ လျော့နည်းသည်။ အကယ်၍ မိသားစုနှစ်ခုသာ ဆက်စပ် ပတ်သက်မှု မရှိလျှင် ကျောက်ဘိုဖန် အနေဖြင့် ထိုပြဿနာ၌ ဝင်ပါလိမ့်မည် မဟုတ်ပေ။ ဤသို့ဆိုလျှင် သူလည်း ချန်းဖန်၏ တိုက်ခိုက်မှုအား ခံရလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် ကျောက်ဘိုဖန် အပေါ်၌ သူ အကြွေးတင် နေခဲ့ပြီ ဖြစ်သည်။ ကျိလော့ချန်း အနေဖြင့် သူ့အဒါ်၏ သား ကျောက်ဘိုဖန် အတွက် တစ်ခုခု ပြန်လုပ်ပေးရန် လိုသည်။

"သခင်လေးဘိုက စစ်ဆေးလို့ မပြီးခင်မှာပဲ ဆေးရုံကနေ အလောတကြီး ဆင်းသွားပါတယ်။ ထန်လုံတပ်ဖွဲ့ ရှိတဲ့နေရာကို အခုချက်ချင်း ပြန်ဖို့ လိုနေပြီလို့ ပြောသွားပါတယ်"

လက်ထောက်က အသက်အား ပြင်းစွာရှူရင်း ပြောသည်။

"သူက ဒီလို အချိန်ကြီး ဘာကြောင့် စစ်စခန်းကို ပြန်သွားရတာလဲ။ အရေးပေါ် အလုပ်များ ပေါ်လာလို့လား"

ကျိလော့ချန်းက တီးတိုးရေရွတ်ရင်း မျက်မှောင်ကြုတ် လိုက်သည်။

"ငါ မင်းကို ချန်းဖန်အကြောင်း အားလုံး စုံစမ်း ခိုင်းထားသေးတယ် မလား။ သူက ကျန်းပေ့ရဲ့ ဆရာချန်းဆိုတာ မင်း ဘာလို့ ရှာမတွေ့ခဲ့တာလဲ"

ကျိလော့ချန်းက လက်ထောက်အား စူးရဲစွာ ကြည့်ရင်း မေးသည်။ ထိုလူမှာ ကျိလော့ချန်း ဝူကျိုး၌ ရှိနေစဉ် ခိုင်းစေရန် ခန့်အပ်ထားသော ယာယီ လက်ထောက်သာ ဖြစ်သည်။ သူ၏ မူလရာထူးက ကျိမိသားစုပိုင် ကုမ္ပဏီ တစ်ခု၏ မန်နေဂျာသာ ဖြစ်သည်။

လက်ထောက်မှာ ကျိလော့ချန်း၏ အကြည့်များအား ရင်မဆိုင်ရဲသဖြင့် ခေါင်းငုံ့လိုက်သည်။ သူ၏ နဖူးမှ ချွေးများက တဒီးဒီး စီးကျလာသည်။

"သခင်လေးကျိ…  သူ့ရဲ့ အချက်အလက်တွေကို ရှာဖို့က အချိန် ယူရပါတယ်။ အားလုံးရတဲ့ အချိန်မှာက ပြောဖို့ နောက်ကျ နေခဲ့ပါပြီ"

"ဟမ့်…"

ကျိလော့ချန်းက နှာခေါင်းတစ်ချက်ရှုံ့ရင်း ထိုကိစ္စအား ဆက်မပြောတော့ချေ။ ကျိမိသားစု၏ လက်တံက အလွန်ပင် ရှည်သည့်တိုင် အချက်အလက်များအား စုစည်းရန် အတွက်မူ အချိန်ပေးရန် လိုသည် မဟုတ်ပါလား။

"ချန်းဖန်နဲ့ ဝေ့မိသားစု၊ လျှိုမိသားစုတို့ရဲ့ ဆယ်နွှယ်မှုတွေကို ထပ်ပြီး စုံစမ်းလာခဲ့။ ကူထန်းမင် ရာထူးချခံရတဲ့ ကိစ္စမှာ လျှိုမိသားစု ပါဝင်နေမယ်လို့ ငါထင်တယ်။ အဲ့လိုလုပ်ဖို့ အာဏာရှိတဲ့သူက သိပ်မရှိဘူး"

ကျိလော့ချန်း အဓိက စိုးရိမ်သော အရာမှာ ချန်းဖန်က ကျိမိသားစုအား နိုင်ငံရေး နယ်ပယ်မှ ခြိမ်းခြောက် နိုင်မည် ကိုပင်။

ချန်းဖန်၏ ဓမ္မစွမ်းအားနှင့် အစီအရင်များက မည်မျှပင် စွမ်းအား ကြီးစေကာမူ ကျိမိသားစုအား ခြိမ်းခြောက်ရန် မလုံလောက်ပေ။ ရှန်းမိသားစုနှင့် မတူသည်က ကျိမိသားစုမှာ နိုင်ငံရေး နယ်ပယ်နှင့် ဆက်နွယ်မှု ရှိနေခြင်းပင်။ သူတို့အား အင်အားကြီး အစိုးရပိုင်းမှ ကာကွယ် ထားတာ ချန်းဖန် သူတို့ကို တိုင်ခိုက်ချင်လျှပင် နှစ်ကြိမ်ပြန်လည် စဉ်းစားရမည် ဖြစ်သည်။ အကယ်၍ ချန်းဖန်သာ မဆင်မခြင် လုပ်လျှင် တရုတ်အစိုးရ၏ ရန်သူ ဖြစ်သွားလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် အရေးကြီးဆုံး အရာက နိုင်ငံရေး နယ်ပယ်တွင် ချန်းဖန် ပါဝင် ပတ်သက်ခြင်း ရှိ၊ မရှိအား ရှာဖွေရန် ဖြစ်သည်။

***

နောက်တစ်နေ့၌ အဘိုးအိုစု၏ မွေးနေ့ပွဲက စတင်ခဲ့ပြီ ဖြစ်၏။

စုမိသားစုမှာ အလွန်ချမ်းသာသော မိသားစုကြီး ဖြစ်ရာ ပြည်နယ်၏ အချမ်းသာဆုံး ပုဂ္ဂိုလ် ကျန်းတုန်းဟိုင် ပင်လျှင် သူတို့နှင့် ယှဉ်ပါက မှေးမှိန်ရသည်။

သို့သော်လည်း အဘိုးအိုစုက သူ၏ မွေးနေ့ပွဲအား ခင်မင် ရင်းနှီးသူများနှင့် ရိုးရှင်းစွာသာ ကျင်းပချင်ခဲ့သည်။ ထို့ကြောင့် မွေးနေ့ပွဲအား တက်ရောက်သူက တစ်ထောင်ခန့်သာ ရှိပြီး စားပွဲဝိုင်းများ မှာလည်း တစ်ရာခန့်သာ ရှိသည်။

ချန်းဖန်နှင့် ဖန့်ချုံးတို့ မွေးနေ့ပွဲသို့ ရောက်သည်နှင့် စုမိသားစု ကားပါကင် တစ်ခုလုံးမှာ နောက်ဆုံးပေါ် ကားများနှင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။ လိုင်စင်ပြားများက ထိုကားများမှာ တရုတ်ပြည် အနှံ့အပြားမှ ရောက်လာကြောင်း ဖော်ပြနေသည်။

ချန်းဖန်က ရန်ကျင်း လိုင်စင်ပြားများ ကပ်ထားသော ကားများအား စိတ်ဝင်စားစွာ ကြည့်မိသည်။ ထိုကားများက အစိုးရပိုင်း အရာရှိများ၏ အထူးလိုင်စင်ပြ ဇယားများအား ချိတ်ဆွဲ ထားသည်။

"ရှောင်ဖန်… ငါတို့ အခြားလူတွေ အားလုံး ပြန်သွားတဲ့ အချိန်အထိ စောင့်သင့်တယ် ထင်တယ်"

ဖန့်ချုံးက ဝင်ပေါက်သို့ အရောက်၌ ခဏမျှရပ်ရင်း ချန်းဖန်အား ပြောလိုက်သည်။ သူမ၏ လက်များက ချန်းဖန်၏ လင်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

မနေ့ညက တစ်ညလုံးလိုလို သူမ အိပ်မပျော်ခဲ့ပေ။ နင်း၊ ကျောက်နှင့် ကျိမိသားစု သုံးခုပေါင်း အင်အားက အလွန်ပင် ကြီးမားလွန်းသည်။ ထိုအင်အားစုအား ချန်းဖန် ရင်မဆိုင် နိုင်မည်ကို သူမ စိတ်ပူမိသည်။

"နင့်အမေက နင့်ကို တစ်ခုခုများ ပြောလိုက်လို့ စိတ်ပြောင်း သွားတာလား"

ချန်းဖန်က မိန်းကလေးအား နွေးထွေးစွာ ကြည့်ရင်း မေးသည်။

"အမေက မနေ့ညက ငါ့ကို ဖုန်းခေါ်ပြီး ပြောတယ်။ နင်းမိသားစု ခေါင်းဆောင်တွေ ဝူကျိုးကို ရောက်နေပြီ တဲ့။ နင်းမိသားစု ခေါင်းဆောင်က နင့်ကို လက်စား ချေချင်နေတာတဲ့"

ဖန့်ချုံးက ချန်းဖန်အား စိုးရိမ်စွာ ကြည့်ရင်း ဆက်ပြောလိုက်သည်။

"ရှောင်ချုံး… ငါတို့ ကျင်းမြို့ကိုပဲ ပြန်ပြီး သူတို့ကို စောင့်ရင် ကောင်းမယ်နော်။ ငါ့အဘိုးက မကြာခဏ ပြောဖူးတယ်။ ပညာရှိဆိုတာ ဘယ်အချိန် ရှေ့တိုးရမယ်… ဘယ်အချိန် နောက်ဆုတ်ရမယ် ဆိုတာ သိတယ်တဲ့။ နင်က အသက် ငယ်သေးတာပဲ။ နောက်ဆယ်နှစ်ကြာရင် သူတို့ကို လွယ်လွယ်လေး ဖိနှိပ်လို့ ရတယ်"

ဖန့်ချုံး၏ ပုံစံကား အိပ်ပျက်ညကြောင့် အနည်းငယ် ပင်ပန်း နွမ်းနယ်နေပုံရသည်။ သူမအား ကြည့်ရင်း ချန်းဖန် အပြစ်ရှိကြောင်း ခံစားလိုက်ရသည်။ "စိတ်မပူပါနဲ့… နင့်ယောက်ျားက နင်ထင်ထားတာထက် ပိုပြီး တော်တယ်။ ငါ့ကို ဆန့်ကျင်ရဲတဲ့သူ ဘယ်သူမဆို ငါ အနိုင်ယူနိုင်တယ်။ နင်းမိသားစုနဲ့ ကျိမိသားစုက ငါ့အတွက် စာမဖွဲ့လောက်ဘူး"

ချန်းဖန်က သူမ၏ နားနားသို့ မျက်နှာအား တိုးကပ်လိုက်ရင်း တီးတိုးပြောသည်။

ဖန့်ချုံးမှာ ချန်းဖန်၏ ဝင်သက် ထွက်သက်များအား ခံစားလိုက်မိသောကြောင့် အနည်းငယ် ရှက်ရွံ့ကာ ခေါင်းအား ငုံ့လိုက်မိသည်။

"မင်းတို့ နှစ်ယောက် အဲလိုနေချင်ရင် အခန်းထဲကိုသွား။ သိပ်ပြီး ဒရမ်မာဆန် မနေနဲ့။ ဒါက မွေးနေ့ပွဲ…"

မိန်းမအသံ တစ်ခုက တင်းမာစွာ ထွက်ပေါ်လာသည်။

ဖန့်ချုံးက ချန်းဖန်နှင့် အနည်းငယ် ခွာရင်း အသံလာရာသို့ ကြည့်သည်။

ထိုနေရာတွင်မူ သူတို့အား စူးရဲစွာ ကြည့်နေသည့် စုချင် ရှိနေခဲ့သည်။ သူမ၏ ဘေးတွင် စုဇီ ရှိနေသည်။

"ဆရာချန်း… မိန်းကလေး ဖန့်ချုံး… နောက်က လိုက်ခဲ့ပါ"

ချန်းဖန်က ပေါ့ပေါ့ပါးပါးပင် ခေါင်းညိတ် လိုက်သည်။ ထို့နောင် ဖန့်ချုံး၏ လက်ကို ကိုင်ရင်း စုမိသားစု ခြံဝင်းအတွင်းသို့ ဝင်လာခဲ့တော့သည်။

"ကျင်းမြို့က ဆရာချန်းနဲ့ မိန်းကလေး ဖန့်ချုံး ရောက်ပါပြီ"

ကြေညာသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်နှင့် လူများစွာက ချန်းဖန်တို့ စုံတွဲအား အမူအရာ အမျိုးမျိုးဖြင့် ကြည့်ကြသည်။ အချို့က အံ့အားသင့်နေပုံ ရကာ အချို့က စိတ်ဝင်စားသည့် ဟန် ရှိသည်။ မနေ့ညတွင် ဖြစ်ပျက်ခဲ့သော အကြောင်းများက ချန်းဖန်အား ဝူကျိုး၌ လူတိုင်း သိစေခဲ့သည်။

"သူက လူတိုင်း ပြောနေတဲ့ ကျန်းပေ့ရဲ့ ဆရာချန်းလား… သူက အရမ်း ငယ်သေးတာပဲ"

"သူက ရှန်းမိသားစု တစ်ခုလုံးကို သတ်ခဲ့တယ်တဲ့။ တကယ်ပဲလား"

"ဒါပေါ့ ကူထန်းမင်တောင် သူ့ကြောင့် ရာထူးက ဖယ်ရှား ခံလိုက်ရတယ်"

လူတိုင်းက ချန်းဖန်အား ကြည့်၍ အမျိုးမျိုး ဆွေးနွေး ပြောဆိုနေကြသည်။ ကောလာဟလများ အရ ထိုကောင်လေးမှာ ကျင်းမြို့၊ ထိပ်တန်း မိသားစု တစ်ခု၏ သားဖြစ်သည်။ သူ့အား ရှေ့ဟောင်း ဘုန်းကြီးအို တစ်ပါးက အစွမ်းထက်သည့် အစီအရင်များ သင်ကြားပေးခဲ့သည် ဟု ဆိုကြသည်။

"ဟမ့်… ကျုပ်တော့ သူက ကူထန်းမင် ရာထူးက ဖယ်ရှားခံရတဲ့ တရားခံလို့ မထင်ဘူး။ လို့ကျင်းဟိုင်လို လူမျိုးတောင် အဲ့လိုလုပ်ဖို့ မဖြစ်နိုင်တာ။ သူ့လို လူငယ်လေးက ဘယ်လို လုပ်နိုင်မှာလဲ..." ဆင်စွယ် ယပ်တောင် ကိုင်ထားသည့် လူကြီးတစ်ယောက်က ပြောသည်။

"သူဌေးဖူ… ကူထန်းမင် ရုတ်တရက် ရာထူးချခံလိုက်ရတဲ့ အခြား အကြောင်းရင်းကို ခင်ဗျား သိထားတာလား။ ခင်ဗျားပြောတာကို ကျုပ်သဘော တူတယ်။ လို့ကျင်းဟိုင်လို အရမ်းကို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်မျိုးကသာ ကူထန်းမင်ကို ကျဆုံးအောင် လုပ်နိုင်မယ်လို့ ကျုပ်လည်း ထင်တယ်..." အသက်လတ် အရွယ် စီးပွားရေးသမား ဟန်ပေါက်သည့် လူကြီးက ဝင်ပြော လိုက်သည်။

"သူဌေးလီ.. ခင်ဗျား မှန်တယ်။ ဒါပေမဲ့ ဟိုလူငယ်လေးကို ကြည့်။ ကလေးပဲ ရှိသေးတယ်။ အရာရှိလို့ လို လူမျိုးနဲ့ ယှဉ်နိုင်ဖို့ ဖြစ်နိုင်မယ်လို့ ခင်ဗျား ထင်လား..." သူဌေးဖူက မေးသည်။

"အာ…" သူဌေးလီ မည်သို့ ပြန်ရမှန်း မသိတော့ချေ။

ချန်းဖန်မှာ ကျန်းပေ့အား လွှမ်းမိုးနိုင်သည့်တိုင် အရာရှိလို့ ကဲ့သို့သော လူမျိုးနှင့် မည်သို့မျှ မယှဉ်နိုင်ချေ။ ဥပမာ ပေးရလျှင် ချန်းဖန်ကား ညဘက် ကောင်းကင်မှ အတောက်ပဆုံး ကြယ်တစ်ပွင့် ဖြစ်ကာ လို့ကျင်းဟိုင်မှာမူ နေ့ဘက်၌ ထွန်းလင်းသည့် လမင်းကြီး ဖြစ်သည်။ သူက ပြည်နယ်၏ အုပ်ချုပ်ရေးမှူး ဖြစ်သည့်အပြင် တရုတ် တစ်နိုင်ငံလုံးတွင်ပင် ကြီးမားသော လွှမ်းမိုးမှု ရှိသည်။

"ကျုပ်တော့ တိုက်ဆိုင်တာပဲ ထင်တယ်။ ကူထန်းမင်က အခြားအမှားတစ်ခု ကျူးလွန်မိတာနဲ့ ချန်းဖန်က ရှန်းမိသားစုကို ဖြိုဖျက်တဲ့ အချိန်က တူညီသွားတာပဲ ဖြစ်မယ်။ ဒါကြောင့် ချန်းဖန်ကြောင့် ကူထန်းမင် ရာထူးချခံရတာဆိုပြီး ဖြစ်သွားတယ် ထင်တာပဲ"

သူဌေးဖူက ပညာရှိ တစ်ယောက်အလား ထပ်မံပြောလိုက်သည်။

သူ၏ စကားအား နားထောင် နေကြသူများကလည်း ခေါင်းညိတ် ကြသည်။ သူဌေးဖူ၏ စဉ်းစားမှုက ပိုမို သင့်လျော်သည်။

ထိုအချိန်၌ ချန်းဖန်နှင့် ဖန့်ချုံးတို့က စုဇီ၏ နောက်မှ လိုက်ရင်း အခန်းအတွင်းသို့ ဝင်လာခဲ့သည်။ စုရန်ဟိုက တရုတ်ရိုးရာ ဝတ်စုံ အနီရောင်ကြီးအား ဝတ်ဆင် ထားကာ စားပွဲတစ်ခု၏ ထိပ်ဆုံး၌ ထိုင်နေခဲ့သည်။ သူ၏ ဘေးမှ စုရန်ကျီ၊ စုယန်ရန်၊ စုကျန်းဒီတို့က ဝိုင်း၍ ထိုင်နေခဲ့သည်။ ချန်းဖန်က စုရန်ဟို၏ နောက်၌ ရပ်နေသော မိန်းကလေးအား စိတ်ဝင်စားစွာ ကြည့်လိုက်မိသည်။

"အဘိုး… ပျော်ရွှင်စရာ မွေးနေ့ဖြစ်ဖို့ ကိုးလေး ဆန္ဒပြုပါတယ်။ အဘိုးရဲ့ ဘဝမှာ ပျော်ရွှင်မှုတွေ အရှေ့ ပင်လယ်ကြီးလောက် ရရှိပြီး တောင်ပိုင်း တောင်တန်းကြီးလောက် အသက်ရှည်ပါစေလို့ ဆုတောင်း ပေးပါတယ်…"

ဖန့်ချုံးက ရှေ့သို့ အနည်းငယ် တိုးကာ မွေးနေ့ ဆုတောင်း ပေးလိုက်သည်။

အဘိုးအိုစုက ပြုံးရင်း ဖန့်ချုံးအား ကြည့်သည်။ မြေးငယ်၏ လိမ္မာပါးနပ်သော အသုံးအနှုန်းအား သူ သဘောကျဟန်ရသည်။

သို့သော်လည်း ချန်းဖန်အား ကြည့်မိသည်နှင့် သူ့မျက်မှာမှ အပြုံးများက ပျောက်ကွယ် သွားတော့သည်။

"ကိုးလေး… အဘိုး မင်းကို တွေ့ရတာ တကယ်ပဲ စိတ်ချမ်းသာပါတယ်။ ဒါနဲ့ ဒီလူငယ်လေးက ဘယ်သူလဲ"

စုကျန်းဒီကလည်း ချန်းဖန်အား တင်းမာစွာ ကြည့်သည်။

"အဘိုး… သူက သမီးရဲ့ ကောင်လေးပါ။ သူ့နာမည်က ချန်းဖန်လို့ ခေါ်ပါတယ်"

ဖန့်ချုံးက တည်ငြိမ်စွာ ပြန်ဖြေသည်။

သူမ စကား အဆုံး၌ တိတ်ဆိတ်မှုက အခန်းတစ်ခုလုံးအား လွှမ်းမိုးသွားခဲ့သည်။ လူတိုင်းက ထိုလူငယ် စုံတွဲအား စိတ်ဝင်စားစွာ ကြည့်ကြသည်။ တစ်ခုခု ဖြစ်တော့မည်မှာ အမှန်ပင် သေချာသည်။

"ကိုးလေး… မင်းက ရည်းစားထားဖို့ အရမ်းကို ငယ်နေသေးတယ်။ အရူး မထစမ်းပါနဲ့။ သူ့ကို အခုချက်ချင်း ပြန်လွှတ်လိုက်။ ဒါက သီးသန့် မွေးနေ့ပွဲ။ လမ်းပေါ်က လူတစ်ယောက်ကို ငါတို့ မကြိုဆိုဘူး"

အဘိုးအို စုရန်ကျီက လက်ထဲမှ လက်ဘက်ရည် ခွက်အား စားပွဲပေါ်သို့ ဆောင့်ချရင်း ပြောသည်။

ဖန့်ချုံး၏ မျက်နှာက တင်းမာသွားပြီး တစ်ခုခု ကာကွယ် ပြောဆိုရန် ပြင်သည်။ သို့သော်လည်း သူမထက် အရင် ချန်ဖန်းက ရှေ့သို့ တစ်လှမ်းတိုးရင်း ပြုံးကာ ပြောလိုက်သည်။

"ကျုပ်က သူ့ရဲ့ ချစ်သူတင် မဟုတ်ဘူး။ သူ့ရဲ့ ယောက်ျားလည်း ဟုတ်တယ်။ ခင်ဗျားမှာ ဘာပြဿနာ ရှိသေးလဲ"

***

All Chapters