သူဌေးကြီးများ စုစည်းခြင်း
Vol. 4 Ch. 324
ချန်းဖန်၏ အတိတ်ဘဝ၌ စုမိသားစုထံသို့ တစ်ခါမျှ မရောက်ဖူးခဲ့ချေ။
ယခုမြင်တွေ့ရသော အခြေအနေများ အရ စုမိသားစု၏ ဖန့်ချုံးအပေါ် ဆက်ဆံမှုက ကောင်းမွန်ပုံ မရချေ။ မနေ့ည ပါတီပွဲမှ အဖြစ်အပျက် များကလည်း သူ့အား စိတ်ပျက်စေသည်။
ထို့ကြောင့်ပင် ချန်းဖန် စုရန်ကျီအား တိုက်ရိုက်မေးခွန်း ပြန်ထုတ်ခဲ့ခြင်း ဖြစ်သည်။ ထိုသူများအား လေးစားနေစရာ မလိုပေ။
"မင်းက ရဲတင်းလှချည်လား"
စုရန်ကျီက ချန်းဖန်၏ စကားလုံးများကြောင့် မျက်နှာ တစ်ခုလုံး နီရဲလာသည် အထိ ဒေါသ ထွက်လာခဲ့သည်။
သူက စုရန်ဟို၏ ဒုတိယအကို ဖြစ်သလို သူတို့၏ အကိုအကြီးဆုံးက ဆုံးပါးသွားခဲ့ရာ မိသားစုအတွင်း အသက်အကြီးဆုံးသူ ဖြစ်သည်။ သူ၏ အရည်အချင်းက အရမ်းကြီး မထူးချွန်သည့်တိုင် သူ့အား ယခုကဲ့သို့ ရိုင်းစိုင်းစွာ ပြောဆိုဝံ့သူ မရှိခဲ့ဖူးချေ။
"ပါးစပ်ကို ပိတ်ထားစမ်း အဘိုးကြီး… ခင်ဗျားသာ ရှောင်ချုံးရဲ့ အဘိုးမဟုတ်ရင် ကျုပ်ကို စကားတောင် ပြောခွင့်ရမှာ မဟုတ်ဘူး"
ချန်းဖန်က နှာခေါင်းရှုံ့ရင်း အော်ငေါက်လိုက်သည်။
စုရန်ကျီက ဒေါသဖြင့် တစ်ကိုယ်လုံး တုန်ခါလာကာ ချန်းဖန်အား လက်ညှိုးထိုး၍ တစ်ခုခု ပြောရန် ကြိုးစားသည်။ သို့သော်လည်း စကားလုံးများက လည်ချောင်းတွင်သာ ထစ်ငေါ့နေခဲ့သည်။
"တော်လောက်ပြီ…"
စုကျန်းဒီက တင်းမာသော မျက်နှာဖြင့် စုစုအား ကြည့်လိုက်သည်။
"စုစု… ဒါက နင်နဲ့ ဖန့်မင်ဒီတို့ ရွေးချယ်ထားတဲ့ နင်တို့ရဲ့ သားမက်လောင်းလား။ ရိုင်းစိုင်းပြီး လေးစားမှု မရှိဘူး။ သူက ငါတို့ မိသားစုထဲက တစ်ယောက်နဲ့ ထိုက်တန်တယ်လို့ ဘယ်လို တွေးလိုက်တာလဲ"
စုစုက ထိတ်လန့် တုန်လှုပ်စွာဖြင့် ချန်းဖန်အား အရိပ်အယောင် ပြသည့် အကြည့်များဖြင့် ကြည့်သည်။ စုမိသားစု၏ စည်းမျဉ်းများအား သူမ ကောင်းစွာ သိသည်။ လူငယ်မျိုးဆက်က လူကြီးများအား ရိုသေစွာ ဆက်ဆံရသည်။ အကယ်၍ ချန်းဖန်သာ အနည်းငယ် ယဉ်ကျေးခဲ့လျှင် စုမိသားစုက သူ့အား အနည်းဆုံးတော့ နွေးထွေးစွာ ကြိုဆိုလိမ့်မည် ဖြစ်သည်။
သို့သော် ချန်းဖန်က သူမ၏ အရိပ်အယောင် ပြမှုအား သတိပြုမိပုံ မရချေ။ သူက ရှေ့သို့ အနည်းငယ် တိုးရင်း အေးဆေးစွာ ပြုံးလိုက်သည်။
"စောက်ရေး မပါတာ။ မင်းတို့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာ ရပ်လိုက်တော့။ ဘာလဲ… စုမိသားစုက ဧကရာဇ် အတွက် အဝတ်အထည်လေး ချုပ်ပေးခဲ့ရုံနဲ့ ဘဝင်မြင့်နေတာလား။ အပ်ချုပ်သမားက အပ်ချုပ်သမားပဲ…"
"ပြန်လည် ထူထောင်ရေးခေတ်မှာ မင်းတို့က ဆွန်ယက်စင်ကို ဖားယားပြီး ဘဏ်လုပ်ငန်း ဘက်ကို ပြောင်းခဲ့တယ်။ တကယ်လို့ စုရန်ဟိုရဲ့ ဆုံးဖြတ်ချက် ကြောင့်သာ မဟုတ်ရင် မင်းတို့မိသားစုက အစိုးရရဲ့ ပိုင်ဆိုင်မှု သိမ်းတာကို ခံလိုက်ရပြီ"
"မင်းတို့ တစ်မိသားစုလုံးမှာ စုရန်ဟို တစ်ယောက်ကပဲ အရည်အချင်း ရှိတယ်။ စုကျန်းဒီ… စုရန်ကျီ… မင်းတို့က ဘာအသုံးကျလဲ။ မင်းတို့မှာ နာမည်ကလွဲရင် ဘာအရည်အချင်း ရှိလဲ။ စုရန်ဟိုသာ သေသွားရင် မင်းတို့ စုမိသားစု ကျရှုံးဖို့ပဲ ရှိတယ်။ မင်းတို့ရဲ့ ပြိုင်ဘက်တွေက အဲအချိန်ကို စောင့်နေကြတာ။ ကူမိသားစု၊ လုမိသားစုတို့လို မိသားစုကြီးတွေနဲ့ ယှဉ်ရင် မင်းတို့က ဟာသ တစ်ခုထက် မပိုဘူး"
ချန်းဖန်က ခေါင်းအား ခါရင်း ပြောလိုက်သည်။ ချန်းဖန်အနေဖြင့် စုမိသားစု အကြောင်းအား တန့်ယွမ်ချင်း စသည့် သူဌေးကြီးများထံမှ စုံစမ်းခဲ့ပြီး ဖြစ်ရာ သူတို့၏ အတွင်းရေးများအား ကောင်းစွာ သိရှိပြီး ဖြစ်သည်။
"ပါးစပ် ပိတ်ထားစမ်း…"
"အဓိပ္ပာယ် မရှိတာ…"
"အစောင့်တွေ… ဒီကောင်ကို ဆွဲထုတ် သွားကြစမ်း…"
ချန်းဖန်၏ စကားလုံးများက ခန်းမအတွင်းရှိ လူများအား ဆူပွက် သွားစေခဲ့သည်။
စုကျန်းဒီက စားပွဲအားထုရင်း ထိုင်နေရာမှ ထရပ်လိုက်သည်။ သူ၏ မျက်နှာမှ ဒေါသများက ထိန်းချုပ်နိုင်ဟန် မရတော့ချေ။
စုရန်ဟိုပင်လျှင် ချန်းဖန်အား မကြည်သည့် အကြည့်ဖြင့် ကြည့်သည်။ သို့သော်လည်း သူ၏ စိတ်တွင်မူ အံ့အားသင့်ခြင်းများက ကြီးစိုး နေခဲ့သည်။ ထိုကောင်လေး အနေဖြင့် မိသားစု အတွင်းရေးများအား ခန့်မှန်းနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
မိသားစု၏ ယိုယွင်းနေသော အခြေအနေများကြောင့် လက်ထပ်ပွဲဖြင့် မဟာမိတ် ပြုလုပ်ရန် သူကြံစည်ခဲ့ခြင်း ဖြစ်သည်။ သူ့အနေဖြင့် ကျိမိသားစု၏ အင်အားကို အသုံးပြုကာ စုမိသားစု ပြန်လည်မြင့်တက် လာစေချင်သည်။
"ကျုပ်ပြောမှာ မှားတာပါနေလား…"
ချန်းဖန်က လက်နှစ်ဖက်အား နောက်သို့ ပစ်ရင်း ပြုံးသည်။
"မင်းတို့က ကျုပ်ဘယ်သူလဲ ဆိုတာကို သိနေရဲ့နဲ့တောင် ရှောင်ချုံးနဲ့ သဘောမတူချင်ဘူး။ အဲဒါက ပညာရှိတဲ့ မိသားစုကြီးရဲ့ လုပ်ရပ်လား။ နှစ်သုံးရာ ကြာပြီးတဲ့နောက် မင်းတို့ ဦးနှောက်တွေက သုံးစားရတဲ့ပုံ မပေါ်တော့ဘူး"
ယခုတစ်ကြိမ်တွင်မူ စုရန်ဟို၏ မျက်နှာ၌ ဒေါသများ ပေါ်ထွက်လာခဲ့သည်။ ချန်းဖန်၏ စိတ်က ထက်ရှသလို သူ၏ စကားလုံးများက ပိုမို ထက်ရှသည်။ သူပြောသမျှတိုင်းက ပြစ်မှတ်အား တည့်မှန်စွာပင် ထိသည်။
ဖန့်ချုံးကမူ စိုးရိမ်စွာဖြင့် ချန်းဖန်၏ လက်အား ဆွဲသည်။ အဆိုးဆုံး အခြေအနေအတွက် သူမ ပြင်ဆင်လာခဲ့သည့်တိုင် ယခုမြင်တွေ့ရသော မြင်ကွင်းက အလွန် ဆိုးဝါးသည်။
"ကောင်လေး… ငါမင်းနဲ့ ငြင်းခုံ မနေတော့ဘူး"
စုကျန်းဒီက စိတ်အား စုစည်းရင်း ဆက်ပြောလိုက်သည်။
"မင်း ငါတို့အတွက် ပူပန်နေပေးဖို့ မလိုပါဘူး။ မင်း ရင်ဆိုင်ရမယ့် သူတွေကိုပဲ အာရုံ စိုက်သင့်တယ်"
သူ၏ စကားအဆုံး၌ သုန်မှုန်သော မျက်နှာနှင့် တည်ငြိမ်ဟန်ရသော လူတစ်ယောက်က ခန်းမအတွင်းသို့ ဝင်ရောက်လာသည်။ စုမိသားစု တတိယမျိုးဆက် များစွာက မတ်တတ်ရပ်ကာ ထိုအသက်လတ်လူအား ကြိုဆိုလိုက်ကြသည်။
"သူဌေးနင်း… ကြိုဆိုပါတယ်"
သူဌေးနင်းက သူတို့အား နှုတ်ဆက်ပြီးနောက် ချန်းဖန်အား တင်းမာစွာ ကြည်ရင်း…
"မင်းက ကျန်းပေ့ရဲ့ ဆရာချန်းလား"
"ဟုတ်တယ်"
ချန်းဖန်က ပြန်ဖြေသည်။
"ကျုပ်နာမည်က နင်းချန်းတုန်… တုန်ချန်း လုပ်ငန်းစုရဲ့ ပိုင်ရှင်။ မင်း ဒဏ်ရာရအောင် လုပ်လိုက်တဲ့ နင်းယုကျီရဲ့ အဖေပဲ"
နင်းချန်းတုန်၏ အမူအရာက တည်ငြိမ်ဟန် ရသည့်တိုင် ဒေါသက သူ့မျက်လုံးများအား ဝင်းဝင်းတောက် စေသည်။
"ဆရာချန်း… ကျုပ်သားက မင်းကို ဘာလုပ်ခဲ့လို့ ခုလို လုပ်ရတာလဲ။"
"သူက ငါ့ရဲ့လမ်းကို နှစ်ကြိမ်အထိ ပိတ်ခဲ့တယ်။ ဒါကြောင့် သူ့ကို သက်သက်ညှာညှာ ဆုံးမပေးလိုက်တာ"
ချန်းဖန်က ပြန်ဖြေသည်။
"သက်ညှာတယ်…"
နင်းချန်းတုန် သူ၏ ဒေါသများအား မနည်း ထိန်းထားရင်း ထပ်၍ မေးလိုက်သည်။
"ခြေတွေ၊ လက်တွေ အားလုံးကို ချိုးပစ်တာက သက်ညှာတယ် ဆိုတော့ မင်းက ဘာလုပ်ချင်နေတာလဲ။ သူ့ကို သတ်မှာလား။ ကျုပ်တို့ တစ်မိသားစုလုံးပါ သတ်မလို့လား"
ချန်းဖန်က ထိုလူကြီး၏ ဒေါသများအား ဂရုမစိုက်သည့်နှယ် ခေါင်းညိတ် လိုက်သည်။
"အမှန်ပဲ…"
လူတိုင်းက ချန်းဖန်၏ ထီမထင်သော အဖြေအား ကြားသည်နှင့် ဆွံ့အ သွားကြသည်။ ထိုဆရာချန်းကား တကယ့်ကို ဂရုမစိုက်တတ်သည့် အရူး ဖြစ်သည်။ သူကား နင်းမိသားစုအား လျစ်လျူရှု့ရဲသည် အထိ ရဲတင်းလွန်းသည်။
ခဏအကြာ၌ နင်းချန်းတုန်က သူ၏ အသံအား နှိမ့်ရင်း…
"ဆရာချန်း… နင်းမိသားစုက ရှန်းမိသားစု မဟုတ်ဘူး။ နောက်ပြီး ဝူကျိုး ဆိုတာကလည်း မင်းလာခဲ့တဲ့ ကျန်းပေ့လို မဖွံ့ဖြိုးသေးတဲ့ နေရာမဟုတ်ဘူး။ မင်းကိုမင်း သတိထားသင့်တယ်"
"မင်းသာ ဒီကိစ္စအတွက် တာဝန် မယူရင် ကျုပ်တို့ နင်းမိသားစုက သေသည် အထိ တိုက်ခိုက်မယ် ဆိုတာ သိထားပါ",
ချန်းဖန်က သူ့အား ပြန်မပြောပဲ နှာခေါင်း ရှုံ့လိုက်သည်။
လူများစွာက ချန်းဖန်အား ကြည့်ရင်း ခေါင်းခါမိကြသည်။ ထိုလူငယ်ကား အမှန်ပင် ဂရုမစိုက်တတ်သူ ဖြစ်သည်။
သူ့အား ချန်းဖန်က စကားပြန်မပြောသည်နှင့် နင်းချန်းတုန်၏ မျက်နှာက နီရဲလာသည်။
"ကောင်းပြီလေ… မင်းက တစ်ယောက်တည်း ရင်ဆိုင်နိုင်မယ် ထင်နေတယ်ပေါ့။ မင်းက နင်းမိသားစုကို ဂရုမစိုက်ဘူးပဲ ထားပါ။ သူတို့နဲ့ပါ ဆိုရင်ရော…"
နင်းချန်းတုန်၏ စကားအဆုံး၌ လူအုပ်စု တစ်စုက အခန်း အတွင်းသို့ ဝင်ရောက် လာခဲ့ကြသည်။ ထိုအုပ်စု၏ ခေါင်းဆောင်က မျက်မှန်တပ်ဆင် ထားသည့် အသက်သုံးဆယ်ခန့် ရှိသော လူငယ်တစ်ယောက် ဖြစ်သည်။
"သူက တန်ကျင်းဖန်… တန့်သခင်လေး။ သူ ဘာလို့ ဒီကို ရောက်လာတာလဲ"
လူငယ်၏ ပေါ်ထွက်လာမှုက လူများအား အတွေးများစေသည်။
"သူက တန်ကျင်းဖန်လား။ သူက ကျောင်းဟိုင်ရဲ့ သခင်လေး လေးယောက်ထဲက တစ်ယောက် မဟုတ်လား။ သူက နင်းမိသားစုနဲ့ ပတ်သက် နေတာလား"
တန်ကျင်းဖန်က အခြားလူများ၏ အကြည့်များအား လျစ်လျူရင်း ချန်းဖန်အား တင်းမာစွာ ကြည့်လိုက်သည်။
"မတွေ့ရတာ ကြာပြီနော် ဆရာချန်း…"
"ယွင်ဝူရေအတွက် ခင်ဗျား ကျုပ်ကို ငြင်းလိုက် ကတည်းက ဆိုပါတော့။ ခုလို အခြေအနေမျိုးနဲ့ ပြန်တွေ့ရမယ်လို့ မထင်ထားဘူး"
ထိုတိုင်းက ထိုမြင်ကွင်းအား စိတ်ဝင်တစား ကြည့်ကြသည်။
"တန်ကျင်းဖန်က ဆရာချန်းနဲ့ သိတာလား။ သူတို့ကြည့်ရတာ ပြဿနာ ရှိခဲ့ပုံပဲ"
"ဒီကောင်လေးတော့ သေပြီပဲ။ တန်မိသားစုက တရုတ်ရဲ့ ဆေးကုမ္ပဏီ တစ်ဝက်လောက်ကို ထိန်းချုပ်ထားနိုင်တာ။ နင်းမိသားစုထက် လုံးဝ အားမနည်းဘူး"
ချန်းဖန်ကမူ တန်ကျင်းဖန်အား တစ်ချက်မျှ လှည့်မကြည့်ခဲ့ချေ။ တန်ကျင်းဖန်က နှာခေါင်း တစ်ချက် ရှုံ့ရင်း နင်းချန်းတုန် အနားသို့ သွားရပ်ကာ သူ၏ ရပ်တည်မှုအား ပြသည်။
ထိုစဉ်မှာပင် ကြေညာသံက ကျယ်လောင်စွာ ပေါ်ထွက် လာခဲ့ပြန်သည်။
"သခင်လေးကျိ၊ ကျိလော့ချန်း ရောက်ရှိလာပါပြီ"
ထိုအသံအား ကြားသည်နှင့် လူတိုင်းက ဝင်ပေါက်နေရာသို့ အပြေးအလွှား ကြည့်ကြသည်။
လူငယ်တစ်ယောက်နှင့် ဆံပင်ဖြူအဘိုးအို တစ်ယောက်တို့က ဝင်ပေါက်အား ဖြတ်သန်း၍ ခန်းမအတွင်းသို့ ဖြည်းညင်းစွာ ဝင်လာသည်လား လူတိုင်း တွေ့မြင် လိုက်ရသည်။
ထိုအဘိုးအို၏ နောက်တွင်မူ မျက်မှန်ထူကြီး တပ်ဆင်ထားသော အသက်လတ် လူတစ်ယောက် ပါလာသည်။
ထိုလူကြီးအား မှတ်မိသူ အချို့က အံ့ဩတကြီး ရေရွတ်လိုက်ကြသည်။
"သူလည်း လာတာလား။ သူက လို့ကျင်းဟိုင်ရဲ့လူ မလား"
သူဌေးဖူက သူ၏ ခေါင်းအား ခါယမ်းရင်း…
"ဒါက သူတို့ရဲ့ ဝှက်ဖဲလား။ ကျန်းနန်နယ်ထဲက ဘယ်သူကမှ လို့ကျင်းဟိုက်ကို မဆန့်ကျင် ရဲဘူး။ ကောင်လေးတော့ သေပြီပဲ"
လူများက ထိုအဘိုးအိုတို့ အဖွဲ့အား လမ်းဖယ် ပေးကြသည်။ အဘိုးအိုက ခန်းမအတွင်းသို့ ရောက်သည်နှင့် ချန်းဖန်အား ကြည့်လိုက်ရင်း…
"မင်းက ကျန်းပေ့ရဲ့ ဆရာချန်းပေါ့ ဟုတ်လား…"
***