← Chapters

ဖိအားများ

Vol. 4 Ch. 325

ဖိအားများ

Vol. 4 Ch. 325

အဘိုးအိုကျိက ချန်းဖန်၏ အဖြေအား မစောင့်ပဲ ဆက်၍ ပြောလိုက်သည်။

"မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ခုလောက်ထိ အောင်မြင်နေတာ ဆိုတော့ တကယ်ပဲ ထူးချွန်ပါတယ်။ မင်းရဲ့ သတင်းကို ကျောင်းဟိုင်ကတောင် ကြားရတယ်။ သူက မင်းရဲ့ နတ်ဘုရား စွမ်းအားတွေ၊ အစွမ်းထက်တဲ့ အစီအရင်တွေ အကြောင်းကို မဆုံးနိုင်အောင် ပြောဆို နေကြတယ်"

အဘိုးအိုကျိက သူ၏ စကားအား ချီဝမ်းခြင်းဖြင့် စခဲ့သည့်တိုင် သူ၏ မျက်လုံးတွင်မူ အေးစက်ခြင်းက လျင်မြန်စွာ ဖြစ်ပေါ်လာနေသည်။

"အဘိုးကျိ… နားလည်မှု လွဲနေတာ တစ်ခုခု ရှိရမယ်"

ဖန့်ချုံးက ရှေ့သို့ တစ်လှမ်း တိုးလိုက်ရင်း ပြောသည်။ ချန်းဖန်မှာ နင်းမိသားစု၊ တန်မိသားစုများနှင့် ရင်ဆိုင် ရဦးမည် ဖြစ်သည်။ ထိုအင်အားစုထဲသို့ ကျိမိသားစု ထပ်တိုး လာသည်ကို သူမ မလိုလားပေ။

"မင်းက ဖန့်ချုံးလား…"

အဘိုးအိုကျိက ဖန့်ချုံးအား ပြုံးရင်း ကြည့်သည်။

"တကယ် လိမ္မာပါးနပ်တဲ့ ကောင်မလေးပဲ။ စုမိသားစုက မင်းကို တန်ဖိုစထားတာ မဆန်းဘူး။ မင်းသာ ကျုပ်ရဲ့မြေး လော့ချန်းကို လက်ထပ်ဖို့ ဆန္ဒရှိရင် ကျိမိသားစုရဲ့ လုပ်ငန်းတွေ အားလုံးကို မင်းရဲ့ လက်ထဲ အပ်လိုက်မိမှာ"

အဘိုးအိုကျိ၏ စကားအား ကြားသည်နှင့် စုချင်၏ မျက်လုံးများက သဝန်တိုမှုဖြင့် အစိမ်းရောင် တောက်လောင် လာခဲ့သည်။ ကျိမိသားစု၏ ပိုင်ဆိုင်မှု အားလုံးအား လွှဲပြောင်း ရယူနိုင်သူမှာ အနည်းဆုံး ကျန်းနန်နယ်၏ အချမ်းသာဆုံး စာရင်း၌ ဝင်နိုင်လိမ့်မည် ဖြစ်သည်။ ဖန့်ချုံးကား ငယ်ငယ်ရွယ်ရွယ် နှင့်ပင် ဤကဲ့သို့ အခွင့်အရေးမျိုးအား ပိုင်ဆိုင်ရန် အခွင့်အလမ်း ရှိနေခဲ့သည်။

"တောင်းပန်ပါတယ် အဘိုးကျိ။ သမီးမှာ ကောင်လေး ရှိပါတယ်"

ဖန့်ချုံးက ပြုံးရင်း ယဉ်ကျေးစွာ ငြင်းပယ်သည်။

"သူက ရည်းစားပဲ မလား။ ဘယ်အရာကမှ တည်မြဲ မနေဘူးလေ။ ကျုပ်ရဲ့ မြေးကို အခွင့်အရေး တစ်ခါလောက် ပေးသင့်တယ်။ သူက စီးပွားရေး လုပ်ငန်းတစ်ခုရဲ့ စီအီးအိုတောင် ဖြစ်နေခဲ့ပြီ။ မင်းသာ သူနဲ့ လက်ထပ်မယ် ဆိုရင် ကျောင်းဟိုင်ရဲ့ အနာဂတ် အချမ်းသာဆုံး ပုဂ္ဂိုလ်က မင်းဖြစ်လာမှာပါ"

အဘိုးအိုက ဖန့်ချုံးအား ဖိအားပေးသည်။ သူက ချန်းဖန်အား ရှိသည်ဟုပင် သဘော မထားချေ။

ကျိလော့ချန်းကလည်း ဖန့်ချုံးအား နွေးထွေးစွာ ပြုံးပြသည်။

ဖန့်ချုံးက တစ်ခုခုအား ပြန်ပြောချင်သည့်တိုင် စကားလုံးများက ထွက်မလာခဲ့ချေ။

ချန်းဖန်က မျက်လုံးများအား ကျဉ်းမြောင်းလိုက်ရင်း…

"ဖန့်ချုံးက ကျုပ်ရဲ့ မိန်းကလေးပဲ။ အဘိုးကြီး… ခင်ဗျားမြေး အစုတ်ပလုတ်ကို ပြောလိုက်။ သူက ကျုပ်ရဲ့ ပြိုင်ဘက်ဖြစ်ဖို့ မထိုက်တန်ဘူး"

ချန်းဖန်၏ ကြမ်းတမ်းသော စကားကြောင့် အဘိုးကြီးကျိ၏ မျက်နှာမှ အပြုံးများက အငွေ့ပျံသွားသည်။

ကျိလျှိုကျူး အနေဖြင့် ချန်းဖန်က သူ့အား ထိုကဲ့သို့ ဆက်ဆံရဲလိမ့်မည်ဟု မထင်ထား ခဲ့ချေ။ ထို အရိုင်းအစိုင်းကောင်က ကျိမိသားစုက မည်သို့တွေးနေသည်ကို မပြောတတ်ပေ။

နင်းချန်းတုန်က သူက ထိုင်ခံမှ ထရပ်ရင်း ချန်းဖန်အား…

"မင်းရဲ့ စောက်ပါးစပ်ကို ပိတ်ထားစမ်း။ မင်းရဲ့ မိဘတွေက လူကြီးကို ဒီလို ဆက်ဆံဖို့ သင်ပေးထားလား"

"ဟုတ်တယ်… ဆရာချန်း… သခင်ကြီးကျိက အကြီးအကဲ တစ်ဦးပဲ။ သူ့ကို ဒီလို မဆက်ဆံသင့်ဘူး"

တန်ကျင်းဖန်ကလည်း ဝင်ပြောသည်။

စုကျန်းဒီက အေးစက်စွာ နှာခေါင်းရှုံ့ရင်း…

"စုစု… နင့်သမီး ရွေးထားတဲ့ ကောင်ကို ကြည့်စမ်း။ တကယ့် အရိုင်းအစိုင်းပဲ။ စုမိသားစု သိက္ခာကိုတောင် စော်ကားရဲတယ်"

စုစုမှာ မည်သို့ ပြန်ပြောရမှန်း မသိတော့ချေ။

ပြင်းထန်သော ဝေဖန်မှုများက အခန်းအတွင်း ဆူညံစွာ တစ်ယောက် တစ်ပေါက် ထွက်ပေါ်လာကာ ချန်းဖန်အား တိုက်ခိုက် ကြသည်။ စုရန်ဟိုက မျက်လုံးများအား သက်သောင့်သက်သာ ပိတ်ရင်း အနားယူသည်။ စကားလုံးများဖြင့် တိုက်ခိုက်မှုများအား လုံးဝ တားဆီးခြင်း မပြုပေ။

စုရှောင်က အဘိုးအိုစု၏ နောက်၌ ရပ်ရင်း ချန်းဖန်အား စိတ်ဝင်တစား ကြည့်သည်။ ထိုကောင်လေးအား စတွေ့ချိန်မှ စ၍ သူမ အမှန်ပင် စိတ်ဝင်စားမိသည်။ အခြားလူများက သူ့အား မည်မျှပင် တိုက်ခိုက် နေစေကာမူ သူက ဂရုစိုက်ပုံ မရချေ။ ထို့အစား နင်း၊ တန် နှင့် စုမိသားစု များကိုပင် စိန်ခေါ်လိုက်သေးသည်။

တစ်ခဏမျှ အကြာ၌ အဘိုးအိုကျိက ခေါင်းအား ခါယမ်းရင်း…

"ကောင်လေး… ငါမင်းရဲ့ အောင်မြင်မှုတွေကို နှစ်သက်မိသလို ချီးလည်း ချီးကျူးပါတယ်။ ဒါပေမဲ့ မင်းထက်ဝောာ်တဲ့ သူဆိုတာ ရှိစမြဲပဲ။ နောက်ပြီး ဒါက ကျန်းပေ့ မဟုတ်ဘူး။ ဒါကြောင့် စကားပြောတဲ့ နေရာမှာ ဂရုစိုက်ပါ"

အဘိုးအို၏ စကားက တည်ငြိမ်ဟန် ရသည့်တိုင် အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေခဲ့သည်။

"ဝူကျိုးနဲ့ ကျောင်းဟိုင်က ဘာတွေ ထူးခြားနေ လို့လဲ။ ကျုပ်က ကမ္ဘာပေါ်မှာ ကြိုက်သလို နေမယ်။ ကျုပ်ကို ဆုံးမဖို့ ခင်ဗျားကို ဘယ်သူက အခွင့်ပေးထားလဲ"

ချန်းဖန်၏ စကားသံက လေထုအား ပိုမို ပူပြင်းလာစေသည်။

"အဓိပ္ပာယ် မရှိတာ…"

"အရှက်မဲ့လှ ချည်လား…"

"သူက ဘာပြောနေမှန်းတောင် သိရဲ့လား…"

နင်းချန်းတုန်ကလည်း နှာခေါင်းရှုံ့ရင်း…

"ကောင်လေး… မင်းကို ဘယ်သူက ဒီလောက် ရိုင်းစိုင်းအောင် သင်ပေးထားတာလဲ။ ငါတို့ မိသားစုတွေ ပေါင်းထားတဲ့ အင်အားက ဆရာချန်း ဆယ်ယောက် လောက်ကို မျိုးတုန်းပစ်လို့ ရတယ်"

စုကျန်းဒီနှင့် အခြားလူများကလည်း ခေါင်းညိတ်သည်။ ဆရာကျန်းဆိုသော ပုဂ္ဂိုလ်မှာ ကျန်းပေ့နယ်၌ မင်းမူ နိုင်သည့်တိုင် ကျန်းနန်နယ်မှ သူဌေးကြီးများနှင့် ယှဉ်ပါက ဘာမျှ မဟုတ်ချေ။ အကယ်၍ ထိုကောင်လေး အကြမ်းဖက်လာလျှင်ပင် ဥပဒေ ထိန်းသိမ်းရေး အဖွဲ့အား ခေါ်ကာ ထောင်ထဲသို့ ထည့်လိုက်ရုံသာ ရှိသည်။

ကျိလော့ချန်းက သူ၏ မျက်မှန်အား အနေအထား တည့်လိုက်ရင်း…

"အန်ကယ်နင်း… ဆရာချန်းက ကျင်းမြို့တော် ချန်းမိသားစုကပါ။ နောက်ပြီး သူ့အမေက ကျင်းရှို့လုပ်ငန်းစုရဲ့ ပိုင်ရှင်ပါ"

"ကျင်းမြို့တော် ချန်းမိသားစု… ကျင်းရှို့ လုပ်ငန်းစု…"

နင်းချန်းတုန်က ထိုနာမည်များအား ဂရုမစိုက်သည့်နှယ် နှာခေါင်းရှုံ့သည်။

ချန်းမိသားစုမှာ လွန်ခဲ့သော နှစ်ဝက်က ရုတ်တရက် မြင့်တက်လာခဲ့ပြီး နင်းမိသားစုကိုပင် ယှဉ်နိုင်သည် အထိ ကြီးထွား လာခဲ့သော်လည်း ကျင်းရှို့ လုပ်ငန်းစု၏ ကြွယ်ဝမှုမှာမူ တုန်ချန်း လုပ်ငန်းစုနှင့် မယှဉ်နိုင်သေးချေ။

"ဟုတ်တယ်… နောက်ပြီး ဆရာချန်းမှာ အဘိုးကြီးဝေ့ရဲ့ နောက်ခံလည်း ရှိနေသေးတယ် တဲ့" ကျိလော့ချန်းက ဆက်လက် ပြောသည်။

"အဘိုးကြီးဝေ့… ဘယ်က အဘိုးကြီးဝေ့လဲ…"

အဘိုးအို စုရန်ကျီက သံသယ ဖြစ်စွာ မေးသည်။

"မင်းပြောချင်တာက ကျန်းပေ့ရဲ့ ဝေ့ဖူလား…"

ဝေ့ဖူ ဆိုသော အနည်က လူများစွာ စိတ်ဝင်စားမှုအား သိမ်းကြုံးယူသွားသည်။ ဝေ့ဖူမှာ စစ်တပ်၌ ဗိုလ်ချုပ်ရာထူးအထိ တက်လှမ်းနိုင်ခဲ့ပြီး လွန်ခဲ့သည့် ဆယ်နှစ်ခန့်က အနားယူခဲ့သည်။ သို့သော်လည်း ဝေ့မိသားစုမှာ ကျိ၊ စုမိသားစုတို့နှင့် နှိုင်းယှဉ်ပါက အားနည်းနေသေးသည်။

"သူက ဝေ့မိသားစုနဲ့ အဆက်အဆံ ရှိတာနဲ့ပဲ ကြိုက်တာ လုပ်လို့ ရမယ် ထင်နေတာလား…"

စုကျန်းဒီက အေးစက်စွာ ပြောလိုက်သည်။

"မကုန်သေးပါဘူး။ ဆရာချန်းက လီဝူချန်းရဲ့ ထောက်ခံမှုကိုလည်း ရထားသေးတယ်"

ကျိလော့ချန်းက သူ၏ မျက်မှန်အား ချွတ်ကာ ချန်းဖန်အား ကြည့်သည်။ ချန်းဖန်နှင့် လီဝူချန်း၏ ပတ်သက်မှုအကြောင်း ကြားမိသည့် အချိန်က သူအလွန်ပင် အံ့ဩခဲ့ရသည်။ လီဝူချန်းက ချန်းဖန်၏ ဝှက်ဖဲ ဖြစ်နိုင်သည်။ လီဝူချန်းကြောင့်သာ မဟုတ်ပါက ကူထန်းမင်အား ဖယ်ရှားရန် မဖြစ်နိုင်ပေ။

"လီဝူချန်း…"

လူတိုင်းက ထိုနာမည်အား အသည်းအသန် တွေးလိုက်ကြသည်။ လီဝူချန်းမှာ စစ်တပ်၌ ဗိုလ်ချုပ် ရာထူးအား ပိုင်ဆိုင်ထားသူ ဖြစ်သည်။ လို့ကျင်းဟိုင်ကဲ့သို့ လူမျိုးသာ သူနှင့် အဆင့်ချင်း ယှဉ်နိုင်သည်။ ထိုနာမည်က စုရန်ဟိုအား အနည်းငယ် တုန်လှုပ်သွားစေသည်။

သူ အစိုးရအတွက် အလုပ်လုပ်ပေးစဉ်က သူ၏ ရာထူးမှာ လီဝူချန်းထက် မြင့်သည့်တိုင် သူအနားယူသည်က ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။

"ရှောင်ဖန်… နင် ဘယ်လို လီဝူချန်းနဲ့ သိတာလဲ"

ဖန့်ချုံးပင် ချန်းဖန်အား အံ့အားသင့်စွာ မေးသည်။

ကျန်းနန်နယ်မှာ လီဝူချန်း၏ တိုက်ရိုက် အုပ်ချုပ်မှု အောက်တွင် ရှိရာ ချန်းဖန်သာ သူ၏ ကာကွယ်မှုအောက်၌ ရှိသည် ဆိုပါက နင်းမိသားစု၊ ကျိမ်သားစုတို့ အနေဖြင့် မည်သို့မျှ ပြုလုပ်နိုင်မည် မဟုတ်ပေ။

"သူက ကိုယ့်ကိုယ်ကို အထင်ကြီးနေတာ မထူးဆန်းဘူးပဲ။ လီဝူချန်းကတောင် သူ့ကို ကာကွယ် ပေးထားတယ်"

စုချင်ကလည်း တီးတိုး ရေရွတ်မိသည်။

"လီဝူချန်းက တကယ်ပဲ အင်အားကြီးသူ တစ်ယောက်ပါ။ ဒါပေမဲ့ သူနဲ့ အင်အားချင်း မကွာခြားတဲ့သူ ကျန်းနန်နယ်မှာ ရှိပါသေးတယ်"

ကျိလော့ချန်းက လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များအား လျစ်လျူကာ သူဘေးရှိ အသက်လတ် လူကြီးအား ကြည့်သည်။

"ဒါရိုက်တာ ရွှယ်…"

"သူက ဒါရိုက်တာ ရွှယ်ချန်းနင် မလား"

လူများစွာက ထိုပုဂ္ဂိုလ်အား ကြည့်ကြသည်။

အသက်လတ်လူကြီးက နွေးထွေးစွာ ပြုံးရင်း အဘိုးအိုစု ဘက်သို့ လှည့်ကာ…

"သခင်ကြီးစု… ဆရာလို့က အလုပ်ရှုပ်နေတာကြောင့် ကျွန်တော့်ကို ကိုယ်စား လွှတ်လိုက်ပါတယ်"

စုရန်ဟိုက မတ်တတ်ရပ်ကာ သူ့အား ကြည့်ရင်း…

"ရပါတယ်လို့ ဆရာလို့ကို ပြောပြပေးပါ"

ဒါရိုက်တာရှောင်မှာ ဆရာလို့၏ အတွင်းရေးမှူး ဖြစ်ရာ ကျန်းနန်နယ်၏ လွှမ်းမိုးမှု အရှိဆုံး ပုဂ္ဂိုလ်နှင့် အနီးကပ်ဆုံးလူ ဖြစ်သည်။

စုစုနှင့် ဖန့်ချုံးတို့မှာ ထိုအခြေအနေအား ကြည့်ရင်း စိတ်လှုပ်ရှား လာကြသည်။ ကျိမိသားစုက သူတို့၏ အင်အားအကြီးဆုံး မဟာမိတ်အား ထုတ်သုံးလိမ့်မည်ဟု မထင်မှတ် ထားခဲ့ပေ။

နင်းချန်းတုန်… စုရန်ဟို… တန်ကျင်းဖန်… ကျိလျှိုကျူ...။

ထိုကဲ့သို့သော အင်အားစုများ စုပေါင်းထားသည့် အင်အားကို လီဝူချန်း ရင်ဆိုင်နိုင်ရန် မျှော်လင့်နိုင်သည့်တိုင် ဒါရိုက်တာရွှယ်တို့ပါ ပါဝင်လာခြင်းက မျှော်လင့်ချက် ကင်းမဲ့စေသည်။

"ဆရာချန်း… ခင်ဗျား ပြောချင်တာ တစ်ခုခု ရှိသေးလား"

ကျိလော့ချန်းက မျက်မှန်အား ပြန်တပ်ရင်း မေးလိုက်သည်။

***

All Chapters