မှန်ချပ်ထဲမှာရှိနေတဲ့ ပန်း နှင့် ရေကန်ထဲမှာ ရောင်ပြန်ဟပ်နေတဲ့ လရိပ်(1)
Vol. 3 Ch. 21
ကွမ်းကျစ်ရေးသားထားခဲ့သည့် အဖြေမှန်တွေဆိုသည်က ဟိုးအစပိုင်းမှာကတည်းက ကြိုတင်ရေးသားထားခြင်းဖြစ်သည်။ ဤအဖြေလွှာအတွင်း၌ စံအိမ်ဟောင်းကြီးအတွင်း ဖြစ်ပျက်ခဲ့သည့် သေဆုံးမှုလေးခု၏ တည်နေရာလေးခုကို ရေးထားခဲ့လေ၏။
လွန်ခဲ့သည့် (၂၅)နှစ်ခန့်တွင် သူ့၏မိဘနှစ်ပါးလုံး မီးလောင်မှုကြောင့် သေဆုံးသွားခဲ့ကြပြီး ထိုမီးလောင်မှု မတော်တဆဖြစ်ခဲ့သည့် နေရာသည်ကား ပထမထပ်မှ အဓိက ဟောခန်းကြီးထဲ၌ ဖြစ်လေသည်။
မျက်မြင်တွေ့ခဲ့ရတဲ့ အစေခံများ၏ ပြောစကားအရ ကွမ်းကျစ်၏ ဖခင်မှာ ရုတ်တရက်ဆိုသလို ထူးဆန်းသည့် အမူအယာနဲ့ မိမိကိုယ့်ကိုယ် မီးလောင်ကျွမ်းစေခဲ့ပြီး မီးကို ငြိမ်းသတ်ဖို့အတွက် အပြင်းအထန် ကြိုးစားခဲ့သည့် ကွမ်းကျစ်၏ မိခင်ကိုပါ ထိခိုက်စေခဲ့သည်။
ထိုကိစ္စများ ဖြစ်ပျက်ပြီး မကြာခင်အချိန်၌ပင် ကွမ်းကျစ်၏ အဘွားဖြစ်သူမှာ လှေကားပေါ်မှ လိမ့်ကျပြီး ခေါင်းတွင် ဒဏ်ရာရရှိသွားခဲ့ပြန်သည်။ သူမအား ဆေးရုံသို့ အချိန်မှီပို့လိုက်နိုင်ခဲ့သော်လည်း အသက်အရွယ် ကြီးရင့်နေပြီဖြစ်သောကြောင့် အဆုံးတွင်တော့ ဆေးရုံ၌သာ ကွယ်လွန်သွားခဲ့ပေသည်။
ထိုကိစ္စများ ဖြစ်ပွားခဲ့ပြီး တစ်နှစ်ခန့်အကြာတွင်တော့ သူ့၏ ညီမလေးဖြစ်သူမှာ ကလေးထိန်း၏ ပေါ့ဆမှုကြောင့် တတိယထပ် ၀ရန်တာမှ ပြတင်းပေါက်ပေါ်မှတဆင့် သစ်ပင်ပေါ်တွင် ပွင့်နေသည့် ပန်းကို လှမ်းခူးခဲ့ချိန်အတွင်း ပြုတ်ကျသွားကာ ဇက်ကျိုးပြီး သေဆုံးသွားခဲ့ရပြန်သည်။
သူ့၏ဇနီးသည်ဖြစ်သူနဲ့ မြေးမလေးတို့၏ ရုတ်တရက် သေဆုံးမှုသွားခြင်းတွေက မိသားစု၏အကြီးအကဲဖြစ်သည့် အဘိုးကွမ်းကို ပြင်းပြင်းထန်ထန် တုန်လှုပ်သွားစေပြီး အမွေပိုင်ဆိုင်မှု ခွဲဝေတဲ့ သေတမ်းစာတစ်စောင်ကို အဆောတလျှင် ပြင်ဆင်တော့သည်။ ထိုသို့ရေးသားခဲ့ပြီး နောက်တစ်ရက်တွင်တော့ သူသည်လည်း ရုတ်တရက် ဦးနှောက်သွေးကြောပြတ်ပြီး ကွယ်လွန်သွားခဲ့တော့သည်။
အိမ်မှငှားရမ်းထားသည့် အစေခံမှ ထိုအကြောင်းကို သိရှိသွားချိန်တွင်တော့ အဘိုးဖြစ်သူ၏ခန္ဓာကိုယ်မှာ အေးစက်နေလေပြီ။
နှစ်အနည်းငယ်အတွင်းမှာပဲ လူငယ်လေးကွမ်းကျစ်မှာ သူ့၏ မိသားစုဝင်များအားလုံးကို ဆုံးရှုံးခဲ့ရသည်။ ထို့အတွက်ကြောင့် အရင်တုန်းကလိုမျိုး တက်ကြွပျော်ရွှင်နေတတ်သည့် သူဌေးကြီးရဲ့ အကြီးဆုံးမြေးလေးမဟုတ်တော့ဘဲ နာကျင်မှုများကို တစ်ကိုယ်လုံးမှာအပြည့် သယ်ဆောင်ထားခဲ့ရသည့် သာမန်လူတစ်ယောက်သာဖြစ်လာခဲ့ချေတော့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေတခဲ့ကြသည့် ကြည့်ရှုသူများအားလုံးက သူ၏အတွေ့အကြုံများကိုကြားလိုက်ရချိန်တွင် အလွန်အမင်း စိတ်မကောင်းဖြစ်သွားခဲ့ကြရသည်။
[ဒီမိသားစုက တော်တော်ကြီးကို ကံဆိုးတာပဲ.. စံအိမ်ပိုင်ရှင်ရဲ့ ပုံစံက ဒီလောက်ထိ စိတ်ဓာတ်ကျနေတဲ့ပုံပေါက်တာလဲမပြောနဲ့ .. ဒီလို အဖြစ်မျိုးကို ရင်ဆိုင်ကြုံတွေ့ရတဲ့ ဘယ်သူမဆို ကြီးမားတဲ့စိတ်ဒဏ်ရာတော့ ကျန်ခဲ့မှာပဲ]
[စံအိမ်ပိုင်ရှင်က ဘာတွေများလုပ်ခဲ့လို့ ဒီလောက်တောင် ဆိုးဆိုးဝါးဝါး ကျိန်စာတိုက်ခံခဲ့ရတာများလဲ]
အချိနာငါးနာရီခန့်ကြာအောင် စံအိမ်ကို လေ့လာကြည့်ရှုပြီးသည့်နောက်တွင် အဖြေမှန်ကို အနီးစပ်ဆုံးဖြေနိုင်သူများက ပြိုင်ပွဲဝင် နံပါတ် (၁) ရှင်းယိကျင်း၊ ပြိုင်ပွဲဝင် နံပါတ် (၂) ပိုင်စစ်နှင့် ပြိုင်ပွဲဝင် နံပါတ် (၉) လူငယ်လေး ဟဲမီတု တို့ဖြစ်ကြသည်။
သူတို့အားလုံးက ထိုမတော်တဆမှုများဖြစ်ပွားခဲ့သည့် နေရာများနှင့် အခန်းများကို ရေးသားနိုင်ခဲ့ကြပြီး ထိုနေရာများက သေဆုံးခြင်း အငွေ့အသက်အများဆုံးဖြစ်ကြောင်းနှင့် လူသတ်ခံရဖူးတဲ့အကြောင်းများကို ချရေးထားခဲ့ကြသည်။
နံပါတ် (၆)ဒေစီကဲ့သို့ တခြားပြိုင်ပွဲဝင်များကတော့ အဖြေမှန်နှင့် နှစ်ခု၊ သုံးခုလောက်အထိ တူညီအောင် ချရေးထားနိုင်ခဲ့ကြလေ၏။
ပြိုင်ပွဲဝင်တွေအားလုံးထဲတွင် ကုကျစ်စုန့်တစ်ဦးတည်းကသာ အဖြေမှန်များအားလုံးနှင့် ဖြစ်ပွားခဲ့သည် အကြောင်းအရာအသေးစိတ်များကိုပါ တိတိကျကျ ဖြေဆိုနိုင်ခဲ့သည်။
သူမ၏အဖြထဲ၌ မတော်တဆမှုများ ဖြစ်ပွားခဲ့သည် နေရာအတိအကျ၊ အတိတ်တုန်းက ထိုနေရာတွေ၌ ဖြစ်ပွားခဲ့သည့် စိတ်ဓာတ်ကျစရာ အဖြစ်အပျက်များကိုပါ ရေးသားထားခဲ့ချေသည်။
အချိန်ခဏတာအတွင်းမှာ ပြိုင်ပွဲဝင်များအားလုံးက သူမဆီသို့ အထင်ကြီးသည့်မျက်လုံး၊ စပ်စုလိုသည့် မျက်လုံးများဖြင့် လှမ်းကြည့်လာခဲ့ကြသည်။
အထူးသဖြင့် ရှင်းယိကျင်း၏မျက်နှာက လုံးဝမယုံကြည်ကြောင်းကို ချရေးထားသလိုမျိုး ဖြစ်နေခဲ့ချေသည်။
တင်ဆက်သူ လျို့သည်လည်း နှလုံးသားထဲ၌ ခပ်တိုးတိုးရေရွတ်ခဲ့မိချေသည်:
“ကျွန်တော် စုန့်စုန့်ကို တစ်ခုလောက်မေးချင်ပါတယ်.. မင်း ဘာလို့ အဖြစ်အပျက်တွေကို (၆)ခုလို့ ရေးထားတာလဲ? စံအိမ်ပိုင်ရှင် မစ္စတာကွမ်းက အဖြေမှန် (4)ခုကိုပဲ ပေးထားတာလေ.. ဒီအိမ်ထဲမှာ သူတောင် မသိထားခဲ့တဲ့ အဖြစ်အပျက်တွေများ အတိတ်မှာ ရှိနေခဲ့သေးတာလား??”
ကုကျစ်စုန့်၏ အဖြေလွှာထဲ၌ အဖြေမှန် (၄)ခုအပြင် နောက်ထပ် စာကြောင်းနှစ်ခုလည်း ပေါင်းထည့်ရေးထားသေးကြောင်းကို သူ မြင်တွေ့ထားခဲ့သည်။
‘မီးဖိုချောင် - ကံကြမ္မာဆိုး, ရုပ်ရည်ထိခိိုက်မှု သို့မဟုတ် ကိုယ်လက်အင်္ဂါထိခိုက်’
‘စတိုခန်း - ယင်စွမ်းအင်က ထူထပ်ပြီး ခရမ်းရောင် ဖြစ်နေ၊ အဆိပ်မိပြီး သေထားတာ ဖြစ်နိုင်’
“ဒါတွေက တကယ်ဖြစ်ခဲ့တာကြောင့် ကျွန်မ ချရေးခဲ့တာ.. ဒီအဖြစ်အပျက်နှစ်ခုလုံးနဲ့ စံအိမ်ပိုင်ရှင်ရဲ့ကြားထဲက ဆက်သွယ်မှုက အားနည်းတယ်၊ ဒီမတော်တဆမှုတွေကို ခံစားခဲ့ရတာက သူ့ရဲ့ ဆွေမျိုးထဲက မဟုတ်နိုင်ဘူး”
ကုကျစ်စုန့် မျက်မှောင်ကြုတ်ပြီးမှ ဆက်ပြောလိုက်၏ ။
“ဒါပေမယ့် ပရိုဂရမ်အဖွဲ့က ‘ဒီအိမ်မှာ ဘာတွေဖြစ်ခဲ့တာလဲ’လို့ မေးထားတာ မဟုတ်ဘူးလား?? အဲဒါက ရှင်တို့ မေးခွန်းခေါင်းစဉ်တွေရဲ့ အားနည်းချက်ပဲလေ..”
“သူမ ပြောတာ မှန်ပါတယ်၊ ကုတောက်ကျန့် ရေးထားတဲ့ အဖြေတွေကို မမြင်ခင်ထိ ကျွန်တော်မေ့နေခဲ့တာ”
ကွမ်းကျစ် သူ၏အောက်နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိပြီး ကုကျစ်စုန့်ကို ဝေခွဲရခက်ခဲသည့်မျက်နှာအမူအရာဖြင့်နဲ့ ကြည့်လာခဲ့သည်။
“ကျွန်တော် ငယ်ငယ်တုန်းက မီးဖိုချောင်ထဲမှာ မတော်တဆမှု ဖြစ်သွားတဲ့ စားဖိုမှူးတစ်ယောက်ရှိခဲ့တယ်။ သူ့ရဲ့ အရေပြားက ဆူပွတ်နေတဲ့ ရေနွေးကြောင့် အပူလောင်ပြီး ထိခိုက်သွားခဲ့တယ်… “
ထိုမတော်တဆမှုဖြစ်ပွားပြီးနောက် ကွမ်းမိသားစုမှ သူ့ကို ခွဲစိတ်မှုလုပ်ဖို့ ပိုက်ဆံတွေအများကြီးပေးခဲ့သော်လည်း စားဖိုမှူးကတော့ အလုပ်ထွက်သွားခဲ့ပြီး လုံးဝပြန်မလာခဲ့တော့ပေ။
အဆိပ်မိပြီး သေဆုံးသွားမှုကတော့ လူမဟုတ်ဘဲ ကွမ်းကျစ် ငယ်စဉ်က မွေးထားခဲ့သည့် အိမ်မွေးတိရိစ္ဆာန်ငယ်လေးဖြစ်လေ၏။
ထိုအဖြစ်အပျက်သည်ကား သူတို့၏မိသားစုအတွင်းမှ အစေခံတစ်ယောက်မှ ကြွက်သတ်ဖို့အတွက် စတိုခန်းရှေ့တွင် အဆိပ်ခတ်ထားသည့် ဒိန်ခဲကို ချထားခဲ့ပြီး ထိုအိမ်မွေးတိရိစ္ဆာန်လေးမှ စားမိပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်ချေသည်။ ထိုအချိန်တုန်းက ကွမ့်ကျစ် အလွန်အမင်း ဝမ်းနည်းခဲ့ရသေးသည်။
ထိုကိစ္စက အလွန်အမင်း ကြာမြင့်ခဲ့ပြီဖြစ်သလို သူ့မိသားစု၏ သေဆုံးမှုအကြောင်းအရာတွေမှ ရိုက်ခတ်မှုကြောင့် ဒီအကြောင်းအရာတွေကို သူမေ့နေခဲ့ပြီ။
“ဒါဆို အဲလိုဖြစ်ခဲ့တာလား!!!”
တင်ဆက်သူလျို့က ခေါင်းငြိမ့်ရင်း ဆက်ပြောခဲ့သည် :
“နှစ်ပေါင်းများစွာက ထူးဆန်းဖြစ်ရပ်တွေလည်း ပေါ်လာပြီ.. ကျွန်တော်တို့ရဲ့ အဖွဲ့ဝင်တွေကတော့ ခန့်မှန်းချက်တွေက လုံးလုံးလျားလျား ကွဲပြားနေတာတွေလည်း ပါနေတယ်..
ဒါဆိုရင် မစ်စတာကွမ်းက ဒီစံအိမ်ကြီးရဲ့ ပိုင်ရှင်တစ်ယောက်အနေနဲ့ ဘယ်လိုများထင်မြင်မိပါသလဲ? ဘယ် ပြိုင်ပွဲဝင်ရဲ့ အဖြေက လူကြီးမင်းအတွက် စိတ်တိုင်းအကျဆုံးနဲ့ အမှန်တရားနဲ့ အနီးစပ်ဆုံးလဲဆိုတာကို ပြောပေးပါဦး..”
ကွမ်းကျစ်ကား အချိန် ခဏတာလောက် တွေဝေသွားခဲ့ပြီးနောက်တွင် ခိုင်မြဲသေချာပြောလိုက်လေသည်။
“ကျွန်တော်ကတော့ ကုတောက်ကျန့်ကို ရွေးချယ်ပါတယ်၊ သူမက အရာအားလုံးကို ကိုယ်တိုင်ကြုံခဲ့သလိုမျိုးထင်ရလောက်တဲ့အထိ စေ့စေ့စပ်စပ်မြင်ခဲ့တယ်၊ ကျွန်တော်မေ့လျော့နေတဲ့ အရာတွေကိုတောင် သူမက မြင်တွေ့ခဲ့တယ်လေ”
သူ မည်သူတစ်ဦးကိုမျှ မပြောပြခဲ့သည့်အကြောင်းအရာမှာ သူ့၏မိဘတွေ မီးလောင်မှုအတွင်း သေဆုံးသွားပြီးနောက် သူ့၏အဖိုးဖြစ်သူမှ ဤစံအိမ်ကြီး၏ ဖုန်းရွှေတည်ဆောက်မှုကို ပြုလုပ်ခဲ့သည့် ပညာရှင်ကို ဖိတ်ခေါ်ပြီး ကြည့်ခိုင်းခဲ့သေးသည်။ ထိုဖုန်းရွှေပညာရှင်၏ ပြောစကားအရ ဆိုးရွားလွန်းသည့်ပြစ်မှုကို ကျူးလွန်ပြီး ကျိန်စာတိုက်ခဲ့သည့်သူမှာ သူ့အဖေကိုယ်တိုင်ပဲဖြစ်ခဲ့သည်ဟူ၏။
သူ့အဘွား၏ လှေကားပေါ်မှ ပြုတ်ကျပြီးဆုံးပါးသွားမှု၊ သူ့အမေသည်လည်း မီးလောင်ပြီး သေဆုံးခဲ့ရသည့်မီးဘေးမတော်တဆမှု စသည့်ကိစ္စရပ်များ၏ တရားခံမှာ သူ့အဖေ၏ မကောင်းမှုများကြောင့်သာ ဖြစ်ရခြင်းဟု ဆိုခဲ့သည်။
ထိုအချိန်တုန်းကတော့ ကွမ်းကျစ် မယုံကြည်နိုင်ခဲ့ပေ။ သူ့၏ စိတ်ထဲမှရှိနေခဲ့သည့် သူ့အဖေသည်ကား ကြင်နာတတ်ကာ၊ ထက်မြက်ပြီး လုပ်နိုင်စွမ်းရှိသည့် သူတစ်ယောက်သာပင်။ သူသည်က ကွမ်းမိသားစု၏ ပင်မထောက်တိုင်လည်းဖြစ်ချေသည်။
သူ့အမေနှင့် သူ့အဘွား၏ မတော်တဆမှုများက သူ့အဖေနှင့် သက်ဆိုင်မှုမရှိနိုင်သင့်ပေ။
သူ့အဖေက ထိုကဲ့သို့ ရက်စက်တတ်တဲ့သူ မဖြစ်နိုင်ဘူး!!
သို့သော်လည်း သူ့၏ညီမငယ်နဲ့ အဘိုး၊ အဘွားတွေသည်လည်း တစ်ယောက်ပြီး တစ်ယောက် ဆုံးပါးသွားခဲ့ကာ သူကိုယ်တိုင်သည်လည်း ဒုက္ခမျိုးစုံခံစားရပြီးသည့်နောက်တွင်တော့ ထိုစကားလုံးများကို ယုံကြည်ရုံကလွဲပြီး တတ်စွမ်းနိုင်ခြင်း မရှိခဲ့ချေတော့။
သူ သူ့၏အဖေကို အိပ်မက်ထဲ၌ အကြိမ်ပေါင်း မရေမတွက်တိုင်လောက်အောင် မေးမြန်းချင်ခဲ့ဖူးသည်။
သူ ဘာတွေလုပ်ခဲ့တာလဲ??
ဘာကြောင့် သူတို့အိမ်က ဒီလို ဖြစ်သွားခဲ့ရတာလဲ!?
ကွမ်းကျစ် ထိုကိစ္စအတွက်ကြောင့် နှစ်ဆယ်စုနှစ်များကြာအောင် ခံစားခဲ့ရသည်။ သို့သော်လည်း ယနေ့တွင်တော့ တစ်စုံတစ်ယောက်မှ သူ့တို့၏မိသားစုတစ်ခုလုံး ပျက်စီးခဲ့ရခြင်းအတွက် အဓိကတရားခံမှာ သူ့အဖေမဟုတ်ကြောင်း ပြတ်ပြတ်သားသားပြောလာခဲ့ချေပြီ။
သူ ဘယ်လိုလုပ်ပြီး စိတ်မလှုပ်ရှားဘဲ နေနိုင်မှာလဲ!?
တင်ဆက်သူ လျို့:
“လူတိုင်းအဖြေတွေရဲ့ မှန်ကန်မှုနဲ့ စံအိမ်ပိုင်ရှင် မစ်စတာကွမ်းရဲ့ ရွေးချယ်မှုအရ ပြိုင်ပွဲဝင် နံပါတ် (၇) ကုကျစ်စုန့်က တစ်မှတ်ရသွားပါတယ်!”
ပရိုဂရမ်အဖွဲ့သားတွေမှ ရှင်းယိကျင်းရဲ့ တုန့်ပြန်မှုကို ဖမ်းမိနိုင်လောက်သည့်အထိ အနီးကပ်ဆွဲရိုက်ပေးလာခဲ့သည်။
[ဒါကြီးက တော်တော်လေးထူးဆန်းနက်နဲသွားပြီ၊ ဒါသာအမှန်ဆိုရင်ကုကျစ်စုန့်က နတ်ဘုရားတစ်ပိုင်းဖြစ်လာပြီပဲ!!]
[ဘုရားရေ! မာစတာရှင်းရဲ့ မျက်နှာအရောင်က ဒေါသကြောင့် ဝက်အသည်းရောင်လို ဖြစ်နေပြီ..]
တင်ဆက်သူ လျို့မှ ဆက်ပြီး ပြောလာခဲ့သည်။
“ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီက ထူးခြားပစ္စည်းတစ်ခုစီ ရွေးချယ်လာခဲ့ကြပါတယ်.. ကျွန်တော် ဆက်ပြီးမေးပါရစေ.. ပြိုင်ပွဲဝင် နံပါတ် (၁၀)က ဘာကြောင့်များ ဒီခရမ်းရောင်ခွက်ကို ရွေးချယ်ခဲ့တာပါလဲ??”
ပြိုင်ပွဲဝင် နံပါတ် (၁၀)သည်ကအသက် ဆယ့်ရှစ်၊ဆယ့်ကိုးနှစ် အရွယ် မျက်နှာဝိုင်းလေးနဲ့ မိန်းကလေးဖြစ်ပြီး သူမ၏ နာမည်ကတော့ ရှီဟေးဟုန်ဖြစ်လေသည်။
သူမက ချောင်းတစ်ချက်ဟန့်လိုက်ပြီး :
“ကျွန်မက ဝိဥာဥ်လမ်းပြတစ်ယောက်ဖြစ်ပြီး ယန်ကမ္ဘာထဲမှာ ကျန်ရှိနေတဲ့ ယင်စွမ်းအင်ကို ခံစားနိုင်တယ်လေ၊ ဒီခွက်မှာ သေဆုံးပြီး ဝိဉာဉ်တွေရဲ့ ယင်စွမ်းအင်တွေ ကပ်တွယ်နေတာကို ခံစားနေရတယ်”
တင်ဆက်သူ လျို့: “ဒါဆို ဒါက မစ်စတာကွမ်းရဲ့ ခွက်များလား?”