← Chapters

မှန်ချပ်ထဲမှာရှိနေတဲ့ ပန်း နှင့် ရေကန်ထဲမှာ ရောင်ပြန်ဟပ်နေတဲ့ လရိပ်(2)

Vol. 3 Ch. 22

မှန်ချပ်ထဲမှာရှိနေတဲ့ ပန်း နှင့် ရေကန်ထဲမှာ ရောင်ပြန်ဟပ်နေတဲ့ လရိပ်(2)

Vol. 3 Ch. 22

ကွမ်းကျစ် ထိုရေခွက်အား တစ်ချက်ကြည့်လိုက်ပြီး ခေါင်းခါရမ်းပြလာသည်။

“ကျွန်တော် ထင်တာ မမှားရင် အဲဒီခွက်က ဒုတိယထပ်က စာကြည့်ခန်းထဲကနေ ယူလာတာပဲ ဟုတ်တယ်မလား? အဲဒါက ကျွန်တော့်ရဲ့အဖိုး ဦးနှောက်သွေးကြောပြတ်ပြီး မဆုံးခင်တုန်းက သုံးခဲ့တဲ့ ခွက်လေ၊ ဒါကြောင့် အဲဒီရေခွက်မှာ ယင်စွမ်းအင်တွေ ကပ်နေတာ ဖြစ်မယ်၊ ဒါပေမယ့် အဲဒါက ဒီအိမ်ရဲ့ အထူးခြားဆုံးပစ္စည်းတော့ မဟုတ်ဘူး”

အစီအစဉ်တင်ဆက်သူလျို့မှ တခြားသော အဖွဲ့ဝင်များ ရွေးချယ်ထားသော ပစ္စည်းများကိုလည်း တစ်ခုပြီး တစ်ခု ကြေညာပြီးပြသလာခဲ့ကာ ထိုအထဲတွင် ပစ္စည်းမျိုးစုံပါဝင်နေခဲ့ချေသည်။

တင်ဆက်သူလျို့မှ သင်ပုန်းပေါ်၌ ရေးသားထားသည့် နောက်ဆုံးသောအဖြေကို လှပ်ဟပြလာခဲ့သည်။ ထူးခြားပစ္စည်းအမှန်သည်ကား ပင်မခန်းမ၏ နံရံပေါ်၌ ချိတ်ဆွဲထားသည့် ‘ကျင်း’ ဟူသည့် လက်ရေးလှစာသားဖြစ်နေခဲ့ပေသည်။

အဖြေကို မှန်ကန်စွာ ဖြေဆိုနိုင်ခဲ့သည့် လူနှစ်ယောက်မှာကား ကုကျစ်စုန့်နဲ့ ဒေစီသာဖြစ်ပေ၏။

“ဒါ လုံးဝမဖြစ်နိုင်ဘူး!!!!”

သူ ရွေးချယ်ထားသည့် ပစ္စည်းမှာ အဖြေမှန်မဟုတ်ကြောင်း မြင်တွေ့လိုက်ရတော့ နဂိုကတည်းက သုန်မှုန်နေခဲ့သည့် ရှင်းယိကျင်း၏ မျက်နှာမှာ ပို၍တောင် အိုစာလာခဲ့ပြီး လေသံမာမာဖြင့် ပြောလာခဲ့သည်။

“တင်ဆက်သူလျို့၊ မစ်စတာကွမ်း.. ကျုပ် ဒီပြိုင်ပွဲရဲ့ ရလဒ်နဲ့ စစ်မှန်မှုတွေကို သံသယရှိတယ်! ပင်မခန်းမထဲမှာ ဖုန်းရွှေ ကောင်းလွန်းလို့ တစ်ဖက်ကမ်းတောင် လွန်နေသေးတယ်၊ မြင်ကွင်းနေရာလည်း ကျယ်ပြန့်ပြီး စာလုံးကလည်း စွမ်းအင်စီးဆင်းမှုကောင်းတဲ့ နေရာကောင်းမှာ ရှိနေတာ! ဘယ်လို အမှားအယွင်းမျိုးမှ မရှိဘူး !!!”

တစ်နေရာလုံး အချိန် ခဏမျှတိတ်ဆိတ်သွားခဲ့သည်။

တင်ဆက်သူလျို့မှ အသက်မပါစွာ ရယ်မော၍ ပြောလာခဲ့၏။

“မာစတာရှင်း.. ကျွန်တော်တို့ရဲ့ အစီအစဉ်က မျှတပြီး စစ်မှန်ပါတယ်.. အစီအစဉ် တင်ဆက်သူဖြစ်တဲ့ ကျွန်တော်တောင် အခုမှပဲ ဒီအဖြေကို သိရတာပါ”

အကယ်၍ ပထမရာသီနှစ်ခုမှာသာ မေးခွန်းထုတ်ခံခဲ့ရပါက သူ ယခုလိုမျိုး ရဲဝံ့သေချာစွာ ပြောရဲခဲ့မည် မဟုတ်လောက်ပေ။ ထိုရာသီများတွင် သူ အမှန်တကယ်လည်း အဖြေကို ရောင်းစားခဲ့ဖူးပေသည်။

သို့သော်လည်း လက်ရှိရာသီတွင်တော့ ဒါရိုက်တာမှ အဖြေများအား တစ်ခုတစ်လေမျှတောင် ထုတ်မပြထားခဲ့ပါချေ။ စံအိမ်ပိုင်ရှင် ကွမ်းကျစ် တစ်ဦးတစ်ယောက်တည်းကသာ အဖြေမှန်များကို သိရှိပေလိမ့်မည်။

အခန်းတွင်းမှ ဆိတ်ငြိမ်မှုအား ဒေစီမှ ဖြတ်တောက်လာခဲ့သည် ။

“ကျွန်မရဲ့ မျက်လုံးထဲမှာတော့ ဒီလက်ရေးလှပန်ချီကားထဲမှာ နမိတ်မကောင်းမှုတွေနှင့် ပြည့်နေပြီး တော်တော်လေးကို အမှောင်ထုဖုံးနေတယ်နော်! ဒါက နတ်ဆိုးတွေရဲ့အငွေ့အသက်နဲ့တောင် တူညီနေတယ်..”

အကြမ်းဖြင်းအားဖြင့် အနက်ရောင်စုန်းမိသားစုများက အာဖရိက စုန်းပညာရပ်ဆီမှ ဆင်းသက်လာခြင်းဖြစ်ပြီး သူတို့က သေဆုံးပြီးသူများနဲ့ ဆက်သွယ်ခြင်း၊ ကျိန်စာများကို အသုံးပြုနိုင်ခြင်းများကို ကျွမ်းကျင်ပြီး အမှောင်ထုနဲ့ အနက်ရောင်စွမ်းအင်များကို အာရုံခံနိုင်စွမ်း မြင့်မားကြသည်။

နော်ဝေနိုင်ငံ၏အနက်ရောင်စုန်းအဖွဲ့အစည်းမှ အအောင်မြင်ဆုံးသောဆက်ခံသူတစ်ဦးဖြစ်သည့် ဒေစီအနေဖြင့် ဖုန်းရွှေဖွဲ့စည်းမှုကို နားမလည်နိုင်သော်လည် သူမက အမှောင်စွမ်းအင်ကိုတော့ အကြမ်းဖျင်းသိမြင်နိုင်သည်။

ရှင်းယိကျင်းက နှာခေါင်းရှုံ့ပြီး ပြောလာပြန်၏။

“မင်းလို နိုင်ငံခြားသူတစ်ယောက်က ရုပ်လွန်ပညာအကြောင်းကို ဘာတွေများ နားလည်မှာမို့လို့လဲ??”

သူပြောလိုက်သည့် လေသံက ဒေစီကို စိတ်ဆိုးသွားစေပြီး သူမ တစ်စုံတစ်ခုပြန်ပြောရန် တွေးလိုက်စဥ်မှာ တစ်ယောက်ယောက်က သူမ၏ ပုခုံးကို အသာလှမ်း ပုတ်လာခဲ့ချေသည်။ ဒေစီ အနောက်လက်သို့ ပြန်လှည့်ကြည့်လိုက်ချိန်တွင်တော့ အစဥ်အမြဲတည်ငြိမ်နေပုံပေါ်သည့် ကုကျစ်စုန့်မှ နှုတ်ခမ်းထောင့်စွန်းလေးများအား ကော့တက်လာသည်အထိ ပြုံးလိုက်ပြီး ပြောလာခဲ့သည်။

“ကျွန်မက ပြဿနာနေရာကို ထောက်ပြထားတာတောင် သဲလွန်စကို ရှာမတွေ့သေးဘူး.. အခုခေတ် တောက်ဓမ္မပညာရှင်တွေက ဒီလောက်တောင် နိမ့်ကျနေပြီလား??”

သူမ ရှင်းယိကျင်း၏ အကြည့်ကို လျစ်လျှူရှုပြီး တစ်ဖက်သို့လှည့်ကာ မေးမြန်းလိုက်သည်။

“အလွယ်တကူသုံးလို့ရမယ့် ပစ္စည်းအသေးလေးတွေရှိလား.. ရှိရင် ယူလာပေးပါ”

ကွမ်းကျစ်: “ ဝေ့ချီဂိမ်းကစားတဲ့ ပစ္စည်းလေးတွေဆိုရင်ရော အဆင်ပြေမလား.. အဲဒါက အရင်တုန်းက လူကြီးတွေ စုဆောင်းခဲ့တာ”

“ရတယ်”

“တတ်စွမ်းသလောက် ဟန်ဆောင်ကြည့်လိုက်စမ်းပါ!”

ရှင်းယိကျင်း လှမ်းအော်လာခဲ့သည်။

“မင်းလို့ ကလေးမက ဘာတွေများ လုပ်နိုင်လဲ ဆိုတာကြည့်ကြသေးတာပေါ့!”

ဝေ့ချီဂိမ်းပစ္စည်းများကို ရရှိလာပြီးဖြစ်၍ ကုကျစ်စုန့်က သူ့ကို လျစ်လျှူရှုထားခဲ့ပြီ။

သူမ အဖြုရောင်ဝေ့ချီစေ့လေးကို ဖြူဖွေးသန့်စင်တဲ့ လက်ချောင်းလေး နှစ်ချောင်းနဲ့ ညှပ်ကိုင်လိုက်ပြီး စားပွဲအလွတ်ဆီသို့ ပစ်ချလိုက်လေ၏။ သူမ အစေ့တစ်ခုကို ချလိုက်တိုင်းမှာလည်း ပါးစပ်မှ ရွတ်ဆိုနေခဲ့သေးသည်။

“ချင် (မြောက်ဘက်)၊ လကို ဝန်းရံထားတဲ့ အပြာရောင်နဂါး၊ခန် (အရှေ့ဘက်) စန်းမန်နယ်မြေက ချမ်းသာကြွယ်ဝပြီး ပေါများတယ် ၊ ခွမ်(တောင်ဘက်)၊ အဝင်တံခါးမကြီး…….”

အင်တာနက်ပေါ်မှကြည့်ရှုသူများနှင့် ပြိုင်ပွဲဝင်တော်တော်များများတောင်မှ နားမလည်နိုင်ဖြစ်နေခဲ့ကြသော်လည်း ရှင်းယိကျင်းသည်ကတော့ မျက်မှောင်ကိုသာ အသာကြုတ်လာခဲ့ချေသည်။

ဤကုကျစ်စုန့်သည် ရှစ်မြှောင့်ဖွဲ့စည်းပုံအား ရင်းနှီးနေခဲ့ပြီး သူမ ချလိုက်သည့် ဝေ့ချီစေ့လေးများသည်လည်း ဗီလာ၏ ဖုန်းရွှေဖွဲ့စည်းမှုများအား ကိုယ်စားပြုနေကြောင်းကို သူကောင်းစွာမြင်နိုင်နေခဲ့သည်။

ရှင်းယိချင်း သူ့ကိုယ်သူ မေးခွန်းထုတ်လိုက်မိသည်။ သူသည်လည်း ထိုကဲ့သို့ လိုက်လုပ်နိုင်ပေလိမ့်မည်။ သို့ပါသော်လည်း သူမနဲ့ နှိုင်းယှဉ်လိုက်ပါက သူသည်ကား သံလိုက်အိမ်မြောင်ကိုသာ အသုံးပြာနိုင်ပေလိမ့်မည်။ ဤကဲ့သို့ အတွေးမျိုးက သူ့ကိုယ်သူ အမြဲတစေဂုဏ်ယူဝံ့ကြွားပြီး နေခဲ့သည့် သူ့အတွက် လက်မခံနိုင်ဖြစ်စေခဲ့သည်။

ဝေ့ချီစေ့ ၆ခုကို ပစ်ချပြီးချိန်မှာတော့ အခြေခံပုံစံတစ်ခုပေါ်လာခဲ့ပြီ။

ကုကျစ်စုန့် ခေါင်းကို ပြန်မော့ကြည့်လာသည့်အချိန်တွင်တော့ သူမ၏ အမူအယာက တည်တန့်လွန်းနေခဲ့သည်။

“ဒီအိမ်မှာ အသက်ဝင်နေတဲ့ ဖွဲ့စည်းပုံ ခြောက်ခုရှိတယ်၊ အကုန်လုံးက အကောင်းဆုံးဆိုတာတွေ ချည်းပဲ၊ ပင်မခန်းမရဲ့ အလယ်တည့်တည့်မှာထားတဲ့ လက်ရေးလှ စာလုံးပန်းချီက တောင်တစ်ခုလုံးရဲ့ ပတ်လည်က စွမ်းအင်တွေကို စုစည်းပေးထားတယ်၊ တစ်နည်းပြောရရင် ဒီအိမ်က ကောင်းခြင်းပေါင်းစုံ စုဝေးတဲ့နေရာလို့ ပြောနိုင်တယ်

ရှေးခေတ်တွေမှာဆိုရင် ဒီလိုမျိုးကောင်းချီးတွေနှင့် ဖွဲ့စည်းထားတဲ့အိမ်က မင်းသားတွေ၊ စစ်သူကြီးတွေနဲ့ အောင်မြင်တဲ့ လူတွေနဲ့ပဲ သင့်တော်တယ်၊ သာမန်လူတွေက ဒီလိုစွမ်းအင်စီးဆင်းမှုကို မထိန်းချုပ်နိုင်ဘူး၊

သူတို့တွေ မထိန်းချုပ်နိုင်တဲ့အချိန်မှာ ကောင်းခြင်းကနေ ဆိုးခြင်းဖြစ်လာတတ်တယ်”

ရှင်းယိကျင်းက သဘောမတူခဲ့ချေ။

“ဒီတော့ ဘာဖြစ်လဲ? မင်းက ဒီလိုကံကောင်းစေတဲ့ ကောင်းချီးတွေက ဒီမိသားစုကို သေစေတာလို့ ပြောချင်တာလား?”

“ကောင်းချီးတွေ ရှိနေတာက ပြဿနာမဟုတ်ဘူး၊ ဒါပေမယ့် ဒီပင်မဖွဲ့စည်းပုံမှာ ပြဿနာနှစ်ခုရှိနေတယ်။”

ကုကျစ်စုန့်က ဖျော့တော့စွာပြုံးလာခဲ့သည်။

“နံရံအလယ်မှာ ချိတ်ထားတဲ့ ‘ကျင်း’ ဆိုတဲ့ စကားလုံးက လှုပ်ရှားမှုမရှိနိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်ရတယ်၊ မလှုပ်ရှားခြင်းဆိုတဲ့ စကားလုံးက 'မှန်'နဲ့ အဓိပ္ပါယ်အတူတူပဲလို့ သတ်မှတ်နိုင်တယ်

မှန်ထဲမှာ ပန်းတွေရှိနေပြီး ရေကန်ထဲမှာ လရောင်ပြန်တယ်ဆိုတဲ့ စကားရှိတယ်မလား၊ ဒါက အစစ်အမှန်ကမ္ဘာကြီးကို အတုအယောင်ကမ္ဘာကြီးနှင့် ပြောင်းပြန်လှန်ပစ်လိုက်တယ်၊

ယင်နဲ့ ယန်က မျက်စိလည်ပြီး အစစ်အမှန်ကမ္ဘာကို ကောင်းချီးစကားတွေက အတုတွေဖြစ်သွားပြီး ဒုက္ခဘေးဆိုးတွေ သက်ရောက်စေတယ်၊

စာလုံးပေါ်မှာ ဖုံးထားတဲ့ အရာက မှန်န်ဖြစ်နေတဲ့ အချက်က မှန်မျက်နှာပြင် ပြောင်းပြန်ဖြစ်သွားတဲ့ အချက်ကို ပိုပြီး ထိရောက်သွားစေတယ်လေ၊ ဒီတော့ စုဆောင်းထားတဲ့ ဝိဥာဥ်စွမ်းအင်တွေနဲ့ ကောင်းချီးတွေ အားလုံးက ယင်စွမ်းအင်အဖြစ် ပြောင်းသွားတယ်!”

“ဒါက အခြား ဖွဲ့စည်းမှု ၆ခုနဲ့ ပေါင်းစည်းသွားပြီး ပြီးပြည့်စုံတဲ့ ယင်ဖွဲ့စည်းပုံဖြစ်တဲ့ _ သတ်ဖြတ်ခြင်း (၇)ခု ယင်ဖွဲ့စည်းမှု အဖြစ်ပြောင်းလဲသွားတယ်..”

ထို'သတ်ဖြတ်ခြင်း ခုနှစ်ခု ယင်ဖွဲ့စည်းမှု' ဆိုသည်က ဖုန်းရွှေ၏အခြေခံဖွဲ့စည်းမှုများကို ပေါင်းစည်းထားသည့် ဖွဲ့စည်းမှုကြီးတစ်ခု ဖြစ်ပေသည်။ ထိုဖွဲ့စည်းမှုအား ကြွယ်ဝချမ်းသာမှုကို လုယူခြင်းနဲ့ သတ်ဖြတ်မှုတွေ လုပ်ဆောင်ရာအတွက် အသုံးပြုကြသည်။

ဝိဥာဥ်စွမ်းအင်ရှားပါးသည့် ဤကမ္ဘာကြီးပေါ်၌ မှော်ပစ္စည်းတွေ အသုံးပြုပြီးမှသာလျှင် ဤဖွဲ့စည်းပုံကို အသုံးပြုနိုင်လိမ့်မည်။ ထိုဖုန်းရွှေပညာရှင်၏ လုပ်နိုင်စွမ်းမှာ သာမန်အဆင့် လုံးဝမဖြစ်နိုင်ချေ။

သူမ ကွမ်းကျစ်ကို ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။

“ဒီလက်ရေးလှစာလုံးက လူကြီးမင်းရဲ့ အဖေရေးထားတာပဲ ဟုတ်တယ်မလား”

ကွမ်းကျစ် သူ့၏ခေါင်းကို ထပ်ခါထပ်ခါ ညိတ်လာသည်။

“မှန်ပါတယ်! နဂိုတုန်းက အဲဒီနေရာမှာ ပစ္စည်းထားတဲ့ စင်တစ်ခုရှိတယ်၊ ကျွန်တော့် အဖေ ... မီးလောင်မှုနဲ့ ဆုံးပါးသွားတဲ့အချိန်မှာ အဲဒီပစ္စည်းတွေလည်း မီးလောင်သွားပြီး ဒီလက်ရေးလှစာလုံးတစ်ခုပဲ အကောင်းအတိုင်း ကျန်ရစ်ခဲ့တာ၊

နောက်ပိုင်းကျတော့ ကျွန်တော်တို့တွေ ဒါကို ဆေးပြန်ချယ်ပြီး ဒီအိမ်ရဲ့ဖွဲ့စည်းပုံကို ချဆွဲပေးခဲ့တဲ့ ဖုန်းရွှေပညာရှင်ရဲ့ အကြံအတိုင်း ပင်မခန်းမရဲ့ နံရံမှာ ဒီလက်ရေးလှ စာလုံးကို ချိတ်ဆွဲထားခဲ့တာပါ၊ ဒါကြောင့် ဒါကို ထူးခြားပစ္စည်းလို့ သတ်မှတ်ခဲ့တာ…”

ကုကျစ်စုန့် ပြုံးလိုက်သည်။

“လူကြီးမင်းရဲ့ အဖေက မီးလောင်မှုနဲ့ ကွယ်လွန်သွားခဲ့ပြီး သူကိုယ်တိုင်ရေးခဲ့တဲ့ လက်ရေးလှစာလုံးကို သူ မတော်တဆဖြစ်ခဲ့တဲ့ နေရာမှာပဲ ချိတ်ဆွဲထားတယ်၊ အဲဒါက ဝိဉာဉ်ကို ချုပ်နှောင်တဲ့ ကြားခံပစ္စည်းဖြစ်သွားပြီး လူကြီးမင်းအဖေရဲ့ သေဆုံးသွားတဲ့ ဝိဉာဉ်ကို ဒီကမ္ဘာထဲမှာ ချုပ်ထားလိုက်တာကြောင့် သူက မြေအောက်ကမ္ဘာကို သွားပြီး ပြန်မဝင်စားနိုင်တော့ဘူး..”

“ဒါက လူကြီးမင်းတို့ မိသားစုရဲ့ ကံဇာတာက ပိုပိုဆိုးလာရတဲ့ အဓိက အချက်ပဲ၊ ဆက်တိုက် စီးဝင်နေတဲ့ ယင်စွမ်းအင် တွေက ချူပ်ထားခံရတဲ့ ဝိဉာဉ်ကို ပိုပြီး ဒုက္ခရောက်စေတယ်.. ဒါကြောင့်ပဲ သူက သူနဲ့ နီးစပ်တဲ့ ဆွေမျိုးသားချင်းတွေ ထိခိုက်စေခဲ့တယ်၊ ကျွန်မ ထင်တာတော့ ဒီအကြောင်းရင်းတွေကပဲ လူကြီးမင်းရဲ့ မိသားစုဝင်တွေကို ဆိုးဆိုးရွားရွားသေဆုံးမှုတွေ ဖြစ်စေတာပဲ…”

ကွမ်းကျစ်သည်ကား မည်သည့်အရာကို တွေးမိနေလဲဆိုတာမသိရပါဘဲ သူ့၏ မျက်နှာတစ်ခုလုံးက ဖြူဖျော့နေခဲ့ပြီး ပြောစရာစကားလုံး ကင်းမဲ့နေခဲ့ခေသည်။

ကုကျစ်စုန့်က ဆက်ပြီး ပြောလိုက်သည်။

“လူကြီးမင်းရဲ့အဖေ မဆုံးခင်တုန်းက ဒီဗီလာရဲ့ ဖုန်းရွှေဖွဲ့စည်းပုံက အရမ်းကိုကောင်းတယ်၊ အဲဒီအချိန်တုန်းက လူကြီးမင်းတို့ မိသားစုက အရမ်းချမ်းသာခဲ့ကြလိမ့်မယ်၊

ဒါပေမယ့် သူသေပြီးတဲ့နောက် ဒီစကားလုံးကို ချိတ်ဆွဲလိုက်တဲ့အချိန်ကစပြီး ကံကောင်းခြင်းကနေ ကံဆိုးခြင်းအဖြစ်ကူးပြောင်းသွားခဲ့ပြီး ဆိုးရွားတဲ့အရာတွေက ဆက်တိုက်ဖြစ်နေခဲ့တယ်၊ ဒါဆို လူကြီးမင်းရဲ့ နှလုံးသားထဲမှာ တရားခံက ဘယ်သူလဲဆိုတာကို သိလောက်ပြီထင်ပါတယ်..”

အမှန်ပဲ။ သူ့မိသားစုရဲ့ ကံဆိုးခြင်းတွေက သူ့မိဘတွေရဲ့ ကွယ်လွန်ပြီးတဲ့ အချိန်ကနေ စတင်ခဲ့တာ..

ကွမ်းကျစ် လူတစ်ယောက်ကို တွေးလိုက်မိသော်လည်း ထိုအတွေးကို မယုံကြည်ချင်ခဲ့ဖြစ်နေခဲ့ရပေပြီ။

All Chapters