မှန်ချပ်ထဲမှာရှိနေတဲ့ ပန်း နှင့် ရေကန်ထဲမှာ ရောင်ပြန်ဟပ်နေတဲ့ လရိပ်(3)
Vol. 3 Ch. 23
“သတ်ဖြတ်ခြင်းပုံစံအပြင် အဲဒီဖုန်းရွှေပညာရှင်က နေရာအချို့ကိုလည်း ပြောင်းလဲထားခဲ့နိုင်တယ်”
ကုကျစ်စုန့် သူမ၏လက်ထဲမှ ဝေ့ချီသေတ္တာလေးအား အောက်သို့ ပြန်ချလိုက်ပြီး သူမ ယနေ့မြင်တွေ့ခဲ့ရသည့် ဖွဲ့စည်းတည်ဆောက်ပုံကို ပြန်လည် စဉ်းစားကြည့်လိုက်သည်။
“လူကြီးမင်းရဲ့အိမ်က တောင်ဘက်ကို မျက်နှာမူနေပြီး တောင်တန်းတွေဘက်မှာ ဖွင့်ထားတဲ့ပြတင်းပေါက်တွေမှာ အပြောင်းအလဲတွေလုပ်ထားတာမျိုး ရှိနေသေးလား?”
ကွမ်းကျစ် သေသေချာချာစဉ်းစားကြည့်လိုက်မိသော်လည်း တချို့တလေသောအကြောင်းအရာ အနည်းငယ်မျှလောက်ကိုသာ မှတ်မိတော့သည်။
“ကြည့်ရတာ အဲလိုကိစ္စမျိုးတွေတော့ ရှိခဲ့ဖူးသလိုပဲ.. အဲဒီတောက်ကျန့်က အိမ်ထဲမှာ လူသေသွားတာက ကံဆိုးခြင်းတွေကို ဖြစ်စေတယ်လို့ပြောခဲ့တယ်၊ ယင်စွမ်းအင်တွေကို ချေဖျက်ဖို့အတွက် ပြတင်းပေါက်တွေကို ပြောင်းလဲဖို့ လိုအပ်တယ်လို့ ပြောခဲ့ဖူးတယ်၊ ကုတောက်ကျန့် ဒါက ကိစ္စတစ်ခုခုရှိနေလို့လား”
စတူဒီယိုအတွင်း၌ အာရုံစိုက်ပြီး နားထောင်နေသည့် ဒါရိုက်တာလီချန်ဟဲသည်လည်း ကုကျစ်စုန့်၏ ပါးစပ်ဖွင့်ဟလိုက်ပြီးချိန်ကတည်းက ဗီလာ၏ တောင်ဘက်ခြမ်းကိုဦးတည်နေသည့် ပြတင်းပေါက်တွေကို ရိုက်မိဖို့အတွက် အပြေးသွားခိုင်းခဲ့သည်။
ဒီပြတင်းပေါက်နေရာဘက်မှ လှမ်းမျှော်ကြည့်လိုက်ပါက တောင်စဉ်အထပ်ထပ်နဲ့ တောတောင်ရိပ်များကို မြင်တွေ့နေရပြီး ရှုခင်းသည်လည်း ရင်သတ်ရှုမောစရာကောင်းလွန်းနေခဲ့ချေသည်။
ကင်မရာမှ အသေးစိတ်ကျကျဖြင့် ရိုက်ကူးပြနေစဉ်မှာ ပရိတ်သတ်များကလည်း တစ်စုံတစ်ခုလွဲမှားနေသည်ကို သတိပြုမိသွားခဲ့သည်။
[ဒီပြတင်းပေါက်က ထူးဆန်းလိုက်တာ၊ ရှေးခေတ်က လျှာထိုးတံခါးပုံစံနဲ့ တူပေမယ့် မှန်က အနီရောင်ဖြစ်နေပြီးတော့ လုံးဝလိုက်ဖက်မနေဘူး]
[ပြီးတော့ တံခါးပေါက်နဲ့ ပြတင်းပေါက်တိုင်းမှာ ဘာလို့ ကြေးကွင်းတစ်စုံစီ ရှိနေတာလဲ?? ဘယ်လို…..]
ကုကျစ်စုန့် : “ပြတင်းမှန်ကို အနီရောင်သုတ်ထားပြီး ကြေးကွင်းတစ်စုံကို ချိတ်ထားတယ်၊ ပြီးတော့ လှမ်းကြည့်လိုက်မယ်ဆိုရင် တောင်တက်လမ်းတစ်ခုကို ဖြတ်ပြီး တွေ့နေရတယ်၊ ဒီပြတင်းပေါက်တွေက တံခါးပေါက်တွေနဲ့ တူနေတယ်လို့ ရှင် မထင်ဘူးလား??”
ကွမ်းကျစ် : “အမှန်ပဲ…”
“ဒါဆို တစ်ခုလောက်ထပ်မေးပါရစေ၊ လူကြီးမင်းတို့ မိသားစုရဲ့ မိသားစုအုတ်ဂူသင်္ချိုင်းက တောင်တန်းရဲ့ တောင်ဘက်ဆုံးအပိုင်းမှာ ရှိနေတာ ဟုတ်ပါသလား??”
မေးခွန်းဟု ခေါင်းစဥ်တပ်ကာ ပြောဆိုသော်လည်း ကုကျစ်စုန့်၏လေသံသည်ကတော့ သူမ အတပ်သိနေတဲ့အရာကို ပြောနေခဲ့သကဲ့သို့ သေချာနေခဲ့သည်။
“အုတ်ဂူသင်္ချိုင်းရဲ့ ဝင်ပေါက်က မြောက်ကို မျက်နှာမူထားတယ်ပြီး တောင်တန်းရဲ့တစ်ဖက်မှာရှိနေတဲ့ လူကြီးမင်းအိမ်ရဲ့ တောင်ဘက်ခြမ်း ပြတင်းပေါက်တွေနဲ့ မျက်နှာချင်းဆိုင်ဖြစ်နေတယ်”
ကွမ်းကျစ်သည်ကား ကုကျစ်စုန့် ပြောသည့်စကားများကို ဆက်ပြီးနားထောင်နေလေ၊ ပိုပြီး ထိတ်လန့်လာလေလေ ဖြစ်နေခဲ့ပြီ။ သူ့၏လက်များကလည်း အားပျော့ပြီး ထုံကျင်လာခဲ့ချေသည်။ ကုကျစ်စုန့်ကတော့ သူ့၏ပုံစံကို တစ်ချက်ကြည့်ရုံဖြင့် သူမ၏ ယူဆချက်များက မှန်ကန်နေခဲ့ကြောင်းကို သိလိုက်ပြီ။
သူမက ခြုံကိုဝေ့ဝိုက်ပြီးရိုက်နေဖို့ကို စိတ်မဝင်စားနေခဲ့ဘဲ သူမ၏စကားတွေက ပိုပြီးတောင်မြန်ဆန်လာခဲ့သည်။
“လုပန်ဂိုဏ်းကိုဖွဲ့စည်းခဲ့တဲ့ တည်ဆောင်သူက ပြောခဲ့ဖူးတယ် , ‘မိသားစုနှစ်ခုက မျက်နှာချင်းဆိုင်မနေရဘူး၊ တစ်ဖက်ကတော့ နောက်ကိုဆုတ်ပေးရလိမ့်မယ်’တဲ့၊
ဒါပေမယ့် ဆိုရိုးတစ်ခုကလည်း ရှိခဲ့ဖူးသေးတယ်မလား.. ‘ငါကောင်းနေရင် သူဆိုးနေရမယ်၊ သူကောင်းနေရင်တော့ ငါဝမ်းနည်းရလိမ့်မယ်’တဲ့လေ
လူကြီးမင်းရဲ့အိမ်က ကျိန်စာအကြောင်းကိုပြောရရင် ဆာဇကူ နတ်ဆိုးလို့ ခေါ်တယ်၊ လူကြီးမင်းရဲ့ ယန်အိမ်က မူလတုန်းက လူကြီးမင်းတို့ ဘိုးဘွားတွေရဲ့ ယင်အိမ်ရဲ့ ဆန့်ကျင်ဘက်မှာ ရှိခဲ့တာကြောင့် ဘိုးဘွားတွေရဲ့ ကောင်းချီးကို ရခဲ့တယ်၊
ဒါပေမယ့် အခုတော့ ဒီပြတင်းပေါက်တွေကို တံခါးပုံစံပြောင်းလိုက်တဲ့အတွက် ဝိဉာဉ်တွေ စုပြုံဝင်နိုင်စေဖို့ လမ်းတစ်ခုဖြစ်သွားခဲ့တယ်”
“ဆာဇကူနတ်ဆိုးကျိန်စာကို ပြန်ဖြေဖို့အတွက် နည်းလမ်းနှစ်ခုရှိတယ်၊ တစ်ခုက တံခါးပေါက်ရှေ့မှာ လမ်းကြည့်မှန်တစ်ချပ်ချိတ်ဆွဲထားတာ၊ နောက်တစ်ခုကတော့ ပြဒါးမှန်တစ်ချပ်သုံးတာ.. ဒီနည်းလမ်းကတော့ ထိရောက်မှုရှိတယ်ဆိုပေမယ့် ဒါက ရိုးရိုးရှင်းရှင်း ပြန်ဖြေတဲ့နည်းလမ်းမဟုတ်ဘဲ တိုက်ခိုက်တဲ့ နည်းလမ်းမျိုးဘဲ၊
ရိုးရှင်တဲ့မကောင်းဆိုးရွားဝိဥာဥ်မျိုးကို တိုက်ခိုက်တာဆိုရင် ကိစ္စမရှိဘူး.. ဒါပေမယ့် လူကြီးမင်းကတော့ အခုက ဝိဉာဉ်အုပ်စုကြီးကို တိုက်ခိုက်ရမှာ!
လူကြီးမင်း ဘိုးဘွားတွေရဲ့ဝိဉာဉ်တွေကို တိုက်ခိုက်နေတာလို့ ပြောရမှာပေါ့၊ ဒါဆိုရင် ဘာတွေပြန်ရလိမ့်မယ်လို့ ထင်လဲ?”
နားလည်လွယ်စေဖို့ ရှင်းပြပြီးတဲ့နောက်မှာ ကုကျစ်စုန့်တောင်မှ သက်ပြင်းချလိုက်မိပြီ။ ယခုလို ဖွဲ့စည်းပုံမျိုးကို ဖန်တီးတည်ဆောက်နိုင်တဲ့ ဖုန်းရွှေပညာရှင်က အလွန်ထက်မြက်သလို တချိန်တည်းမှာပဲ အလွန်အမင်းရက်စက်ကြမ်းကြုတ်လွန်းတဲ့သူဖြစ်ပေလိမ့်မည်။
သူနဲ့ယှဉ်ရင် သူမကိုယ်တိုင်တောင် ယခုလိုမျိုး လှည့်ကွက်မျိုးစုံကို ရက်စက်စွာပြောင်းလဲရန် မစဉ်းစားနိုင်ပါချေ။
“ဒီစံအိမ်မှာ ယင်သတ်ဖြတ်ခြင်းခုနှစ်ခု ဖွဲ့စည်းပုံအပြင် ဆာဇကူနတ်ဆိုးပါ ရှိနေတဲ့ အတွက် ဒီလိုအိမ်မျိုးမှာ အချိန်ကြာကြာနေခဲ့တဲ့ မိသားစုတွေကတော့ မသေရင်တောင် ထူးဆန်းနေလိမ့်မယ်”
ကွမ်းကျစ်တစ်ယောက် အချိန်အတန်ကြာအောင် မင်သက်အံ့သြလွန်းနေခဲ့ပြီး တုန်ရီနေသော လေသံနဖြင့် မေးခွန်းထုတ်လာခဲ့ချေသည်။
“ကုတောက်ကျန့် အခုပြောလိုက်တာက ဆာဇကူနတ်ဆိုးကျိန်စာက မိသားစုနှစ်ခုကို ကွဲစေတယ်လား..”
“မှန်တယ်”
ကုကျစ်စုန့် တစ်ဖက်လူကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ကြည့်ရတာ ထိုလူက သဘောပေါက်သွားခဲ့ပြီးတဲ့ပုံရသည်။
“လူကြီးမင်းအဖေရဲ့ ဝိဉာဉ်က ဒီဖွဲ့စည်းတည်ဆောက်ပုံထဲမှာ ဖိနှိပ်ချုပ်နှောင်ခံထားရတာကြောင့် ပြင်းထန်တဲ့ ကျိန်စာနှစ်ခုလုံးက သူနဲ့ သူ့မိသားစုဝင်တွေကို ပိုပြီးထိခိုက်စေလိမ့်မယ်.. ဒါပေမယ့် ဘိုးဘွားတွေရဲ့ ယင်အိမ်က ကောင်းချီးတွေကတော့ လူကြီးမင်းတို့ရဲ့ မျိုးဆက်ကို ဆက်ပြီး ပို့ပေးနေတုန်းဘဲ.. ဒါကြောင့် မျိုးနွယ်ထဲက တခြားဆင်းသက်သူတွေကိုပဲ ကြီးပွားချမ်းသာစေလိမ့်မယ် “
သွေးစွန်းသည့် အမှန်တရားများက တစ်ခုပြီး တစ်ခု ဖြည်းဖြည်းချင်း ပေါ်လာခဲ့ပေပြီ။ ထိုကဲ့သို့ ဖြစ်လာပြီးသည့်နောက်မှာတော့ နောက်ကွယ်မှာရှိနေလေသော ဉာဏ်ကြီးရှင်မှာ မည်သူလဲဆိုသည်က သိသိသာသာထင်ရှားနေခဲ့ပြီ။
ကုကျစ်စုန့်မှ ကွမ်းကျစ်ကို မတွေ့မြင်ခဲ့ဖူးသလို သူ့ရဲ့ မွေးဖွားရာအခြေခံအချက်အလက်များကိုပါ တစ်ခါမှ မတွေ့မြင်ခဲ့ဖူးသော်လည်း ယခုလိုမျိုး မှန်ကန်တိကျစွာတွက်ချက်နိုင်ခြင်းက ‘ကျင်း’ ဟူသည့် စကားလုံးကြောင့်ပင်။
လက်ရေးလှရေးခြင်းဖြင့် ဆက်စပ်လျှက်ရှိသည့် ကျမ်းပညာကို အဓိကထားသော ရုပ်လွန်ပညာရပ်ဂိုဏ်းခွဲတစ်ခုရှိပြီး လူတစ်ဦးတစ်ယောက်ရေးဆွဲထားတဲ့ စာလုံးကို မြင်တွေ့လိုက်ရုံဖြင့် ထိုသူ၏ ဘဝအကြောင်းကို သိရှိနိုင်သလို သူ့၏မိသားစု ဆွေမျိုးဆက်တွေအကြောင်းကိုတောင် သိမြင်နိုင်ပေသည်။
ကွမ်းကျစ်ကိုယ်တိုင်ကို မြင်တွေ့ပြီးသည့်နောက်တွင်တော့ ကုကျစ်စုန့်အနေဖြင့် သူ့၏ မျက်နှာပုံသဏ္ဍာန်ကို ပို၍ဂရုတစိုက်ဖြင့် အသေအချာလေ့လာနိုင်ခဲ့ပြီး ထိုသူ့၏မိသားစုအတွင်း၌ ဦးလေးတစ်ယောက်တည်းသာ ကျန်ရစ်နေခဲ့ကြောင်းကိုတွေ့ရှိခဲ့ရပေသည်။ ထိုဦးလေးဖြစ်သူမှာ သူ့အဖေ၏ ညီငယ်လည်း ဖြစ်ချေသည်။
ထိုဦးလေးက သူ့အဖေနှင် သွေးသားအလွန်နီးစပ်သည့် ဆွေမျိုးမဟုတ်နိုင်ပေ။ သူတို့က သွေးသားတစ်ဝက်မျှသာ တော်စပ်သည့် ညီအစ်ကိုများသာဖြစ်နိုင်သည်။ သို့သော်လည်း ကွမ်းမိသားစုအတွင်းမှ မျိုးရိုးဆက်နွယ်မှုတွင်တော့ ထိုသူက ကွမ်းကျစ်၏ အဖေကဲ့သို့ ကွမ်းမိသားစု၏ သွေးသားမှဆင်းသက်လာသည့် မျိုးဆက်ဖြစ်နေခဲ့သည်။
ကွမ်းကျစ် ဖခင်ဖြစ်သူ၏ သွေးသားဆက်နွယ်မှုမှာ ပြင်းထန်သည့် ဖွဲ့စည်းပုံများဖြင့် အတင်းအကြပ် ဖိနှိပ်ခံလိုက်ရပြီးသည့်နောက် သူတို့၏ကံကောင်းခြင်းများက စုပ်ယူခံလိုက်ရပြီး ကွမ်းမိသားစုဘိုးဘွားများဆီမှ ပို့လွှတ်ပေးနေသည့် ကောင်းချီးများသည်လည်း ထိုလူဆီသို့သာ အကုန်လုံး စီးဆင်းသွားခဲ့ချေတော့သည်။
ပိုပြီး ရက်စက်လွန်းသည်ကတော့ကွမ်းကျစ်၏မိသားစုမှာ တခြားသောသွေးသားမျိုးဆက်၏ သွေးအိတ်များအဖြစ် ရှိနေခဲ့ရသော်လည်း အပြစ်မှန်သမျှက သူတို့၏ခေါင်းပေါ်မှာသာ ရောက်ရှိနေခဲ့ပြီး လူအများ၏ ပြစ်တင်ရှုံ့ချမှုကိုပါ လက်ခံနေခဲ့ရရှာသည်။
ထိုမျှမကဘဲ တခြားသော သွေးသားမျိုးဆက်မှ ပြုလုပ်ခဲ့သည့် ဆိုးဝါးရက်စက်လွန်းစွာ ကျူးလွန်ခဲ့သည့် အပြစ်များသည်ကလည်း ပြောင်းပြန်ဖွဲ့စည်းမှုကြောင့် နောက်ဆုံးတွင်တော့ ထိုအပြစ်ကြွေးကို ဆပ်ရမည်က ကွမ်းကျစ်တို့မိသားစုပင် ဖြစ်နေခဲ့ပြန်သည်။
အချက်အလက်ပေါင်းများစွာ၏ တရစပ်ထိုးနှက်ချက်များကြောင့် ကွမ်းကျစ်၏ စဉ်းစားနိုင်စွမ်းကို လွှမ်းမိုးသွားခဲ့ပြီး သူ့၏ဘေးပတ်ဝန်းကျင်သည်းလည်း မည်းမှောင်သွားသယောင်ခံစားနေရကာ ဒေါသတရားများကြောင့် အသက်ရှုူလို့တောင် မဝလေတော့။
[အချက်အလက်တွေက အရမ်းများလွန်းလို့ ခေါင်းတောင် မူးသွားသလိုပဲ၊ သေချာတာကတော့ ဒီတာ့ကောရဲ့ မိသားစုက အဖြစ်ဆိုးလွန်းပါတယ်ကွာ]
[ဒါဆိုတံခါးပေါက်တိုင်းက မကောင်းဆိုးဝါးတွေရဲ့လမ်းဖြစ်လာနိုင်တာလား? ငါ့အိမ်က တံခါးပေါက်ရဲ့ ဆန့်ကျင်ဘက်ကြီးမှာရှိနေတာ၊ တိုက်ရိုက်ထုတ်လွှင့်သူရေ ငါ့ကို အကြံလေးပေးပါဦး!]
[ဒီလူကြီးရဲ့ မျိုးရိုးနာမည်က ကွမ်းနော်!သူ့မှာ အိမ်အကြီးကြီးလည်းရှိတယ်၊ မဟုတ်မှလွဲရော သူက ယွင်ချန်မှာရှိတဲ့ သူဌေးကွမ်းနဲ့များ အမျိုးတော်နေတာလား??]
တစ်စုံတစ်ယောက်က ကွမ်းကျစ်၏ အချက်အလက်များကို တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် ဖော်ထုတ်ဖို့ ကြိုးစားနေသည်ကို မြင်တွေ့လိုက်ရသောကြောင့် ကွမ်းမိသားစု၏နောက်ကြောင်းအား အသေအချာသိရှိထားသည့် လီချန်ဟဲမှ သူ့၏နားကြပ်မှတဆင့် အချက်ပြလိုက်သည်။ အစီအစဉ် တင်ဆက်သူ လျို့သည်လည်း ချက်ချင်းဆိုသလို အရှိန်ကို ထိန်းသိမ်းလိုက်သည်။
“ကောင်းပြီ! ဒီတော့ ကြည့်ရှု့သူများခင်ဗျား! ပြိုင်ပွဲ ဒုတိယပိုင်းရဲ့ ရလဒ်ကိုလည်း အားလုံးသိပြီးပြီဆိုတော့ တိုက်ရိုက်ထုတ်လွှင့်မှုကို ရပ်နားချိန်တန်ပါပြီ! ကြည်လင်ကောင်းမွန်စွာ တည်းဖြတ်ထားမဲ့ အပိုင်းကတော့ နောက်သုံးရက်အကြာမှာ တင်ပေးမှာ ဖြစ်ပါတယ်! အားလုံးပဲ နောက်တစ်ကြိမ်မှာ ပြန်တွေ့ကြမယ် !!!”
ကုကျစ်စုန့် မှတ်ချက်ဧရိယာအတွင်းမှ အကူအညီတောင်းသည့်စကားကို တွေ့တာကြောင့် တိုက်ရိုက်ထုတ်လွှင့်မှု မပြီးခင်အချိန်ခဏတွင် အလျှင်အမြန်ပြောလိုက်သည်။
“ဒီကိစ္စအတွက် ဖြေရှင်းဖို့ နည်းလမ်းက လွယ်ပါတယ်၊ မင်းရဲ့ တံခါးပေါက်မှာ ‘ကောင်းကင်ဘုံရဲ့ ကောင်းချီး’တချို့ကို ကပ်ထားလိုက်”
သူမ စကားပြောပြီးသွားသည့် အချိန်ခဏအတွင်း တိုက်ရိုက်ထုတ်လွှင့်မှုသည်လည်း ရပ်တန့်သွားခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးသွားသည်ကိုတွေ့မြင်လိုက်သည့်နောက် ကွမ်းကျစ်သည်လည်း ဖြုဖျော့နေသည့်မျက်နှာထားဖြင့် ကြမ်းပြင်ပေါ်သို့ ‘ဒုန်း’ခနဲမြည်အောင် ဒူးထောက်ချလိုက်သည်။ သူ့၏မျက်လုံးများက နီရဲနေခဲ့ပြီး အမုန်းတရားများလည်း ပြည့်နေခဲ့သည်။
“ကုတောက်ကျန့်! ဒီအိမ်ရဲ့ ဆိုးရွားတဲ့ ဖွဲ့စည်းပုံတွေကို ဖျက်ဆီးပေးဖို့ ကျွန်တော် တောက်ကျန့်ကို အကူအညီတောင်းချင်ပါတယ်၊ အဲဒီတုန်းက ကျွန်တော် တုံးခဲ့ အခဲ့လို့ အဖေကို ဒုက္ခဖြစ်စေခဲ့တယ်၊ ဆုကြေးဖြစ်ဖြစ်၊ပိုက်ဆံဖြစ်ဖြစ် ဘယ်လောက်ဘဲပေးရပါစေ ကိစ္စမရှိပါဘူး၊ ကျွန်တော် ကျွန်တော့် အဖေ့ရဲ့ သေဆုံးပြီးသားဝိဉာဉ်ကို ထပ်ပြီး မခံစားစေနိုင်တော့ဘူး!!!”
သူ ထိုထပ်ပိုပြီး အရိုအသေပေးချင်သော်လည်း သူ့၏ ခန္ဓာကိုယ်က ထိုထပ်ပိုပြီး မခေါက်ချိုးနိုင်တော့ပေ။
ကုကျစ်စုန့် သူ့၏လက်မောင်းကို ကိုင်ကာ အလွယ်တကူ ဆွဲထူလိုက်သည်။
“ကျွန်မကို ဒူးထောက်ဖို့ မလိုပါဘူး၊ လူကြီးမင်းမပြောရင်တောင် ဒီကမ္ဘာထဲမှာ ရှိနေတဲ့ ဘယ်ဝိဉာဉ်ကိုမှ မကျွတ်လွတ်နိုင်ဘဲ ရှိနေတာကို ကျွန်မ ပစ်ထားမှာမဟုတ်ဘူး”
သူမ တကယ်ပဲ မထားခဲ့နိုင်ဘူး။ အခုလိုမျိုး ခံစားနေရတဲ့ ဝိဉာဉ်တွေကို မြင်နေရတာတောင် သက်သောင့်သက်သာနှင့် ထွက်သွားမဲ့အလုပ်ကို သူမ မလုပ်နိုင်ဘူး။ ဒါ့အပြင် တစ်စုံတစ်ယောက်က အခုလိုမျိုး ခိုးကြောင်ခိုးဝှက်နဲ့ ရှက်စရာကောင်းတဲ့ လုပ်ရပ်တွေလုပ်နေတာကိုလည်း လျှစ်လျှူရှုမထားနိုင်ဘူး။
“ဖွဲ့စည်းပုံဖြိုခွဲတာကို ကျွန်မကူညီပေးမယ်၊ ဒါပေမယ့် ရှင်တို့တွေ မနက်ဖြန်အတွက် ကြိုပြီး ပြင်ဆင်ထားရမှာတွေရှိတယ်”
ကုကျစ်စုန့်က ဆက်ပြီး ပြောလိုက်သည်။
“ပိုပြီးအရေးကြီးတာက ပထမဆုံးတန်းစီတဲ့လူက ပထမဆုံးရမှာပဲ.. ရှင့်ရဲ့ အရှေ့မှာ တန်းစီနေတဲ့သူ ရှိသေးတယ်”
သီးသန့် တိုက်ရိုက်ထုတ်လွှင့်မှုခန်းဆီသို့ ဆွဲခေါ်သွားခံလိုက်ရသည့် စုန့်ထန်သည်ကတော့ ယနေ့ တစ်နေ့လယ်လုံး စောင့်နေခဲ့ရပြီး တိုက်ရိုက်ထုတ်လွှင့်မှု ပြိုင်ပွဲအား ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်နေမိကာ သူ၏ကိုယ်ပိုင်ပြဿနာကိုတောင် မေ့လျော့နေလေပြီ။
သူက ကုကျစ်စုန့်၏စကားကို ကြားမှ အသိပြန်ကပ်လာခဲ့ပြီး မိုက်ခရိုဖုန်းကို ဖွင့်၍ လှမ်းပြောလာခဲ့ချေ၏။
“ကုတောက်ကျန့်.. ကျွန်တော့်ကို ကယ်ပါဦး! ကျွန်တော်က အချိန်နီးနေပြီ !!”