လူစားထိုး
Vol. 3 Ch. 26
“ ပရိုဂရမ်ရဲ့အစီအစဉ်ထဲမှာ မင်းကို ဘယ်သူကမှ မမုန်းတီးစေရတော့ဘူး!!”
တောက်ဓမ္မ အချုပ်အနှောင်စည်းကို ဖွဲ့စည်းခဲ့ပြီးသည့်နောက် ကုကျစ်စုန့်၏ လက်နှစ်ချောင်းမှာ တောက်ဓမ္မဂါထာကြောင့် ဓားသွားများကဲ့သို့ ဖြစ်လာခဲ့ချေသည်။ အစီအရင်များအား ဖျက်စီးပြီးသွားသည့်နောက်မှာ သူမက ကွမ်းလင်းဝိဉာဉ်၏ ရွှမ်းကျီနေရာကို ထိလိုက်လေသည်။
ရွှမ်းကျီနေရာဆိုသည်က သရဲတစ္ဆေဝိဉာဉ်အျားအတွက် စွမ်းအင်စုဆောင်းသည့် အဓိကနေရာဖြစ်ပေ၏။ ဤအခိုက်အတန့်အတွင်း၌ သူမက ထိုနေရာအား အားပြင်းပြင်းဖြင့် ဖိကိုင်ထားခဲ့သည်။ မကြာခင်အချိန်အတွင်း ကွမ်းလင်း စုဆောင်းထားခဲ့သည့် အမုန်းတရားများကလည်း ဘောလုံးတစ်လုံးပေါက်ကွဲသွားသကဲ့သို့ “ဘန်း”ခနဲ အသံနှင့်အတူ ပေါက်ကွဲထွက်သွားခဲ့ချေသည်။
“နိုးလာပြီလား”
ကုကျစ်စုန့်က အချုပ်အနှောင်စည်းကို လက်တစ်ဖက်ဖြင့် ဆုတ်ကိုင်ထားရင်း အေးစက်သည့် လေသံဖြင့် မေးလိုက်၏။ အကယ်၍ ဤအချိန်မှာတောင် ကွမ်းလင်းက နာကြဥ်းမှုတစ္ဆေအဖြစ် ပြောင်းလဲချင်နေသေးဦးမည်ဆိုပါက သူမသည်လည်း သက်ညှာတော့မှာမဟုတ်တော့ပေ။
ကွမ်းလင်း၏ အဆင့်တိုးမြှင့်ပြောင်းလဲခြင်းက ဖိအာပေးရပ်တန့်ခံလိုက်ရသောကြောင့် သူ့၏ ဝိဉာဉ်ကလည်း တုန်ခါနေခဲ့ရသည်။ အလွန်ပြင်းထန်သည့် နာကျင်မှုများကြားမှာ သူ့၏ဝမ်းနည်းနာကျင်ရမှုများက မျက်ရည်ကြည်တစ်စက်အဖြစ် ပြောင်းလဲသွားခဲ့စေပြီး နဂိုက အားနည်းနေခဲ့သည့် သူ့၏ခန္ဓာကိုယ်သည်လည်း ပို၍ဖျော့တော့လာတော့သည်။
“ကျေး.. ဇူး.. တင်ပါတယ်.. တောက်ကျန့်..”
ဘေးတစ်ဖက်တွင် ရပ်နေခဲ့သည့် လီချန်ဟဲသည်ကား ဘာတစ်ခုကိုမှ မမြင်တွေ့ခဲ့ရပါဘဲ သူ့၏သူငယ်ချင်းဖြစ်သူက အားပြင်းစွာ ကန်ထုတ်ခံလိုက်ရသည်ကိုသာ မြင်တွေ့ခဲ့ရပေသည်။ သူက ထိတ်လန့်တကြားဖြင့် အပြေးအလွှားသွားထူပေးခဲ့သည်။
“မင်း ဘာလုပ်တာလဲ!!!”
ကွမ်းကျစ်က သူ့၏လက်မောင်းကို ဆုတ်ကိုင်ပြီး ခေါင်းခါရမ်းပြလာသည်။ ထို့နောက် ရုတ်တရက် သူ့၏ပါးစပ်ကိုဖွင့်ဟပြီး မည်းညစ်နေသည့် သွေးပုတ်များကို ထွေးထုတ်ခဲ့လေ၏။
“….ကုတောက်ကျန့်က ငါ့ကို ကယ်လိုက်တာ..”
သူ့အဖေ၏ ဝိဉာဉ်က အနက်ရောင်သို့ ပြောင်းလဲသွားချိန်တွင် ချွန်မြထက်ရှလွန်းသည့် ဆူးချွန်များနှင့် ဆင်တူသည့် လေအေးများ တိုက်ခတ်လာသည်ကို ခံစားမိခဲ့ပြီး သူ့၏ခန္ဓာကိုယ်အသွေးအသားနှင့် ကလီစာကို ထိုးခွဲလိုက်သကဲ့သို့ နာကျင်သွားခဲ့ရပြီး သူ့၏ ရင်ဘတ်သည်လည်း အေးစက်သည့်လေအေးများဖြင့် ဝန့်ရံပိတ်ဆို့ခံထားရကာ လေးလံနေခဲ့ရသည်။
ဆန့်ကျင်ဘက်အားဖြင့် ကုကျစ်စုန့် သူ့ကို ကန်ထုတ်လိုက်သောကြောင့်သာ သူ့၏ရင်ဘတ်အတွင်းမှာ ပိတ်ဆို့နေခဲ့သည့်လေအေးများကို အန်ထွက်သွားစေခဲ့သည်။ ထိုနည်းအားဖြင့် သူ့ကို ကယ်တင်လိုက်ခြင်း ဖြစ်ချေသည်။
“တောက်ကျန့် .. ကျွန်တော့်အဖေက ဘာဖြစ်သွားတာလဲ!?”
“အမုန်းတရားတွေကြောင့် အဆင့်တို့မြှင့်ပြီး အသွင်ပြောင်းလဲတာ.. ဆိုးရွားတဲ့ နာကြဥ်းမှုတစ္ဆေအဖြစ် ကူးပြောင်းဖို့ လုပ်ခဲ့တာပဲ”
ကုကျစ်စုန့်က အချုပ်အနှောင်စည်းကို ပြန်လည်ဖြည်လျော့လိုက်ပြီး ကွမ်းလင်းအား ကြည့်ကာ သက်ပြင်းဖွဖွချလိုက်၏။
“လူကြီးမင်း .. ရှင် လက်တုံ့ပြန်ချင်တယ်ဆိုတာကို နားလည်ပေမယ့် ရှင့်ရဲ့ ဝိဉာဉ်က အရမ်းအားနည်းလွန်းနေတယ်.. တကယ်လို့ ကျွန်မသာ ဝိဉာဉ်ချုပ်ကျမ်းစာနဲ့ ထိန်းချုပ်မထားခဲ့ဘူးဆိုရင် ဒီဖွဲ့စည်းပုံပျက်ယွင်းသွားတာနဲ့ ရှင့်ရဲ့ ဝိဉာဉ်လကည်း လွင့်ထွက်သွားနိုင်တယ်! တကယ်လို့ အသွင်ပြောင်းလဲခြင်း အောင်မြင်ခဲ့တယ်ဆိုရင်တောင် ရှင်က အသိစိတ်မဲ့တဲ့ အနိမ့်စားမကောင်းဆိုးရွားအဖြစ်ပဲ ရှိနေရလိမ့်မယ်”
သရဲတစ္ဆေဝိဉာဉ်များမှာလည်း အဆင့်အမျိုးမျိုးရှိပြီး အဆင့်မြင့်သရဲတစ္ဆေကသာ သူတို့၏ အရင်ဘဝမှ မှတ်ဉာဏ်များနှင့် စိတ်ခံစားချက်မျာကို ပြန်လည် မှတ်မိနိုင်လိမ့်မည်။ ထိုဝိဥာဥ်များမှာ ကျင့်ကြံမှုကိုပါ လုပ်ဆောင်နိုင်ပြီး လူ့လောကအတွင်းမှာတောင် လျှောက်သွားနိုင်ပေသည်။
သူတို့၏ မုန်းတီးမှုကို မထိန်းချုပ်နိုင်ခဲ့သည့် ဝိဉာဉ်များကတော့ အကျင့်သီလပျက်စီးသွားမှာဖြစ်ပြီး လူ့လောကကို ဒုက္ခပေးသည့် မကောင်းဆိုးရွားဝိဉာဉ်များ ဖြစ်လာလိမ့်မည်။ သူတို့တွေကတော့ သူတို့၏ရန်သူများကိုသာမကဘဲ တခြားသော မသက်ဆိုင်သူများကိုပါ တိုက်ခိုက်လာတတ်ကြသည်။
မကြာခင်တုန်းက သူ့၏ အမုန်းတရားမထိန်းချုပ်နိုင်တာကြောင့် သားဖြစ်သည့် ကွမ်းကျစ်ကိုတောင် ထိခိုက်မိသွားသလိုမျိုးပင်။
ဤကဲ့သို့ တစ္ဆေဝိဉာဉ်မျိုးက လူသတ်သမားတွေ အလွယ်တကူဖြစ်လာနိုင်ပြီး ပြန်လည်ဝင်စားနိုင်ဖို့အတွက် ဖြစ်နိုင်တော့မှာ မဟုတ်တော့ပါချေ။ အခြေခံအားဖြင့် တောက်ဓမ္မဂိုဏ်းသားများက ထိုကဲ့သို့ သွေးဆိုးသည့် မကောင်းဆိုးရွားဝိဉာဉ်များကို မြင်တွေ့လိုက်ရသည်နှင့် အချိန်မဆိုင်းဘဲ နှင်ပစ်ကြလေ့ရှိသည်။
ကုကျစ်စုန့်၏စကားများကိုကြားတော့ ကွမ်းကျစ်တစ်ယောက် တုန်လှုပ်သွားခဲ့ကာ သူ့၏ မျက်လုံးများသည်လည်း နီရဲလာခဲ့ပြီး အဖေဖြစ်သူ၏ ဝိဥာဥ်ကိုယ်ထည်ဆီသို့ လှမ်းပြောခဲ့သည်။
“ပါး! မကောင်းဆိုးရွား ဝိဉာဉ်မဖြစ်ပါနဲ့၊ အရာအားလုံးက ကျွန်တော့်ရဲ့ အပြစ်တွေပါ! ကျွန်တော် သူတို့ရဲ့ ကောက်ကျစ်မှုတွေကို မမြင်နိုင်ခဲ့လို့ အဖေနဲ့ မိသားစုဝင်တွေကို ထိခိုက်စေခဲ့တယ် !!!”
အသိစိတ်များ ပြန်ဝင်လာပြီဖြစ်သည့် ကွမ်းလင်းက အလွန် နာကျင်နေပုံရပြီး သူ့၏ခန္ဓာကိုယ်ပေါ်မှ ယင်စွမ်းအင်က သားဖြစ်သူကို မကောင်းသည့် သက်ရောက်မှုမျိုးဖြစ်သွားစေမှာကို စိုးရိမ်နေခဲ့ကာ သူ့၏သားကို နောက်တစ်ကြိမ် မထိရဲတော့ပါချေ။
ထို့ကြောင့် ဝိဉာဉ်တစ်ခုနဲ့ လူတစ်ယောက်က ရှင်းလင်းနေသည့် ပင်မခန်းမထဲတွင် ရပ်ရင်း ရှိုက်ငိုလာကြတော့သည်။ တိတ်ဆိတ်ပြီး မှောင်မည်းနေသည့် ညအချိန်အတွင်း ဤကဲ့သို့အခြေအနေက မည်သို့ပင်ကြည့်ပါစေ ထူးဆန်းသည့် မြင်ကွင်းဖြစ်နေခဲ့သည်။
ကြက်ဖကြီးကို ကိုင်ပြီး ဘေးဘက်တွင် ရပ်နေသည့် လီချန်ဟဲသည်ကတော့ မျက်လုံးကို ကျယ်ကျယ်ဖွင့်၍ စိုက်ကြည့်နေခဲ့သော်လည်း မည်သည့်အရာကိုမျှ မြင်တွေ့ခဲ့ရခြင်းမရှိခဲ့ပေ။ သူ အလွန်အမင်း စိတ်ဓာတ်ကျလာခဲ့သည့်အချိန် ရုတ်တရက် အဆောင်ကျမ်းစာရွက်တစ်ခုက သူ့၏အရှေ့သို့ ရောက်ရှိလာခဲ့သည်။
သူ ကြက်သေ,သေသွားခဲ့ရသည်။။
“ဒါက.. ငါ့အတွက်လား”
ကုကျစ်စုန့် : “ မလိုချင်ဘူးလား?”
အပျော်လွန်သွားရသည့် လီချန်ဟဲတစ်ယောက်ကတော့ ကျမ်းစာရွက်အား အလျှင်အမြန်ဆွဲယူခဲ့ပြီး သူ၏နဖူးမှာ ကပ်လိုက်ချေသည်။
“လိုချင်တာပေါ့!!”
သူ့၏မြင်ကွင်းထဲသို့ ဝိုးတဝါးအရိပ်တစ်ခုပေါ်ထွက်လာသည်ကို မြင်လိုက်ရချိန်တွင်တော့ လီချန်ဟဲမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ရသောကြောင့် မျက်ရည်ပင်ကျဆင်းလာချေသည်။ သူက ကုကျစ်စုန့်ဘက်ကို လှည့်ပြီး :
“ကုတောက်ကျန့်.. မင်းက ငါ့ရဲ့ ကျေးဇူးရှင်ပဲ! နောက်လာမဲ့ ပရိုဂရမ်ရဲ့အစီအစဉ်ထဲမှာ မင်းကို ဘယ်သူကမှမမုန်းစေရတော့ဘူး!!”
ကုကျစ်စုန့် : “????”
ဒီဒါရိုက်တာအိုကြီးကက ထူးဆန်းနေတာပဲ။
သူမ မသိခဲ့သည်ကတော့ ဤကမ္ဘာလောကထဲမှ တချို့လူများမှာ ရုပ်လွန်ပညာရပ်များအကြောင်းကို အလွန်အမင်းရူးသွပ်နေခဲ့ကြသော်လည်း သူတို့ဆီတွင် ပါရမီတစ်စွန်းတစ်စမျှ မပါရှိခဲ့ပါချေ။ လီချန်ဟဲသည်လည်း ထိုကဲ့သို့လူမျိုးများထဲမှ တစ်ဦးဖြစ်ပေ၏။
လီချန်ဟဲမှာ ငယ်ရွယ်စဉ်အချိန်များတုန်းကက တောက်စမ္မကျောင်းများဆီသို့ သွားရောက်ခဲ့ပြီး သင်ကြားလိုခဲ့သော်လည့် မည်သည့်ကျောင်းကမျှ သူကို လက်မခံခဲ့ကြပါချေ။ သူက ဝိဉာဉ်စွမ်းအားကို ပိတ်ဆို့မှုဖြင့်သာ မွေးဖွားလာခဲ့သူဖြစ်ပြီး စွမ်းအင်များအားခံစားနိုင်စွမ်းမရှိသည့်အပြင် သူ့၏ခန္ဓာကိုယ်အတွင်းမှ ယန်စွမ်းအင်မှာ အလွန် အားကောင်းလှကြောင်းသာ ပြောခဲ့ကြသည်။
ထိုကဲ့သို့ ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသောကြောင့် တောက်ဓမ္မဂိုဏ်းတစ်ခုကို ဝင်ရောက်နိုင်ဖို့ဆိုသည်မှာ မဖြစ်နိုင်သည့်အပြင် ဝိဉာဉ်နဲ့ နတ်ဆိုးများ သူ့ထံသို့ ကပ်တွယ်နိုင်ဖို့ ဖြစ်နိုင်ချေကလည်း နည်းပါးလှပေသည်။
ကုကျစ်စုန့်ကဲ့သို့ မွေးရာပါ ပါရမီရှင်တစ်ယောက်က ဤသို့ခံစားချက်ကို နားလည်မည် မဟုတ်ပေ။
ဤမျှလောက်နှစ်တွေအများကြီး နေထိုင်လာပြီးမှ ဝိဉာဉ်တစ်ကောင်ကို ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့လိုက်ရချိန်တွင် လီချန်ဟဲ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်တဲ့လား!!
ကွမ်းကျစ်ဘက်တွင်တော့ မျက်ရည်တွေကို သုတ်ပြီး ရှိုက်ငိုမှုကို ထိန်းချုပ်ကာ အံကြိတ်၍ မေးလိုက်သည်။
“ပါး.. ကျွန်တော် အခုထိ နားမလည်နိုင်ဘူး! ကျွန်တော်တို့က မိသားစုဝင်တွေ မဟုတ်ဘူးလား? အဘိုးနဲ့ အဘွားကလည်း သူ့မိဘတွေပဲလေ! ပြီးတော့ ညီမလေး… ညီမလေးက ဒီလောက်ထိ ငယ်သေးတာကို .. သူ ဘယ်လိုများ ဒီလောက်ထိ လုပ်ရက်ရတာလဲ!?”
ကွမ်းလင်းမှာ အချိန်တော်တော်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီး သူတို့မိသားစု၏ မျိုးဆက်ဟောင်းကြားမှ လျှို့ဝှက်ချက်ကို ပြောပြလာချေသည်။
သူတို့ကွမ်းမိသားစုကို ပျက်ဆီးစေခဲ့သည့် အဓိကတရားခံ ကွမ်းရှိုးမှာ တကယ်တမ်းတွင်တော့ သူနဲ့ အဖေတူ အမေကွဲ ညီအစ်ကိုသာ ဖြစ်ချေသည်။
သူတို့၏အဖေ ကွမ်းလူကြီးမင်းသည်ကား မိသားစု စီးပွားရေးကို ငယ်စဉ်အရွယ်တုန်းက သုညမှ စတင်ပြီး တည်ဆောက်ခဲ့သူ ဖြစ်ချေသည်။ သူနဲ့ သူ့၏အမျိုးသမီးမှာ ငယ်ချစ်ဦးများ ဖြစ်ကြပြီး တစ်ဦးကိုတစ်ဦးလည်း အလွန်ချစ်ခင်ခဲ့ကြသည်။
ငယ်ရွယ်ချောမောကာ အလုပ်ကြိုးစားသည့် သူ့ကို ယွင်ချန်မှ အရာရှိတစ်ဦး၏ သမီးဖြစ်သူမှ မျက်စိကျခဲ့သည်။ ထိုအရှိရှိ၏သမီးဖြစ်သူ ၊ အမျိုးသမီးကွမ်က စိတ်ရူးပေါက်လာခဲ့ပြီး ပုံမှန်မဟုတ်ဘဲ ရူးသွပ်သည့် အပြုအမူများ ပြုလုပ်လာခဲ့သည်။ သူမက ကွမ်းလူကြီးမင်း သူ့ကို ထပ်မံလက်ထပ်ဖို့အတွက် အဖက်ဖက်မှဖိအားတွေ ပေးခဲ့သည်။
လူကြီးမင်းကွမ်းက နည်းလမ်းအမျိုးမျိုးနဲ့ ခါးခါးသီးသီး ငြင်းဆန်ခဲ့သော်လည်း ထိုအမျိုးသမီးကွမ်ကတော့ အလွန်အမင်းရူးသွပ်နေခဲ့ပြီး သူနှင့်အတူ ရုပ်ပိုင်းဆိုင်ရာဆက်ဆံရေးဖြစ်သွားစေဖို့ အတင်းအကြပ်ဖိအားပေးခဲ့ပြီး ကွမ်းရှိူးကို မွေးဖွားခဲ့သည်။
ထိုမတော်တဆဖြစ်ရပ်က ကိုယ့်ကိုကိုယ် တန်ဖိုးထားတဲ့အမျိုးသားတစ်ယောက်အတွက် အင်မတန်ရှက်စရာကောင်းသည့်ကိစ္စဖြစ်ခဲ့သောကြောင့် ကွမ်းလူကြီးမင်းက နှစ်အနည်းငယ်အတွင်းမှာ သူ့၏ လုပ်ငန်းကို အကြီးအကျယ်ချဲ့ထွင်ခဲ့ပြီး ကွမ်မိသားစု၏ အပြစ်များ၊ရာဇဝတ်မှုများအတွက် သက်သေအမျိုးမျိုး စုဆောင်းခဲ့ကာ သူတို့အား ပြိုလဲသွားသည်အထိ ဆွဲချခဲ့လေ၏။
စိတ်ပိုင်းဆိုင်ရာ ပြိုကွဲသွားခဲ့ရသောကြောင့် အမျိုးသမီးကွမ်က အချိန်ကြာရှာစွာမနေခဲ့ရဘဲ သေဆုံးသွားခဲ့ရကာ မည်သူတစ်ဦးတစ်ယောက်ကမျှ မလိုချင်တော့သည့် ကွမ်းရှိူးတစ်ယောက်တည်းကသာ ကျန်ရှိခဲ့သည်။
ကွမ်းလူကြီးမင်း၏ ဇနီးသည် အဘွားကွမ်းက ထိုကလေးအားမြင်တွေ့ရချိန်တွင် နှိပ်စက်ခံထားရသည့် ဒဏ်ရာများနှင့် ပြည့်နှက်နေခဲ့ပြီး လမ်းဘေးကြောင်လေးတစ်ကောင်လို ပိန်ပါးနေခဲ့သည့် ကွမ်းရှို့အား ကြည့်ကာ ကလေးဆီမှာ အပြစ်မရှိကြောင်း ခံစားခဲ့ရသည်။ သူမက သူ့ကို အိမ်သို့ခေါ်လာပေးခဲ့ပြီး သားအရင်းတစ်ယောက်နှင့်မခြား ကျွေးမွေးပြုစုပေးခဲ့သည်။
ကွမ်းလင်းနှင့် ကွမ်းရှို့တို့မှာ အသက်နှစ်နှစ်သာ ကွာခြားခဲ့သောကြောင့် ငယ်စဥ်ကတည်းက အတူကြီးပြင်းခဲ့ကြလေ၏။
ကွမ်းလင်းအနေဖြင့် သူ့၏ညီကို ညီအရင်းကဲ့သို့ သဘောထားခဲ့သော်လည်း တစ်ဖက်လူက သူကို သတ်ဖြတ်ချင်စိတ်များ ရှိနေလိမ့်မည်ဟု လုံးဝထင်မထားခဲ့မိပါချေ။
ကွမ်းရှိုးမှာ နှစ်ပေါင်းများစွာအတွင်းဤရက်စက်သည့် ဖုန်းရွှေဖွဲ့စည်းမှု အကြောင်းများကို အပြင်းအထန်လေ့လာခဲ့ပြီး သူ့၏ရာသီခွင်နဲ့ သွေးအစရှိသည်တို့ကို စုဆောင်းကာ သူ့အား ချောက်ထဲသို့ တွန်းချခဲ့လေသည်။
သူ့အား မီးလောင်မြိုက်မှုနှင့် သေဆုံးစေပြီးသည့် နောက်တွင် လူပျိုပေါက်အရွယ်သာ ရှိသေးသည့် ကွမ်းကျစ်အား အယုံသွင်းလိမ်လည်ခဲ့ပြီး ‘ကျင်း’ စာလုံးကို သူ့(ကွမ်းကျစ်)၏လက်ဖြင့် ကိုယ်တိုင် ချိတ်ဆွဲစေခဲ့သည်။
သားဖြစ်သူ ထွက်သွားပြီးသည့်နောက်တွင်တော့ ကွမ်းရှိုးမှ သူ့၏ ကြောက်စရာကောင်းလှသော ရက်စက်ကြမ်းကြုပ်မှုအပြည့်နှင့် မျက်နှာကို ဖော်ထုတ်ပြသလာခဲ့လေ၏။