လူစားထိုး(2)
Vol. 3 Ch. 27
“ငါ့သားကို ထိခိုက်အောင် လုပ်တဲ့ ဘယ်သူမဆို အပြစ်ကြွေးဆပ်ရမယ်!!!”
“ချစ်ရတဲ့ ငါ့ရဲ့ အစ်ကိုကြီး.. မင်းက ငါ့ကို ကလေးဘဝထဲက ဖိနှိပ်ခဲ့တယ်၊ မိသားစု စီးပွားရေးကလည်း မင်းရဲ့ အပိုင်ပဲ၊ ငါ့ရဲ့အဖေကလည်း မင်းကိုပဲ တန်ဖိုးထားပြီး ငါ့ကိုတော့ မုန်းတီးနေခဲ့တယ်၊
မင်းက ငါကြိုက်တဲ့ မိန်းကလေးကိုတောင် လုယူသွားခဲ့သေးတယ်!! ဒါပေမယ့် အခုတော့ အဆင်ပြေသွားပါပြီ ၊ အခုကစပြီး မင်းက နေ့ရောညပါ နှိပ်စက်ခံရတော့မှာလေ!
အဲဒီ အဘိုးကြီး နှင့် အဘွားကြီးလင်မယား၊ မင်းရဲ့ကလေးနှစ်ယောက်တို့ကလည်း အသေဆိုးနဲ့ သေရတော့မှာကို မင်းစောင့်ကြည့်နေလိုက်တော့! ငါလား? ငါကတော့ ကွမ်းမိသားစုရဲ့ ကောင်းချီးကံတရားတွေနဲ့ ချမ်းသာကြွယ်ဝမှုတွေအားလုံးကို အပိုင်ယူလိုက်တော့မှာ!!!!”
ထိုအချိန်ကျမှသာ ကွမ်းရှိူးမှ သူတို့မိသားစုတစ်ခုလုံးကို အစကတည်းက မုန်းတီးနေခဲ့ကြောင်းကို ကွမ်းလင်းသိရှိလိုက်ရသည်။
ထိုသူက သူတို့မိသားစုမှ သူ့၏အမေဖြစ်သူကို သတ်ခဲ့ပြီး ၊ နှစ်ပေါင်းများစွာအတွင်း သူ့အပေါ် မိသားစုလိုမျိုး ဂရုစိုက်ပေးခဲ့တာတွေအားလုံးမှာလည်း ကြောင်သူတော်ကဲ့သို့ဟန်ဆောင်နေခြင်းသာဖြစ်နေလိမ့်မည်ဟု ထင်နေခဲ့သည်။
ပို၍ အရေးကြီးသည်က ကွမ်းရှိုးမှာ သူ့၏ဇနီးသည် ရှုယွဲ့အတွက်လည်း တစ်ချိန်လုံး ခံပြင်းဒေါသထွက်ကာ မကျေမချမ်းဖြစ်နေခဲ့သည်။ သူတို့နှစ်ယောက်မှာ ကျောင်းခန်းထဲတွင် အရင်ဆုံးတွေ့ဆုံခဲ့ကြသော်လည်း ကွမ်းလင်းမှ သူတို့၏ ကြားထဲသို့ဝင်လာပြီး ရှုယွဲ့ကို လုယူသွားခဲ့သည်ဟု ထင်မြင်နေခဲ့သည်။
ကောင်းကင်ဘုံနှင့် တိုင်တည်၍ ပြောနိုင်သည်မှာ ကွမ်းလင်းနှင့် ရှုယွဲ့တို့နှစ်ဦးလုံးမှာ ညီဖြစ်သူ၏ တစ်ဖက်သတ် တိတ်တခိုးအချစ်ကို လုံးဝမသိခဲ့ကြပေ။
ဒီလိုဆိုမှတော့ ဘယ်လိုလုပ်ပြီး သူက ဝင်လုတာ ဖြစ်နိုင်ပါ့မလဲ??”
မည်သို့ပင်ဆိုစေ ကွမ်းရှိုး၏ မျက်လုံးထဲတွင်တော့ သူတို့ဇနီးမောင်နှံမှ ပို၍ချစ်ခင်ကြင်နာနေကြလေလေ၊ သူ့၏အမုန်းတရားများက ပိုမို ကြီးထွားလာလေဖြစ်ခဲ့ချေသည်။
ထိုကဲ့သို့လျှို့ဝှက်ချက်များကို ပြောပြပြီးသည့်နောက်တွင် ကွမ်းလင်း မျက်နှာပေါ်တွင် စိတ်ဓာတ်ကျနေသည့် အမူအရာများရှိနေခဲ့သော်လည်း ကွမ်းကျစ်၏ စိတ်အစဥ်သည်ကား ဗလာသက်သက်ဖြစ်နေခဲ့ရသည်။
သူ အတော်ကြာသည်အထိ ပြောစရာစကားများ ပျောက်ဆုံးနေခဲ့သည်။
သူ့အနေဖြင့် သူ့၏ဘဝက ဆယ်စုနှစ်များစွာကြာမြင်အောင် ပျက်စီးခဲ့ရပြီး သူ့၏မိသားစုတစ်ခုလုံး ပျက်စီးခဲ့ရသည့် အကြောင်းအရင်းမှာ ဤကဲ့သို့ ရယ်မောဖွယ်ကောင်းလှသည့် အမုန်းတရားများကြောင့် ဖြစ်နေခဲ့လိမ့်မည်ဟု တစ်ကြိအ်တစ်ခါလောက်တောင် တွေးထင်ထားခဲ့မိခြင်း မရှိခဲ့ပေ!!
သူ့၏ အဘိုးနှင့်အဘွားတို့က မည်သို့သောအပြစ်များ ကျူးလွန်ခဲ့မိလို့လဲ?
ကွမ်းရှိုး၏ သိမ်ငယ်စိတ်များနဲ့ အမုန်းတရားများကြောင့် သူက သူ့၏အစ်ကိုနဲ့ မရီးတို့ကို ဆိုးရွားလွန်းသည့် ကျိန်စာတိုက်ခဲ့ပြီး သူ့ကို ‘ရှုရှု’ဟု ခေါ်နေခဲ့သည့် ညီမလေး ထျန်းထျန်းကိုတောင်မှ သတ်ဖြတ်ခဲ့သည်...
တစ်ချိန်လုံးပွဲကြည့်ပြီးဖရဲသီးစားနေခဲ့သည့် စနစ်မှ ကုကျစ်စုန့်ရဲ့ စိတ်ထဲမှာ တကျစ်ကျစ်အသံထွက်၍ စုတ်သပ်လာခဲ့ချေသည်။
“ဒါက ‘အတိတ်က ဗီလိန်’ရဲ့လူနှင့်သရုပ်ဖော်ထားတဲ့ ဗားရှင်းလား? တကယ့်လက်တွေ့မှာ ဒီလိုမျိုး ဦးနှောက်ပျက်နေတဲ့ လူစားမျိုးတွေ တကယ်ရှိနေတာလား?”
ရုတ်တရက် ဖြောင့်မတ်သည့်ဒေါသတရားများဖြင့် ပြည့်နေသည့် လီချန်ဟဲမှ စမ်းသပ်လိုသည့်လေသံဖြင့် မေးခွန်းထုတ်လာသည်။
“ကုတောက်ကျန့် .. မင်းအနေနဲ့ ဒီပြင်းထန်တဲ့ ဖုန်းရွှေဖွဲ့စည်းပုံကိုတောင် ဖြိုခွဲနိုင်တယ်ဆိုတော့ ကွမ်းရှိုးကို ပြန်ပြီး ခံစားလို့ရအောင် လုပ်နိုင်တဲ့ နည်းလမ်းရော မရှိနိုင်ဘူးလား??”
လူတစ်ယောက်နဲ့ ဝိဉာဉ်တစ်ကောင်က သူတို့၏ခေါင်းများကို ကုကျစ်စုန့်ဘက်သို့ ထပ်တူညီစွာလှည့်လာပြီး သူမကို လှမ်းကြည့်လာကြသည်။
ကုကျစ်စုန့် : “……..”
“ကျွန်မ ဘာတစ်ခုမှလုပ်ဖို့ မလိုပါဘူး၊ အခု သူလိုချင်တဲ့ ဖုန်းရွှေဖွဲ့စည်းပုံက ပျက်ယွင်းသွားပြီဆိုတော့ လူကြီးမင်းတို့ မိသားစုဆီကနေ သူ လုယူသွားခဲ့တဲ့ ကံကောင်းခြင်းတွေက ပြန်ရောက်လာလိမ့်မယ်
.. ဒီလိုဆိုရင် ကွမ်းရှိုးရဲ့ ကံကြမ္မာကလည်း နဂိုအတိုင်း ပြန်ဖြစ်သွားလိမ့်မယ်..
တရားကို ဖောက်ဖျက်ပြီး မကောင်းမှုကိုပြုလုပ်ခဲ့တဲ့သူက အပြစ်ပေးခံရပြီး ရှင်တို့အပေါ် လုပ်ခဲ့တာထက် အဆပေါင်းများစွာ ပိုပြီးပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကို ခံရလိမ့်မယ်..
ကွမ်းရှိုးဆီမှာ ကောင်းမွန်တဲ့နေ့ရက်တွေက နည်းနည်းလောက်ပဲ ကျန်တော့တယ်၊ ၃ရက်အတွင်းမှာ သူ့ရဲ့ ကံကြမ္မာက ပြိုလဲသွားလိမ့်မယ်“
ကွမ်းလင်းက အနည်းငယ် စိတ်ပူပန်နေတုန်းပင်။
“သူနဲ့အတူ တွဲပြီးလုပ်ခဲ့တဲ့ ကြံရာပါ ဖုန်းရွှေပညာရှင်က ဟောင်ကောင်မှာ နာမည်ကြီးတဲ့ ဆရာသခင်တစ်ယောက်ပဲ၊ တကယ်လို့ သူက ထပ်ပြီး ကွမ်းရှိုးကို ကူညီလိုက်ရင် ဘယ်လိုလုပ်မလဲ?”
ကုကျစ်စုန့်က သူမ၏နှုတ်ခမ်းလေးကို အနည်းငယ်တွန့်ကွေးရုံသာ ပြုံးလိုက်သည် :
“တခြားလူတွေကို ဒုက္ခပေးရင် သူတို့တွေမှာ ပြန်ပေးဆပ်ရတဲ့ အဖိုးအခမရှိဘူးလို့ ရှင် ထင်နေတာလား? အထူးသဖြင့် ဒီလို ကြီးမားပြီး ယုတ်မာတဲ့ ဖွဲ့စည်းပုံမျိုးဆိုရင် ပိုပြီးဆိုးလိမ့်မယ်၊
ကျွန်မအထင်တော့ အဲဒီဖုန်းရွှေပညာရှင်က ကွမ်းရှိုးကို ကူညီချင်တာမဟုတ်လောက်ဘူး၊ သူက ကွမ်းရှိုးကို အသုံးချပြီး လူကြီးမင်းတို့ ကွမ်းမိသားစုရဲ့ ကံကောင်းစေတဲ့ ကောင်းချီးကို ခိုးယူချင်ခဲ့တာပဲ၊
ဒါပေမယ့် အခု ဒီဖွဲ့စည်းပုံက ပျက်သွားပြီဆိုတော့ သူရရှိမယ့် ကံဆိုးခြင်းကလည်း ကွမ်းရှိူးထက်တော့ နည်းမှာ မဟုတ်ဘူး”
“တကယ်လို့ သူ လှုပ်ရှားနိုင်သေးတယ်ဆိုရင်တောင် သူ ပထဆုံးလက်စားချေမယ့်သူက သူ့ရဲ့ ကံကောင်းခြင်းတွေကို ဖျက်ဆီးလိုက်တဲ့ ကျွန်မပဲ ဖြစ်လိမ့်မယ်၊ တကယ်လို့ ကျွန်မတောင် သူ့ကို မနိုင်ဘူးဆိုရင်တော့ ဒီကမ္ဘာမှာ သူ့ကို ဘယ်သူမှ နိုင်တော့မှာမဟုတ်ဘူး “
သူမ ပြောလာသည့် စကားလုံးများက အလွန်အမင်း မောက်မာလွန်းသည်ဟု ထင်မြင်ရသော်လည်း သူမ၏ လုပ်နိုင်စွမ်းများကို မြင်ပြီးသည့်နောက်တွင် အခုရှိနေသည့် လူနှစ်ယောက်လုံးက ယုံကြည် လက်ခံနေခဲ့ကြပြီ။
“လူကြီးမင်းက လွန်ခဲ့တဲ့ ၂၅နှစ်က သေဆုံးခဲ့တဲ့ ဝိဉာဉ်ဖြစ်ပြီး ပြန်လည်ဝင်စားသင့်တာက အရမ်းကို ကြာမြင့်လွန်းနေပြီ၊ ဒါကြောင့် လူကြီးမင်းအနေနဲ့ ဒီသက်ရှိကမ္ဘာမှာ အချိန်ကြာအောင်နေလို့ မရတော့ဘူး”
ကုကျစ်စုန့်က ကွမ်းလင်းကို ပြောလိုက်သည်။
“ဒါပေမယ့် လူကြီးမင်းရဲ့ ဝိဉာဉ်က အရမ်းအားနည်းနေတာကြောင့် အခုအချိန်မှာ မြေအောက်ကမ္ဘာကို သွားရင်တောင် လမ်းဆုံးအထိ ရောက်ရောက်အောင်သွားနိုင်မယ်လို့ မထင်ဘူး၊ လမ်းမှာတင် သရဲတစ္ဆေတွေ ဆွဲဖြဲတာ ခံရလိမ့်မယ်၊
ကျွန်မ ရှင့်ရဲ့စိတ်ဝိဉာဉ်ကို အားပြန်ပြည့်စေတဲ့ အဆောင်ကျမ်းစာရွက် တစ်ရွက်ရေးထားပေးမယ်၊ အဲဒါကို လူကြီးမင်းရဲ့ သားဖြစ်သူက ယူထားပေးရလိမ့်မယ်၊ရှင်တို့ရဲ့ အဖေနဲ့ သားရဲ့ ကြားထဲက ဆက်သွယ်မှုက ဝိဉာဉ်ကို အမြန်အားဖြည့်ပေးနိုင်တယ် ”
“အချိန်သုံးရက်ကြာလို့ ကွမ်းရှိုးပျက်စီးတာကို မြင်ရပြီးသွားရင် လူကြီးမင်းရဲ့ ဝိဉာဉ်လည်း ပြန်လည်အားပြည့်သွားလိမ့်မယ်၊ အဲဒီအချိန်ကျရင် ကျွန်မ လူကြီးမင်းကို လမ်းပြပေးဖို့ ယင်အရာရှိကိုရှာပေးပါ့မယ်”
ဒီတစ်ကြိမ်တွင်တော့ ကွမ်းလင်းက ခေါင်းကိုအထပ်ထပ်အခါခါညိတ်၍ ပြောရှာသည်။
“ ကျေးဇူးတင်ပါတယ် ကုတောက်ကျန့်.. မင်းက ကျွန်တော်တို့ မိသားစုအတွက် လက်စားချေပေးပြီး ကျွန်တော်နဲ့ ကျွန်တော့်ရဲ့သားဖြစ်သူကိုလည်း ကယ်ပေးခဲ့တယ်၊
ကျွန်တော်က သေပြီးသား ဝိဉာဉ်ဖြစ်နေတာကြောင့် တောက်ကျန့်ကို ပေးဆပ်နိုင်တာမရှိတော့ဘူး .. ဒီတော့ ဒီ ‘ဝိဉာဉ်မျက်ရည်’ကိုသာ ကျေးဇူးလက်ဆောင်အဖြစ်ပေးနိုင်ပါတယ်.. ကျေးဇူးပြုပြီး လက်ခံပေးပါ!!”
ကုကျစ်စုန့်က ကြည်လင်ပြီး လုံးဝန်းနေသည့် ဝိဉာဉ်မျက်ရည်ကို ကြည့်ပြီး မငြင်းဆန်ခဲ့ချေ။
“ဒါဆို ဒါကို ကျွန်မရဲ့ ပူဇော်ကြေးအဖြစ်ယူလိုက်ပါ့မယ်”
ဝိဉာဉ်မျက်ရည်ဟူသည်ကား သရဲ၊တစ္ဆေဝိဉာဉ်များထံမှာ အလွန်အကျူးပြင်းထန်သည့် စိတ်ခံစားချက်များကြောင့်သာ ဖြစ်ပေါ်လာတတ်သည် အရာမျိုးဖြစ်ပြီး အင်မတန်ရှားပါးသည့် ပစ္စည်းကောင်းများလည်းဖြစ်ချေသည်။
သူမ၏လက်ထဲမှ တစ်ခုမှာ ကွမ်းလင်း၏ အမုန်းတရားများစုစည်းခြင်းမှ ဖြစ်ပေါ်လာခြင်းဖြစ်သော်လည်း ပို၍ကောင်းမွန်ကာ သန့်စင်ထင်ရှားနေခဲ့သည်။
စိတ်ခံစားချက်ကောင်းမွန်သွားရသည် ကုကျစ်စုန့်က စားပွဲအနီးသို့ ချက်ချင်း လျှောက်သွားခဲ့ကာ စုတ်တံနဲ့ အဝါရောင်အဆောင်ကျမ်းစာရွက်ကို ယူ၍ အဆောင်ကျမ်းစာရွက်ကို စတင်ရေးဆွဲဖို့ လုပ်တော့သည်။
“ကျွန်မ လူကြီးမင်းအတွက် ဝိဉာဉ်အားပြည့်စေတဲ့ အဆောင် ရေးဆွဲလိုက်မယ်.. ခဏလောက်စောင့်ပေးဦး”
•
ညလယ်သန်းခေါင်ယံအချိန်တွင် ဖယောင်းတိုင်မီး ထွန်းညှိထားသည့် တောင်ကြားမှ အဆောက်အအုံငယ်လေးတစ်ခုတွင် ကောင်လေးတစ်ယောက်က သူ့၏လက်ထဲတွင်ကိုင်ထားသည့် ‘မှောဂါထာများ’ အမည်ရှိသော စာအုပ်တစ်ခုကို ဖတ်ရှိနေခဲ့သည်။
ရံဖန်ရံခါအချိန်များတွင်တော့ သူ၏ခေါင်းလေးကို ထောင်ပြီး ဘေးနားမှ လူကြီးများကို သူ နားမလည်သည်များကို မေးတတ်သည်။ သူ့၏မျက်လုံးများတွင်တော့ အထင်ကြီးခြင်းများ အပြည့်ရှိနေလေ၏။
“အဖေ.. ဒီစာကြောင်းက ဘာကို ဆိုလိုတာလဲဟင်??”
သူ့၏ဘေးနားမှ လူကြီးသည်ကား ဝတ်ရုံရှည်ကြီးကို ဝတ်ထားသည့် သတ်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးဖြစ်ကာ သူ့၏အမူအရာမှာ ထူးမခြားနားနိုင်ပြီးအရာရာကို လျစ်လျူရှုထားပုံရသည်
လက်ရှိတွင် သူက သားဖြစ်သူခေါင်းကို ချစ်စနိုးနဲ့ ပုတ်ပြီး :
“အဲဒါက ဘာအကြောင်းလဲဆိုတော့ ….”
သူပြောနေသည့် စကားမဆုံးသေးခင် သူ၏မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားရသည်။ သူ့၏ အသားအရည်တွင်လည်း အနီရောင်နဲ့ ခရမ်းရောင်အကွက်များဖြစ်လာခဲ့ပြီး သွေးကြောများ ထောင်ထပေါက်ကွဲလာခဲ့ကာ ပါးစပ်အပြည့်သွေးတစ်လုပ်ကို စားပွဲပေါ်သို့ အန်ချလိုက်လေသည်။ ဘေးမှာရှိနေသည့် ကောင်လေးသည်လည်း အလွန်ကြောက်လန့်သွားရပြီးကာ မျက်ရည်များပါ စီးကျလာရသည်။
“အဖေ! ဘာဖြစ်တာလဲ !!??”
လူကြီး၏ မျက်လုံးများက ပြူးကျယ်နေခဲ့ပြီး ကောင်လေးဆီသို့ လက်ကိုဆန့်ထုတ်လိုက်သည်။
ကောင်လေး သူ့၏လက်မောင်းထဲသို့ ရောက်ရှိလာသည်နဲ့ တုန်ရီနေသည့် လက်ချောင်းများကို သူ့၏သွေးများဖြင့် သုတ်လိမ်းလိုက်ပြီး ကောင်လေး၏ မျက်နှာပေါ်ကို သွေးများဖြင့် တစ်ခုခုကို ရေးဆွဲလိုက်လေ၏။
ဂရုတစိုက်ကြည့်ရှုလိုက်ပါက ထိုရေးဆွဲမှုများမှာ မွေးဖွားရာ အက္ခရာရှစ်လုံးအား ဆက်၍ရေးထားခြင်းပင် ဖြစ်သည်။
နောက်ဆုံးဆွဲချက်ကို ရေးဆွဲပြီးသည့်နောက်တွင်တော့ ကောင်လေး၏ နားမလည်နိုင်သည့် မျက်နှာပေါ်တွင် သွေးများဖြင့် ဖုံးလွှမ်းသွားချေတော့သည်။ ကောင်လေးက ရုတ်တရက် နာကျင်မှုကြောင့် အော်ဟစ်လာခဲ့သည်သည်။
“နာတယ်!! အဖေ ဒါက အရမ်းနာတယ်!!!!”
ငိုယိုအော်ဟစ်ရင်းနှင့် ကောင်လေးက မြေပေါ်တွင် လူးလိမ့်နေခဲ့ကာ သူ့၏ ခြေနှင့်လက်တွေကတော့ ထူးဆန်းသည့် ပုံစံဖြစ်အောင် တွန့်လိမ်ကောက်ကွေးသွားပြီးနောက် လှုပ်ရှားမှုမရှိလာတော့ချေ။
သူသေဆုံးသွားသည့်အချိန်ထိ သိမသွားခဲ့သောအရာသည်ကား သူလေးစားရသည့် သူ့၏အဖေမှ သူ့ကို အစားထိုးအသေခံပေးမည့် လူတစ်ယောက်အဖြစ်သာ အသုံးချခဲ့ခြင်းကိုပင်။
သက်လတ်ပိုင်းအရွယ်လူကြီးက နံရံကိုမှီတွယ်ကာ ရပ်နေခဲ့ပြီး ကြမ်းပြင်ပေါ်တွင် ငြိမ်သက်သေဆုံးသွားသည့် ကလေးငယ်ကို သုန်မှုန်စွာ ကြည့်နေခဲ့ကာ ကလေး၏ အသားရောင်က အပြာနှင့် ခရမ်းရောင်ဖြစ်သွားသည်အထိ စောင့်နေခဲ့သည်။
ထို့နောက်မှသာ ကလေးငယ်၏အနားသို့ လျှောက်သွားခဲ့ပြီး သူ့၏လက်မောင်းထဲတွင်ကို ပွေ့ဖက်ထားလိုက်လေသည်။ သူက ကောင်လေးအား အလွန်တွန့်ဆုတ်နေသည့် မျက်နှာဖြင့် ကြည့်ရင်း တီးတိုးပြောလိုက်ချေသည်။
“ကောင်းချက်ပဲ… ငါ ဒီလက်ခံသူကို အချိန်အကြာကြီး သေသေချာချာပြင်ဆင်ခဲ့ရတာ.. အခုတော့ ဒီလိုသုံးလိုက်ရပြီ၊ ဘယ်သူလဲ?? ကွမ်းရှို့လား?? တခြားတစ်ယောက်လား?? ဒီဆရာသခင်ရဲ့ ဖွဲ့စည်းပုံကို ဘယ်ကောင်က ဖျက်ဆီးလိုက်တာလဲ!!!??”
သူ မတ်တပ်ရပ်လိုက်ပြီး ရှုံ့တွနေတဲ့ မျက်နှာဖြင့် စားပွဲခုံကို ဆွဲမှောက်ပစ်လိုက်သည်။
“ငါ့သားကို ထိခိုက်အောင် လုပ်တဲ့ ဘယ်သူမဆို အပြစ်ကြွေးဆပ်ရမယ်!!!”