နက္ခတ်ကြယ်တာရာဟောကိန်း(1)
Vol. 3 Ch. 28
“ကံကောင်းစေတဲ့အရောင်က အနီရောင်ဖြစ်ပြီး ကံကောင်းစေတဲ့အဆောင်က ဝက်ဝံရုပ်လေးတွေ”
နောက်တစ်နေ့ မနက်အစောပိုင်းတွင် ကျန်းချန်အားကစားရုံနေရာ၌ လူအပြည့်အလျံဖြင့်စည်ကားနေခဲ့ချေပြီ။ မြို့နယ်နဲ့ တိုင်းမှ လေ့ကျင့်ရေးဆရာများမှာလည်း ဘေးနှစ်ဖက်ဆီမှ ကြည့်ရှုရေးဧရိယာများတွင် ထိုင်နေခဲ့ကြပြီ။
အားကစားသမားများကတော့ ဝတ်စုံလဲနေသည့်သူက လဲနေခဲ့ပြီး သွေးပူလေ့ကျင့်ခန်းများလုပ်သည့်သူက လုပ်နေခဲ့ကာ တချို့ကတော့ အရံဘေးခုံတွင် ထိုင်နေကြပြီး စကားပြောနေခဲ့ကြချေသည်။
“မင်းတို့တွေ ဒီမနက် hot search ကို တွေ့ပြီးပြီလား? ကွမ်းလုပ်ငန်းစုရဲ့ သားက ဖောက်ခွဲမှုမှာ ပါဝင်ပတ်သက်နေလို့ ရဲတွေဖမ်းဆီးတာကိုခံလိုက်ရတယ်တဲ့!”
“တကယ်ကို ကံဆိုးတာပဲ၊ ငါက သူတို့ကုမ္ပဏီရဲ့ စတော့ရှယ်ယာတွေကို ဝယ်ထားတာ၊ အခုတော့ ရှယ်ယာစျေးတွေက ဆိုးဆိုးရွားရွား ထိုးကျကုန်ပြီ!!”
ထိုအချိန်တွင် ကစားကွင်းထဲသို့ ဝင်လာခဲ့သည့် ကစားသမားလူငယ်လေးတစ်ယောက်က ပွဲကြည့်ပရိတ်သတ်များ၏ အာရုံကို ဖမ်းစားသွားခဲ့လေသည်။ သူ့၏ အဖွဲ့ဝင်များသည်လည်း ခဏကြောင်အမ်းအမ်းဖြစ်သွားခဲ့ကြပြီးမှ မထိန်းချုပ်နိုင်စွာနှင့် ထ,ရယ်ကြသည်။
“သောက်ကျိုးနည်း စုန့်ထျန်!! မင်း ဘာတွေ ဝတ်လာတာတုန်း!! ဒိုင်တွေရဲ့ အာရုံကို ဖမ်းစားနိုင်ဖို့အတွက် အဲလောက်ကြီး မကြိုးစားပါနဲ့ဟ!”
သူတို့က စုန့်ထျန်တစ်ယောက် အပြာရောင်ဂျာစီဝတ်စုံကိုဝတ်ထားသော်လည်း သူ့၏ အားကစားဝတ်စုံမှ လွတ်နေသည့်နေရာမှတဆင့် အောက်ဘက်တွင်ဝတ်ထားသည့် လက်အသားကပ်အင်္ကျီနဲ့ အနီရောင် အမျိုးသားဝတ်အသားကပ်ဘောင်းဘီတို့ကို တွေ့မြင်နေကြရသည်။
သူ့၏ အားကစားဖိနပ်တွေသည်လည်း အလွန်တောက်ပနေသည့် အနီရောင် ဖြစ်နေပြီး သူ့၏မျက်နှာနဲ့ အင်္ကျီတွေမှာတော့ ကာတွန်းရုပ် ဝက်ဝံ စတစ်ကာများကို ကပ်ထားချေသည်။ ဤတစ်ကွင်းလုံးတွင် သူတစ်ယောက်တည်းကသာ အလွန်ထင်ထင်ရှားရှားနှင့် ထူးဆန်းနေခဲ့ပေ၏။
စုန့်ထျန်၏ မျက်နှာက နီရဲသွားခဲ့ပြီး သူအသင်းသား ဆန့်ထုတ်လာသည့် လက်ကို ပုတ်ထုတ်လိုက်သည်။
“သွားစမ်းပါ! မင်းက ဘာသိလို့လဲ? ငါက မကောင်းဆိုးရွားဝိဉာဉ်တွေကို နှင်ဖို့ လုပ်နေတာ! ဒါတွေက တောက်ကျန့်က ငါ့ရဲ့အသက်ကို ကယ်ဖို့ လုပ်ပေးထားတာတွေကွ!!”
“မင်း ဆေးထိုးခံလိုက်ရတာပဲ၊ ဟုတ်တယ်မလား?? အသားကပ်ဘောင်းဘီ အရှည်ဝတ်တာက မကောင်းဆိုးရွား နတ်ဆိုးကို နှင်တယ်တဲ့လား? ငါ မင်းကိုပြောမယ်.. မင်းက သေချာပေါက် အလိမ်ခံရတာပဲ!
အစကတည်းက အဲဒီမင်းသမီးက အင်တာနက်ပေါ်မှာ သူ့ရဲ့နာမည်ဖောင်းပွလာအောင်လို့ ဒီပရိုဂရမ်ပြိုင်ပွဲကို လာခဲ့တာလို့ ပြောနေကြတာ၊ မင်းက သူ့လိုလူမျိုးပြောတဲ့စကားကို အတည်ပေါက်ကြီးယုံတဲ့အထိ တုံးအလွန်းနေတာပဲ!!”
ကုကျစ်စုန့် ဝိဉာဉ်ရေးရာအစီအစဉ်၏ ပြိုင်ပွဲ ဒုတိယမြောက်နေ့တွင် ပါဝင်ပြီးသည့်နောက် ထိုအကြောင်းက အင်တာနက်ပေါ်တွင် အလွန်အမင်း ပျံ့နှံ့သွားခဲ့သည်။
မူလတုန်းက ဤပရိုဂရမ်အစီအစဥ်အား စိတ်မဝင်စားခဲ့သည့် ပရိတ်သတ်များသည်လည်း သူမ၏နာမည်ကိုကြားလိုက်ရချိန်တွင် အာရုံစိုက်လာခဲ့ကြသည်။
ဟောပြောမှုကိုလက်ခံမည့်နေရာတွင် စုန့်ထျန်ပေါ်လာပြီးနောက် သူ့၏ကျောင်းနေဖက်တွေ၊ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေက သူ့ကို ဝိုင်းပြီး ပြောကြသည်။ အားလုံးက တစ်လေသံတည်းသာ ဖြစ်ပြီး ကုကျစ်စုန့်ပြောသမျှကို အတည်မယူရန်ပင်ဖြစ်ခဲ့ပေသည်။
ဤကိစ္စအတွင်း ကိုယ်တိုင်ပါဝင်သူဖြစ်သည့် စုန့်ထန်ကတော့ ကုကျစ်စုန့်က တောက်ဓမ္မဆရာ အတုမဟုတ်ကြောင်းကို သူ၏ စိတ်အတွင်းပိုင်းမှ အသေအချာသိရှိနေခဲ့သည်။
သို့သော်လည်း သူ့၏ကံကြမ္မာကို ပြောင်းလဲနိုင်မည့် နည်းလမ်းအား ကြားသိခဲ့ပြီးနောက်တွင်တော့ သူ၏ ယုံကြည်မှုကို နောက်တစ်ကြိမ်သံသယစဝင်သွားခဲ့ရချေသည်။
မနေ့ညမှ အချိန်များဆီသို့ ပြန်သွားကြည့်မည်ဆိုပါက စိတ်သောကပူပန်မှုများ ပြည့်နှက်နေရသည့် စုန့်ထျန်တစ်ယောက် ဖုန်းရှေ့တွင် ထိုင်နေရင်း ပြောခဲ့မိသည်။
“တောက်ကျန့် .. ကျွန်တော် မနက်ဖြန်အစောပိုင်းမှာ အဆောင်ကျမ်းစာရွက်တွေ သွားဝယ်ရမှာလား? ဒါမှမဟုတ် တောက်ကျန့်ကိုယ်တိုင် အင်တာနက်ကနေ ဂါထာမန်းမှုတ်ပေးမှာလား!”
ဖုန်း၏ အခြားတစ်ဖက်မှ ကုကျစ်စုန့်က ပြောလာလေ၏။
“အဲဒါတွေက အသုံးမဝင်ဘူး၊ ငါ မင်းကို ပြောခဲ့တယ်လေ မင်းဆီကိုရောက်လာမဲ့ဘေးဥပါဒ်ကတော့ ဘယ်လိုမှ ရှောင်လို့မရဘူး၊
မင်းလုပ်လို့ရတာက မနက်ဖြန်တစ်ရက်စာလောက်ကို မင်းရဲ့ ကံကြမ္မာကို အကောင်းဆုံးဖြစ်အောင် တိုးမြှင့်ရုံလောက်ပဲဖြစ်လိမ့်မယ်..
အခု အမိုးလွတ်တဲ့နေရာတစ်ခု၊ ဒါမှမဟုတ် အမြင့်တစ်နေရာကို ရှာပြီး ဖုန်းကို ကောင်းကင်ဘက်ကို လှည့်ပေးဦး”
စုန့်ထျန်က ကုကျစ်စုန့်ပြောသည့်အတိုင်း သဝေမတိမ်းလုပ်လိုက်သည်။ အချိန်က ညနေ ၉နာရီလောက်ဖြစ်ပြီး ကောင်းကင်ယံက ကြယ်တာရာများဖြင့် တောက်ပနေလေ၏။
“ပြီးတော့ ဘာဆက်လုပ်ရမလဲ ကုတောက်ကျန့်??”
“ငြိမ်ငြိမ်လေး ထားလိုက်၊ ငါမင်းရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး နက္ခတ်ကြယ်တာရာဟောကိန်းကို ကြည့်ပေးမယ်”
“နက္ခတ်ဗေဒင်လား!?”
စုန့်ထျန်အံ့ဩသွားသည်။
“အဲဒါက နက္ခတ်ကြယ်တာရာစုတွေနဲ့ လုပ်တဲ့ အရာမျိုးလား? ဒီပညာရပ်က အနောက်တိုင်းဘက်က ယုံကြည်မှုမဟုတ်ဘူးလား? “
“မင်းကို ဘယ်သူက ပြောတာလဲ?”
ကုကျစ်စုန့် အနည်းငယ်လောက် စိတ်ခုသွားသည်။
“နက္ခတ်ကြယ်တာရာဟောကိန်းဆိုတာက ငါတို့ ဘိုးဘွားတွေတည်းက ဆင်းသက်လာခဲ့တာ၊ ကံတရားကိုဟောပြောတာနဲ့ တူတူပဲ၊ ဒါပေမယ့် သူ့ရဲ့ အားသာချက်နဲ့ ပြောင်းလဲမှုတွေက ကြယ်တွေပေါ်မှာ မူတည်နေတယ်၊ ဒါကြောင့် ဒီပညာရပ်ကို ပင်ပန်းတဲ့ နည်းလမ်းလို့ သတ်မှတ်ခဲ့ကြတယ်”
နက္ခတ်ကြယ်တာရာဟောကိန်းဆိုသည်က ကိန်းဂဏန်းပညာရပ်၏ အရှုပ်ထွေးဆုံးနဲ့ အခက်ခဲဆုံးပညာရပ်လည်းဖြစ်ချေသည်။ ပင်မကြယ်အလိုက် အခွဲပေါင်းများစွာရှိပြီး နှုတ်ယူခြင်းနည်းလမ်းများလည်း ရှိသည်။ ရင်းနှီးမှုအများဆုံးရှိသည့် ပညာရပ်သည်ကား ဇီဝေ့တောက်ရှူး နှင့် မြောက်ပိုင်းမှော်ပညာတို့ပင် ဖြစ်သည်။
ထို့အပြင် တည်နေရာနှင့် အခြေအနေပေါ်မူတည်ကာ နက္ခတ်ကြယ်တာရာဟောကိန်းသည်လည်း ပြောင်းလဲနိုင်သေးသည်။ မေးမြန်းသူ၏ နေရာအတိအကျကို နက္ခတ်ကြယ်တာရာဖြင့် ချိန်ညှိမှသာလျှင် နက္ခတ်ကြယ်တာရာဟောကိန်းကို အနီးစပ်ဆုံးမှန်ကန်အောင် တွက်ချက်နိုင်လိမ့်မည်။
စုန့်ထျန်က ကျန်းချန်တွင်ရှိနေခဲ့သည်။ ကောင်းကင်ယံတွင် တိမ်အနည်းငယ်ရှိပြီး မြောက်ဝင်ရိုးစွန်း ကြယ်ခုနှစ်လုံးကြားမှ ဂိတ်တံခါးပေါက်နှင့် ဝူချူး တို့မှာ မှိန်ပြနေသည်။
သူမက ရာသီခွင်များကို အရင်ကြည့်လိုက်ပြီးနောက် ကောင်းကင်မှ ကြယ်၁၂လုံးနှင့် နှိုင်းယှဉ်ကြည့်လိုက်ပြီး၊ ကြယ်တာရာအဖွဲ့အစည်း ၂၈ခုမှ ကြယ်များနှင့် တွဲဖက်တွက်ချက်ခဲ့သည်။
မကြာခင်အချိန်အတွင်း သူမ၏ စားပွဲ၌ အဖြူရောင်နှင့် အမည်းရောင် ဝေ့ချီဂိမ်းကျောက်တုံးလေးများမှာ ရှင်းလင်းသော်လည်း ထူးဆန်းသည့် ကြယ်တာရာမြေပုံတစ်ခုအဖြစ် ပေါ်လာခဲ့လေသည်။
စုန့်ထျန်အနေဖြင့် ဤသည်က သူ့၏ စိတ်ကူးယဥ်အတွေးသက်သက်လားဆိုသည်ကို မသိသော်လည်း ဖုန်းမျက်နှာပြင်ကနေတဆင့် ကြည့်ရသည်မှာ ထိုဝေ့ချီဂိမ်းကျောက်တုံးလေးများက ဖြတ်ခနဲကြည့်လိုက်ပါက နက်ပြောင်နေသည့် ကြယ်ပွင့်များနှင့်ပင် တူသည်ဟု ခံစားနေမိသည်။
ကုကျစ်စုန့် နောက်ဆုံးတော့ စကားစပြောလာခဲ့သည်။
“မင်းရဲ့ နက္ခတ်ဗေဒင်ကို မြောက်ပိုင်းမှော်ပညာနည်းလမ်းနဲ့ တွက်ချက်လိုက်တယ်၊ မင်းရဲ့ တောင်ဘက်မှာ ရှိတဲ့ ကြယ်တာရာ ၇ ခုက ဒီအချိန်မှာ အားအနည်းဆုံးဖြစ်နေတယ်..
အထူးသဖြင့် ‘ဝိဉာဉ်’နဲ့ ‘တောင်ပံ’ ရဲ့ အဓိက ကြယ်နှစ်လုံးဆိုရင် လုံးဝ တိမ်တွေနှင့်ဖုံးလွှမ်းနေတယ်.. တောင်ပိုင်းကြယ်တွေက ဆာဇကူပုံစံဖြစ်နေတယ်၊
အမွှေးမရှိတဲ့ ငှက်တွေရဲ့ သဘောသဘာဝက အတောင်ကျိုးလေ့ရှိတတ်တယ်၊ မင်းရဲ့ ဘေးဒုက္ခနေရာမှာ ဒုက္ခိတအဖြစ်အဖြေထွက်သွားတာကိုပြနေတာ မထူးဆန်းတော့ပါဘူး”
စုန့်ထျန်က ဘာမှ နားမလည်လိုက်ပေမယ့် ‘ဒုက္ခိတ’ဆိုသည့် စကားကိုကြားလိုက်ရချိန်မှာ ရင်ထိတ်သွားခဲ့ပြီး အလျှင်မြန်မေးမြန်းလိုက်သည်။
“ဒါဆို ကျွန်တော် ဘာလုပ်ရမလဲ?”
“ဒါက အရမ်းလွယ်ပါတယ်၊ ဆာဇကူရဲ့ ဓာတ်ကြီးငါးပါးက မီးဓာတ်ဖြစ်ပြီး သူ့ရဲအရောင်က အနီရောင်ပဲ”
ကုကျစ်စုန့် ဆက်ပြောလိုက်သည်။
“ မနက်ဖြန်မနက်ကျရင် မင်း ပစ္စည်းတစ်ခုခုရှာပြီး မီးရှို့လိုက်၊ မီးမရှို့ခင် လက်ဖဝါးကို အရင်နွေးအောင်လုပ်လိုက်ဦး၊ ပြီးသွားရင် အနီရောင် အင်္ကျီနဲ့ ဘောင်းဘီကို ‘ဝိဉာဉ်’နဲ့ ‘တောင်ပံ’ ကြားက အပေါက်ကို ဖြည့်ဖို့အတွက် ဝတ်ဆင်ရမယ်၊ အလွယ်ပြောရရင် မနက်ဖြန်အတွက် မင်းရဲ့ ကံကောင်းတဲ့အရောင်က အနီရောင်ပဲ။ “
“စကားမစပ် မင်းရဲ့ လယ်ယာနန်းတော်နဲ့ ယှဉ်လိုက်ရင် ထျန်းလန်ရှင်းကြယ်က အရမ်းကို ပိုပြီးတောက်ပနေတယ်၊ ဒါက မကြာခင် မင်းကံကြမ္မာရဲ့ ထိပ်ဆုံးကို ရောက်တော့မယ်ဆိုတဲ့ သဘောပဲ၊ မင်းက သူ့ရဲ့ လွှမ်းမိုးမှုကို ပိုပြီး အားကောင်းအောင် လုပ်ပေးနိုင်ရင် မင်းကို ပိုပြီး အကူအညီရလိမ့်မယ်..”
စကားပြောနေရင်းနဲ့ ကုကျစ်စုန့်က သူမဖုန်းကို ထုတ်ကာ တစ်ခုခုကို လိုက်ရှာနေခဲ့သည်။ ခဏကြာတော့ သူမက ခပ်တိုးတိုးရယ်လိုက်ပြီး ဆက်ပြောခဲ့ချေသည်။
“ဝက်ဝံနဲ့ သက်ဆိုင်တဲ့အရာတစ်ခုခုကို ရှာလိုက်၊ ဝက်ဝံအရုပ်လေးတွေဒါမှမဟုတ် ဝက်ဝံစတစ်ကာ စတဲ့အရာမျိုးလေ၊ မနက်ဖြန် ဝက်ဝံတွေက မင်းကို ကံကောင်းစေမယ့် အဆောင်ပစ္စည်းဖြစ်စေလိမ့်မယ်”
သူမက ဖုန်းမျက်နှာပြင်ပေါ်တွင် ဤစာကြောင်းကို မြင်တွေ့ခဲ့ရသည်။
ခုနှစ်စင်ကြယ်၊ ဝက်ဝံကြီး (ကြယ်တာရာ)
နိုင်ငံခြားမှ ကြယ်တာရာတွက်ချက်မှုနည်းလမ်းသည်လည်း မှီငြမ်းရာအဖြစ် သုံးစွဲ၍ရနိုင်သည်။
ဤကဲ့သို့ အကြောင်းတရားများဖြင့် စုန့်ထျန်တစ်ယောက် ယနေ့မှာ ချစ်စရာ ဝက်ဝံရုပ်စတစ်ကာများ ကပ်ထားသည့် ထူးခြားဝတ်စုံဖြင့် ရောက်လာခြင်းပင်။
သူကား မနက်ပိုင်းအချိန်တုန်းက စူပါမားကတ်မှ ဝက်ဝံအရုပ်ကြီးများနှင့် စတစ်ကာတွေ အထုတ်ကြီး ဝယ်ခဲ့သေးသည်။
မကြာခင်မှာပဲ ပြည်နယ်အဆင့်ယှဥ်ပြိုင်ပွဲများက စတင်လာခဲ့ပြီဖြစ်သည်။
ပြိုင်ပွဲကွင်းထဲတွင် စုန့်ထျန်တစ်ယောက် သူ့၏ကံတရားများက အလွန်အမင်း ကောင်းမွန်လွန်းနေသည့်အပေါ် အံဩတကြီးဖြစ်နေခဲ့ရချေသည်။ သူ့၏ ပစ်ချက်များကလည်း တိကျနေသည့်အပြင် သူ အမြင့်သို့ခုန်လိုက်သည့်အချိန်မှာလည်း လေကတောင် သူ့ကို ကူညီနေသယောင်ထင်ရပေ၏။
ပထမတစ်ပိုင်းပြီးနောက် သူက ဂိုးတွေအများကြီး ပစ်သွင်းနိုင်ခဲ့သည်။
ပွဲအပြင်ဘက်မှ ပြည်နယ်အသင်းဒိုင်လူကြီးက သူ့၏နာမည်ကို ဝိုင်းလိုက်ပြီး ပြောလာခဲ့၏။
“သူ့ရဲ့ပုံစံက နည်းနည်းလောက် မျက်စိစူးချင်စရာကောင်းပြီး ထူးဆန်းနေပေမယ့် ဘောလုံးကို ကောင်းကောင်းကြီး ပစ်သွင်းနိုင်တယ်”
ဒုတိယတစ်ပိုင်းတွင်လည်း သူက အသာစီးရနေလျက် ဖြစ်နေသောကြောင့် စုန့်ထျန်တစ်ယောက် အလွန်အမင်း တက်ကြွနေလေ၏။
သူ နောက်တစ်ကြိမ်ထပ်ပြီး ပစ်သွင်းတော့မည့်အချိန်တွင် ပြိုင်ဘက်အသင်းသားတစ်ယောက်က သူ့ဆီသို့တည့်တည့် ပြေးဝင်လာခဲ့လေ၏။
စုန့်ထျန်တစ်ယောက် ရုတ်တရက် အခြေအနေတွင် လွတ်မြောက်အောင် မရှောင်တိမ်းနိုင်ခဲ့သော်လည်း တိုက်မိခြင်းကို သက်သာအောင် ခန္ဓာကိုယ်ကို အမှီလှည့်လိုက်နိုင်သည်။
ထို့နောက်တွင်တော့ သူ့၏ခန္ဓာကိုယ်မှ မြေပေါ်ကို လဲကျပြီး အကြိမ်ရေအနည်းငယ်ခန့်လိမ့်သွားခဲ့ရသည်။သူ့၏ အသင်းဖော်များ၊ ဒိုင်လူကြီးနဲ့ နည်းပြတို့သည်လည်း သူ့၏အနားသို့ အလျင်အမြန်ပြေးလွှား၍ရောက်လာခဲ့ကြသည်။
“စုန့်ထျန်,.. မင်း အဆင်ပြေရဲ့လား!??”
“ငါ့ခြေထောက်…”
သူ၏ညာဘက်ခြေထောက်တွင် နာကျင်မှု ခပ်ပြင်းပြင်းကိုခံစားနေခဲ့ရပြီး စုန့်ထျန်၏မျက်နှာမှာလည်း ဖြူဖျော့နေခဲ့သည်။
“ငါ့ခြေထောက် ကျိုးသွားပြီလား !!??”
ဤအခိုက်အတန့်တွင် သူ့အနေနဲ့ အလွန်အမင်း ကြောက်ရွံ့တုန်လှုပ်နေခဲ့ပြီး နောင်တများပြည့်နေခဲ့ရကာ သူ့၏အသင်းဖော်များမှ သူ့ကို ကြက်ခြေနီအဖွဲ့နေရာဆီသို့ သယ်ဆောင်သွားခြင်းကိုခံလိုက်ရသည်။
ဆရာဝန်မှစစ်ဆေးပြီးသည့်နောက်တွင် သူ့၏ ညာဘက်ခြေကျင်းဝတ်မှာ ရောင်ကိုင်းနေခဲ့သော်လည်း အရိုးတော့ ထိခိုက်သွားခြင်းမရှိကြောင်း ပြောလာခဲ့သည်။
“မင်း အတော်လေးကံကောင်းတာပဲ၊ အရိုးကိုတော့ မထိသွားဘူး၊ ဒါပေမယ့် ကြွက်သားကိုထိခိုက်မိသွားတာက ပြင်းထန်တယ်၊ နှစ်လလောက် သေချာဂရုစိုက်ပြီး အနားယူလိုက်မှ မင်းဆီမှာ နောက်ဆက်တွဲ ပြဿနာမကျန်ရစ်မှာ၊ မင်းတို့လို အားကစားလုပ်တဲ့ လူငယ်လေးတွေအတွက်တော့ ဒါကို သတိကြီးကြီး ထားရလိမ့်မယ်!”
စုန့်ထျန်တစ်ယောက် ဤအချိန်ကျမှ နှလုံးသားထဲ၌ သက်ပြင်းချနိုင်ခဲ့ရသည်။ သူ့၏နဖူးမှာ ဇောချွေးများဖြင့် ရွှဲစိုနေခဲ့သော်လည်း ထိုစကားကို ကြားတော့ သူ့ရဲ့ ဂျာစီအင်္ကျီကို ဆွဲပြီး ဝက်ဝံစတစ်ကာလေးများကို နမ်းလိုက်သည်။ ထို့နောက် တုန်ရီနေသည့် လက်များဖြင့် အိမ်ကို ဖုန်းဆက်လိုက်လေ၏။
“မား! မားရဲ့သားက အခုလေးတင် မသန်စွမ်းဖြစ်တော့မလို့ …..”
သူ စကားများပြောနေချိန်တွင် သူ့၏ ကံကြမ္မာဆိုးများမှာ တိတ်တဆိတ်ပြောင်းလဲသွားပြီး မျက်ခုံးများကြားက မီးခိုးငွေ့များသည်လည်း လွှင့်ပြယ်သွားခဲ့လေသည်။
•
သုံးရက်ကြာပြီးနောက် ကုကျစ်စုန့်တစ်ယောက် တောင်ကြားဗီလာသို့ နောက်တစ်ကြိမ် ပြန်ရောက်လာခဲ့ပြန်သည်။
ဆိုးရွားပြင်းထန်သည့် ဖွဲ့စည်းပုံကို ဖျက်ဆီးပြီးနောက် ဗီလာအတွင်းမှ ဖုန်းရွှေစီးဆင်းမှုမှာ လူများကို အလွန် သက်တောင့်သက်သာရှိစေနိုင်လာခဲ့သည်။
ဤတစ်ကြိမ်တွင်တော့ သူမက ကွမ်းလင်းအား ကယ်ဆယ်ရန် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ကွမ်းကျစ်သည်လည်း အစောကတည်းက စောင့်ဆိုင်းနေခဲ့သည်။
“ကုတောက်ကျန့်.. ရောက်လာပြီလား?”