နက္ခတ်ကြယ်တာရာဟောကိန်း(2)
Vol. 3 Ch. 29
သက်ရှိကမ္ဘာမှအိုင်ဒေါနှင့် တွေ့ဆုံခြင်း
ကုကျစ်စုန့်က ကွမ်းကျစ်ကို ကြည့်လိုက်ပြီး ပြောခဲ့သည်။
“လူကြီးမင်းကို ကြည့်ရတာ ပိုပြီး ကျန်းမာလာသလိုပဲ၊ ကံကြမ္မာကောင်းတွေလည်း အားလုံးနီးပါးပြန်ရောက်လာတော့မယ်”
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းမှာ ဝမ်းနည်းမှုများဖြင့်ဖုံးလွှမ်းနေသည့် မျက်နှာဖြင့် နှိုင်းယှဉ်လိုက်ပါက ယနေ့ ကွမ်းကျစ်၏ မျက်နှာမှာ အလွန် ငြိမ်းချမ်းနေခဲ့ပြီး သူ့၏ အသက်ရှူသံသည်လည်း တည်ငြိမ်နေခဲ့သည်။
သူ့၏ လှုပ်ရှားဟန်များသည်လည်း သာမန်ထက်ကျော်လွန်နေသည့် လူတစ်ဦးကဲ့သို့ ဖြစ်နေပေပြီ။ ကုကျစ်စုန့် သူ့၏ဘေးမှ အဖြူရောင်လေစက်ဝန်းတစ်ခုကိုပင် မြင်တွေ့နေရသည်။
ကွမ်းကျစ်မှာ ယခင်တုန်းက သူ၏အဖေဖြစ်သူမှ အပြစ်များကို ကျူးလွန်ခဲ့သူဟု ယုံကြည်ခဲ့သောကြောင့် နှစ်ပေါင်းများစွာအတွင်း သူရှာဖွေထားခဲ့သမျှသော ငွေကြေးများကို အကုန်အစင်လှူဒါန်းနေကျဖြစ်ပြီး ကုသိုလ်ကောင်းမှုများကိုလည်း အများကြီး ပြုလုပ်ခဲ့သည်။
ရက်စက်ပြင်းထန်သည့် ဖွဲ့စည်းမှု မပြိုကွဲခဲ့စဉ်တုန်းက သူပြုလုပ်နေခဲ့သမျှသော ကောင်းမှုများမှာ ဦးလေးဖြစ်သူ ကွမ်းရှိုးထံသို့သာ စီးဆင်းသွားပြီး ထိုသူ့ကိုသာ အကျိုးပေးနေခဲ့သည်။ ယခု ဖွဲ့စည်းပုံပြိုကွဲပြီးသည့်နောက်တွင်တော့ ထိုကောင်းချီးများက သဘာဝအတိုင်း သူ့ထံသို့ ပြန်ရောက်လာခဲ့ပြီ။
ကွမ်းကျစ်က ကျေးဇူးတင်စကားများကို ထပ်ဆိုလာခဲ့သည်။
“ ဖွဲ့စည်းပုံကို ဖြိုခွဲဖျက်စီးပေးခဲ့တဲ့အတွက် ကျွန်တော် ကုတောက်ကျန့်ကို ကျေးဇူးတင်ချင်နေတုန်းပါပဲ.. ပြီးတော့ တောက်ကျန့်ပြောခဲ့တာ အမှန်ပဲ၊
ကွမ်းရှိုးရဲ့ တစ်ဦးတည်းသောသားက မကောင်းမှုတွေ အများကြီးလုပ်ထားခဲ့တာလေ၊ အခု ဖွဲ့စည်းပုံပျက်စီးတဲ့ ညမှာပဲ ရဲတွေဖမ်းဆီးတာခံလိုက်ရတယ်၊ ကွမ်းရှိူးက သူ့သားရဲ့အပြစ်ကို ဖုံးကွယ်ဖို့ လုပ်ခဲ့ပေမယ့် သူအချုပ်ခန်းဘက်ကို သွားကြည့်ပြီးပြန်ထွက်တဲ့အချိန်မှာပဲ ကားတိုက်ခံလိုက်ရတယ်၊ သူအခုချိန်ထိ ဆေးရုံမှာပဲတဲ့ !!”
သူက သူ့ရှေ့မှ တောက်ကျန့်ကို အကြွင်းမဲ့ယုံကြည်လေးစားနေခဲ့သည်။
“အရင်တုန်းက ကျွန်တော်ရှက်ရွံ့နေခဲ့တဲ့အတွက် ကွမ်းလုပ်ငန်းစုကနေ ထွက်ခဲ့တယ်၊ ဒါပေမယ့် အဖိုးက ကျွန်တော့်နာမည်နဲ့ သေတမ်းစာထဲမှာ ရှယ်ယာတွေအများကြီးချန်ခဲ့ပေးခဲ့တယ်လေ၊ ဒီတစ်ခါတော့ ကွမ်းရှိူးကို အလွတ်မပေးဘဲ အဖိုးရဲ့ မိသားစု စီးပွားရေးကို ပြန်ယူချင်တယ်၊ အခု ကျွန်တော် ဒါရိုက်တာဘုတ်အဖွဲ့ထဲကို ပြန်ဝင်လိုက်ပြီ”
ကွမ်းကျစ်က အေးစက်စွာ ပြောလာသည်။
“ဟောင်ကောင်က ဖုန်းရွှေပညာရှင်ကတော့… ကုတောက်ကျန့်၊ မင်း သူလက်တုံ့ပြန်လာမှာကို သေချာသတိထားရမယ်နော်“
ကွမ်းရှိုး အလွန်ဒေါသထွက်နေမည်ကို စဉ်းစားမိရင်း ကွမ်းကျစ်အနည်းငယ်လောက်တော့ စိတ်ပူမိသည်။
ကုကျစ်စုန့် ခေါင်းငြိမ့်ပြလာသည်။
“ကျွန်မ သတိထားပါ့မယ်၊ ဒီတော့ ရှင် ဝိဉာဉ်ထိန်းသိမ်းတဲ့ အဆောင်ကျမ်းစာကိုရော ယူလာခဲ့လား?”
“ယူလာခဲ့တယ်”
ကွမ်းကျစ်က ဝိဉာဉ်ထိန်းသိမ်းခြင်းအဆောင်ကျမ်းစာရွက်ကို ထုတ်လိုက်ပြီးနောက် အရင်ကထက် ပိုပြီး ရုပ်လုံးပေါ်လာသည့် ကွမ်းလင်း၏ ဝိဉာဉ်ပေါ်ထွက်လာခဲ့သည်။
“အရင်ကထက်တော့ ပိုပြီး တိုးတက်လာပါပြီ၊ ဒါပေမယ့် အားတော့ နည်းနေတုန်းပဲ၊ လူကြီးမင်းက ဒီဖွဲ့စည်းပုံထဲမှာ နှစ်၂၀ကျော်တောင် ပိတ်လှောင်ဖျက်ဆီးခံခဲ့ရတာကြောင့် အဆောင်ကျမ်းစာရွက်သက်သက်လောက်နဲ့တော့ ဝိဉာဉ်စွမ်းအင်ဆုံးရှုံးမှုတွေကို ဖြေရှင်းလို့ ရမှာမဟုတ်ဘူး၊
ပိုပြီး အရေးကြီးတာက လူကြီးမင်းက သာမန်မဟုတ်တဲ့ သေဆုံးခြင်းနဲ့ သေဆုံးခဲ့ရတာကြောင့် အခြေအမြစ်မဲ့တဲ့ ဝိဉာဉ်ဖြစ်နေတယ်၊
ဘိုးဘွားတွေရဲ့ ကောင်းချီးကို မရရှိနိုင်တော့ဘူး၊ ငရဲဂိတ်ဝကို ဖြတ်သွားတဲ့အချိန်ကျရင် မကောင်းတဲ့ ဝိဉာဉ်တွေ ဆွဲဖြဲတာကို မခံရရင်တောင် ပြန်လည်ဝင်စားတဲ့အချိန်မှာ မွေးရာပါရောဂါရှိတာတို့၊ ကျန်းမာရေးမကောင်းတာတို့ ဖြစ်သွားစေလိမ့်မယ်”
ကွမ်းကျစ် အံ့ဩသွားပြီး စိတ်လောစွာ မေးလိုက်သည်။
“တောက်ကျန့် အဲဒါအတွက်ရော အဖြေရှိနိုင်မလား? ကျွန်တော် ဝိဉာဉ်အားပြည့်တဲ့ မှော်ဝင်ပစ္စည်းတွေများ ဝယ်ဖို့လိုသလား တောက်ကျန့်??”
“မလိုပါဘူး”
ကုကျစ်စုန့်က ခေါင်းခါလိုက်ပြီး :
“စိတ်အချရဆုံးဖြစ်ဖို့ ကျွန်မကိုယ်တိုင် လူကြီးမင်းရဲ့ အဖေကို ငရဲအထိ လိုက်ပို့ပေးပါ့မယ်”
ကွမ်းမိသားစု၏ အဖေရော သားပါ သူမပြောလာသော စကားကို ကြားပြီးနောက်တွင် ကျေးဇူးတင်ဝမ်းမြောက်မှုများနဲ့ မျက်ရည်များကျဆင်းလာခဲ့ရသည်။
ဤအခြေအနေကို ကြိုတင်တွေးထားပြီးသားဖြစ်သည့် ကုကျစ်စုန့်က ဗီလာဆီသို့ မလာခင်မှာ ကတည်းက လိုအပ်သည်များကို ကြိုတင်ပြင်ဆင်လာခဲ့သည်။
သူမက ပင်မခန်းမထဲမှ ဆိုဖာပေါ်တွင် ခြေထောက်ချိတ်ထိုင်လိုက်လေသည်။ ထို့နောက် ဖယောင်းတိုင်ကို စားပွဲပေါ်မှာ ထွန်းညှိလိုက်ပြီး သူမ၏လက်ဖဝါးပေါ်သို့ ဖယောင်းစက် နှစ်စက်ချလိုက်သည်။
ပြီးနောက် ကုကျစ်စုန့်က ခေါင်းအသာမော့ကာ ကွမ်းလင်းအား ပြောလာသည် :
“ဒါပြီးသွားရင် ‘ကျိုးယင်’ကို ပုံဖော်ပြီး လူကြီးမင်းကို မြေအောက်ကမ္ဘာကို လမ်းပြခေါ်သွားပေးမယ်၊ ဒီဖယောင်းတိုင်ကို ကျွန်မရဲ့ရှေ့မှာ ဝိဉာဉ်မီးအိမ်အဖြစ် လမ်းပြဖို့ သုံးမှာဖြစ်လို့ ဖယောင်းတိုင်ကိုပဲ စိုက်ကြည့်နေပေးပါ၊ ဘေးဘက်ကနေ ဘယ်လိုအသံကိုပဲကြားရပါစေ လုံးဝ မတုံ့ပြန်မိစေဖို့ ဂရုစိုက်ပေးပါ.. ဒီလိုဆိုရင် လူကြီးမင်း အန္တရာယ်ကင်းစေရမယ်လို့ ကျွန်မအာမခံနိုင်တယ်”
ကွမ်းလင်းက ဦးညွှတ်ကို ကိုင်းညွတ်၍ အရိုအသေပြုလာ၏။
“ကျေးဇူးအများကြီးတင်ပါတယ်၊ ကုတောက်ကျန့်”
ကွမ်းလင်းအား မှာကြားပြီးနောက် ကုကျစ်စုန့်က ဘေးတစ်ဖက်တွင်ရှိနေသည့် ကွမ်းကျစ်ဘက်သို့ ပြန်လှည့်လိုက်သည်။
“ကျွန်မရဲ့စိတ်ဝိဥာဥ်က ခန္ဓာကိုယ်ထဲကနေ ထွက်သွားတဲ့အချိန်မှာ ဒီဖယောင်းတိုင်မီးက လုံးဝငြိမ်းသွားလို့ မဖြစ်ဘူး၊ ဒါငြိမ်းသွားခဲ့ရင် ကျွန်မကို မထိခိုက်စေနိုင်ဘူးဆိုပေမယ့် အားနည်းနေတဲ့ လူကြီးမင်းအဖေရဲ့ ဝိဉာဉ်ကတော့ လမ်းပြမီးအိမ်သာ မရှိတော့ဘူးဆိုရင် မြေအောက်ကမ္ဘာထဲမှာ သေချာပေါက် လမ်းပျောက်သွားလိမ့်ရမယ်”
“ဘယ်လို!?”
ကွမ်းကျစ်တစ်ယောက် အလွန်အမင်း စိတ်လှုပ်ရှားစွာနှင့် လက်ဖဝါးနှစ်ခုကို ပွတ်သတ်လိုက်ရင်း ပြောလာခဲ့သည်။
“ကောင်းပြီ၊ ကျွန်တော် အသေအချာကာကွယ်ထားပါ့မယ်”
“အဲလောက်ထိ စိတ်ပူပန်နေစရာမလိုဘူး၊ ဒီအနက်ရောင် ဖယောင်းတိုင်က မီးညှိပြီးသွားတာနဲ့ ရေနဲ့ လာပြီးတမင်တကာပက်ဖြန်းလိုက်တာမှ မဟုတ်ရင် ငြိမ်းသတ်သွားနိုင်မှာ မဟုတ်ဘူး”
ထိုစကားများပြောပြီးသည့်နောက်တွင် ကုကျစ်စုန့်၏ လက်ဖဝါးပေါ်မှ ဖယောင်းစက်များမှာ အစအနပင် မရှိတော့သည်အထိ ပျောက်ကွယ်သွားခဲ့သည်။ သူမက ဆိုဖာပေါ်မှာ ခြေတင်ပြင်ခွေကာထိုင်လိုက်ပြီး အသက်ကို ပုံမှန်ရှူသွင်းလိုက်သည်။ အချိန်ခဏကြာပြီးနောက်တွင်တော့ သူမ၏ဝိဉာဉ်မှာ သူမ၏ခန္ဓာထဲမှ ကွဲထွက်လာခဲ့ချေသည်။
ကောင်းကင်မျက်လုံး အဆောင်ကျမ်းစာရွက်၏ အစွမ်းများက မပြယ်လွင့်သေးသောကြောင့် ကွမ်းကျစ်သည်လည်း ဝိဉာဉ်များကို မြင်တွေ့နိုင်နေသေးသည်။ ထို့ကြောင့် သူနဲ့ ကွမ်းလင်းတို့မှာ ကုကျစ်စုန့်၏ဝိဉာဉ်ကို မြင်တွေ့လိုက်ရသည်နှင့် နှစ်ယောက်လုံး မှင်သက်သွားရလေ၏။
ဤအတွက် သူတို့အား အပြစ်မဆိုနိုင်ချေ။ သူတို့၏အတွေးထဲတွင် ကုကျစ်စုန့်ဟူသည်မှာ အလွန် ခန့်မှန်းရခက်သောသူတစ်ယောက်ဖြစ်နေသော်လည်း ဤကဲ့သို့အရာမျိုးကို သူတို့၏မျက်လုံးရှေ့တွင် မြင်တွေ့လာနိုင်လိမ့်မည်ဟု လုံးဝထင်မထားခဲ့သည် မဟုတ်ပါလား။ သူမကို ထိုကဲ့သို့ မြင်တွေ့ရချိန်မှာ သူတို့အနေဖြင့်အလွန်ထိတ်လန့်သွားခဲ့ရပေ၏။
သူမက… သရဲတစ်ကောင်လိုပဲ!!
အထူးသဖြင့် ထိတ်လန့်သွားရသူမှာ ကွမ်းလင်းပင်ဖြစ်သည်။ သူ၏ခန္ဓာရော၊ ဝိဉာဉ်ကပါ အလွန်အမင်းခြိမ်းခြောက်နိုင်သည့် အငွေ့အသက်များကို ခံစားလိုက်ရသည်။
ကုကျစ်စုန့်က သူမ၏ ဘယ်လက်ဖဝါးပေါ်တွင် ဖယောင်းတိုင်ကို ကိုင်ထားပြီး ခြေထောက်တစ်ချက်ဆောင့်ချလိုက်သည်။ ထို့နောက်တွင်တော့ ဗီလာအတွင်း၌ ရုတ်တရက်ဆန်စွာ ငရဲတံခါးဝကြီး ပေါ်ထွက်လာခဲ့လေ၏။
“သွားကြစို့”
ကွမ်းလင်း ခေါင်းအသာငြိမ့်ကာ ငရဲတံခါးဂိတ်ဝဆီသို့ သူမ၏နောက်ကနေ အပြေးဝင်သွားလိုက်သည်။
ကုကျစ်စုန့် :
“ကျွန်မနဲ့ ဝိဉာဉ်မီးအိမ်ရဲသနောက်ကို သေသေချာချာလေး ကပ်ပြီးလိုက်လာခဲ့နော်.. ဒီနေရာမှာသာ လမ်းပျောက်သွားခဲ့မယ်ဆိုရင်တော့ ကျွန်မ လူကြီးမင်းကို နောက်ကနေလိုက်ရှာပေးမှာမဟုတ်ဘူး”
သူတို့တွေ ငရဲဂိတ်ဝကို ဖြတ်သန်းလိုက်သည်နှင့် ယင်စွမ်းအင်များ သူတို့၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့သည်။ အမှောင်ထဲတွင် မကောင်းဆိုးရွား ဝိဉာဉ်များနှင်် ပြည့်နှက်နေပြီး မြေအောက်ကမ္ဘာက ဆူညံပွက်လောရိုက်နေခဲ့သည်။
သူတို့မှာ ကုကျစ်စုန့်နဲ့ ကွမ်းလင်းတို့အား ငရဲအဆုံးပိုင်းအထိ ဆွဲချပြီး တစ်စစီဆွဲဖြဲကာ ဝါးမျိုချင်နေကြသကဲ့သို့ပင် ။ ကြောက်လန့်ခြောက်ခြားစရာ အော်သံများသည်လည်း ကျယ်လောင်စူးရှစွာ ပေါ်ထွက်လာလိုက်၊ ပျောက်ကွယ်သွားလိုက်နှင့် သူတို့၏ စိတ်ဝိဥာဥ်အတွင်းမှ ရဲစွမ်းသတ္တိအားစိန်ခေါ်နေသကဲ့သို့ ရှိနေခဲ့သည်။
‘ကျိုးယင်’ ဟူသည်မှာ သက်ရှိတစ်စုံတစ်ယောက်၏ ဝိဉာဉ်က ကိုယ်ခန္ဓာကို စွန့်ခွာကာ သရဲတစ်ကောင်အတွက် အလုပ်လုပ်ပေးခြင်း ၊ သို့မဟုတ် အလုပ်ပေးသူအတွက် မြေအောက်ကမ္ဘာသို့သွားပြီး သေဆုံးပြီးသား ဆွေမျိုးမိတ်ဆွေများနဲ့ တွေ့ဆုံဖို့ ကူညီပေးခြင်းကဲ့သို့ အလုပ်မျိုးကို ဆိုလိုသည်။ ခြုံ၍ပြောရပါက ဤကဲ့သို့အလုပ်ဆိုသည်မှာ အင်မတန်မှ အန္တရာယ်များသည့် ဝိဉာဉ်ပိုင်းဆိုင်ရာအလုပ်တစ်ခုလည်းဖြစ်ချေသည်။
ရှေးခေတ်မှလူများကတော့ ဤအရာကို ‘ရှယင်’ ဟုခေါ်ကြသည်။ ဆိုလိုသည်မှာ ငရဲဂိတ်ဝကို ဖြတ်သွားတဲ့သူများဖြစ်သော်လည်း ယင်အရာရှိများနှင့်တော့ မတူညီဘဲ အလွန်ကွဲပြားနေသည့်သူများပင်။
အများအားဖြင့် ငရဲဂိတ်ကို ဖြတ်ကျော်လာသူများမှာ ငရဲဂိတ်ဝတွင် မကောင်းသော ဝိဉာဉ်တွေနဲ့ ဆုံတွေ့ပါက အန္တရာယ်ကင်းစေရန်အတွက် ဝိဉာဉ်မှ ခန္ဓာကိုယ်ကို မစွန့်ခွာမီ ကြက် သို့မဟုတ် သိုးသတ်ခြင်း၊ ထမင်းများဆက်သခြင်း၊ စက္ကူငွေများပြင်ဆင်ခြင်း စသည်တို့အား ပြုလုပ်ရသည်။
ကုကျစ်စုန့်အတွက်ကတော့ အလွန်အမင်း ရိုးရှင်းနေခဲ့ပြီး လက်ဗလာနှင့်ပင် ထွက်လာခဲ့လေသည်။
သူတို့ကိုစားစရာမပေးရင်တိုက်ခိုက်ခံရမှာလား??
ဒါဆိုလည်း အနားကို ကပ်လာတဲ့ ကောင်တွေကို မှတ်လောက်သားလောက်အောင် ရိုက်ပေးလိုက်ကြတာပေါ့။ ဒီလိုဆိုရင် သူတို့လည်း ကပ်မလာရဲတော့ဘူးလေ။
သူမက အလွန်တည်ငြိမ်အေးဆေးစွာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး အဆောင်ကျမ်းစာရွက်ကိုင်ထားသည့် လက်အားမြှောက်လိုက်ချိန်တွင် လက်ချောင်းထိပ်များမှ ရွှေရောင်အလင်းတန်းများ ထွက်လာခဲ့ပြီး သူမ၏ ခန္ဓာကိုယ်အနီးတွင် ကပ်နေတဲ့ မီးခိုးရောင်အရိပ်များကို လွှင့်ပြယ်သွားစေခဲ့သည်။
တစ်ဖက်တွင်တော့ ကွမ်းလင်းတစ်ယောက် အလွန် အံ့သြမင်သက်နေခဲ့ပြီး သူ့၏ကုကျစ်စုန့်အပေါ် လေးစားမှုများကလည်း အထွတ်အထိပ်သို့ရောက်သွားသည်။
ရက်စက်လိုက်တာ၊ အရမ်းကို ရက်စက်တာပဲ!!
ငရဲဂိတ်ဝကနေ လုံခြုံစွာ ဖြတ်လာပြီးနောက် ကုကျစ်စုန့်က အနောက်ကို လှမ်းပြောခဲ့သည်။
“ဒီဝိဉာဉ်ဂိတ်ဝကနေ ဝင်ပြီးသွားတာနဲ့ လူကြီးမင်း ငရဲကို ရောက်သွားပြီ”
သူမက သူမ၏မျက်လုံးရှေ့တွင်ရှိနေသော အမှောင်ထုထဲသို့ တိုးဝင်သွားသည့် အနက်ရောင်တံတားရှည်ကြီးကို ကြည့်ပြီး ခဏလောက်ငြိမ်သက်သွားသည်။ သူမ မြေအောက်ကမ္ဘာ၏ မြင်ကွင်းကို နောက်ဆုံးအကြိမ်မြင်တွေ့ခဲ့ရသည်မှာ မည်မျှလောက် ကြာခဲ့ပြီလဲ……
ရုတ်တရက်ထွက်လာတဲ့ အသံတစ်ခုကြောင့် သူမကို ထိတ်လန့်သွားစေသည်။
“မင်း… မင်းက ကုကျစ်စုန့်မဟုတ်လား?!”
ကုကျစ်စုန့် လှည့်ကြည့်လိုက်သည်။
သူမ ပထမဆုံးမြင်လိုက်ရသည်က သရဲငယ်လေးများနဲ့ ယင်အရာရှိများမှာ အဖွဲ့လိုက်ကြီးရှိနေပြီး မြေအောက်ကမ္ဘာ၏ တံတားရှည်ကြီးပေါ်မှ မြူတွေကြားတွင် ပုန်းအောင်းနေရင်း တီးတိုးပြောနေကြသည့် မြင်ကွင်းကိုပင်။
စပ်စုလိုသည့် မျက်လုံးပေါင်းများစွာက ကြောက်စရာကောင်းလောက်အောင်များပြားနေပြီး သူမကို စိုက်ကြည့်နေခဲ့ကြသည်။
ကုကျစ်စု သတိကြီးစွာ ထားလိုက်သည်။
ဘာတွေဖြစ်နေတာလဲ? သူမလည်း ဒီက မကောင်းဆိုးရွားတွေကို ရန်မစဖူးလောက်ပါဘူး?
သူမကို အသံဩရှရှဖြင့် ခေါ်လိုက်သည့် ယင်အရာရှိကို မြင်တွေ့လိုက်ရချိန်တွင်တော့ သူမ ပြောစရာစကားပျောက်ဆုံးကာ ဆွံ့အသွားရသည်။
မြင်းမျက်နှာရှိပြီး ကြွက်သားများတောင့်တင်းသည့် ယင်အရာရှိက သုံးခွမှိန်းခတစ်ခုကို ကိုင်ထားပြီး သူ့၏ မြင်းမျက်လုံးများက သူမကို ပြူးကျယ်စွာဖြင့် တည့်တည့်ကြီး စိုက်ကြည့်နေခဲ့သည်။
ဒါကသိပ်တော့ အဆင်မပြေသလိုပဲ။
ကုကျစ်စုန့်တစ်ယာက် ထိုယင်အရာရှိကို ရိုက်နှက်လိုက်ပါက မြေအောက်ကမ္ဘာ၏ စည်းကမ်းကို ချိုးဖောက်ရာကျ၊မကျ စဉ်းစားနေတုန်းမှာ သူမမျက်လုံးများက မြင်းလူသား၏ ခေါင်းပေါ်မှ အဆင်တန်ဆာကို မြင်တွေ့လိုက်ရသည်။
ကုကျစ်စုန့် : “… …”
ဒီရောင်ပြန်လက်နေတဲ့ ပန်းရောင်ခေါင်းစည်းက အကျိုးနည်း ဘာကြီးလဲ??
သူမ မသိခဲ့သည်ကတော့ မြင်းခေါင်းနဲ့ယင်အရာရှိ မားမြန်တစ်ယောက် မျက်လုံးများပြူးကျယ်ပြီး အသက်ရှူမြန်နေခြင်းမှာ အလွန်အမင်း စိတ်လှုပ်ရှားခြင်းကြောင့်သာ ဖြစ်ပြီး သူ့၏စိတ်ထဲတွင်လည်း အော်ဟစ်နေလျှက်ရှိနေသည်။
ကယ်ပါဦး!! သက်ရှိကမ္ဘာက ကိုယ့်ရဲ့ အိုင်ဒေါကို တွေ့ရင် ဘယ်လိုစကားမျိုးနဲ့ စပြောရတာလဲ!??