← Chapters

သူက ချန်းပေ့ရွှမ်း

Vol. 4 Ch. 327

သူက ချန်းပေ့ရွှမ်း

Vol. 4 Ch. 327

ထန်လုံတပ်ဖွဲ့၏ အဆင့်အတန်းက သာမန် ဥပဒေ ထိန်းသိမ်းရေး အဖွဲ့များထက် ပိုမို မြင့်မားသည်မှာ သံသယ ဖြစ်စရာ မလိုချေ။ လူများစွာမှာ ထန်လုံအဖွဲ့ နာမည်အား ကြားဖူးသည့်တိုင် ထိုတပ်ဖွဲ့၏ ဖွဲ့စည်းပုံ၊ ဌာန၊ ထိုအဖွဲ့၏ ခေါင်းဆောင် စသည်တို့အား မကြားဖူးခဲ့ချေ။

ကျိလော့ချန်းပင်လျှင် ကျောက်ဘိုဖန်နှင့် ရင်းနှီးသောကြောင့် ထန်လုံ တပ်ဖွဲ့ထံ ရာထူး တိုးခံရသည့် အကြောင်းအား သိခဲ့ရသည်။ သို့သော်လည်း ထန်လုံတပ်ဖွဲ့ အကြောင်း သူသိသည်က တစ်ခုပင် မရှိချေ။

သူတို့ နားလည်ထားသည့် တစ်ခုတည်းသော အရာက ထန်လုံတပ်ဖွဲ့အား အမိန့်ပေးနိုင်သူက တပ်ဖွဲ့ ခေါင်းဆောင် ဖြစ်ကြောင်းသာ ဖြစ်၏။

ချန်းဖန်မှာ ထိုကဲ့သို့သော ထန်လုံတပ်ဖွဲ့၏ ခေါင်းဆောင် ဖြစ်နေလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြချေ။

"သူက အသက်နှစ်ဆယ်ပဲ ရှိသေးတာ ဟုတ်ရဲ့လား"

စုပန်က ထိုမေးခွန်းအား မေးချင်သည့်တိုင် လည်ချောင်းမှ ထွက်မလာခဲ့ချေ။

"အသက်နှစ်ဆယ် မပြည့်သေးသော လူငယ်က ဗိုလ်ချုပ်ရာထူးအား ပိုင်ဆိုင်ထားခြင်း"

ထိုအရာက လူတိုင်း ထိတ်လန့်စေရန် လုံလောက်သည်။ အခြားဥပဒေ ထိန်းသိမ်းရေး အဖွဲ့များဖြင့် မတူညီသည်က ထန်လုံ တပ်ဖွဲ့မှာ အထူးချွန်ဆုံးသော တပ်သားများနှင့် ဖွဲ့စည်းထားခြင်း ဖြစ်ကာ တပ်ဖွဲ့၏ ခေါင်းဆောင်များမှာလည်း မယုံကြည်နိုင်လောက်သည့် အခွင့်အာဏာအား ကိုယ်စားပြုသည်။ ထိုကဲ့သို့သော ရာထူးအား ဆယ်ကျော်သက် တစ်ယောက်အား ပေးထားခြင်းက မယုံကြည်နိုင်စရာ ဖြစ်၏။

"လီဝူချန်းက သူ့အတွက် ကူထန်းမင်ကိုတောင် ရာထူးက ဖယ်ရှားခဲ့တာ မထူးထန်းဘူး"

လူများစွာ၏ တီးတိုး ပြောဆိုသံများက ပေါ်ထွက်လာသည်။

ချန်းဖန်က နင်းချန်းတုန်၊ တန့်ကျင်းဖန်၊ ကျိလော့ချန်း၊ စုကျန်းဒီနှင့် အခြားလူများစွာ၏ အံ့အား သင့်နေသော အကြည့်များအား လျစ်လျူရင်း ကျောက်ဘိုချန်၏ မျက်လုံးများအား ကြည့်ကာ ပေါ့ပေါ့ပါးပါးပင်  မေးလိုက်သည်။

"မင်း ငါဘယ်သူလဲဆိုတာ သိပြီပေါ့"

ကျောက်ဘိုဖန်က ခန္ဓာကိုယ်အား ဆန့်ကာ သတိ အနေအထားသို့ ပြောင်းလိုက်ရင်း…

"ဟုတ်ကဲ့… သိပါပြီ ဆရာ"

"ဒါဆို မနေ့က အမှားကို မင်းသိပြီလား။ ထန်လုံ တပ်ဖွဲ့ဝင်တွေက ပြည်သူ့ဘက်ကပဲ ရှိရမယ်။ သူငယ်ချင်းတွေဘက်က မဟုတ်ဘူး" ချန်းဖန်က နှာခေါင်းရှုံ့လိုက်သည်။

"ဟုတ်ကဲ့ပါ ဆရာ... တောင်းပန်ပါတယ်။ ကျွန်တော် စည်းကမ်းအတိုင်း လိုက်နာပါ့မယ်"

ကျောက်ဘိုဖန်မှာ မျက်နှာမှ စီးကျလာသော ချွေးများကိုပင် မသုတ်ရဲချေ။ ထန်လုံတပ်ဖွဲ့အား ပြောင်းရွှေ့ရန် အမိန့်ကျချိန်မှ စ၍ ထန်လုံတပ်ဖွဲ့၏ ခန္ဓာကိုယ် လေ့ကျင့်ခန်းများအား သူလေ့ကျင့်ခဲ့ရသည်။ ထိုလေ့ကျင့်ခန်းများမှာ တပ်ဖွဲ့ခေါင်းဆောင်ချန်း ဖန်တီးထားကြောင်း ကြားရချိန်၌ ချန်းပေ့ရွှမ်းအား သူအမှန်ပင် လေးစားခဲ့သည်။ သို့သော်လည်း သူသိသည့် တပ်ဖွဲ့ ခေါင်းဆောင်၏ အမည်က ချန်းပေ့ရွှမ်းသာ ဖြစ်သည်။ တပ်ဖွဲ့ ခေါင်းဆောင်တွင် အခြားနာမည် တစ်ခု ရှိနေလိမ့်မည်ဟု သူထင်မထားခဲ့ပေ။

"မင်းရဲ့ ရာထူးတွေကို ဖယ်ရှားပြီး ဆယ်ရက်စာ အနားပေးတယ်" ချန်းဖန်က အေးစက်စွာ ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ တပ်ဖွဲ့ခေါင်းဆောင်…" ကျောက်ဘိုဖန်က မည်သို့မျှ စောဒက မတက်ပဲ နောက်သို့ လှည့်ကာ ထွက်ခွာသည်။ သူ့အနေဖြင့် ချန်းဖန် မဟုတ်သည့် အခြား တစ်ယောက်ကသာ သူ ကြိုးစားပမ်းစား ရရှိထားသည့် ရာထူးများအား ဖယ်ရှားကြောင်း ပြောလျှင် သူလက်ခံ ခဲ့လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ချန်းဖန်၏ စကားလုံးတိုင်းက သူ့အတွက် အမိန့်ဖြစ်သည်။ ချန်းဖန်က သူ့အား ထန်လုံအဖွဲ့မှ ထုတ်ပယ်လျှင်ပင် သူ မည်သို့မျှ တတ်နိုင်မည် မဟုတ်ပေ။

သူ့အား ထန်လုံ တပ်ဖွဲ့သို့ ပြောင်းရွှေ့စေချိန်မှ စ၍ ကျောက်ဘိုဖန်သည် ချန်း၏ စစ်တပ်အပေါ် လွှမ်းမိုးမှုအား ကောင်းစွာ နားလည်လာခဲ့၏။ ထန်လုံတပ်ဖွဲ့က ရဲ့နန်ထင်း၏ လုံဖန် အဖွဲ့အား အနိုင်ယူခဲ့ချိန်မှ စ၍ ချန်းဖန်၏ လွှမ်းမိုးမှုက တဖြည်းဖြည်း ကြီးမားလာခဲ့သည်။

ကျိလော့ချန်းက သူ့အား စကားတစ်ခွန်းပင် မပြောပဲ အခန်းထဲမှ ပြန်လည် ထွက်ခွာ သွားသည့် ကျောက်ဘိုဖန်အား ကြည့်နေမိသည်။ ကျောက်ဘိုဖန်၏ အမူအရာက သူ့အား ရှိသည်ဟုပင် သဘောမထားချေ။

"ကျန်းပေ့ရဲ့ ဆရာချန်းက ဗိုလ်ချုပ်တစ်ယောက်"

ထိုသတင်းစကားက ခန်းမအတွင်းရှိ လေထုအား ပူပြင်းစေသည်။ ခန်းမ အပြင်ဘက်တွင် ရှိသော လူများမှာလည်း ထန်လုံတပ်ဖွဲ့ ခေါင်းဆောင်အား ကြည့်ရန် ခန်းမ၏ ဝင်ပေါက်သို့ ရောက်ရှိ လာကြတော့သည်။

"အဘိုးကြီးဖန့်… မင်းရဲ့ သားမက်က အရမ်းတော်တာပဲ"

"အမှန်ပဲ အဘိုးကြီးဖန့်… မင်းတို့ လင်မယားက တကယ့်ကို ရွေးတတ်တာပဲ"

"ကျုပ် မင်းတို့ကို ပြောဖူးသားပဲ။ ကိုးလေးက တကယ်တော်တဲ့ မိန်းကလေး။ ဘာမှ မဟုတ်တဲ့သူ ကိုတော့ သူ မရွေးဘူး လို့"

ရုတ်တရက်ပင် ဖန့်မင်ဒီ၏ ဘေးတွင်ရှိသော စုမိသားစု၏ သားမက်များစွာက ဖန့်မင်ဒီအား ဝိုင်းဝန်း ဖားယား ကြတော့၏။ ဖန့်မင်ဒီကား ယခုမှပင် ပြုံးနိုင်တော့သည်။

ထိုအခိုက်၌ စုမိသားစု၊ တန်မိသားစု၊ နင်းမိသားစု များမှာ တုန်လှုပ်ခြောက်ခြား နေကြပြီး ထိုအဖြစ်အပျက်အား မယုံကြည်နိုင်ကြပေ။

စုစုကလည်း ချန်းဖန်အား မယုံကြည်နိုင်စွာ ကြည့်နေခဲ့မိသည်။ ဖန့်ချုံး၏ မျက်လုံးများကလည်း အံ့ဩမှုဖြင့် ပြူးကျယ် နေခဲ့တော့၏။ ရုတ်တရက်ပင် သူမ၏ ငယ်သူငယ်ချင်းမှ စံပြပုဂ္ဂိုလ် တစ်ယောက် အဖြစ် ပြောင်းလဲသွားသည့် အလား ခံစားလိုက်ရသည်။

"ဒါသ သူ့ရဲ့ နောက်ဆုံး ဝှက်ဖဲလား" စုရှောင်ကလည်း ချန်းဖန်အား ကြည့်ရင်း တွေးသည်။ အခန်းအတွင်းရှိ လူများ အားလုံးထဲတွင် အဘိုးကြီးစု၊ အဘိုးကြီးကျိနှင့် ဒါရိုက်တာ ရွှယ်တို့သာ တည်ငြိမ်မှုအား ထိန်းသိမ်း ထားနိုင်ခဲ့သည်။ ထန်လုံတပ်ဖွဲ့ ခေါင်းဆောင်ဟူသော ရာထူးက စုမိသားစုနှင့် ကျိမိသားစုတို့ အတွက် သိပ်မကြီးမားချေ။ ချန်းဖန်၏ နောက်ခံဖြစ်သော ဗိုလ်ချုပ်ကြီး လီဝူချန်းပင်လျှင် သူတို့မိသားစု နှစ်ခုကို သတိထား၍ ဆက်ဆံရမည် ဖြစ်သည်။

သို့သော်လည်း အခြေအနေက သူတို့ စီစဉ်ထားသလောက် မလွယ်ကူတော့ချေ။ ချန်းဖန်အား လီဝူချန်းက အကာအကွယ် ပေးထားခြင်းဟုသာ သူတို့ တွေးထားခဲ့ကြသည်။ ထိုကောင်လေးတွင် ဗိုလ်ချုပ်ရာထူး ရှိနေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ချေ။ သူတို့သာ ချန်းဖန်အား တစ်ခုခု ပြုလုပ်ခဲ့ပါက စစ်ဗိုလ်ချုပ်ကြီးများက သည်အတိုင်း ကြည့်နေလိမ့်မည် မဟုတ်ပေ။ သူတို့ မိသားစု အားလုံး ပေါင်းစပ် ထားသည့် အင်အားပင်လျှင် ဗိုလ်ချုပ်ကြီးများအား ခြောက်လှန့်ရန် မလွယ်ကူပေ။

အဆိုးဆုံးမှာ လီဝူချန်း ကာကွယ်ပေးထားသော ပုဂ္ဂိုလ်အား လို့ကျင်းဟိုင်က တိုက်ခိုက်ရန် ဆန္ဒရှိကြောင်း မည်သူမျှ အာမမခံနိုင်ခြင်း ဖြစ်သည်။

စုရန်ဟိုက ဒါရိုက်တာ ရွှယ်၏ မျက်နှာအား လှမ်းကြည့်သည်။ ဒါရိုက်တာ ရွှယ်၏ မျက်နှာတွင် တွန့်ဆုတ်သည့် အမူအရာများ ဖြစ်ပေါ်နေကြောင်း သူ သတိပြုမိလိုက်သည်။

"စစ်တပ်က ကျိမိသားစုနဲ့ နင်းမိသားစုတို့ကို မတားဆီးလောက်ပါဘူး" စုရန်ဟိုက စိတ်ထဲမှ တွက်ချက် နေမိသည်။

"ဘုတ်…" ဆင်စွယ် ယပ်တောင် မြေပေါ်သို့ ကျသံက ကျယ်လောင်စွာပင် ထွက်ပေါ် လာသည်။

"သူဌေးဖူ… ခင်ဗျားပြောတော့ အဲ့ကောင်လေးရဲ့ ကြမ္မာက လမ်းဆုံး သွားပြီဆို။ ဒါပေမဲ့ အခု ဒီလို မဟုတ်ပါလား" သူဌေးလီက ပြုံးရင်း သူဌေးဖူအား ကြည့်သည်။

"ဟီးဟီး…"

သူဌေးဖူက ယပ်တောင်အား ပြန်ကောက်ရင်း ရှက်ရွံ့စွာ သွားဖြဲပြသည်။

"သူက ဗိုလ်ချုပ် တစ်ယောက်ပါပဲ။ ကျမိသားစုမှာ အစိုးရပိုင်းကလူ ရှိတာလည်း မမေ့နဲ့ဦး။ နင်းမိသားစု၊ တန်မိသားစု တို့ကလည်း သူ့ကို ဖိအားတွေ ပေးနိုင်သေးတယ်။"

"အော်… ခင်ဗျားဘက်က သေချာရင် ကျုပ်တို့ အလောင်းအစားလေး လုပ်ကြရအောင်။ ကျုပ်နိုင်ရင် ခင်ဗျား ဟောင်ကောင်ကနေ ဝယ်လာခဲ့ ကြေးဗုဒ္ဓရုပ်တုကို ပေးမလား" သူဌေးလီက ပြုံးရင်း ပြောလိုက်ပြန်သည်။

"ကောင်းပြီလေ…" သူဌေးဖူက အခြေအနေများအား တွက်ချက်ပြီးနောက် သဘောတူ လိုက်သည်။ သူ့အမြင်အရ ကျိနှင့် စုမိသားစု ဘက်မှ အသာရနေဆဲ ဖြစ်သည်။

ထိုအခိုက်မှာပင် အဘိုးကျိ၏ အသံက တည်ငြိမ်စွာ ထွက်ပေါ်လာ၏။

"ကျုပ်က ဆရာချန်း အပေါ်မှာ အထင်သေးခဲ့ မိတာပဲ။ ကျုပ်အနေနဲ့ မင်းကို အထွတ်အထိပ် ဆရာချန်း လို့တောင် ခေါ်သင့်တာ။ ဟုတ်တယ် မလား"

ကျိလျှိုကျူက ချန်းဖန်အား ရှုပ်ထွေးသော ခံစားမှုများနှင့် ကြည့်လိုက်သည်။ သူ၏ မျက်လုံးတွင် လေးစားခြင်းနှင့် မုန်းတီးခြင်းက ရောထွေးနေခဲ့သည်။ ချန်းဖန်သည် အလွန်ပင် ထူးချွန်သော လူငယ်တစ်ယောက် ဖြစ်ကြောင်း သူ၏ အောင်မြင်မှုများက သက်သေပြခဲ့ပြီး ဖြစ်၏။ နှစ်ဆယ်ပင် မပြည့်သေးသော အသက်အရွယ်ဖြင့် ယခုအထိ အောင်မြင်နေသော သူ၏ အနာဂတ်က မခန့်မှန်း နိုင်အောင်ပင်။ ထို့ကြောင့် ထိုကောင်လေး ယခုထက် ပိုမို မကြီးထွားလာခင် သူတို့ လှုပ်ရှားသင့်သည်။

ထိုအတွေးဖြင့် ကျိလော့ချန်းက ချန်းဖန်အား ကြည့်ရင်း တိုးညင်းသော အသံဖြင့်…

"ဆရာချန်း… မင်းက နင်းယုကျီရဲ့ ခြေတွေ၊ လက်တွေကို မနေ့က ချိုးခဲ့တယ်။ ဒါက ဥပဒေနဲ့ မညီဘူးဆိုတာ မင်းသိမှာပါ။ မင်းရဲ့ နောက်ခံ လီဝူချန်း ဒီမှာ ရှိရင်တောင် အဲဒီ ကိစ္စအတွက် သေချာ ရှင်းပြနိုင်မှ ရမယ်။ မင်းပိုင်ဆိုင်ထားတဲ့ ရာထူးက တိုင်းပြည်ကို ကာကွယ်ဖို့။ ပြည်သူတွေကို နှိပ်စက်ဖို့ မဟုတ်ဘူး။"

အဘိုးအို၏ ကြမ်းတမ်းသော စကားကြောင့် လူများမှာ အံ့အားသင့် သွားကြသည်။

စုစုပင်လျှင် ထိုစကားကြောင့် စိတ်လှုပ်ရှားမိ သွားသည်။ အဘိုးအိုကျိက ချန်းဖန်အား ရာဇဝတ်မှု ကျူးလွန်သည့် ပုဒ်မဖြင့် တရားစွဲလိုဟန်ရသည်။ ချန်းဖန် နင်းယုကျီအား ရိုက်နှက်ခဲ့ခြင်းတွင် မျက်မြင်သက်သေ များစွာရှိနေခဲ့ရာ ထိုကိစ္စအား တရားရုံး၌ ဖြေရှင်းရပါက စစ်တပ် ခေါင်းဆောင်များပင် ချန်းဖန်အား ကယ်နိုင်မည် မဟုတ်ပေ။

"နင်းယုကျီရဲ့ ခြေတွေ၊ လက်တွေကို ဘာကြောင့် ချိုးပစ်တယ် ဆိုတာ ကျုပ်ကို မမေးဘူးလား"

ချန်းဖန်က နင်းချန်းတုန်ဘက် လှည့်ရင်း မေးသည်။

"သူ ပထမတစ်ခါ ကျုပ်ကို စော်ကားတုန်းက သူ့ရဲ့ ဆံပင်တစ်ချောင်းတောင် ကျုပ်မထိခဲ့ဘူး။ နောက် ဒုတိယတစ်ခါ သူက ကျုပ်ကို ကိုယ်ထိ လက်ရောက် စော်ကားဖို့ ခြိမ်းခြောက်ခဲ့တယ်။ ဒါကြောင့်ပင် အဲဒီ အရသာ သူ့ကို မြည်းစမ်းစေခဲ့တာ"

"ဟီးဟီး… ဆရာချန်း။ မင်းကို ထောက်ခံမယ့် မျက်မြင်သက်သေမှ မရှိတာ။ တရားသူကြီးက မင်းကို ယုံမှာ မဟုတ်ဘူး" အဘိုးကြီးကျိက ရယ်မောရင်း ပြောသည်။

"တကယ့် မြေခွေးအိုကြီးပဲ"

လူများစွာက ထိုမြင်ကွင်းအား ကြည့်ရင်း တွေးသည်။ ဖန့်ချုံးပင်လျှင် အဘိုးကြီးကျိ၏ ကောက်ကျစ်မှုကြောင့် ဒေါသ ထွက်မိသွားသည်။

ချန်းဖန်က မျက်မှောင်ကြုတ်၍ တစ်ခုခုအား ပြန်ပြောရန် ဟန်ပြင် လိုက်စဉ်မှာပင် ကျို့လော့ရင်၏ အသံက ထွက်ပေါ်လာသည်။

"အဘိုးကျိ… ဗိုလ်ချုပ်ဆိုတဲ့ ရာထူးက ဆရာချန်းရဲ့ တစ်ခုတည်းသော ဂုဏ်ပုဒ် မဟုတ်ဘူး။ အခြား တစ်ခု ရှိသေးတယ်"

"ဘာလဲ…" ကျိလျှိုကျူက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။ သူ၏ စိတ်အတွင်းတွင်မူ ထိတ်လန့်နေခဲ့ပြီ ဖြစ်သည်။

အခြား လူများစွာကလည်း မိန်းကလေးအား စိတ်ဝင်စားစွာ ကြည့်သည်။ ထိုကောင်လေးတွင် အခြားမည်သည့် ဂုဏ်ပုဒ်များ ရှိနေသေး သနည်း။ စိတ်ဝင်စား စရာပင်။

"သိပ်မကြာခင်က ခွန်လွန်ဆိုတဲ့ ပုဂ္ဂိုလ်က တရုတ်ရဲ့ အထွတ်အထိပ် သိုင်းပညာရှင်တွေကို ကောင်းကင်စာအုပ် ဆိုတဲ့ နာမည်နဲ့ စာရင်း ပြုစုခဲ့တယ်။ အဲဒီ စာရင်းထဲမှာ တရုတ်ရဲ့ အစွမ်း အထက်ဆုံး အထွတ်အထိပ် အဆင့် သိုင်းပညာရှင်က…"

ကျို့လော့ရင်က သူမ၏ အသံအား ပိုမိုကြည်လင် ပြတ်သားစေရန် လည်ချောင်း ရှင်းလိုက်ရင်း…

"သူ့နာမည်က ချန်းပေ့ရွှမ်းပဲ…"

***

All Chapters