← Chapters

ချန်းပေ့ရွှမ်း၏ ဂုဏ်ပုဒ်များ

Vol. 4 Ch. 328

ချန်းပေ့ရွှမ်း၏ ဂုဏ်ပုဒ်များ

Vol. 4 Ch. 328

"ကောင်းကင်စာအုပ် နံပါတ်တစ်… ကောင်းကင် စာအုပ် ဆိုတာက ဘာလဲ"

ခန်းမအတွင်းရှိ လူများစွာမှာ သာမန် လူများသာ ဖြစ်ကြရာ ထိုနာမည်အား မကြားဖူးကြချေ။

"နေပါဦး။ ခင်ဗျားက သူ့ကို ချန်းပေ့ရွှမ်းလို့ ခေါ်လိုက်တာလား။ သူက ဟောင်ကောင်မှာ နာမည်ကြီးနေတဲ့ သူဌေးကြီး ချန်းပေ့ရွှမ်းလား" တစ်စုံတစ်ယောက်က ကျို့လော့ရင်အား ကြည့်ရင်း မေးသည်။

"ဟုတ်တယ်။ ကျုပ်လည်း ဒီနာမည်ကို ကြားဖူးတယ်လို့ တွေးနေခဲ့တာ။ လွန်ခဲ့တဲ့ လအနည်းငယ်က ဟောင်ကောင်ရဲ့ ဘီလျံနာ အသစ် ချန်းပေ့ရွှမ်း အကြောင်းကို ကြားလိုက် ရသေးတယ်။ သူက ကျန်းမိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းယူခဲ့တယ် ဆိုလားပဲ" အခြား တစ်ယောက်ကလည်း သူကြားဖူးသည့် အကြောင်းအရာအား ပြောသည်။

ချန်းပေ့ရွှမ်း အကြောင်း ကြားဖူးသူ များစွာမှာလည်း သူတို့ ကြားထားသည့် သတင်းများအား အံ့အားတကြီး ပြောဆို နေကြတော့၏။ သို့သော်လည်း ဟောင်ကောင်နှင့် ဝူကျိုးက အလွန် အလှမ်းဝေးရာ သူတို့ ကြားဖူးသည်များက အသေးစိတ် အချက်အလက်များသာ ဖြစ်သည်။

"သူက ဟောင်ကောင် ကျန်းလုပ်ငန်းစုရဲ့ ပိုင်ရှင်လား" တန်ကျင်းဖန် မယုံကြည်နိုင်စွာ တွေးလိုက်မိသည်။

စုမိသားစုဝင် များစွာမှာလည်း ချန်းဖန်အား ထိတ်လန့်၊ အံ့ဩနေသော မျက်လုံးများဖြင့် ကြည့်နေ ခဲ့မိကြသည်။

ချန်းဖန်ဆိုသော ကောင်လေး၏ ဂုဏ်ပုဒ်များက မိနစ်တိုင်း၌ တဖြည်းဖြည်း များပြား လာနေသည်။ သူတို့ ပထမဆုံး သိထားသည့် ချန်းဖန်က သာမန် လူငယ်လေး တစ်ယောက်သာ ဖြစ်သည်။ သို့သော်လည်း တစ်ခဏ အချိန်အတွင်းမှာပင် ကျန်းပေ့၏ ဆရာချန်း၊ ထန်လုံတပ်ဖွဲ့ ခေါင်းဆောင်၊ ဟောင်ကောင်၏ ဘီလျံနာ စသည့် ဂုဏ်ပုဒ်များက တိုးလာခဲ့သည်။ ကျန်းမိသားစု ဆိုသည်က အစဉ်အလာ ကြီးမားပြီး စုမိသားစု နှင့်ပင် ယှဉ်နိုင်သည့် အင်အားစုကြီး ဖြစ်သည်။

ထိုကောင်လေးကား ကျန်းပေ့အား လွှမ်းမိုးနိုင်သည့် အပြင်၊ ဟောင်ကောင်၏ ဘီလျံနာ တစ်ဦးလည်း ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ထိုကဲ့သို့သော အောင်မြင်မှုများမှာ များစွာသော လူများ၏ ဘဝ ရည်မှန်းချက် ပန်းတိုင် ဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့သော အရာများအား ထိုကောင်လေးက အသက်နှစ်ဆယ် မပြည့်ခင်မှာပင် ပိုင်ဆိုင်နေခဲ့ပြီ ဖြစ်သည်။ သူ၏ ဂုဏ်ပုဒ်အား ဖော်ပြရန် ပြိုင်ဘက်ကင်း ပါရမီရှင် ဟူသော စကားလုံးက မလုံလောက်ပေ။

မနာလိုမှု၊ အားကျမှု များက ကျိလော့ချန်း၏ မျက်ဝန်း၌ လျင်မြန်စွာ ကြီးထွား လာနေခဲ့၏။ အသက်သုံးဆယ် မပြည့်ခင်တွင် ကုမ္ပဏီတစ်ခု၏ စီအီးအို ဖြစ်လာခဲ့သဖြင့် သူ့ကိုယ်သူ အထင်ကြီး ခဲ့မိသော်လည်း ထိုအရာများက ချန်းဖန်အတွက် ရယ်စရာသာ ဖြစ်နေခဲ့ပုံ ရသည်။

စုရန်ဟိုပင်လျှင် နောင်တရသည့် အရိပ်အယောင်များ ခံစားနေရပုံ ရသည်။ အကယ်၍ ထိုကောင်လေးတွင်သာ ယခုကဲ့သို့ အောင်မြင်မှုများ ရှိကြောင်း သိခဲ့ပါက ကျိမိသားစုနှင့် မိတ်ပျက်ရလျှင်ပင် သူ့ဘက်၌ ရပ်တည်မိမည် ဖြစ်သည်။

"ရှက်စရာပဲ။ အရာရာက နောက်ကျ သွားခဲ့ပြီ" စုရန်ဟိုက ခေါင်းအား ခါယမ်းလိုက်မိသည်။

ထိုအခိုက်မှာပင် နင်းချန်းတုန်က ရှေ့သို့ အနည်းငယ်တိုးလိုက်ရင်း...

"သူက ဟောင်ကောင်ရဲ့ သူဌေးကြီး ဖြစ်တော့ရော ဘာအရေးလဲ။ ကျုပ်တို့က ပြည်မကြီးမှာ နေနေတာ။ ဒါကြောင့် ပြည်မကြီးရဲ့ ဥပဒေကို လိုက်နာရမယ်။ သူ ကျုပ်သားကို ဘယ်လိုလုပ်ခဲ့တယ် ဆိုတာ မျက်မြင် သက်သေတွေမှ အများကြီးပဲ"

သူ၏ စကားအား စုကျန်းဒီနှင့် အခြားလူများက သဘောတူညီစွာ ခေါင်းညိတ် ကြသည်။ ချန်းဖန်မဆိုထားနှင့်။ အဘိုးကြီးကျန်း ပင်လျှင် ထိုကဲ့သို့ ပြစ်မှုမျိုးအား ကျူးလွန်ပါက လွတ်မြောက်ရန် မဖြစ်နိုင်ပေ။

ကျို့လော့ရင်က နင်းချန်းတုန်ဘက်သို့ လှည့်ကာ ပြုံးလိုက်ရင်း…

"ဟုတ်တာပေါ့။ ဟောင်ကောင်ရဲ့ သူဌေးကြီးတွေ ပြည်မကြီးရဲ့ ဥပဒေကို လေးစားရမှာပေါ့။ ဘာကြောင့်လဲ ဆိုတော့ သူတို့က တရုတ်ရဲ့ အစွမ်းအထက်ဆုံး အထွတ်အထိပ် ပညာရှင်မှ မဟုတ်တာ။ ဆရာချန်းက မိသားစု တစ်ခုလုံးကိုတောင် မျိုးတုန်း သတ်ပစ်ခဲ့သေးတာ။ ရှင့်သားရဲ့ ခြေတွေ၊ လက်တွေကို ချိုးပစ်တာ လောက်ကတော့ စဉ်းစား ကြည့်ပေါ့"

သူမက ခဏမျှရပ်ရင်း အေးစက်စွာ ပြုံးလိုက်သည်။

"အဘိုးအိုကျန်းက သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို ဒီအတိုင်း လက်လွှဲ ပေးလိုက်တယ်လို့ ရှင်ထင်နေတာလား။ ကျန်းမိသားစု ဆိုတာက ပရဟိတ အဖွဲ့ မဟုတ်ဘူးနော်"

သူမ၏ စကားများက လူများအား နောက်တစ်ကြိမ် ဆူပွက်သွားစေသည်။

"သူ ဘာပြောချင်တာလဲ။ ကောင်းကင် စာအုပ်ရဲ့ နံပါတ်တစ်က ဥပဒေရဲ့ အထက်မှာ ရှိနေတာလား"

"ကျန်းမိသားစုက သူတို့ရဲ့ ကျန်းလုပ်ငန်းစုကို ဘာကြောင့် လက်လွှဲပေးရတာလဲ။ ဒါက စဉ်းစားစရာပဲ"

"အကြွေးကြောင့် ချပေးလိုက်ရတာလို့ ငါကြားမိသလိုပဲ"

ကျို့လော့ရင်က ခေါင်းညိတ်လိုက်ရင်း…

"အမှန်ပဲ။ ကျန်းမိသားစုက ဆရာချန်းကို တစ်ဆယ် ဘီလျံ အကြွေးပေးစရာ ရှိခဲ့တယ်။ ဒါပေမဲ့ သူတို့က မပေးချင်ဘူးလေ။ နောက်ဆုံးမှာ ကျန်းမိသားစုရဲ့ မဟာမိတ် ကျိုးတချီနဲ့ ဆရာချန်းတို့ တိုက်ခိုက်ကြတယ်။ အဲဒီပွဲမှာ ဆရာချန်း အနိုင်ရပြီး ကျန်းမိသားစုပိုင် လုပ်ငန်း အားလုံးကို လွှဲပြောင်း ရယူခဲ့တယ်။ အဘိုးအိုကျန်းကတော့ အသက်ပေး သွားရတယ်"

သူမ၏ စကားအဆုံး၌ အခန်းအတွင်းရှိ လူအားလုံး၏ မျက်နှာများကား သွေးဆုတ် ဖြူရော်သွားကြတော့သည်။

"မဖြစ်နိုင်ဘူး။ ဒါက မဖြစ်နိုင်ဘူး" တန်ကျင်းဖန်က ခေါင်းခါသည်။

"ငါ နင့်ကို မယုံဘူး" စုကျန်းဒီကလည်း ဖြူရော်သည့် မျက်နှာဖြင့် ကျို့လော့ရင်အား ကြည့်သည်။

အဘိုးအို စုရန်ဟိုကမူ တစ်ခွန်းမျှ ဝင်မပြောပဲ မျက်မှောင်ကြုတ်ကာ တစ်ခုခုအား အသည်းအသန် စဉ်းစားနေသည်။ သူ၏ ရှည်လျားသော သက်တမ်းအတွင်း ဥပဒေ၏ အထက်တွင် ရှိသော သိုင်းပညာရှင်များ အကြောင်းအား သူကြားဖူးသည်။

"ချန်းဖန်က ဥပဒေရဲ့ အထက်မှာ နေနိုင်သူတွေထဲက တစ်ယောက်ပဲလား" ထိုအတွေးက စုရန်ဟိုအား တစ်ချက် တုန်ခါသွားစေသည်။

"ရှင် ကျွန်မကို မယုံတာက ကောင်းကင် စာအုပ် နံပါတ်တစ်ရဲ့ အဓိပ္ပာယ်ကို နားမလည် လို့ပဲ"

ကျို့လော့ရင်က ခေါင်းအား မော့ရင်း လူများအား ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

"ရှင်တို့ ကျောင်းဟိုင်ရဲ့ ဟွာရန်ဖန်းကိုတော့ ကြားဖူးကြတယ် မလား"

ထိုနာမည်က လူများစွာအား အတွေးနက် စေသည်။ ထိုနာမည်အား သူတို့အားလုံး ကောင်းစွာ ကြားဖူးသည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စတင် တည်ထောင်သည့် အချိန် မတိုင်မီကပင် ဟွာမိသားစု၏ လွှမ်းမိုးမှုက ကျောင်းဟိုင်၌ တည်မြဲနေခဲ့သည်။ ဟွာမိသားစု ခေါင်းဆောင် ဟွာရန်ဖန်းမှာလည်း ကျောင်းဟိုင်၏ လွှမ်းမိုးမှု အရှိဆုံးများထဲမှ တစ်ယောက် ဖြစ်သည်။

"သူ့ကို မင်း ဘာဖြစ်လို့ ထည့်ပြောနေတာလဲ" စုကျန်းဒီ၏ အသံက တိတ်ဆိတ်မှုအား ဖြိုခွင်း၍ ထွက်ပေါ်လာသည်။

"ကောင်းကင်စာအုပ် သတ်မှတ်ချက်မှာ ဟွာရန်ဖန်းက နံပါတ်လေးပဲ"

ကျို့လော့ရင်က ပြုံးရင်း ဆက်ပြောလိုက်၏။

"ရဲ့နန်ထင်းတောင် သတ်မှတ်ချက်မှာ နံပါတ်နှစ်ပဲ ရှိတယ်။ အခုဆို ရှင်တို့ နားလည်လောက်ပြီ ထင်ပါတယ်"

"ဘယ်လို…" ထို အချက်အလက်က လူများအား နောက်တစ်ကြိမ် ကြက်သေ သေစေပြန်သည်။ ဟွာရန်ဖန်းနှင့် ရဲ့နန်ထင်း တို့ကဲ့သို့သော လူမျိုးပင်လျှင် ချန်းဖန်၏ အောက်၌ ရှိနေခြင်းက မယုံကြည် နိုင်စရာပင်။

လူများစွာနှင့်အတူ ဖန့်ချုံး၏ မျက်လုံးများက ဝိုင်းစက် ပြူးကျယ်ကာ ချန်းဖန်အား မယုံကြည်နိုင်မှုဖြင့် ကြည့်နေမိသည်။ သူမ၏ ငယ်ချစ်တွင် ထိုသို့သော ဂုဏ်ပုဒ်များ ပိုင်ဆိုင် ထားလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။

"နေပါဦး။ မင်းပြောခဲ့တာတွေက အမှန်တွေဆိုတာ ဘယ်လို သက်သေပြမှာလဲ"

ရုတ်တရက် အဘိုးအိုကျိက သံသယဖြစ်စွာ မေးသည်။ သူ၏ မေးခွန်းကြောင့် လူများစွာ၏ ကြောက်ရွံ့မှုများက အနည်းငယ် ပြေလျော့လာကာ သံသယ အရိပ်အယောင်များ ပြန်လည် ပေါ်ထွက်လာ၏။

"မှန်တယ်။ အဲ့ကောင်မလေး လိမ်နေတာလည်း ဖြစ်နိုင်တာပဲ။ သူက အသက် နှစ်ဆယ်တောင် မပြည့်သေးတာ။ ဘယ်လိုလုပ်ပြီး ဒီလောက် များပြားတဲ့ အောင်မြင်မှုတွေ ရှိမှာလဲ"

ကျို့လော့ရင်က ထိုစကားများကြောင့် တုန်လှုပ်ပုံ မရပဲ တည်ငြိမ်စွာဖြင့် အဘိုးအိုကျိအား ကြည့်သည်။

"ဘယ်လို သက်သေမျိုးကို ရှင်လိုချင်တာလဲ။ မယုံရင် ကျန်းမိသားစုကို အခု ဖုန်းခေါ်ပြီး မေးကြည့်ပါလား"

စုရန်ဟိုက အခြေအနေအား ဝင်ထိန်းရန် လက်အား အနည်းငယ် ဝှေ့ယမ်းလိုက်သည်။ သူ့အနေဖြင့် ကျို့လော့ရင်၏ စကားများအား လုံးဝ ယုံကြည်သည်။ အဘိုးအိုကျိမှာ အမှန်တရားအား ရင်မဆိုင်ဝံ့ခြင်းကြောင့် ယခုကဲ့သို့ မေးခွန်း ထုတ်နေခြင်း ဖြစ်ကြောင်း သူသိသည်။

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း တစ်ခုခု ပြောရန် ပြင်လိုက်သည်။

ထိုအချိန်မှာပင် ဝင်ပေါက်ရှိရာမှ ဆူညံသံများ ပေါ်ထွက်လာပြန်သည်။ ထိုအသံများအရ အလွန်အရေးကြီးသည့် လူတစ်ယောက် ရောက်လာပုံ ရသည်။

တစ်ခဏ အတွင်းမှာပင် လူငယ် တစ်ယောက်က ခန်းမကြီး အတွင်းသို့ ပြေးဝင်လာရင်း…

"တတိယအဘိုး… နိုင်ငံခေါင်းဆောင်က အဘိုးကို ဂုဏ်ပြုဖို့ သူ့ရဲ့ အတွင်းရေးမှူးကို လွှတ်လိုက်ပါတယ်"

"ဘယ်လို…" စုရန်ဟိုက ထိုသတင်းအား ကြားသည်နှင့် ထိုင်နေရာမှ ကပျာကယာ ထသည်။ ထို့နောက် စုရှောင်၏ လက်အား တွဲရင်း ဝင်ပေါက်ရှိရာသို့ ဦးတည်လိုက်သည်။ နိုင်ငံခေါင်းဆောင်၏ ကိုယ်စားလှယ်အား ရိုသေမှုပြရမည် ဖြစ်သည် မဟုတ်ပါလား။

စုရန်ဟို ခန်းမကြီး၏ အပြင်သို့ ထွက်သည်နှင့် ကိုယ်စားလှယ်နှင့် တည့်တည့်မတ်မတ် ဆုံသည်။

ထိုပုဂ္ဂိုလ်၏ အမည်က မစ္စတာချူ ဖြစ်သည်။ သူက အရာရှိရုပ် ပေါက်သည့် အသက်လတ် လူကြီး တစ်ယောက် ဖြစ်ကာ ငွေကိုင်း မျက်မှန်အား တပ်ဆင်ထားသည်။

"မစ္စတာချူ… ခင်ဗျားရောက်လာတာ တကယ့်ကို ဂုဏ်ယူစရာပါပဲ"

စုရန်ဟိုက မစ္စတာချူ၏ လက်ကို ဆွဲ၍ နှုတ်ဆက်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"မစ္စတာစု… နိုင်ငံခေါင်းဆောင်က ခင်ဗျားရဲ့ အသက်ကိုးဆယ်ပြည့် မွေးနေ့ပွဲ သတင်းကို ကြားလို့ ကျုပ်ကို လွှတ်ပြီး ဂုဏ်ပြုခိုင်းတာပါ" မစ္စတာချူက စက်ရုပ်ဆန်ဆန် ပြုံးရင်း ပြောသည်။

သို့သော်လည်း မည်သူကမျှ ထိုအရာအား ဗွေမယူရဲချေ။ မစ္စတာချူ၏ အဆင့်အတန်း ကပင်လျှင် မည်မျှ မြင့်ကြောင်း သူတို့ ကောင်းစွာ သိသည်။

မစ္စတာချူက လူများစွာ၏ အကြည့်များအား ဂရုမစိုက်ပဲ လူအုပ်ထံ တစ်ချက် ဝှေ့ကြည့်သည်။ ချန်းဖန်အား တွေ့သည်နှင့် သူ၏ မျက်လုံးများက တောက်ပ လာခဲ့တော့သည်။ သူ၏ မျက်နှာတွင်လည်း ဖော်ရွေသော အပြုံးတစ်ခုအား ဆင်မြန်းလိုက်ရင်း ချန်းဖန်ရှိရာသို့ အလောတကြီး ဦးတည်လိုက်၏။ လူများစွာ၏ အကြည့်များ အောက်တွင် မစ္စတာချူက သူ့လက်အား ချန်းဖန်ထံ ကမ်းရင်း...

"ဆရာချန်း… ဒီမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

လူများစွာ၏ အံ့အားသင့်မှု၊ မယုံကြည်နိုင်မှုအား ဖော်ပြရန် စကားလုံး မရှိတော့ချေ။

"မစ္စတာချူက သူ့ကို သိတာလား…." အဘိုးကြီးစုက တုန်တုန်ရီရီ မေးသည်။

"ဒါပေါ့… ခေါင်းဆောင်ကြီးတွေက ဆရာချန်းအကြောင်း အမြဲတမ်း ပြောနေတာ" မစ္စတာချူက ဂုဏ်ယူသည့် အပြုံးဖြင့် ဆက်ပြောလိုက်သည်။

"တရုတ်မှာ ဆရာချန်းလို လူတစ်ယောက်ရှိတာ ဂုဏ်ယူ စရာပါပဲ"

စုရန်ဟိုက မစ္စတာချူအား ကြည့်ရင်း စကားတစ်ခွန်းပင် မပြောနိုင်တော့ချေ။

"ဘယ်လို ဖြစ်နိုင်တာလဲ။ နိုင်ငံ ခေါင်းဆောင်ကြီးတွေကတောင် ချန်းဖန်ကို သိတာလား" ကျိလျှိုကျူက ခေါင်းခါရင်း မယုံကြည်နိုင်စွာ မေးလိုက်သည်။

"ဒါပေါ့…" မစ္စတာချူက အဘိုးအိုကျိအား မကျေနပ်ဟန် ကြည့်ရင်း စကားဆက်လိုက်သည်။

"ခေါင်းဆောင်ကြီးတွေရဲ့ ဆရာချန်းအပေါ် သဘောထားကို ခင်ဗျား သိချင်လား"

မစ္စတာချူ၏ မျက်နှာက လေးနက်သည့်ဟန် ပြောင်းလဲသွားပြီး ဆက်လက် ကြေညာလိုက်၏။

"ချန်းပေ့ရွှမ်းက ကျုပ်တို့နိုင်ငံရဲ့ ဂုဏ်ယူစရာ အကောင်းဆုံးသူပဲ။ ကျုပ်တို့ နေ့ရက်တွေရဲ့ ရွှေစင်ရွှေသားပဲ"

***

All Chapters