← Chapters

မင်းက မထိုက်တန်ဘူး

Vol. 4 Ch. 329

မင်းက မထိုက်တန်ဘူး

Vol. 4 Ch. 329

"နိုင်ငံမှာ ဗိုလ်ချုပ်တွေ အများကြီး ရှိပေမယ့် နိုင်ငံရဲ့ ဂုဏ်ယူစရာ အကောင်းဆုံးလူက တစ်ယောက်ပဲ ရှိတယ်။ သူက ဟန်ရှင်းပဲ"

ထိုစကားက ဧကရာဇ် လျူပန်၏ စစ်နတ်ဘုရား ဟန်ရှင်းအပေါ် မှတ်ချက်စကား ဖြစ်၏။ ဟန်ရှင်းမှာ သာမန်လူ တစ်ယောက်အဖြစ် မွေးဖွား လာခဲ့သော်လည်း လျူပန်၏ စစ်တပ်အား ဦးဆောင်ကား တရုတ်နိုင်ငံ တစ်လွှား ချီတက် သိမ်းပိုက်ခဲ့သည်။

သူကား တရုတ်နိုင်ငံ ဟန်မင်းဆက်၏ အခြေခံ အုတ်မြစ်ပင် ဖြစ်သည်။ ထို့ကြောင့်ပင် ဧကရာဇ်က သူ့အား နိုင်ငံ၏ ဂုဏ်ယူစရာ အကောင်းဆုံး ဂုဏ်ပုဒ်ကို ပေးအပ်ခဲ့သည်။

ယခုအချိန်တွင်မူ ဆရာချူက ချန်းဖန်အား ဂန္ဓဝင် ဟန်ရှင်းနှင့် နှိုင်းယှဉ်၍ နိုင်ငံ၏ ဂုဏ်ယူစရာ အကောင်းဆုံး ပုဂ္ဂိုလ်ဟု ရည်ညွှန်းနေခဲ့သည်။

"ခေါင်းဆောင်က ကျုပ်ကို အထင်ကြီး နေတာပဲ" ချန်းဖန်က နှိမ့်ချစွာပင် ပြန်ပြော လိုက်သည်။ ရှင်သန်ခြင်း ရေစင်အား ဖန်တီးခြင်းကြောင့် နိုင်ငံ ခေါင်းဆောင်များက သူ့အား ယခုကဲ့သို့ ချီးကျူးလိမ့်မည်ဟု ချန်းဖန် ထင်မထားခဲ့ချေ။

"ဆရာချန်း… ခင်ဗျားက ကျုပ်တို့ တိုင်းပြည်ရဲ့ အင်အားကို ပိုပြီး တောင့်တင်းအောင် ဖြည့်ပေးနိုင်ခဲ့တဲ့ အပြင် အမှောင် သတ်မှတ်ချက်မှာတောင် ဖော်ပြခြင်း ခံခဲ့ရတယ်။ ဒါက ကျုပ်တို့အတွက် တကယ် ဂုဏ်ယူစရာပါပဲ" မစ္စတာချူက ဝမ်းမြောက်သည့် အပြုံးဖြင့် ဆက်ပြော လိုက်သည်။

"နောက်ပြီး ခင်ဗျား ဖန်တီးလိုက်နဲ့ ဆေးကလည်း ကျုပ်တို့ နိုင်ငံအတွက် အများကြီး အကျိုးပြုခဲ့တယ် မလား"

"အမှောင် သတ်မှတ်ချက် ဆိုတာ ဘာလဲ" ကျိလော့ချန်းက နားမလည်ဟန် မေးသည်။ သူ့အနေဖြင့် သိချင်စိတ်အား ထိန်းချုပ်ရန် မတတ်နိုင်တော့ချေ။ နိုင်ငံကပင် ဂုဏ်ယူ ရလောက်သည့် ထိုဂုဏ်ပုဒ်၏ အဓိပ္ပာယ် မည်မျှ နက်ရှိုင်းကြောင်း သူသိလိုသည်။

မစ္စတာချူက မျက်မှောင်ကြုတ်ရင်း… "မင်းရဲ့ အဆင့်နဲ့ အမှောင် သတ်မှတ်ချက် ဆိုတာကို ဘယ်ကြားဖူးပါ့မလဲ။ အမှောင် သတ်မှတ်ချက် ဆိုတာက အမေရိကန်ရဲ့ စီအိုင်အေဌာနက ထုတ်ပြန်ထားတာ။ အသေးစိတ် အချက်အလက် တွေကတော့ မင်းတို့ သိစရာ မလိုပါဘူး။ မင်းတို့ သိထားသင့်တာက အဲ့စာရင်းထဲက ဘယ်သူမဆို နိုင်ငံငယ်လေးတွေကို လွယ်လွယ် ဖျက်ဆီးပစ်လို့ ရတယ် ဆိုတာပဲ"

မစ္စတချူ၏ စကားက လူတိုင်း၏ မျက်လုံးများအား ပြူးကျယ် သွားစေပြန်သည်။

အခန်းအတွင်းရှိ လူအများစုမှာ သူတို့ကိုယ် သူတို့ လူ့အဖွဲ့အစည်း၏ အအောင်မြင်ဆုံး လူများအဖြစ် ယူဆ ထားခဲ့ကြသည်။ သို့သော်လည်း မစ္စတာချူ၏ စကားက သူတို့၏ အမြင်များအား ဖျက်ဆီး ပစ်ခဲ့သည်။

မစ္စတာချူ၏ အထင်သေးသော စကားကြောင့် ကျိလော့ချန်း၏ အေးစက်နေသော မျက်နှာတွင် ဒေါသ အရိပ်အယောင် ပေါ်ထွက်လာခဲ့၏။ သို့သော်လည်း သူ၏ အဆင့်ဖြင့် မစ္စတာချူအား ပြန်မပြောဝံ့ချေ။ သူ၏ အဘိုးပင်လျှင် မစ္စတာချူအား ယဉ်ကျေးစွာ ဆက်ဆံ ရလိမ့်မည် ဖြစ်သည်။ သူက ချန်းဖန်အား စိတ်ပျက်လက်ပျက် လှမ်း၍ ကြည့်မိသည်။

သူ့အနေဖြင့် ချန်းဖန်အား ဆပ်ကပ်ဆရာက မျောက်ကို ဖမ်းယူသည့်နှယ် ပြုလုပ် နိုင်လိမ့်မည်ဟု မျှော်လင့် ထားခဲ့သည်။ သို့သော် မထင်မှတ်စွာပင် မျောက်က စွန်းဝူခုန်း ဖြစ်နေခဲ့၏။ သူ၏ မှော်တုတ်တံအား တစ်ချက် ဝှေ့လျှင်ပင် ကျိမိသားစု လမ်းဘေးသို့ ရောက်ရလိမ့်မည် ဖြစ်သည်။

နင်းချန်းတုန်၊ တန်ကျင်းဖန်နှင့် စုကျန်းဒီတို့မှာလည်း စိတ်ပျက် အားလျော့ သွားကြတော့သည်။ သူတို့၏ စိတ်နှလုံးတွင် နောင်တရခြင်းကပင် တဖွားဖွား ပေါ်ထွက် နေတော့သည်။

စုစု ကိုယ်တိုင်ပင်လျှင် ပါးစပ်များအား ပိတ်ရင်း ချန်းဖန်ကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့မိသည်။

ပထမတွင် သူမ၏ မျှော်လင့်ချက်များ အားလုံးကို စွန့်လွှတ် ပစ်ခဲ့သည် အထိ သူမ စိတ်အား လျှော့ပစ်ခဲ့သည်။ သို့သော်လည်း ကျောက်ဘိုဖန်နှင့် ကျို့လော့ရင်တို့၏ ပေါ်ထွက်လာမှု၌ မျှော်လင့်ချက် ရောင်ခြည် အနည်းငယ် ပြန်လည် ပေါ်ထွက်လာခဲ့သည်။ ယခု မစ္စချူ၏ ကြေညာချက်က မိသားစု များစွာအား အနိုင်ရကြောင်း သေချာစေခဲ့သည်။ ချန်းဖန်အား ဆန့်ကျင်ကာ သူတို့အား လှောင်ပြောင်ခဲ့သည့် စုမိသားစုဝင် များစွာမှာ ရှက်ရွံ့မှုဖြင့် ခေါင်းများအား ငုံ့ထားရန်သာ တတ်နိုင်တော့၏။

ကော်ဖီဆိုင်၌ ချန်းဖန်ပြောခဲ့သော စကားက စုစု၏ ခေါင်းထဲသို့ ရုတ်တရက် ပြန်လည် ဝင်ရောက်လာသည်။

"ကျွတ်တော်သာ စုမိသားစုကို အနိုင်ယူနိုင်ရင် ဖန့်ချုံးနဲ့ သဘောတူမှာလား"

စုစုမှာ ချန်းဖန်အား အမှန်ပင် အထင်သေးခဲ့မိသည်။ ဆရာချန်းဆိုသော ဂုဏ်ပုဒ်အား ကြားစဉ်ကပင် ချန်းဖန်အနေဖြင့် စုမိသားစုအား အနိုင်ယူနိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ချေ။ ကံကောင်းလျှင် နှစ်သုံးဆယ်ခန့် အချိန်အတွင်း ဖြစ်နိုင်သည်ဟုသာ သူမ တွေးထားခဲ့သည်။

ချန်းဖန်တွင် စုမိသားစုအား ဒူးထောက်စေမည့် ဂုဏ်ပုဒ်များ ရှိနေလိမ့်မည်ဟု သူမ လုံးဝ ထင်မထားခဲ့ချေ။ စုမိသားစုမှာ မည်မျှပင် ချမ်းသာစေကာမူ တရုတ်ဗဟို အစိုးရကိုမူ ဆန့်ကျင်ရန် ဝံ့ရဲလိမ့်မည် မဟုတ်ပေ။

ဖန့်မင်ဒီမှာလည်း တံခါးဝတွင် ရပ်ရင်း တစ်ကိုယ်လုံး မထိန်းချုပ် နိုင်အောင်ပင် တုန်ခါနေခဲ့၏။ သူ၏ လက်တွင် ကိုင်ထားသော ခွက်အတွင်းမှ ဝိုင်များပင်လျှင် အောက်သို့ လွင့်စဉ် ကျနေခဲ့တော့သည်။ သူ၏ ပါးစပ်ကမူ တစ်စုံတစ်ခုအား တတွတ်တွတ် တီးတိုး ရေရွတ်နေခဲ့၏။

"နိုင်ငံရဲ့ ဂုဏ်အယူရဆုံး… နိုင်ငံရဲ့ ဂုဏ်အယူရဆုံး…"

"ငါ့သားမက်က နိုင်ငံ ခေါင်းဆောင်တွေတောင် ချီးကျူးရတဲ့ နိုင်ငံရဲ့ ဂုဏ်အယူရဆုံးပဲ။ သူက ငါသမီးအတွက် လုံးဝကို ပြည့်စုံတယ်။ ဘယ်သူက သူတို့ လက်ထပ်ပွဲကို ဆန့်ကျင်ရဲသေးလဲ"

သူက ရေရွတ်ရင်း ဝိုင်ခွက်အား လည်ချောင်းအတွင်း သွန်ချလိုက်သည်။ သူ၏ ဘေးတွင်မူ စုမိသားစု၏ သားမက်များစွာက ခေါင်းများအား ငုံ့လျက် ရှိနေကြတော့၏။

ဖန့်ချုံးမှာမူ ချန်းဖန်၏ ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ သူမ၏ မျက်လုံးတွင်မူ ချန်းပေ့ရွှမ်းနှင့် ချန်းဖန်၏ ရုပ်သွင်က တစ်ယောက်တည်းဟု မြင်ယောင် လာမိသည်။ တစ်ချိန်က ကြားခဲ့ရသည့် စကားတစ်ခွန်းက သူမ၏ စိတ်နှလုံးသို့ ပြန်လည် ရိုက်ခတ်လာခဲ့သည်။

"ချန်းပေ့ရွှမ်းဆိုတဲ့ နာမည်က တရုတ် တစ်နိုင်ငံလုံး ကျော်ကြားသွားတဲ့ အချိန်ကျ ငါတို့ ပြန်ဆုံကြတာပေါ့…"

"အဲဒီ အချိန်က အခုလား…" ဖန့်ချုံးက စိတ်လှုပ်ရှားစွာ တွေးသည်။

"ဖုတ်…" ဆင်စွယ်ယပ်တောင်က ကြမ်းပြင်ပေါ်သို့ နောက်တစ်ကြိမ် ပြုတ်ကျ သွားပြန်၏။ ယခုတစ်ကြိမ်တွင်မူ သူဌေးဖူမှာ ယပ်တောင်အား ကောက်ရန် သတိမရချေ။ သူက ငယ်ရွယ်သည့် လူငယ်လေးအား မိုက်မိုက်မဲမဲ ကြည့်နေခဲ့မိတော့သည်။

"ဘုရားရေ… ဒါက တကယ့်ကိုပဲ။ သူက အသက်တောင် ဆယ့်ကိုးနှစ်လောက်ပဲ ရှိသေးတာမလား။ ဘာကြောင့် ခုလောက်ထိ အောင်မြင်နေရတာလဲ" ဝူကျိုး၏ အခြား သူဌေးကြီးများက ကြောက်ရွံ့မှု၊ လေးစားမှုတို့ဖြင့် ချန်းဖန်အား ကြည့်နေခဲ့ကြတော့သည်။

"သူဌေးဖူ… ကျုပ်နိုင်ပြီ မလား" သူဌေးလီက ကျောက်စိမ်းလက်စွပ် ဝတ်ဆင်ထားသော လက်ဖြင့် မေးစေ့အား ပွတ်ရင်း မေးသည်။

သူဌေးဖူ၏ မျက်နှာက နီရဲနေခဲ့သည်။ သူ့တွင် ပြန်လည် ချေပရန် စကားမရှိချေ။ နိုင်ငံ ခေါင်းဆောင်ပင်လျှင် ထိုကောင်လေးဘက်၌ ရှိနေခဲ့ရာ ဇာတ်လမ်းက ဆုံးခန်းတိုင်ခဲ့ပြီ ဖြစ်၏။

"ဟီးဟီး… သူဌေးဖူ။ ခဏလောက် စောင့်ကြည့်ပါဦး။ ပွဲက အဆုံးမသတ်သေးဘူး ထင်တယ်။ ကျန်းပေ့ရဲ့ ဆရာချန်းက သူ့ကို စော်ကားခဲ့သူတွေကို ခွင့်လွှတ်မယ် မထင်ဘူး။ သူက ရက်စက်တယ် ဆိုတဲ့ ဂုဏ်သတင်းနဲ့ ကျော်ကြားတဲ့ သူဗျ" သူဌေးလီက ပြုံးရင်း ပြောသည်။

ထိုအခိုက်မှာပင် ချန်းဖန်က နင်းချန်းတုန်အား ကြည့်လိုက်ရင်း…

"ကျုပ်က ခင်ဗျားရဲ့သားကို အကြောင်းမရှိပဲ ရိုက်နှက် ခဲ့တယ်လို့ ခင်ဗျားပြောခဲ့တယ် မလား။ အဲဒီ စကားကို နောက်တစ်ကြိမ် ထပ်ပြောလို့ ရမလား"

နင်းချန်းတုန်၏ မျက်နှာက တဖြည်းဖြည်း ဖြူလျော်လာခဲ့၏။ သူ၏ နှုတ်ခမ်းများက တုန်ရီနေကာ စကားလုံး တစ်လုံးပင် ထွက်မလာခဲ့ချေ။

ချန်းဖန်၏ တန်ပြန် တိုက်ခိုက်မှုက စတင်ခဲ့ပြီ ဖြစ်သည်။

***

All Chapters