ရွှေအလင်းဓားအစီအရင်
Vol. 47 Ch. 646
ဟန်လိသည် အတွေးများမနေတော့ဘဲ တရားထိုင်ကာ စကျင့်ကြံသည်။ သူ့ခန္ဓာကိုယ်ထဲရှိ မူလချီသည် စတင်လည်ပတ်လာသည်။ သူ့မျက်လုံးထဲရှိ အေးစက်စက်ခံစားမှုမှာ ဖြည်းဖြည်းချင်း ပိုပိုအားကောင်းလာ၏။ ခုချိန်တွင် ဟန်လိရှေ့တွင် ရပ်နေသူ တစ်ယောက်ယောက်သာ ရှိနေခဲ့ပါက ဟန်လိ၏မျက်လုံးကို အပြာရောင်အလင်းလွှာတစ်ခုက ခြုံလွှမ်းထားမှန်း တွေ့ရပေလိမ့်မည်။
တစ်နာရီလောက်အကြာတွင် ရေခဲတမျှအေးစက်မှုခံစားချက်သည် သူ့မျက်လုံးထံမှ ဖြည်းဖြည်းချင်း လွင့်ပြယ်သွားသည်။ ဟန်လိသည် လေးလေးပင်ပင် သက်ပြင်းချမိ၏။ သူ့မျက်တောင်တို့မှာ လှုပ်ခတ်သွားပြီးနောက် သူ မျက်လုံးပြန်ဖွင့်လာသည်။ သူသည် ဘေးပတ်ပတ်လည်သို့ အလိုလို ကြည့်ရှုမိ၏။ သူ့မျက်နှာထက်တွင်မူ သံသယအရိပ်အယောင်တစ်ခု ရှိနေသည်။
ဟန်လိသည် တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်၏။
“ကြည့်ရတာ ဘာမှလည်း ပြောင်းလဲသွားပုံမရဘူး။ ဒီအရည်က အာနိသင်များ မရှိနေတာလား…”
သို့သော် သူသည် ထိုသို့တွေးမိနေပြီးနောက် ရုတ်တရက် သူ့မျက်လုံးထဲသို့ သန့်စင်သောစိတ်ဝိညာဉ်စွမ်းအားကို ထည့်သွင်းလိုက်ပြီး ဘေးပတ်ပတ်လည်သို့ သေချာကြည့်ရှုသည်။ သူ၏မျက်လုံးထဲ၌ အပြာရောင်အလင်း တောက်ပသွားသည်။
“အန်…” ဟန်လိသည် မအော်မိဘဲ မနေနိုင် ဖြစ်သွားရ၏။ သူသည် တိတ်ဆိတ်နေသောအခန်းထဲရှိ အတားအဆီးများကို မြင်နေရပြီး သူ၏မျက်လုံးတို့မှာ အပြာရောင်အလင်းဖြင့် စွန်းထင်းနေသည်။ သို့ပေမည့် သူ၏အံ့အားသင့်သွားမှုက သူ့အာရုံစိုက်မှုကို ပျက်ပြားသွားစေပြီး သူ့ရှေ့ရှိ မြင်ကွင်းသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
ဟန်လိသည် သူ့ရှေ့ရှိ စိတ်ဝိညာဉ်အရည်လုံးကို တစ်ချက်ကြည့်ပြီး တွေးလိုက်သည်။
“အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတွေနဲ့ အဲ့အဆင့်ထက်ကသူတွေက တောက်ပမြင်ကွင်းအရည်အပေါ် စိတ်မဝင်စားကြတာ အံ့အားသင့်စရာ မရှိတော့ဘူး။ အရာအားလုံးကို တဒင်္ဂလောက် ဖြတ်မြင်နိုင်တဲ့စွမ်းရည်ဟာ သိပ်မပြောပလောက်ဘူးကို။ ဒါပေမဲ့ ဒါက လူတစ်ယောက်ရဲ့မျက်လုံးကို တစ်ကြိမ်သာ သန့်စင်ပြီးတဲ့နောက် ရလဒ်ပဲ ရှိသေးတာ။ ငါသာ ဒီတောက်ပမြင်ကွင်းအရည်ကို အများအပြား သုံးစွဲနိုင်မယ်ဆို ငါ့မျက်လုံးဟာ အံ့ဖွယ်စွမ်းရည်တစ်ခု ရလာနိုင်လောက်တယ်။ ငါ…ဒီအရည်ကို ထပ်သုံးစွဲပြီး စမ်းကြည့်ရမှာပဲ…”
ဟန်လိသည် သံသယထားမနေတော့ဘဲ လက်ကျန်တောက်ပမြင်ကွင်းအရည်ကို အသုံးပြုကာ သူ့မျက်လုံးကို ထပ်မံသန့်စင်သည်။ ထိုအရည်ပမာဏသည် ကျင့်ကြံသူဆယ်ယောက်ကျော်၏မျက်လုံးကို သန့်စင်နိုင်သည့်အထိ လုံလောက်ပေ၏။ သို့ပေမည့် ဟန်လိ၏နက်နဲသောကျင့်ကြံမှုကြောင့် သူသည် ၎င်းကို အကြိမ်အနည်းငယ်အတွင်း အကုန်အသုံးပြုပြီး ဖြစ်နေသည်။
စိတ်ဝိညာဉ်အရည်ကို လုံးဝ အကုန်အစင် အသုံးပြုပြီးသည့်နောက် မည်သည့်ပြောင်းလဲမှုမျှမရှိတာ တွေ့ရသည်။ သူသည် မျက်လုံးထဲသို့ စိတ်ဝိညာဉ်စွမ်းအား ထည့်သွင်းကြည့်သည့်အခါကျမှသာ အပြာရောင်အလင်းမှာ သူ့မျက်လုံးတွင်း၌ ရုတ်တရက် ပေါ်လာသည်။ အတားအဆီးများကို ဖြတ်နိုင်သည့်စွမ်းရည်လောက်သာ ဖြစ်နေဆဲပင်။ မည်သို့မျှ တိုးတက်လာခြင်းမျိုး မရှိပေ။ ဟန်လိသည် သူ့၌ အချိန်ရနေသည်ဖြစ်၍ ဤရလဒ်များကြောင့် စိတ်မပျက်သွားပေ။ သူ့အနေဖြင့် ဤလုပ်ငန်းစဉ်ကို ဖြည်းဖြည်းချင်း ရှေ့ဆက်မည် ဖြစ်၏။
ဒုတိယမြောက်နေ့တွင် ဟန်လိသည် ငွေရောင်လနှင့် စကားမြန်မြန် ပြောဆိုပြီးနောက် သူသည် တံခါးပိတ်ကျင့်ကြံခြင်းသို့ ဝင်ရောက်ကာ မိုးပြာဓားအနှစ်သာရမှတ်တမ်း တင်ထားသော ရွှေရောင်စာရွက်ကို ထုတ်ယူလိုက်သည်။
ထိုဓားပညာရပ်သည် အပြည့်အစုံဖြစ်ပြီး အဆင့်ဆယ့်သုံးဆင့် ရှိသည်။ ဓားပညာရပ်၏နတ်စွမ်းရည်များထဲတွင် မိုးပြာအနှစ်သာရဓားတန်း၊ ဓားဒိုင်း၊ ဓားအလင်းပြန်ခြင်းပညာရပ်တို့ ပါဝင်သည်။
( မှတ်ချက်။ ။ ဓားအလင်းပြန်ခြင်းပညာရပ်ကို ဓားအရိပ်တစ္ဆေဟုလည်း သုံးနှုန်းခဲ့ပါသည်။)
ပညာရပ်၏ပထမစွမ်းရည်နှစ်ခုသည် သိသိသာသာ ထူးခြားမနေပေ။ ယင်းတို့ကို အသုံးပြုရန် လွယ်ကူပြီး စွမ်းအားမှာလည်း ထူးကဲမနေချေ။ ဓားအလင်းပြန်ခြင်းစွမ်းရည် ပညာရပ်ကမူ ဟန်လိကို ကျေနပ်မှုအပေးဆုံးပင်။
သူသည် ထိုနတ်စွမ်းရည်ကို အသုံးပြုကာ တိုက်ပွဲများစွာတွင် ရုတ်တရက် အသာစီးယူပစ်နိုင်၏။ သို့ရာတွင် သူ့ရန်သူများသည် အစွမ်းထက်လွန်းခဲ့သောကြောင့် ၎င်းဓားပညာရပ်၏စွမ်းပကားကို ကောင်းကောင်း မပြသနိုင်ခဲ့ပေ။ သူသည် သူနှင့်ကျင့်ကြံခြင်းအဆင့်တူသော မည်သည့်သာမန်ကျင့်ကြံသူမဆို ဓားအလင်းရာချီ၏ ပိတ်ဆို့ခြင်းကို ခုခံနိုင်စွမ်း ရှိလိမ့်မည်မဟုတ်ဟု ယုံကြည်သည်။ ထိုသူများသည် ချက်ခြင်းလိုလို ဓားအလင်းများဖြင့် ထွင်းဖောက်ခြင်းကို ခံရပေလိမ့်မည်။
ခုလက်ရှိတွင် ဟန်လိသည် အနှီဓားပညာရပ်၏ အဆင့်တစ်ဆယ်ထိ ကျင့်ကြံခဲ့ပြီး ဖြစ်၏။ အခုအခါ ဓားပညာရပ်၏နတ်စွမ်းရည်အသစ်ကို အသုံးပြုနိုင်ပြီ ဖြစ်၏။
ဟန်လိသည် နောက်ဆုံးနတ်စွမ်းရည်အတွက် ကျင့်ကြံခြင်းနည်းလမ်းသည် အလင်းစာလုံးများထဲ၌ ပါဝင်သော်လည်း သူ့ကျင့်ကြံမှုသည် ထိုစဉ်တုန်းက နိမ့်ကျလွန်းခဲ့သည် မဟုတ်လား။ သူ အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့် ရောက်ခဲ့သည့်အချိန်တွင်ပင် ထိုနတ်စွမ်းရည်ကို ဖတ်ရှုနိုင်စွမ်း မရှိသေးချေ။
ဟန်လိသည် အဆင့်ဆယ့်သုံးနှင့်ပတ်သက်သည့် ကျင့်ကြံခြင်းမန္တာန်များကို စကြည့်ကြည့်သည့်အခါ သူ့ကျင့်ကြံခြင်းအဆင့်ထက် သာလွန်နေသောမန္တာန်များ ပါဝင်သဖြင့် နားလည်ရခက်ခဲလွန်းနေသည်။ ၎င်းတို့ကို အကြိမ်ကြိမ်ဖတ်ရှုခဲ့သော်လည်း ဟန်လိသည် ကျင့်ကြံရန် မဆိုနှင့်။ နားလည်နိုင်စွမ်းပင် မရှိဘဲ ဖြစ်နေသည်။ ကြည့်ရတာ သူသည် နတ်အသွင်ပြောင်းလဲခြင်းအဆင့်သို့ ရောက်သည့်အခါကျမှသာ ဤကွယ်ဖုံးနေသည့်နတ်စွမ်းရည်ကို နားလည်နိုင်စွမ်း ရှိလာမည့်ပုံပင်။
သည်တစ်ကြိမ်၌လည်း ဤအဖြစ်ကြောင့် ဟန်လိသည် စိုးရိမ်ကာ ပျာယာမခတ်သွားခဲ့ပေ။ လုံလောက်သောကျင့်ကြံခြင်းအဆင့်သို့ ရောက်သည့်အခါကျမှသာ ဤနတ်စွမ်းရည်ကို ဖြည်းဖြည်းချင်း နားလည်လာမည်မှန်း သူ ကောင်းကောင်းသိသည်။
အခု သူသည် စဦးစိတ်ဝိညာဉ်အဆင့်သို့ ရောက်နေပြီဖြစ်၍ ယင်းနတ်စွမ်းရည်အတွက် စာသားများကို ဖတ်ရှုရုံလောက်ကမူ ပြဿနာ မဟုတ်တော့ပေ။
ထိုအတွေးဖြင့် ဟန်လိသည် လေထဲသို့ ရွှေရောင်စာရွက်ကို ပစ်မြှောက်လိုက်ပြီး မိုးပြာအလင်းမြူကို မှုတ်ထုတ်ကာ ၎င်းကို လေထဲသို့ ငှက်မွှေးတောင်တစ်ခုအလား မြောက်တက်သွားစေသည်။ ထို့နောက် သူသည် တည်ငြိမ်စွာ လက်ဖြင့် လေးငါးကြိမ်လောက် တောက်ထုတ်၏။ မိုးပြာအနှစ်သာရဓားအလင်းတန်းများသည် ရွှေရောင်မြူထံ ထိမှန်သွားသည်။
ဟန်လိ၏ခုလက်ရှိ နက်နဲသောစိတ်ဝိညာဉ်စွမ်းအားကြောင့် ခဏအကြာတွင် ရွှေရောင်စာရွက်သည် လုံလောက်သောအနှစ်သာရကို စုပ်ယူပြီး ဖြစ်၏။ ၎င်းမှာ ရွှေရောင်လင်းထင်းနေ၏။ အမျှင်တန်းလေးများသည် ၎င်းစာရွက်ပေါ်တွင် ဆက်တိုက်ပေါ်လာသည်။
ထိုအဖြစ်ကို မြင်သည့်အခါ ဟန်လိသည် လေထဲတွင် လွင့်နေသော ရွှေရောင်စာရွက်ထံ လက်လှမ်းလိုက်၏။ ၎င်းသည် သူ့လက်ကြားထဲ ချက်ခြင်းရောက်လာ၏။ ရုတ်တရက် အလင်းစာလုံးများသည် ဟန်လိ၏ခေါင်းထဲ တရကြမ်းဝင်ရောက်လာ၏။
ဟန်လိသည် ၎င်းစာလုံးများကို တည်ငြိမ်စွာဖြင့် လက်သင့်ခံ၏။ ဤသို့ဖြင့် ဟန်လိသည် အရင်တုန်းက ခက်ခဲခဲ့သော ဤဓားပညာရပ်ထဲမှ အစိတ်အပိုင်းများကို အခုအခါတွင် ရှင်းလင်းစွာ မြင်နိုင်သွားပေပြီ။
ရှည်ရှည်ဝေးဝေးတွေးမနေဘဲ ဟန်လိသည် ရွှေရောင်စာရွက်ကို သိမ်းဆည်းပြီး ချက်ခြင်းမျက်လုံးမှိတ်ကာ အသစ်ရရှိလာသော နတ်စွမ်းရည်အား စူးစမ်းကြည့်သည်။
“ရွှေအလင်းဓားအစီအရင်၊ ဒါက ဘာကြီးလဲ။ မန္တာန်အစီအရင်တွေနဲ့များ ဆက်စပ်နေတာလား…”
ဟန်လိသည် ထိုအချက်အလက်များကို အကြမ်းဖျင်း ဖတ်ကြည့်လိုက်ရုံသာ။ သို့သော် ရွှေရောင်ဓားအစီအရင်စာ၏စာလုံးများသည် ချက်ခြင်း သူ့စိတ်ထဲ၌ ပေါ်လာ၏။ သူသည် တအံ့တဩမဖြစ်မိဘဲ မနေနိုင် ဖြစ်သွားရ၏။
သူ့စိတ်ဝိညာဉ်အာရုံအတွင်း၌ ဝိုးတဝါးရွှေရောင်စာလုံးများသည် စတင်ပေါ်လာပြီး မန္တာန်များကို စတင်ဆင်ခြင်ကြည့်၏။ သူသည် တင်ပလ္လင်ခွေချိတ်၍ ထိုင်နေရင်း သုံးရက်တာမှာ မည်သို့မည်ပုံ ကုန်သွားမှန်းမသိသည့်အထိပင်။
ဤအတောအတွင်း ဟန်လိ၏မျက်နှာအမူအရာမှာ အမျိုးမျိုးပြောင်းနေ၏။ သူ့ဟန်ပန်သည် စိတ်လှုပ်ရှားလိုက်၊ စိတ်ရှုပ်ထွေးလိုက် ဖြစ်နေသည်။ ရံဖန်ရံခါဆို သူ့မျက်ခုံးအပေါ်၌ ချွေးများသီးနေတာကိုပါ မြင်ရ၏။ တတိယမြောက်နေ့ အဆုံးသတ်သို့ ရောက်လာချိန်၌ ဟန်လိသည် ပို၍ တည်ငြိမ်လာသည်။ သူသည် သုန်မှုန်စွာ သက်ပြင်းချလိုက်ပြီး မျက်လုံးဖွင့်ကာ အတွေးနက်နေတော့သည်။
ဟန်လိသည် နှုတ်ခမ်းလှုပ်ကာ တီးတိုးရေရွတ်လိုက်မိ၏။
“ဒီအစီအရင်က ထူးကဲလွန်းတယ်လို့ ဖော်ပြထားတယ်။ ငါသာ ဒီအစီအရင်ရဲ့ သုံးပုံတစ်ပုံလောက်ကိုသာ ကျွမ်းကျင်ပြည့်ဝအောင် လေ့ကျင့်ထားနိုင်ရင် ကောင်းကင်တောင်ပိုင်းဒေသတခွင်မှာ အတားအဆီးမရှိ နေရာတိုင်းကို သွားနိုင်လောက်တယ်…”
ဟန်လိက ဆက်စဉ်းစားနေ၏။
“ဒါပေမဲ့…ဒီစွမ်းရည်ကို အသုံးပြုနိုင်ဖို့ဟာ နှစ်အနည်းငယ်လောက်နဲ့ ဖြစ်လာနိုင်တာမျိုး မဟုတ်ဘူး။ ငါသာ ဒီစွမ်းရည်ကို အသုံးပြုနိုင်မယ်ဆို အနည်းဆုံး ဓားအလင်းတစ်ရာလောက် အသုံးပြုနိုင်ဖို့ လိုအပ်တယ်။ ငါ့အထင် ဓားအလင်းပြန်ခြင်းပညာရပ်ဟာ ဒီဓားအစီအရင်အတွက် အခြေခံဖြစ်ပုံရတယ်။ မဟုတ်ရင် ဒီဓားအစီအရင်က ဖြစ်လာနိုင်မှာ မဟုတ်ဘူး…”
ဟုတ်၏။ ဓားများက အရေအတွက်အရာ၌လည်းကောင်း၊ စွမ်းအားအရာ၌လည်းကောင်း ပို၍ များပြားကာ အစွမ်းထက်လေလေ ဤဓားအစီအရင်မှာလည်း ပို၍ အစွမ်းထက်လေပင်။
လုံလောက်သောအချိန်တစ်ခု ရပါက ဟန်လိသည် သူ၏ခုနစ်ဆယ့်နှစ်လက်သော တိမ်တိုက်အုပ်ဓားများထံမှ ဓားအလင်းပြန်ခြင်းလေးခုကို ထုတ်လုပ်နိုင်လိမ့်မည်ဟု မှတ်ယူထားသည်။ ထိုအခါကျလျှင် ဓားအလင်းသုံးရာ့ခြောက်ဆယ်ပါဝင်သည့် ဓားအစီအရင်ကြီးတစ်ခု ဖွဲ့စည်းနိုင်ပေလိမ့်မည်။ ထိုအစီအရင်ထဲသို့ ကျရောက်သွားသည့် စဦးစိတ်ဝိညာဉ်အလယ်အဆင့် ကျင့်ကြံသူတိုင်းမှာ အသက်ရှင်လျက် ပြန်ထွက်လာခဲ့လျှင်ပင် မထိမခိုက်ဘဲ ပြန်ထွက်လာနိုင်ရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ သူ့ကျင့်ကြံမှုအဆင့် တိုးတက်လာသည်နှင့်အမျှ သူသည် ဓားအလင်းများကို ပို၍ ဖန်တီးနိုင်စွမ်း ရှိလာမည် ဖြစ်သည်။ ထိုအခါကျလျှင် သူသည် အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူများကိုပါ သတ်ဖြတ်နိုင်စွမ်း ရှိလာနိုင်သည်။ သူသည် လုံလောက်သောဓားအလင်းများဖြင့် အစီအရင်ကို တည်ဆောက်နိုင်ခြင်းအပြင် ဤနတ်စွမ်းရည်ကို အသုံးပြု၍ သူ့ဝါးတိမ်အုပ်ဓားများကို နောက်ထပ်သန့်စင်ရန် အရှိန်အဝါအနှစ်သာရဟု သိကြသော ပစ္စည်းအမယ်တစ်ခုကို လိုအပ်သည်။
ထိုအမယ်ပစ္စည်းသည် ကျင့်ကြံခြင်းလောက၌ ရွှေဓားသွေးကျောက်ဟု အလွန်ထင်ရှားသော်လည်း ဟန်လိမှာ ၎င်းကို မည်သို့ရှာဖွေရမှန်း မသိပေ။ ၎င်းသည် သံမီးပုရွတ်ဆိတ်များထံမှ သူ ရရှိခဲ့သော သန့်စင်သလင်းကျောက်အပိုင်းလောက်ကို ရှားပါးပေသည်။ အရှိန်အဝါအနှစ်သာရသည် ပို၍ပင် အဖိုးတန်သည်ဟု ပြောကြသူ အချို့ပင် ရှိကြသည်။
၎င်းအရှိန်အဝါအနှစ်သာရအပိုင်းငယ်တစ်ခုကို အသုံးပြု၍ ဓားသွားအမျိုးအစား မှော်ရတနာကို အားဖြည့်ပေးပါက ၎င်း၏ထက်ရှမှုသည် အဆများစွာ ပိုတိုးသွားပေလိမ့်မည်။ ဓားအတွက်ဖြစ်စေ၊ ဆေဘာဓားများအတွက်ဖြစ်စေ ဤသို့ထက်ရှမှုသည် သေရေးရှင်ရေး၌ အဆုံးအဖြတ်ပေးနိုင်သည် မဟုတ်ပါလား။
သို့ပေမည့် ဤကိစ္စသည် ဟန်လိအတွက် အတော်လေး ပြဿနာ ဖြစ်နေသည်။ ဓားတစ်ချောင်းတည်းအတွက် အရှိန်အဝါအနှစ်သာရ ပမာဏအနည်းအပါးလောက်သာ လိုအပ်လျှင်ပင် ဓားခုနစ်ဆယ့်နှစ်လက်အတွက်မူ အဆပေါင်းများစွာ ရှိပေလိမ့်မည်။ ဟန်လိသည် ဤမျှ ပမာဏများပြားသော ရွှေဓားသွေးကျောက်များ (ဝါ) အရှိန်အဝါအနှစ်သာရ အမယ်ပစ္စည်းကို မည်သို့နေရာကနေ သွားရှာဖွေရမည်နည်း။
တကယ်တော့ ရွှေဓားသွေးကျောက်ကို ရှာတွေ့ကြသည်နှင့် လူတစ်ယောက်သည် ကိုယ်ပိုင်မှော်ရတနာပေါ်တွင် အသုံးပြုလျှင်ပြု သို့မဟုတ် လိုအပ်သည့်ပစ္စည်းများနှင့် ချက်ခြင်းလဲလှယ်ကြသည်သာ။ ၎င်းကို တစ်နည်းနည်းဖြင့် အလျင်အမြန် အသုံးပြုကြသည်ဟု ဆိုနိုင်သည်။ ကောင်းကင်တောင်ပိုင်းဒေသ မဆိုနှင့်ဦး။ သည့်ထက်ပိုမိုစည်ပင်ဝပြောသော ပြန့်ကြဲကြယ်ပင်လယ်များတွင်ပင် ဤရွှေဓားသွေးကျောက်ရတနာမျိုးသည် ပေါ်ထွက်ခဲပေသည်။ ဤသို့သော တန်ဖိုးရှိလှသည်ဓားသွေးကျောက်မျိုးကို ဝယ်ယူနိုင်ရန်မှာ သူ့အတွက် မဖြစ်နိုင်သလောက်ပင်။
အခန်းထဲတွင် အတွေးနယ်ချဲ့နေပြီးနောက် ဟန်လိသည် ခါးသီးစွာသာ ရယ်မောနိုင်တော့သည်။ သူသည် ဤကိစ္စကို အချိန်တစ်ခုထိ ဘေးဖယ်ထားရုံသာ တတ်နိုင်သည် မဟုတ်လား။ ထို့နောက် သူက သူ့သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းသေတ္တာတစ်ခုကို ထုတ်ယူပြီး ဖွင့်ကြည့်သည့်အခါ ရွှေရောင်အလင်းလုံးတစ်လုံးကို မြင်ရသည်။ ၎င်းအလင်းလုံးပေါ်လာသည်နှင့် မိုးကြိုးသံ သဲ့သဲ့ကို ကြားရလေ၏။
“ကောင်းကင်ရေခဲမီးတောက်…”
ဟန်လိသည် ဤအဖိုးတန်ရတနာကို တစ်ချက်ကြည့်မိသည့်အခါ သူ့အမူအရာသည် မတည်ငြိမ်နိုင်တော့ပေ။ ခုလက်ရှိ သူ၏ကျင့်ကြံမှုအဆင့်ဖြင့် ဟန်လိသည် ဤမီးတောက်များကို သန့်စင်ရန် ကြိုးစားကြည့်နိုင်ပြီ ဖြစ်သည်။ သူသာ ရေခဲမီးတောက်များကို အောင်အောင်မြင်မြင် သန့်စင်နိုင်ခဲ့ပါက ကောင်းကင်လေဟာနယ်ဒယ်စောက်ကို အမှန်တကယ်ဖွင့်လှစ်နိုင်ခြေ များသွားပေလိမ့်မည်။
(ဘာသာပြန်သူမှတ်ချက်…ဟန်လိသည် ရွှေရောင်စာရွက်၏ အလင်းစာလုံးများထံမှ မိုးပြာဓားအနှစ်သာရပညာရပ်အပြည့်အစုံကို ရရှိခဲ့တာ ဖြစ်၏။ ဤအကြောင်းကို အပိုင်း (၂၄၁) တွင် ဖော်ပြထားပါသည်။)