ခရီးတစ်ခု နှင်ခြင်း
Vol. 47 Ch. 647
ကောင်းကင်ရေခဲမီးတောက်များသည် စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူများကို လွယ်ကူစွာ သတ်ဖြတ်နိုင်စွမ်း ရှိကြောင်း သိထားပြီးဖြစ်၍ မပေါ့ဆဝံ့ပေ။ သူ့တွင် မိစ္ဆာမီးတောက်များကို သန့်စင်နိုင်မည့် ပညာရပ်များစွာ ပိုင်ဆိုင်ထားပြီး ဖြစ်၏။ သို့သော် ကောင်းကင်ရေခဲမီးတောက်ကို သန့်စင်နိုင်ရန် လေးနက်ယင်ပညာရပ်များ ပါဝင်သည့် လျှို့ဝှက်ပညာရပ်တွေထဲမှတစ်ခုကို ရွေးချယ်လိုက်သည်။ အကြောင်းမှာ ထိုပညာရပ်သည် ကောင်းကင်ရေခဲမီးတောက်များကို သန့်စင်ရန် အကိုက်ညီဆုံးဖြစ်လိမ့်မည်ဟု သူ ခံစားမိသောကြောင့်ပင်။
ထိုသို့ဆုံးဖြတ်ပြီး၍ ဟန်လိသည် ရွှေရောင်လျှပ်စီးလုံးကို ခဏအာရုံစိုက်ကာ ကြည့်နေပြီး ၎င်းထံ လက်ဆန့်ထုတ်လိုက်သည်။ အက်ကွဲသံတစ်သံနှင့်အတူ လျှပ်စီးတန်းတစ်ခုသည် သူ့လက်ချောင်းပေါ်၌ ရုတ်တရက် ရစ်သိုင်းလာပြီး ရွှေရောင်အလုံးထံ ဦးတည်သွား၏။ ရုတ်ချည်းပင် ထိုအလုံးသည် လေးငါးကြိမ်လောက် တုန်ခါလာပြီးနောက် လေထဲသို့ မြောက်တက်ကာ တောက်ပလင်းထင်းသွား၏။
ထို့နောက် ဟန်လိသည် ၎င်းအောက်တွင် ဝင်ထိုင်ပြီး ခေါင်းမော့ကာ မျက်မှောင်ကြုတ်၍ ကြည့်သည်။ သူက လက်နှစ်ဖက်ဖြင့် ရှုပ်ထွေးသောမန္တာန်ချိပ်ဟန်များကို ဖြစ်ပေါ်စေလိုက်၏။
မိုးကြိုးသံများနှင့်အတူ ရွှေရောင်လျှပ်စီးစက်ဝန်းများသည် တလက်လက် ဖြစ်လာကာ ရွှေရောင်အလုံး ပတ်ပတ်လည်၌ ကွန်ရက်တစ်ခုနှယ် ဖွဲ့စည်းသည်။ ရွှေရောင်လျှပ်စီးလုံးသည် ထွင်းဖောက်မရသော လျှပ်စီးပိုက်ကွန်တစ်ခုဖြင့် ခြုံလွှမ်းသွားသည့်မြင်ကွင်းတစ်ခုအား တွေ့မြင်ရသည်။
ယင်းအခိုက်အတန့်တွင် ဟန်လိက သက်ပြင်းချ၏။ သူ၏စိတ်ဝိညာဉ်အာရုံသည် လှုပ်ရှားသွားပြီး ကောင်းကင်ရေခဲမီးတောက်ကို ခြုံလွှမ်းထားသည့် နတ်မိစ္ဆာဖယ်ရှားခြင်းလျှပ်စီးကွန်ရက်နှင့် ချိတ်ဆက်သွားသည်။ မိုးကြိုးမြည်ဟိန်းသံများသည် အခန်းထဲတွင် တုန်ခါနေကာ ရွှေရောင်အလုံးသည် ပို၍ပို၍တောက်ပလာ၏။ ၎င်းထံမှ လျှပ်စီးစက်ဝန်းများ ထပ်ခါထပ်ခါ ထိုးထွက်လာသဖြင့် အချုပ်အနှောင်ကွန်ရက်သည် ပြေလျော့ကာ အောက်ဘက်၌ ကြည်လင်တောက်ပသောအပြာရင့်ရောင်ပုလဲတစ်လုံး ပေါ်လာ၏။ ၎င်းသည် အဆက်မပြတ် လှည့်ပတ်လျက်ရှိ၏။
ဟန်လိသည် ကောင်းကင်ရေခဲပုလဲကို မြင်သည့်အခါ အသက်အောင့်ထားမိသည်။ ၎င်း၏စွမ်းအားကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံဖူးသဖြင့် သူ့စိတ်နှလုံးထဲ၌ ၎င်းအပေါ် အကြောက်တရား ဆွဲထင်နေဆဲပင်။
ရေခဲပုလဲထွက်ပေါ်လာခြင်းနှင့်အတူ ဟန်လိသည် သူ့ပါးစပ်ထဲမှ မိုးပြာဓားများကို ထွေးထုတ်ပြီး သူ့လက်နှစ်ဖက်ကို ပူးကပ်လိုက်၏။ သူ့လက်ဝါးနှစ်ဖက်ထံမှ သိပ်သည်းလှသောလျှပ်စီးတန်းတစ်ခုသည် ရုတ်တရက် ထိုးထွက်ကာ ဓားပျံနှင့်အတူ ရေခဲပုလဲကို ထိုးနှက်တိုက်ခိုက်၏။ ပုလဲသည် ပေါက်ကွဲသံမြည်ကာ ပျက်စီးသွားပြီး အပြာရောင်မီးတောက်များအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုမီးတောက်များသည် လက်ဝါးအရွယ်အစားရှိသည့် အပြာရောင်ပန်းတစ်ပွင့်အဖြစ်သို့ စုဝေးသွားသည်။ ၎င်းပန်းက ဖြည်းဖြည်းချင်း ဖူးပွင့်လာရင်း ရိုးတံတစ်ခုစီသည် လင်းဖြာထွက်နေသည်။
တစ်ချိန်တည်းမှာ အပြာရောင်မြူလွှာတစ်ခုသည် အခန်းနံရံတစ်လျှောက် စတင်ပျံ့နှံ့သွားကာ မျက်စိတစ်မှိတ်အတွင်း အခန်းတစ်ခုလုံးသည် အေးခဲသွားတော့သည်။
သို့သော် ဟန်လိသည် ကြိုပြင်ဆင်ထားပြီး ဖြစ်၏။ သူ့မျက်နှာထက်တွင် လေးနက်သည့်ဟန်ပန် ပေါ်နေသော်ငြား သူက တည်ငြိမ်စွာ ရှိနေ၏။ သူ့ခန္ဓာကိုယ်ကို အပြာရောင်အလင်းလွှာတစ်ခုက သေချာကာကွယ်ပေးထားသည်။ သူ၏စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံမှုကြောင့် သူသည် သူ့ကိုယ်သူ ရေခဲမီးတောက်များ၏ထိုးနှက်တိုက်ခိုက်မှုမှ လုံးဝကာကွယ်နိုင်စွမ်းရှိသည်။
ဟန်လိသည် ရေခဲတမျှအေးစက်သောချီမှာ သူ့အကာအရံကို မထွင်းဖောက်နိုင်ဘဲ လေထဲ၌သာ တန့်နေကြောင်း မြင်သည့်အခါ အတော်လေး စိတ်အေးသွားသည်။ နတ်မိစ္ဆာဖယ်ရှားခြင်းလျှပ်စီးကွန်ရက်သည် ချက်ခြင်းပြန်ကြုံ့သွားကာ အပြာရောင်ပန်းကို ခြုံလွှမ်းသွား၏။ ရွှေရောင်နှင့်အပြာရောင်တို့ ထိပ်တိုက်တွေ့နေရာကနေ အပြာရောင်ပန်းသည် မီးတောက်များသို့ တစ်ဖန်ပြန်ပြောင်းလဲသွားကာ လျှပ်စီးပိုက်ကွန်၏တုတ်နှောင်မှုကို အစွမ်းကုန်ခုခံနေသည်။
ကောင်းကင်ရေခဲမီးတောက်များကို တားဆီးချုပ်နှောင်ပြီးသည့်အခါ ဟန်လိသည် အသက်ဝဝရှိုက်သွင်း၍ သူ့စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်ကာ စောင့်ကြည့်သည်။ ရွှေရောင်ပိုက်ကွန်ထံမှ အပေါက်ငယ်တစ်ခု ဖြစ်ပေါ်သွားပြီး ခဏအကြာတွင် ပြန်ပိတ်ဆို့သွားသည်။ သို့သော် ထိုခဏအတွင်းမှာ အပြာရောင်မီးတောက်အမျှင်တန်းတစ်ခုသည် လွတ်ထွက်လာပြီး ဟန်လိထံ တန်းမတ်စွာ ဝင်ရောက်လာခဲ့သည်။
ဟန်လိက မန္တာန်ချိပ်ဟန်တစ်ခုကို ထုတ်ဖော်၍ ပြန်တုံ့ပြန်သည်။ သူ့မျက်လုံးကိုလည်း မှိတ်၏။ မိုးပြာချီသည် သူ့နဖူးထက်မှ ထွက်ပေါ်လာခြင်းနှင့်အတူ တစ်လက်မမျှအမြင့်ရှိ စဦးစိတ်ဝိညာဉ်ထွက်ပေါ်လာသည်။
စဦးစိတ်ဝိညာဉ်၏မျက်နှာမှာ တင်းမာသည်။ ၎င်းပေါ်လာသည်နှင့် တိုးဝင်လာနေသော မိုးပြာမီးတောက်အမျှင်တန်းကို စိုက်ကြည့်၏။ ၎င်း၏လက်နှစ်ဖက်ကို လှုပ်ရှားကာ စူးရှတောက်ပသောမိုးပြာအလင်းတန်းနှစ်ခုကို ထုတ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာ ၎င်းက ပါးစပ်ဟပြီး လက်သီးစုပ်ခန့် အလင်းလုံးတစ်လုံးကို ထွေးထုတ်လိုက်ပြီး အပြာရောင်မီးတောက်အမျှင်တန်းထံ တိုးဝင်တွေ့ဆုံသည်။
မိုးပြာနှင့်အပြာရောင်မီးတောက်တို့သည် ထိပ်တိုက်တွေ့ကာ ပေါက်ကွဲကုန်သည်။ သို့သော် အပြာရောင်မီးတောက်က မိုးပြာအလင်း၏ခြုံလွှမ်းခြင်းကို ချက်ခြင်းခံရသည်။ ၎င်းသည် ရုန်းကန်နေသော်ငြား မီးတောက်မှာ အမှန်တကယ် သေးငယ်လွန်းနေ၏။ ၎င်းမှာ အလွယ်တကူ လွှမ်းမိုးခံရသည်။ သို့ရာတွင် မီးတောက်အမျှင်တန်းမှာ ချုပ်နှောင်ခံနေရသည့်ကြားကနေ မိုးပြာအလင်းကို ဖြည်းဖြည်းချင်း လွင့်ပြယ်စေသည်။
စဦးစိတ်ဝိညာဉ်သည် မီးတောက်ကို အောင်အောင်မြင်မြင် ထိန်းချုပ်ခံရတာ မြင်သည့်အခါ ၎င်းမျက်နှာထက်၌ အပြုံးတစ်ခုပေါ်လာသည်။
တွန့်ဆုံ့ခြင်းနှင့် ကြောက်လန့်ခြင်းအရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာပြီးနောက် စဦးစိတ်ဝိညာဉ်၏မျက်လုံးသည် တောက်ပစွာလင်းလက်သွားပြီး အပြာရောင်မီးတောက်အမျှင်တန်းပါဝင်သည့် မိုးပြာအလင်းကို ဖမ်းဆုပ်၍ မြိုချလိုက်သည်။
ခဏအကြာတွင် မိုးပြာအလင်းသည် ၎င်း၏ခန္ဓာကိုယ်ထံမှ လင်းလက်သွားပြီး စဦးစိတ်ဝိညာဉ်မှာ မြူအသွင်ပျောက်ကွယ်ကာ ဟန်လိ၏ဦးခေါင်းထဲသို့ ပြန်ဝင်ရောက်သွားသည်။
ထိုအဖြစ်ကို တုံ့ပြန်သည့်အနေဖြင့် ဟန်လိ၏မျက်တောင်တို့မှာ လေးငါးကြိမ်လောက် လှုပ်ခါသွားသည်။ သို့သော် သူ့အမူအရာကမူ မပြောင်းလဲသွားပေ။ သူ၏စဦးစိတ်ဝိညာဉ်မှာ သူ့ဒျန်တျန်ထဲ၌ အလေးအနက်အသွင်ဖြင့် တင်ပုလွေခွေကာ ထိုင်နေသည်။ ၎င်း၏လက်နှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခုကိုလည်း ပုံဖော်ထားသေးသည်။
နှစ်ဝက်လောက်ကြာပြီးနောက် ဟန်လိသည် သုန်မှုန်သည့်ဟန်ပန်ဖြင့် အခန်းထဲမှ ထွက်ပေါ်လာခဲ့သည်။
ကောင်းကင်ရေခဲမီးတောက်များသည် အမှန်တကယ် ကြမ်းလှပေ၏။ သူသည် မီးတောက်အမျှင်တန်းတစ်ခုကိုသာ သန့်စင်ရန် ကြိုးစားခဲ့သော်လည်း နှစ်ဝက်လောက် အချိန်ယူခဲ့ရသည် မဟုတ်လား။ သို့ပေမည့် ထိုမီးတောက်၏အေးစက်မှုကြောင့် သူ့ခန္ဓာကိုယ်ထဲ၌ နောက်တစ်နှစ်လောက် ပျိုးထောင်ရပေဦးမည်။ သို့မှသာ သူသည် ၎င်းကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။ မည်သည့်ပြဿနာမှ မဖြစ်အောင် ကာကွယ်သည့်အနေဖြင့် သူသည် ဤအတောအတွင်း၌ ကောင်းကင်ရေခဲမီးတောက်များကို ထပ်မံ သန့်စင်ဦးမည် မဟုတ်ပေ။
ခုချိန်၌ ဟန်လိသည် ဆက်၍ကျင့်ကြံမည့်အစား ထွက်ခွာလာသည့်အကြောင်းရင်းသည် ငွေရောင်ဆံပင်အဘိုးအိုနှင့် ကျင့်ကြံသူလုတို့ကို တွေ့ဆုံရန် ဖြစ်သည်။ သူသည် ထိုသူတို့၌ အရှိန်အဝါအနှစ်သာရနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ရှိ၊မရှိ သိချင်နေသည်။ ထို့အပြင် သူသည် မျောလွင့်တိမ်ဂိုဏ်းမှ အချိန်တစ်ခု ထွက်သွားမည်ဟုလည်း စီစဉ်ထားသေးသည်။ သူသည် အတိတ်တုန်းက ရှင်းယုယင်အပေါ် ပေးထားသောကတိကို အပြည့်အဝ ဖြည့်ဆည်းပေးရန် ယွမ်ဝူဒေသသို့ ခရီးတစ်ခေါက် သွားရမည် ဖြစ်၏။ ခုလက်ရှိ သူ့ကျင့်ကြံမှုအဆင့်ဖြင့် ဂိုဏ်းတစ်ခုကို အမြစ်ဖျက်ခြင်းသည် သိပ်ခက်ခဲလိမ့်မည် မဟုတ်ပေ။
အနာဂတ်ခန့်မှန်းခြင်းဂိုဏ်းအတွင်းရှိ ဖုမျိုးနွယ်စုနှင့် ယွမ်ဝူဒေသတို့သည် သမိုင်းကြောင်းဆက်နွှယ်မှုတော့ ရှိနေပေသည်။ ယွမ်ဝူဒေသရှိ ဖူမျိုးနွယ်သည် အနာဂတ်ခန့်မှန်းခြင်းဂိုဏ်း၏ ဖူမျိုးနွယ်ထဲမှ သွေးဝေးသောမျိုးနွယ်ခွဲတစ်ခု ဖြစ်နေ၏။
သို့ရာတွင် မျိုးနွယ်စုနှစ်စုတို့သည် ဝေးနေတာ အတော်ကြာနေပေပြီ။ သည့်အပြင် ယွမ်ဝူဒေသရှိ ဖူမျိုးနွယ်မှာ မိစ္ဆာတာအိုကို ပူးပေါင်းခဲ့သောကြောင့် ကောင်းကင်တာအိုမဟာမိတ်တွင် ပါဝင်သည့် ပင်မမျိုးနွယ်သည် အခဲမကြေပေ။ ထို့ကြောင့် နှစ်ဖက်လုံးသည် တစ်ဖက်နှင့်တစ်ဖက် အဆက်အသွယ် ဖြတ်တောက်ထားကြ၏။
ဟန်လိသည် ထိုအခြေအနေကြောင့် အများကြီး စိတ်အေးသွားရသည်။ ယွမ်ဝူဒေသကို မိစ္ဆာတာအိုမှ ကြီးစိုးထားသော်လည်း သူ့ကို ဟန့်တားနိုင်သည့်တိုင်းပြည်မှာ လက်တစ်ဆုပ်စာလောက်သာ ရှိသည်။
ဟန်လိသည် သူ့လှိုဏ်ဂူထဲမှ ထွက်ခွာလာချိန်၌ မူပိုင်လင်းရှိနေသော လှိုဏ်ဂူထံ လာလည်သည်။ သူမ၏အခြေအနေကို ကြည့်ရတာ အတော်လေး တိုးတက်လာပုံရ၏။ ထိုရလဒ်ကို ကျေနပ်သွားပြီး ဟန်လိသည် သူမကို မနှောက်ယှက်ဘဲ ထွက်ခွာလာ၏။ ထို့နောက် သူသည် မျောလွင့်တိမ်ဂိုဏ်းရှိ ပင်မတောင်ထံသို့ တန်းတန်းမတ်မတ် ဦးတည်လာသည်။
ခြောက်နာရီလောက်ကြာပြီးနောက် ဟန်လိသည် ငွေရောင်ဆံပင်အဘိုးအိုရှိနေသော လှိုဏ်ဂူထံမှ တိတ်တဆိတ် ပြန်ထွက်လာခဲ့သည်။ သူသည် ထိုအဘိုးအိုထံမှ အရှိန်အဝါအနှစ်သာရနှင့်ပတ်သက်သည့် တိကျသေချာသောသတင်းကို မကြားသိခဲ့ရပေ။ သို့သော် လာမည့်နှစ်နှစ်အတွင်း ကိုးနိုင်ငံပြည်ထောင်စု၏ ယုဒေသတွင် မဟာအရောင်းအဝယ်ပွဲတစ်ခု ကျင်းပမည့်အကြောင်းကို ထိုအဘိုးအိုထံမှ ဟန်လိ ကြားသိခဲ့ရသည်။ ၎င်းကုန်ဖလှယ်သည့်ပွဲမှာ ကောင်းကင်တောင်ပိုင်းဒေသ၌ ကျင်းပသည့် အကြီးကျယ်ဆုံးသောပွဲတစ်ခုပင်။
၎င်းပွဲ၌ ရှားပါးအမယ်ပစ္စည်းများသည် ကောင်းကင်တောင်ပိုင်းဒေသနေရာစုံမှ လာရောက်စုဝေးတာမျိုး ရှိ၏။ ဤဒေသကြီးတစ်ခုလုံးရျိ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ဝက်ကျော်သည်ပင် ဤနေရာသို့ အရောက်လာလေ့ရှိကြသည်။ တကယ်တော့ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူများ ဟူသည် အဖိုးတန်အမယ်ပစ္စည်းများကို အလိုအပ်ဆုံးသူများ မဟုတ်ပါလား။ မြင်နေတွေ့နေကျ အမယ်ပစ္စည်းများနှင့်ဆေးဝါးများသည် သူတို့အတွက် ဂရုစိုက်စရာ မလိုတော့သည်ဖြစ်၍ သူတို့အတွက် တစ်ခုတည်းသောရွေးချယ်စရာမှာ ဤသို့သောပွဲမျိုး၌ သူတို့၏လိုအပ်ချက်များနှင့်ကိုက်ညီမည့်အရာကို လာရောက်ရှာဖွေရန်သာ ရှိတော့သည်။
ယင်းကုန်ဖလှယ်ပွဲကို နိုင်ငံကိုးခုပြည်ထောင်စု၌ ကျင်းပရသည့် အကြောင်းရင်းမှာ ယင်းပြည်ထောင်စုသည် ကြားနေအင်အားစုတစ်စု ဖြစ်နေသောကြောင့်ပင်။ မောက်လန်မန္တာန်စစ်သည်များ၏ ခြိမ်းခြောက်မှုရှိနေသောကြောင့် အခြားအင်အားစုသုံးစုသည် ဤပြည်ထောင်စုအပေါ် မကောင်းမကြံဝံ့ပေ။ သို့ဖြစ်၍ အင်အားစုသုံးစုမှ ကျင့်ကြံသူများသည် ဤကုန်ဖလှယ်ပွဲ၌ ပါဝင်ရာတွင် ဆိုးယုတ်သည့်ရည်ရွယ်ချက်များ မထားကြခြင်းပင်။
ခုလက်ရှိတွင် ဟန်လိသည် အရှိန်အဝါအနှစ်သာရကို ယင်းပွဲ၌ ပေါ်လာပါစေဟုသာ မျှော်လင့်ရုံ ရှိတော့သည်။ သို့မဟုတ်ပါက သူသည် ရွှေရောင်ဓားအစီအရင်ကို အသုံးပြုနိုင်မည့်အချိန်ကာလကို သိနိုင်တော့မည် မဟုတ်ပေ။ သူသည် ဒဏ္ဍာရီလာ ကျင်းမဟာအင်ပါယာထံသို့ပင် ခရီးနှင်ရနိုင်သည်။ သို့သော် ထိုနေရာကား ဝေးလွန်းလှ၏။
ဟန်လိသည် အရှိန်အဝါအနှစ်သာရအကြောင်း ဆံဖြူအဘိုးအိုနှင့် ပြောဆိုပြီးနောက် သူ မည်သည့်နေရာသို့ သွားချင်သည့်အကြောင်းကို မပြောပြခဲ့ပေ။ သူသည် ခုမှစဦးစိတ်ဝိညာဉ်ဖွဲ့စည်းပြီးခါစဖြစ်၍ အချိန်တစ်ခုပေးကာ ခရီးသွားလာရန် စီစဉ်ထားကြောင်းလောက်သာ ပြောထားခဲ့သည်။
ငွေရောင်ဆံပင်နှင့်အဘိုးအိုသည် ဟန်လိ၏စကားကို နည်းနည်းလေးမျှ သံသယမဖြစ်ခဲ့ပေ။ သူသည် တိုင်းပြည်တိုင်း၏ တစ်ပြည်နှင့်တစ်ပြည် ပတ်သက်ဆက်စပ်မှုအကြောင်းနှင့် သတိပြုရမည့်၊ လုံးဝ ရန်စမ၍မဖြစ်သည့် စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူများအကြောင်းလောက်ကိုသာ ပြောခဲ့သည်။ ဟန်လိသည် ထိုသူများ၏အကြောင်းထဲ၌ လူထူးခြားကောင်းကင်ကလဲ့စား၏အမည်ကို ထပ်မံကြားပြန်သည်။
ထိုကျင့်ကြံသူအကြောင်း ဟန်လိသည် အတော်လေး သိချင်မိနေလေပြီ။ ထို့နောက်တွင် ဟန်လိသည် အဘိုးအိုကို ကျေးဇူးတင်ကြောင်းပြောဆိုပြီး နှုတ်ဆက်ထွက်ခွာလာသည်။
နောက်တစ်နေ့မနက်တွင် ဟန်လိသည် သူ့လှိုဏ်ဂူထဲရှိ အရေးကြီးဆုံးပစ္စည်းအမယ်များကို ကိုယ်နှင့်မကွာ ယူလာပြီး သူ့လှိုဏ်ဂူအား ချိတ်ပိတ်ထားခဲ့ပေသည်။ ထို့နောက် သူသည် အိပ်မက်တိမ်တိုက်တောင်တန်းများထံမှ ထွက်ခွာကာ ယွမ်ဝူဒေသထံသို့ ဦးတည်ပျံသန်းလာခဲ့သည်။
ယွမ်ဝူဒေသရှိ ဖူဂိုဏ်းသည် ထိုတိုင်းပြည်ရှိ ဂိုဏ်းကြီးသုံးဂိုဏ်းထဲမှတစ်ဂိုဏ်းအဖြစ် နာမည်ကျော်နေဆဲပင်။ လွန်ခဲ့သောနှစ်တစ်ရာကျော်က မိစ္ဆာတာအိုဂိုဏ်းများ၏ ကျူးကျော်မှုကို ခံရသည့်အချိန်၌ ထိုဂိုဏ်းသည် နည်းနည်းလေးမျှ မခုခံဘဲ မိစ္ဆာဂိုဏ်းခြောက်ဂိုဏ်းကို အကူအညီပါ ပေးခဲ့သေး၏။ ထို့ကြောင့် ဖူဂိုဏ်းသည် ကျူးကျော်မှုတွင် အထိအခိုက်လုံးဝ မရှိခဲ့ပေ။ ထိုအစား အခွင့်အရေးပင် ရသွားခဲ့သေးသည်။ တိုင်းပြည်အတွင်းရှိ အခြားဂိုဏ်းများကို လွှမ်းမိုးချုပ်ကိုင်ပြီးနောက် ထိုဂိုဏ်းသည် ယွမ်ဝူဒေသ၌ နံပါတ်တစ်ဂိုဏ်းတစ်ခု ဖြစ်လာခဲ့ပေသည်။
ဖူဂိုဏ်းသည် တပည့်တပန်းပေါင်းများစွာကို မိစ္ဆာမီးတောက်ဂိုဏ်း၌ စေလွှတ်ပေးထားရုံသာမက ဂိုဏ်း၏ အမျိုးသမီးများကို ကိုယ်လုပ်တော်အဖြစ် ပေးအပ်ခဲ့သောကြောင့် သူတို့သည် ယင်းဂိုဏ်း၏ အစေခံဂိုဏ်းတစ်ခုဟုပင် သတ်မှတ်၍ရသည်။ ယင်းနည်းလမ်းဖြင့် ဖူဂိုဏ်းသည် မိစ္ဆာမီးတောက်ဂိုဏ်း၏ အထောက်အပံ့ကို ရရှိထားပြီး ယွမ်ဝူဒေသ၌ လွှမ်းမိုးကြီးစိုးသောဂိုဏ်းတစ်ခု ဖြစ်လာခဲ့ပေသည်။
(ဘာသာပြန်သူမှတ်ချက်။ ။ ဟန်လိသည် မန္တာန်အစီအရင်များနှင့် မှော်ပစ္စည်းသန့်စင်ခြင်း ဗဟုသုတများအတွက် ချီယွမ်ရှောင်၏သေဆုံးမှုနှင့်ပတ်သက်ပြီး ရှင်ယုယင်ကို ကတိပေးထားခဲ့ဖူးပေသည်။ ဤအကြောင်းကို အပိုင်း (၃၅၂) တွင် ပြန်ဖတ်၍ရပါသည်။)