← Chapters

မကောင်းကြံခြင်း

Vol. 47 Ch. 649

မကောင်းကြံခြင်း

Vol. 47 Ch. 649

ဂင်တိုတိုနှင့်ကျင့်ကြံသူသည် မော်ကြွားသည့်ဟန်ပန်ဖြင့် ဆက်ရှင်းပြသည်။

“ကျုပ်တို့ အတူတူ ခရီးနှင်လာခဲ့တုန်းက သူ့မှော်ပစ္စည်းကို ခင်ဗျား မမြင်ခဲ့ဘူးလား။ အဲ့တာက ထိပ်တန်းမှော်ပစ္စည်းတစ်ခုမှန်း အသိသာကြီး။ ပြီးတော့ သူ့ခါးမှာလည်း သိုလှောင်အိတ်တွေ အများကြီး ရှိနေသေးတယ်။ စိတ်ဝိညာဉ်သားရဲသိုလှောင်အိတ်ပါ ပါသေးတာနော်။ လေလွင့်ကျင့်ကြံသူတစ်ယောက်က ဒီလောက်အများကြီး ဘယ်ပိုင်ဆိုင်နိုင်ပါ့မလဲ။ ဒါကြောင့် သူက ဂိုဏ်းငယ်တစ်ခုက လာတဲ့ ကျင့်ကြံသူပဲ ဖြစ်ရမယ်။ သူက ကျုပ်တို့လို ဂိုဏ်းကြီးတစ်ခုထဲ ဝင်ချင်လို့ ရောက်လာခဲ့တာနေမှာ။ ဒါ့အပြင် သူက ခရမ်းလမ်းတောင်တန်းထဲ ဝင်ရောက်ဖို့အတွက် ဖိတ်ကြားစာကိုလည်း မထုတ်ပြခဲ့ပြန်ဘူး။ ဟားဟားတကယ်တော့ မိစ္ဆာတာအိုဂိုဏ်းဟာ အစွမ်းထက်လွန်းတဲ့အတွက်ကြောင့် ဂိုဏ်းငယ်လေးတွေဟာ ပွင့်ပွင့်လင်းလင်း မလုပ်ဆောင်ရဲကြဘူးလေ။ သူတို့အားလုံးဟာ လေလွင့်ကျင့်ကြံသူလို ဟန်ဆောင်ပြီးတော့ပဲ ခိုးကြောင်ခိုးဝှက် ဝင်ရောက်ဖို့ ကြိုးစားကြတာ။ ဘာလို့ဆို မိစ္ဆာတာအိုရဲ့ အာရုံစိုက်မှုကို ခံရပြီး အမြင်မကြည်တာ ဖြစ်သွားခဲ့ရင် သူတို့ဂိုဏ်းငယ်တွေအပေါ် မျိုးဆက်နဲ့ချီပြီး ကပ်ဘေးတစ်ခု ကျရောက်သွားမှာ စိုးလို့ပဲ။ ဒါကြောင့် သူ့မှာ အားကောင်းတဲ့ကျင့်ကြံခြင်းနဲ့ မှော်ပစ္စည်းတွေ ရှိနေပေမဲ့ သူ့အကြောင်း ကျုပ်တို့ မကြားဖူးရတာ…”

ဦးခေါင်းပြောင်လူက သူ့လက်နှစ်ဖက်ကို စိတ်အားထက်သန်စွာ ပွတ်သပ်လိုက်ပြီး ပြောလာသည်။

“အစ်ကိုလျှို…ပြောသလိုဆို ကျုပ်တို့အနေနဲ့ သူ့ကို စိတ်ပူစရာမလိုဘဲ ရဲရဲတင်းတင်း တိုက်ခိုက်နိုင်ပြီပဲ။ သူဟာ ကျုပ်တို့ကို သူနဲ့အဆင့်တူလို့ သတ်မှတ်ထားပေမဲ့ ကျုပ်တို့ရဲ့ အစစ်အမှန်ကျင့်ကြံခြင်းကို ကွယ်ဝှက်ထားတာကိုတော့ သူ မြင်နိုင်လိမ့်မှာ မဟုတ်ဘူး။ ကျုပ်တို့လို အခြေခံတည်ဆောက်ခြင်းအလယ်အဆင့် ကျင့်ကြံသူနှစ်ယောက်အတွက် သူ့လို အခြေခံတည်ဆောက်ခြင်းအစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်နိုင်ဖို့ဟာ လွယ်လွယ်လေးပဲကို။ ဒီကောင်လေးကတော့ ကျုပ်တို့လိုပိုင်ရီမိစ္ဆာနှစ်ဖော်နဲ့မှ တည့်တည့်ကြီး လာဆုံရတယ်လို့…”

ဂင်တိုတိုနှင့်ကျင့်ကြံသူက လျှပ်သပ်ကာ ပြောလာ၏။

“ဒါပေါ့…ဒါပေမဲ့ အဆင်ပြေပြေ ဖြစ်စေဖို့ ကျုပ်တို့ ပေါ့လို့တော့ မရဘူး။ ကျုပ်တို့ ချောင်ခိုပြီးတိုက်မယ်ဆို အားထုတ်ရတာ အများကြီးသက်သာသွားလိမ့်မယ်။ ဆိုတော့ ဖူဂိုဏ်းဘိုးဘေးမွေးနေ့ပွဲ မတိုင်ခင် နှစ်ရက်အလိုထိ စောင့်ကြတာပေါ့…”

“ကောင်းပြီလေ…အစ်ကိုလျှို ပြောသလိုပဲပေါ့။ ကျုပ်တို့တွေ ဖူဂိုဏ်းထဲ မဝင်နိုင်ဘူးဆိုရင်တောင် အကျိုးအမြတ်တစ်ချို့တော့ ရသွားတာပေါ့လေ…”

ဦးခေါင်းပြောင်နှင့်လူကြီးသည် ဂင်တိုတိုနှင့်လူအပေါ် အတော်လေး ယုံကြည်ထားပုံရလေသည်။ သူ့မျက်နှာမှာ ပြုံးဖြီးနေလေ၏။

ဂင်တိုတိုနှင့်လူကြီးက တဟားဟား ရယ်မောကာ ပြောဆိုလာသည်။

“ဟားဟား…ဒါပေါ့ကွာ။ သားကောင်က တံခါးလာခေါက်မှတော့ ပိုင်ရီမိစ္ဆာနှစ်ဖော်က လက်ဗလာနဲ့ ဘယ်ပြန်လွှတ်နိုင်ပါ့မလဲ…”

ထိုနှစ်ယောက်သည် ဆံရှည်လူကို သတ်မည့်အကြောင်း ကရားရေလွှတ် ပြောနေကြစဉ် အခြားအခန်းထဲတွင်မူ သူတို့ပြောနေသောသူမှာ အမူအရာကင်းမဲ့စွာဖြင့် ထိုင်နေ၏။ သို့သော် သူသည် အသံအကာအရံ မရှိသည့်အလား သူတို့၏စကားများကို လွယ်ကူစွာ ကြားနိုင်သည်။

ဟန်လိက မျက်လုံးဖွင့်လာပြီး အေးစက်စက်အလင်း တောက်ပသွား၏။ သူက တီးတိုးရေရွတ်လိုက်သည်။

“မင်းတို့က သေချင်လို့ လှုပ်ရှားလာခဲ့ရင်တော့ ငါ့ရဲ့ရက်စက်မှုကို အပြစ်မတင်လေနဲ့…”

ထို့နောက် ဟန်လိသည် နောက်တစ်ဖန် မျက်လုံးမှိတ်၍ ဆက်လက်၍ချီသန့်စင်နေသည်။

အမှန်တိုင်းပြောရလျှင် ဟန်လိသည် ယွမ်ဝူဒေသသို့ ရောက်နေတာ လွန်ခဲ့သောနှစ်လတည်းကပင်။ သူသည် လမ်းတစ်လျှောက်တွင် လမ်းမှန်နှင့်မိစ္ဆာဂိုဏ်းတို့ကြား ပဍိပက္ခများမှာ တိုင်းပြည်အနှံ့တွင် ဖြစ်ပွားနေတာ တွေ့မြင်ခဲ့ရသည်။ သို့သော် စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူသည် ထိုသတ်ပွဲများကို အလွယ်တကူ ဖြတ်ကျော်ကာ သူ့ကိုယ်သူ ကောင်းကောင်းဖုန်းကွယ်ထားနိုင်စွမ်း ရှိပေသည်။

ဟန်လိသည် ယွမ်ဝူဒေသသို့ ရောက်လာပြီးနောက် ချက်ခြင်းမလှုပ်ရှားသေးပေ။ ထိုအစား သူသည် ဒေသတွင်းဈေးမြို့များနှင့် လေလွင့်ကျင့်ကြံသူများထံမှ ဖူဂိုဏ်းအကြောင်း သတင်းစုဆောင်းခဲ့သည်။ ဤသို့ဖြင့် ဟန်လိသည် ၎င်းဂိုဏ်းအကြောင်း သိလာခဲ့ကာ သူ့အတွက် အဆင်မပြေတာမျိုး ဖြစ်သွားခဲ့သည်။

ထိုသို့အဆင်မပြေဖြစ်ရသည့်အကြောင်းရင်းမှာ ဖူဂိုဏ်းရှိ အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူများကို သတ်ဖြတ်ရန် ခက်ခဲ၍မဟုတ်ပေ။ သူတို့ဂိုဏ်း၏ တပည့်အများစုက မိစ္ဆာမီးတောက်ဂိုဏ်းတွင် တည်ရှိနေသောကြောင့်သာ သူ့အတွက် ခေါင်းခဲစရာ ဖြစ်နေရခြင်းပင်။ သူ့ကျယ်ပြောသောစွမ်းရည်များဖြင့်ပင် မိစ္ဆာမီးတောက်ဂိုဏ်းကို တစ်ကိုယ်တည်း ဆန့်ကျင်၍ မဖြစ်နိုင်ပေ။

ဖူဂိုဏ်းတစ်ခုလုံးကို အပြတ် မခြေမှုန်းနိုင်ခဲ့လျှင် ဖူဂိုဏ်းသည် တစ်နေ့၌ ပြန်လည်မြင့်တက်လာခဲ့ပါက ရှင်းယုယင်ထံ ပေးခဲ့သည့် သူ့ကတိကို ဖြည့်ဆည်းပေးနိုင်တော့မည် မဟုတ်ချေ။ ဟန်လိသည် လှုပ်ရှားရန် အစီအစဉ်တစ်ခု ချနေစဉ် ဖူဂိုဏ်းရှိ ဘိုးဘေးမွေးနွေ့ပွဲသတင်းက ယွမ်ဝူဒေသ၌ ပျံ့နှံ့လာခဲ့၏။ ယင်းအကြောင်း ကြားသိသည့်အခါ သူသည် ကျေနပ်ပျော်ရွှင်သွားသည်။

မွေးနေ့ပွဲရှိ၍ ဖူဂိုဏ်းသခင်က ဂိုဏ်းတပည့်များကို သူ့အား လာရောက်ဂါဝရပြုရန် ဆင့်ခေါ်ထားသည်။ မိစ္ဆာမီးတောက်ဂိုဏ်းရှိ ဖူဂိုဏ်းတပည့်များမှာလည်း ဖူဂိုဏ်း၏ဌာနချုပ်ရဲတိုက်ထံ ပြန်လာကြပေလိမ့်မည်။ ဤသည်မှာ သူ့အတွက် ဖူဂိုဏ်းတစ်ခုလုံးကို တစ်ချိတည်းဖြင့် အမြစ်ဖြတ်နိုင်မည့် အခွင့်အရေးကောင်းတစ်ခု ဖြစ်နေ၏။

သို့ရာတွင် ဖူဂိုဏ်း၏ခုလက်ရှိအင်အားကြောင့် လူတိုင်းသည် ဤမွေးနေ့အခမ်းအနားတွင် ပါဝင်နိုင်လိမ့်မည် မဟုတ်ပေ။ လူတစ်ယောက်သည် ဂိုဏ်းတစ်ဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက် ဖြစ်ချင်ဖြစ် သို့မဟုတ် မိစ္ဆာတာအိုဘက်မှ ကျင့်ကြံသူတစ်ယောက် ဖြစ်ရပေမည်။

ဟန်လိသည် အသေးစိတ်အချက်အလက်များကို ပိုသိခဲ့ရပြီးနောက် တစ်လလုံးလုံး စိတ်ရှည်ရှည် စောင့်နေခဲ့သည်။ ပိုင်ရီမိစ္ဆာနှစ်ဖော်နှင့် ဤနေရာသို့လာသည့်လမ်းတွင် ဆုံခဲ့ပြီး ထိုနှစ်ယောက်က ဟန်လိ၌ သာမန်မဟုတ်သောမှော်ပစ္စည်းများ ပါလာတာမြင်သည်နှင့် ချက်ခြင်းလာမိတ်ဆက်ခဲ့ကြတာ ဖြစ်၏။ သူတို့နှစ်ယောက်သည် ဟန်လိက ဖူဂိုဏ်းရဲတိုက်ထံသို့ ဦးတည်သွားမည်မှန်း ကြားသည့်အခါ အတူတူသွားရန် ချက်ခြင်းဖိတ်ခေါ်ခဲ့ကြသည်။

ဟန်လိသည် အကြည့်တစ်ချက်ဖြင့်ပင် ထိုနှစ်ကောင်၌အကြံဆိုးရှိမှန်း ပြောနိုင်သည်။ သို့သော် သူ့အနေဖြင့် ထိုနှစ်ယောက်နှင့်ပတ်သက်ပြီး ကြောက်နေစရာ ဘာတစ်ခုမျှ ရှိမနေပေ။ ထိုအစား သူက သူတို့နှင့်ခရီးသွားကာ သူတို့၏ပုံရိပ်များကို အသုံးပြုပြီး ဖူဂိုဏ်းထဲသို့ သံသယဝင်ခံစရာမလိုဘဲ ဝင်ရောက်ရန် စီစဉ်ထားသည်။

သို့သော် ဟန်လိသည် ခရမ်းလမ်းတောင်တန်းတွင်းသို့ ဖိတ်ကြားစာရသော ကျင့်ကြံသူများသာ ဝင်ရောက်ခွင့်ရလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။ လေလွင့်ကျင့်ကြံသူများသည် အခမ်းအနားကျင်းပသည့်နေ့ကျမှ ဝင်ရောက်နိုင်ကြမည် ဖြစ်၏။

ထိုအချက်က ဟန်လိကို အံ့အားသင့်သွားစေသော်လည်း ပြဿနာတော့ ရှိမနေပေ။ တကယ်တော့ ဤအခမ်းအနားနေ့ ရောက်မှ ဖူဂိုဏ်းတပည့်အားလုံး လူစုံတက်စုံ ဖြစ်လိမ့်မည် မဟုတ်လား။ သူသာ စောစောစီးစီး လှုပ်ရှားလိုက်ပါက တစ်ချို့တဝက် ကြောက်လန့်၍ ထွက်ပြေးလွတ်မြောက်သွားနိုင်သေး၏။

ခုချိန်၌ ဟန်လိသည် တည်းခိုးခန်းတစ်ခုအတွင်းမှာ နေထိုင်နေရင်း ပိုင်ရီမိစ္ဆာနှစ်ဖော်နှင့် မည်သို့ရင်ဆိုင်မလဲကို မစဉ်းစားထားရသေးပေ။ ထိုနှစ်ယောက်က စိတ်မရှည်ဖြစ်လာခဲ့လျှင်တော့ သူ့ဘက်ကလည်း သနားငဲ့ညှာနေမည် မဟုတ်ပေ။

နောက်နေ့များတွင် ဟန်လိနှင့် ပိုင်ရီမိစ္ဆာနှစ်ဖော်တို့သည် အနီးအနားသို့ သွားကြလာကြပြီး ညပိုင်းတွင် ကျင့်ကြံရန်အတွက် တည်းခိုးခန်းသို့ ပြန်လာကြ၏။ ဖူဂိုဏ်း၏အခမ်းအနားပွဲမှာလည်း နီးကပ်လာခဲ့ပေပြီ။

ဤနေ့ရက်များတွင် သူတို့နှစ်ယောက်က ဟန်လိကို “အစ်ကိုဟန်” ဟုပင် သုံးနှုန်းခေါ်ဆိုခဲ့ကြ၏။ ဟန်လိက သူတို့နှင့်နှစ်ပေါင်းများစွာ ရင်းနှီးကျွမ်းဝင်ခဲ့ကြသူတစ်ယောက် ဖြစ်နေသည့်အလား ထင်ရ၏။ ခုချိန်ကာလ၌ လေလွင့်ကျင့်ကြံသူအများအပြားသည် မြို့ငယ်ထဲ၌ စုနေကြပြီ ဖြစ်သည်။ အများစုကမူ အပြင်ဘက်တွင် နေထိုင်ခြင်းနှင့်အသားကျပြီး ဖြစ်သော်လည်း သက်သောင့်သက်သာနေရတာ သဘောကျသော ကျင့်ကြံသူ တချို့တလေကတော့ မြို့၏တည်းခိုးခန်းနှစ်ခန်းတွင် တည်းကြသည်။

ဤသို့ဖြင့် ဟန်လိတို့ရှိနေသောတည်းခိုးခန်း၌ အခြားကျင့်ကြံသူများပါ ရောက်လာကြ၏။ ထိုကျင့်ကြံသူများက ဟန်လိနှင့်ပိုင်ရီမိစ္ဆာနှစ်ဖော်တို့ အတူတူ ရှိနေတာ မြင်သည့်အခါ သူတို့အမူအရာများ သိသိသာသာ ပြောင်းလဲသွားပြီး အများစုမှာ သူတို့နှင့်စကားမပြောရအောင် ရှောင်ကြသည်။ ဟန်လိသည် ငိုရမလား၊ရယ်ရမလား မသိတော့ပေ။ ကြည့်ရတာ သူ့ဘေးမှနှစ်ယောက်သည် လေလွင့်ကျင့်ကြံသူများကြားထဲ၌ နာမည်ဆိုးနှင့်ကျော်ကြားသူများ ဖြစ်ပုံရသည်။

ပိုင်ရီမိစ္ဆာနှစ်ဖော်သည် ဤမြင်ကွင်းကို တွေ့မြင်သည့်အခါ ဟန်လိ သူတို့အပေါ် သံသယဝင်လာမှာကို ကြောက်၍ အခြားကျင့်ကြံသူများနှင့်ပတ်သက်ပြီး လုပ်ကြံဇာတ်လမ်းများ ဖန်တီးပြောဆိုကာ လှည့်ဖြားသည်။

ဟန်လိက သူတို့စကားကို ကြားသည့်အခါ၌လည်း မထူးမခြားနားဟန်ပန်ဖြင့်သာ ရှိနေ၏။ ဤအပြုအမူအပေါ် ဂင်တိုတိုနှင့်လူက သံသယဝင်မိသေးသည်။ သို့သော် သူ့လောဘက သူ့ကို အနိုင်ယူသွားသည်သာ။ နောက်နှစ်ရက်ကြာပြီးနောက် သူတို့နှစ်ယောက်သားက ဟန်လိကို သည်နားဝန်းကျင်ရှိ ရှုခင်းတစ်ခုသို့ သွားရောက်လည်ပတ်ရန် အသည်းအသန် တိုက်တွန်းလာကြ၏။ သူတို့သည် ထိုရှုခင်းမှာ လွန်စွာသာယာလှပကြောင်း ပြောကြဆိုကြသည်။

ဟန်လိက ထိုနှစ်ကောင် သူ့ကို တိုက်ခိုက်ရန် ကြံစည်နေပြီမှန်း သိလိုက်သည်။ သူက အင်တင်တင်လုပ်ပြီး သဘောတူလိုက်ကာ ထိုနှစ်ယောက်နောက်မှ လိုက်ပါလာခဲ့သည်။ သုံးယောက်သားသည် တည်းခိုခန်းကနေ ရှုခင်းနေရာထံ ဦးတည်ထွက်လာခဲ့ကြ၏။

အနီးအနားတွင် ကျင့်ကြံသူအများအပြား ရှိနေသောကြောင့် သူတို့သည် ဟန်လိကို သည်မြို့နှင့် ကီလိုမီတာငါးဆယ်အကွာရှိ လူသူကင်းမဲ့သောတောင်ငယ်တစ်လုံးထံ ပင့်ထုတ်သွားရန် ကြံစည်ထားကြခြင်းပင်။ သူတို့က ထိုနေရာသို့ ရောက်လာသည့်အခါ ဂင်တိုတိုနှင့်လူက ရွှင်လန်းစွာပြုံး၍ စပြောလာသည်။

“အစ်ကိုဟန်…တစ်ချက်ကြည့်လိုက်စမ်းပါဦးဗျ။ ဒီတောင်ကိုကျော်ရင် တောင်ကြားငယ်တစ်ခု ရှိတယ်ဗျ။ အဲ့တောင်ကြားထဲမှာ လှပသန့်စင်တဲ့ ပန်းပင်တန်းတွေ အမျိုးအစားစုံလင်အောင် ရှိတာ။ ဒီနေရာဟာ…လုံးဝကို…”

ဟန်လိသည် ထိုသူ လေပေါနေသောစကားများကို ကြားသည့်အခါ စိတ်ထဲကနေ ရယ်မိနေတော့သည်။ ဤတောင်အလွန်တွင် တောင်ကြားတစ်ခု ရှိနေတာကတော့ အမှန်ပင်။ သို့သော် မြင်ကွင်းက လှပသာယာသည့်အပြင် လျှို့ဝှက်အတားအဆီးတစ်ခု ချထား၍ စိတ်ဝိညာဉ်တုန်ခါလှိုင်းတို့လည်း ရှိနေ၏။ ၎င်းကို ဟန်လိသည် သူ့စိတ်ဝိညာဉ်အာရုံဖြင့် ထောက်လှမ်းနိုင်စွမ်း ရှိပေသည်။ သူတို့နှစ်ယောက်သည် ဤရိုးရှင်းသောအစီအရင်နှင့် အခြားသူများကို သတ်ဖြတ်ရခြင်း၌ အတော်လေး အတွေ့အကြုံရှိထားကြပုံပင်။

ဟန်လိကသာ သာမန်ကျင့်ကြံသူတစ်ယောက် ဖြစ်နေခဲ့ပါက အစီအရင်အတွင်း ဝင်ရောက်မိပြီး ထိုနှစ်ယောက်၏ အလစ်တိုက်ခိုက်ခြင်းကို ကြုံရပါက အခက်အခဲ ဖြစ်သွားနိုင်လောက်သည်။

ဟန်လိသည် ဂင်တိုတိုလူ၏ပြောစကားကို နားထောင်ပြီးသည့်အခါ ဘေးပတ်လည်သို့ သာမန်ကာလျှံကာ ကြည့်လိုက်ပြီး ထိုနှစ်ယောက်ကို ဆန်းကြယ်စွာ ပြုံးပြသည်။

“ရှုခင်းကတော့ မဆိုးလှပါဘူး။ ဒါပေမဲ့ ဒီမှာ ဘယ်သူမှလည်း မရှိပါလားဗျ။ ဆိုတော့ ဒီတောင်ကြားထဲ ကျုပ်တို့က ဘာသွားလုပ်ရမှာလဲ။ ခုနေရာမှာ နေတာက ပိုကောင်းပါလိမ့်မယ်။ ခင်ဗျားတို့ကော ဘယ်လို သဘောရလဲ။ ခင်ဗျားတို့ကသာ တစ်ယောက်ယောက်ကို ဒီနေရာမှာ သတ်ပစ်လိုက်ပြီး သဲလွန်စအကုန် ဖျောက်လိုက်မယ်ဆို ဘယ်သူကမှ ကြားဝင်နှောက်ယှက်နိုင်တော့မှာ မဟုတ်လောက်ဘူး။ ဟုတ်တယ်မလား…”

ဂင်တိုတိုနှင့်ကျင့်ကြံသူသည် ဟန်လိ၏စကားကို ကြားသည့်အခါ သူ့အမူအရာက ပြောင်းလဲသွားပြီး သူက အံ့အားတသင့် ပြောလာသည်။

“အစ်ကိုဟန်က…ဘာကို ပြောချင်တာလဲဗျ။ ကြည့်ရတာ ခင်ဗျား တစ်ခုခု နားလည်မှုလွဲနေပုံရတယ်…”

သူသည် ထိုသို့ပြောလိုက်သော်ငြား လက်ကမူ သိုလှောင်အိတ်ထဲ ရောက်နှင့်ပြီး ဖြစ်သည်။ ဦးခေါင်းပြောင်လူကမူ ကြမ်းကြုတ်သည့်အမူအရာ မျက်နှာပေါ်၌ ပေါ်လာပြီး ဟန်လိဘေးသို့ တိတ်တဆိတ် ချဉ်းကပ်လာသည်။ ဟန်လိကမူ မထုံတတ်တေးဟန်ပန်ဖြင့်သာ ရှိနေသေးသည်။ ဂင်တိုတိုနှင့်လူက ဟန်လိ၏ပုံစံကို မြင်သည့်အခါ စိုးရိမ်ပူပန်လာ၏။ သို့သော် ခုမှတော့ သူတို့အတွက် နောက်ပြန်ဆုတ်ရန် နောက်ကျလွန်းသွားခဲ့ပြီ ဖြစ်၍ ဦးခေါင်းပြောင်လူနှင့်အတူ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်တော့သည်။

All Chapters