← Chapters

အခြေတည်စနတ်ဆိုး

Vol. 47 Ch. 650

အခြေတည်စနတ်ဆိုး

Vol. 47 Ch. 650

ထိုနှစ်ယောက်က ဟန်လိကို တိုက်ခိုက်လုနီးနီးအချိန်တွင် ရယ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာလေသည်။

“ဟားဟား…စိတ်ဝင်စားစရာပဲ။ ငါ နိုးလာချင်းချင်း အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံဿူနှစ်ယောက်က အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို တိုက်ခိုက်ဖို့ ကြံနေတာကို မြင်ရလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး။ ငါ အိပ်မက်မက်များ မက်နေသလားပဲ…”

မိန်းမပျိုတစ်ယောက်က ဤစကားများကို တိုးညင်းစူးရှသောလေသံဖြင့် ပြောလာခဲ့ခြင်းပင်။

ဟန်လိ၏အမူအရာမှာ ပြောင်းလဲသွား၏။ ဂင်တိုတိုလူနှင့် ဦးခေါင်းပြောင်လူကြီးတို့သည် မိုးကြိုးပစ်ချခံရသည်နှယ် ခံစားလိုက်ရပြီး သူတို့၏အမူအရာများမှာ သေလောက်အောင် ဖြူရော်သွားကြသည်။

“စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်တဲ့လား…” ဂင်တိုတိုနှင့်ကျင့်ကြံသူသည် ရှုံ့မဲ့သွားပြီး ဟန်လိကို တစ္ဆေတစ်ကောင်အလား စိုက်ကြည့်နေလေသည်။

ဦးခေါင်းပြောင်နှင့်လူမှာလည်း ကြောက်ချေးပန်းနေလေပြီ။ သို့သော် သူတို့က တစ်ခုခု တွေးမိသွားပြီး အလျင်အမြန် အော်ဟစ်လိုက်သည်။

“ဒါ…မဖြစ်နိုင်ဘူး။ သူ့အဖော်က ငါတို့ကို ခြောက်ထုတ်ဖို့ ကြံစည်နေတာနေမယ်…”

သူတို့သည် ကိုယ့်ကိုယ်ကိုယ် အားပေးကာ နောက်သို့ခြေနှစ်လှမ်းလောက်ဆုတ်ပြီး အသံပိုင်ရှင်မိန်းမပျိုကို ရှာဖွေကြည့်ကြသည်။ မည်သူမျှ မရှိတာ တွေ့သည့်အခါ သည်နှစ်ကောင်မှာ သတ္တိများပြန်ရလာကြ၏။

ဤအခိုက်တွင် ဟန်လိသည် ပိုင်ရီမိစ္ဆာနှစ်ဖော်ထက် ပိုလန့်နေလေသည်။

အချို့အမည်မသိအကြောင်းရင်းတို့ကြောင့် ဟန်လိသည် ဖော်ပြ၍မရသောအကြောက်တရားတစ်ခုကို ခံစားမိကာ ကြက်သီးထသွားမိသည်။ သူ့ဒျန်တျန်ထဲတွင် အိပ်မောကျနေသော စဦးစိတ်ဝိညာဉ်သည်ပင် အလန့်တကြားဖြင့် နိုးလာ၏။ ၎င်း၏မျက်နှာထက်တွင်လည်း ထိတ်လန့်နေဟန် အရိပ်အယောင်တစ်ခု ပေါ်နေသည်။ သို့သော် ဟန်လိကို အထိတ်လန့်ဆုံးဖြစ်စေသည့်အချက်မှာ သူ့စိတ်ဝိညာဉ်အာရုံဖြင့် ဤနားဝန်းကျင် ငါးကီလိုမီတာအတွင်း တစ်လက်မမကျန် စစ်ဆေးကြည့်ချိန်၌ အသံ၏ဇစ်မြစ်ကို ရှာမတွေ့နိုင်ခြင်းပင်။ အသံထွက်ပေါ်လာခဲ့ပုံအရ ထိုအသံပိုင်ရှင်သည် အနီးဝန်းကျင်တွင် သေချာပေါက် ရှိရပေမည်။ သူ၏စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံမှုနှင့်အတူ မဟာဖွံ့ဖြိုးခြင်းပညာရပ်ကို အသုံးပြုခဲ့သော်လည်း ဟန်လိသည် စကားပြောခဲ့သူကို ရှာတွေ့နိုင်စွမ်း မရှိသေးပေ။ ထိုသူ၌ နက်နဲသောစွမ်းရည်များ ပိုင်ဆိုင်ထားတာများလား။

ဟန်လိသည် ယင်းအတွေးကြောင့် အာခေါင်ခြောက်လာမိ၏။

ဂင်တိုတိုနှင့်ကျင့်ကြံသူသည် ဦးခေါင်းပြောင်လူ၏ စကားများကြောင့် မျက်နှာပေါ်၌ သွေးရောင်အနည်းငယ် ပြန်ပေါ်လာခဲ့၏။ သူက ဘေးပတ်ပတ်လည်သို့ တည်ငြိမ်စွာကြည့်၍ ပြောလိုက်သည်။

“ဘယ်သူလဲ။ ကျုပ်တို့ကို ဘယ်ကောင်လှည့်စားနေတာလဲ။ ပိုင်ရီမိစ္ဆာနှစ်ဖော်ကို လှည့်ကွက်တွေ လာသုံးဝံ့တယ်လား…”

သူ၏ခန္ဓာကိုယ်သည် အဝါရောင်အလင်းဖြင့် တောက်ပနေလေသည်။ သူ့ရှေ့၌လည်း အနက်ရောင်ဒိုင်းငယ်တစ်ခု ရှိနေ၏။

စူးရှရှအသံတစ်သံ ထွက်ပေါ်လာပြန်သည်။

“ဟားဟား…မင်းတို့က ဒီအဘွားအိုကို မြင်နိုင်မယ်ဆို ငါ့ကိုယ်ငါ ရှက်လို့ သက်သေပစ်လိုက်မယ်။ ဒါပေမဲ့ ဒီစဦးစိတ်ဝိညာဉ်ကျင့်ကြံသူရဲ့ စိတ်ဝိညာဉ်အာရုံက အတော် အားကောင်းတာပဲ။ ဒီ့ထက်နည်းနည်းလောက်သာ ပိုသန်မာမယ်ဆို နင် ငါ့ကို ရှာတွေ့နိုင်လောက်တယ်…”

ဟန်လိသည် အမူအရာပျက်နေ၏။ သူသည် သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးပေါ်တွင် စိတ်ဝိညာဉ်အာရုံဖြင့် အစွမ်းကုန် ခြုံလွှမ်းကြည့်ရှုခဲ့ပြီးပင်။ သူ၏ထူးကဲလှသော စိတ်ဝိညာဉ်အာရုံဖြင့်ပင် သူသည် တစ်ဖက်သူ၏အရိပ်အယောင်ကိုပင် ရှာတွေ့နိုင်ခြင်း မရှိသေးပေ။ ဤအချက်က ထူးဆန်းလှသည်ဟု သူ ခံစားမိ၏။

“ဟားဟား…ငါ ဗိုက်ဆာနေတာနဲ့ အတော်ပဲ။ နင်တို့သုံးယောက်ကို နေ့လယ်စာအဖြစ် စားလိုက်ရရင် ကောင်းမယ်။ အဟင်းဟင်း…ကျင့်ကြံသူတစ်ယောက်ရဲ့ စဦးစိတ်ဝိညာဉ်ကို မြည်းစမ်းမကြည့်ရတာတောင် ကြာလှပြီပေါ့လေ…”

မိန်းမပျို၏အသံနေအသံထားသည် ဆိုးယုတ်မည့်ဟန် လုံးဝပေါက်မနေပေ။ သို့သော်ငြား သူ့စကားလုံးများ၏ အဓိပ္ပာယ်ကမူ အသံနေအသံထားနှင့် ဆန့်ကျင်ဘက်ပင်။

ဟန်လိက နှာခေါင်းရှုံ့ကာ သူ့ကျင့်ကြံမှုအဆင့် ကွယ်ဝှက်ထားခြင်းကို ထုတ်ဖော်လိုက်၏။ သူ၏အမူအရာမှာ ပြောင်းလဲမသွားချေ။ မိုးပြာရောင်လင်းလက်သွားပြီး ကြောက်မက်ဖွယ်ဖိအားတစ်ခုသည် သူ့ခန္ဓာကိုယ်ထံမှ ထွက်ပေါ်လာပြီး သူ၏ပါးစပ်မှ မိုးပြာအလင်းတန်းများစွာ ပျံသန်းထွက်လာသည်။ ယင်းတို့မှာ ဝါးတိမ်အုပ်ဓား ခုနစ်ဆယ့်နှစ်လက်ပင်။

“သူ…သူက တကယ်ကို စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေတာပဲ။ စီနီယာ…ကျေးဇူးပြုပြီး…အသက်ချမ်းသာပေးပါ။ ဂျူနီယာတို့ မျက်စိပါပေမဲ့ အမြင်ကန်းသွားလို့ စီနီယာ့အပေါ် ကြံစည်ခဲ့မိတာပါ။ စီနီယာ့ကို စော်ကားလိုစိတ် မရှိပါဘူး။ ညီနှစ်…မင်း ဘာလုပ်နေတာလဲ။ မပြေးနဲ့။ စီနီယာဟန်ရှေ့မှာ ငါတို့ မတ်တပ်ရပ်နေခွင့်တောင် ရှိမှာ မဟုတ်ဘူး…”

ဂင်တိုတိုနှင့်ကျင့်ကြံသူသည် အကြောက်တရားကိုသာ ခံစားမိနေတော့သည်။ ဟန်လိ၏ကျင့်ကြံမှုအစစ်အမှန်ပေါ်လာသည်နှင့် သူသည် ချက်ခြင်း ဒူးထောက်ချကာ အသက်ချမ်းသာပေးရန် တောင်းပန်လိုက်တော့သည်။ ဦးခေါင်းပြောင်နှင့်လူကမူ သူနှင့်ဆန့်ကျင်ဘက်ပင်။ ရွှေရောင်အဆောင်တစ်ခုကို သူ့ခန္ဓာကိုယ်ပေါ်တွင် တင်လိုက်ပြီး သူသည် ရွှေရောင်အလင်းတန်းအဖြစ်သို့ ပြောင်းကာ ကောင်းကင်ထက်သို့ အသည်းအသန် ထွက်ပြေးလေတော့သည်။

“အဲ့လိုလုပ်ရင် မင်းက ငါ့လက်ကနေ လွတ်ပြီလို့ ထင်နေတာလား…”

ဟန်လိ၏မျက်နှာထက်၌ လှောင်ပြောင်ရက်စက်လိုဟန် ပေါ်လာပြီး သူက လက်ညွှန်လိုက်သည်။ ဓားပျံတစ်လက်သည် ဝီသံပေးကာ ပျောက်ကွယ်သွား၏။ သို့သော် ခဏအကြာတွင် ၎င်းသည် မနီးမဝေးရှိ ရွှေရောင်အလင်းတန်းနားတွင် ပေါ်လာသည်။

မိုးပြာရောင်လင်းလက်သွားခြင်းနှင့်အတူ ဦးခေါင်းပြောင်လူမှာ နာကျင်စွာအော်ဟစ်လိုက်ရပြီး ရွှေရောင်အလင်းများသည် အစက်အပြောက်များအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ၏ခန္ဓာကိုယ်မှာလည်း ပျောက်ကွယ်သွားခဲ့လေပြီ။

“ဟအား…ဘယ်လောက်နှမြောဖို့ ကောင်းလိုက်လဲ။ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ကလည်း သူ့ဟာနဲ့သူ အရသာရှိတာပဲကို။ ငါ မနိုးလာခင်က ဒီလိုစိတ်ဝိညာဉ်မျိုး ရှစ်ကြိမ်လောက်ထိ မြည်းစမ်းစားသောက်ခဲ့ဖူးတယ်…”

မိန်းမပျို၏အသံ၌ မကျေနပ်ချက်အနည်းငယ် ပါဝင်နေလေသည်။

ဟန်လိသည် ဦးခေါင်းပြောင်လူ၏ကိစ္စကို ရှင်းလင်းပြီးသည့်အခါ သူ့ရှေ့ရှိ တုန်ရင်နေသော ဂင်တိုတိုကျင့်ကြံသူကို လစ်လျူရှုကာ သူ့အကြည့်သည် အနီးအနားရှိ အပင်ငယ်တစ်ပင်ထံ ကျရောက်သွားသည်။ သူ၏မျက်လုံးထဲ၌ အပြာရောင်လင်းလက်သွားပြီး ပြောလိုက်သည်။

“နင့်ကိုယ်နင် ထူးသလိုလို၊ ဆန်းသလိုလို ဟန်ဆောင်မနေတော့နဲ့။ နင်လည်း စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ သာသာပဲ မဟုတ်လား။ နင်က ခုလောက်ထိ ရဲတင်းနေမှတော့ ငါကိုယ်တိုင် နင့်ကို ဆွဲထုတ်စေချင်တဲ့ပုံရတယ်…”

မိန်းမပျို၏အသံသည် ခဏ တုန်ခါသွားပြီးနောက် အေးစက်စွာ ဆက်ပြောလာသည်။

“နင် ငါ့ကို ဘယ်လိုရှာတွေ့သွားတာလဲ။ ငါ့ရဲ့ အလင်းအသွင်ကူးပြောင်းခြင်းပညာရပ်ဟာ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြတ်မြင်နိုင်စွမ်းရှိတဲ့အရာ မဟုတ်ဘူး…”

“ငါ့ဘာသာ နင့်ကို ဘာနည်းလမ်းနဲ့ ရှာတွေ့တွေ့…နင့်ကိုယ်နင် ဖော်ပြမှာလား။ ဒါမှမဟုတ် ငါကိုယ်တိုင် နင်ရှိနေတဲ့ သစ်ပင်ကို ခုတ်ပိုင်းပစ်လိုက်ရမလား..”

ဟန်လိ၏အသံသည် တည်ငြိမ်နေ၏။ သို့သော် သူ့စိတ်ထဲတွင်မူ ပူပန်နေပေသည်။

သူသည် စောစောပိုင်းတုန်းက တောက်ပမြင်ကွင်းရည်ကို အသုံးပြုကာ သူ့ဘေးပတ်ဝန်းကျင်သို့ ကြည့်ရှုခဲ့ခြင်းပင်။ ဤအတွက်ကြောင့် သည်အနီးနားရှိသစ်ပင်မှာ အခြားအရာများနှင့်ကွဲပြားနေမှန်း သူ တွေ့ရှိခဲ့တာ ဖြစ်၏။

“စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ သာသာတဲ့လား။ နင့်လေသံက မော်ကြွားလှပါလား။ နင့်ရဲ့ စဦးစိတ်ဝိညာဉ်ကို ငါ မြိုချပြီးရင် ဘယ်လိုအရသာရှိမလဲ သိချင်နေမိပြီ…”

မိန်းမပျို၏အသံသည် ပိုမာလာရင်း အပင်ငယ်ထံမှ အစိမ်းရောင် လင်းလက်လာပြီး တစ်ပေခန့်သာအမြင့်ရှိမည့် လူတစ်ယောက်အသွင်ဖြစ်သည့်အထိ ကျုံ့သွားလေသည်။ ထိုလူပုလေးသည် ချောမောလှပသောမျက်နှာနှင့် ဆံပင်ရှည်တို့ ပိုင်ဆိုင်ထားသည်။ သို့သော် ၎င်း၏ခန္ဓာကိုယ်မှာမူ အစိမ်းရောင်အလင်းဖြင့်သာ ဖွဲ့စည်းထား၏။

“စဦးစိတ်ဝိညာဉ်…မဟုတ်သေးဘူး…မမှန်သေးဘူး…” အဝေးကနေ လှမ်း၍ စူးစမ်းကြည့်ပြီးနောက် ဟန်လိသည် မရေမရာဖြစ်သွားသည်။

ထိုလူပုအရိပ်လေးက ဟန်လိကို ကြည့်၍ ဖြည်းဖြည်းချင်း ပြောသည်။

“စဦးစိတ်ဝိညာဉ်တဲ့လား။ ဟားဟား…နင် ပြောတာ မမှားပါဘူး။ ဒါပေမဲ့ နင်က ငါ နိုးလာတဲ့နောက် ပထမဆုံးတွေ့ရတဲ့ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်တဲ့အတွက် နင်ပဲ ကံဆိုးလွန်းနေတာလား။ ဒါမှမဟုတ် ငါ့ကံကပဲ ကောင်းနေတာလားတော့ မသိတော့ဘူး…”

ထိုအရိပ်ငယ်က ပြောဆိုပြီးနောက် ဂင်တိုတိုကျင့်ကြံသူနားတွင် ဖြတ်ခနဲ ပေါ်လာသည်။

“နင့်ရဲ့စိတ်ဝိညာဉ်က ငါ့အစာအိမ်အတွက် သင့်တော်တဲ့ပုံပဲ။ ဟုတ်တယ်မလား…”

“အား…မဟုတ်ဘူး…စီနီယာ…ကျေးဇူးပြုပြီး…ကျုပ်ကို ချမ်းသာပေးပါ…”

ထိုအရိပ်ငယ်သည် စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူနှင့် ယှဉ်၍ရကြောင်း သဘောပေါက်ထား၍ ဂင်တိုတိုကျင့်ကြံသူသည် အဝေးသို့ထွက်ပြေးရန် ကြိုးစားရင်း သူ့အသက်ကို ချမ်းသာပေးရန် အသနားခံလိုက်သည်။

သို့သော် ထိုအရိပ်ငယ်၏မျက်နှာထက်တွင်မူ လှောင်ပြောင်ဟန်သာ ရှိနေ၏။ ၎င်း၏ခန္ဓာကိုယ်သည် အစိမ်းရောင်အလင်းလုံးတစ်လုံးအဖြစ်သို့ ပြောင်းသွားပြီး ဂင်တိုတိုကျင့်ကြံသူထံ တိုးဝင်လာသည်။ ခဏအကြာတွင် ၎င်း၏ခန္ဓာကိုယ်သည် မှိတ်တုတ်မှိတ်တုတ် တောက်ပနေသောလက်မအရွယ်အစားခန့်ရှိ အစိမ်းရောင်အလင်းလုံး ရှိလာခြင်းကလွဲ၍ မူလအသွင်အတိုင်း ပြန်ဖြစ်သွား၏။

ပိုင်ရီမိစ္ဆာနှစ်ဖော်၏ခေါင်းဆောင်ဖြစ်သူကမူ မြေပေါ်တွင်လဲနေပြီး မလှုပ်တော့ပေ။

အရိပ်ငယ်သည် ရှည်ရှည်ဝေးဝေး ပြောမနေဘဲ အလင်းလုံးကို လေးငါးကိုက်လောက် ကိုက်ချလိုက်သည်။ ယင်းနောက် အရိပ်၏ခန္ဓာကိုယ်သည် မသိမသာ ပို၍ အထည်ဒြပ်ရှိလာသည်။

အနှီမြင်ကွင်းကိုကြည့်ကာ ဟန်လိသည် ဆက်ပြီး မတည်ငြိမ်နိုင်တော့ပေ။ သူက ဒေါသတကြီး အော်ပြောလိုက်သည်။

“နင်က တစ္ဆေလား…လူလား…။ စိတ်ဝိညာဉ်တစ်ခုကို တိုက်ရိုက်ဝါးမြိုရဲတယ်ပေါ့…”

ဟန်လိသည် ထိုအရိပ်ငယ်၏ကျင့်ကြံမှုအဆင့်မှာ သူနှင့် အတူတူမှန်း ရှင်းလင်းစွာ ခံစားမိသည်။ သို့သော် ဂင်တိုတိုလူ၏စိတ်ဝိညာဉ်ကို ဝါးမြိုပြီးနောက် ၎င်းက မသိမသာ ပို၍ သန်မာလာခဲ့ပေသည်။ ကျင့်ကြံသူများ၏စိတ်ဝိညာဉ်ကို ဝါးမြိုခြင်းသည် ၎င်း၏ကျင့်ကြံခြင်းကို တိုးတက်စေပုံ ရသည်။ ဤသည်မှာ ပညာရပ်တစ်ခုကြောင့် ဖြစ်ပေါ်သော ရလဒ်ဟု လက်ခံပေးရန် ခက်ခဲနေ၏။

ထိုအစိမ်းရောင်အရိပ်က ဟန်လိ၏အမေးကို လစ်လျူရှုပြီး အထင်သေးစွာဖြင့် ကြည့်နေသည်။ ၎င်းက ဟန်လိ၏စဦးစိတ်ဝိညာဉ်ထံ တိုက်ရိုက်ကြည့်နေသည့်အလားပင်။ ၎င်းထံ၌ လောဘတက်လာဟန် ပေါ်လာပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“အချိုပွဲတော့ ခုလေးတင် စားပြီးပြီ။ အခုက အဓိကဟင်းပွဲစားဖို့ အချိန်ရောက်ပြီ။ နင့်ရဲ့ စဦးစိတ်ဝိညာဉ်ကို စားသုံးပြီးတဲ့အခါကျရင် ဒီအဘွားအိုရဲ့ ကျင့်ကြံမှုဟာ စဦးစိတ်ဝိညာဉ်အလယ်အဆင့်ကို တိုက်ရိုက်ရောက်သွားနိုင်လိမ့်မယ်…”

“နင်က ငါ့စဦးစိတ်ဝိညာဉ်ကို ဝါးမြိုချင်တာတဲ့လား။ သူ့အိုးနဲ့သူ့ဆန် မဖြစ်မှာ ငါ စိုးမိပါတယ်…”

ဟန်လိသည် ဒေါသတကြီးဖြင့် မျက်နှာရှုံ့မဲ့သွားပြီး သူ၏လက်နှစ်ဖက်ကို ပူးကပ်လိုက်သည်။ ခပ်အုပ်အုပ်မြည်သံတစ်သံ ထွက်ပေါ်လာခြင်းနှင့်အတူ သူ့လက်ဝါးနှစ်ဖက်ကြားမှ ရွှေရောင်လျှပ်စီးစက်ဝန်းပြတ်တစ်ခုကို တွေ့မြင်ရသည်။

ဟန်လိသည် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ဝင်ရောက်ခဲ့တည်းက သူ့ခန္ဓာကိုယ်တွင်းရှိ ဓားများထံမှ မိစ္ဆာဖယ်ရှားခြင်းလျှပ်စီးများကို တိုက်ရိုက်သိုလှောင်ထုတ်ဖော်နိုင်စွမ်း ရှိလာခဲ့ပြီး ဖြစ်၏။ ထို့ကြောင့် သူသည် သူ့ခန္ဓာကိုယ်အပြင်ဘက်သို့ ဓားခုနစ်ဆယ့်နှစ်လက်ကို မထုတ်ဖော်ခင် လျှပ်စီးအစွမ်းကို အသုံးပြုနိုင်စွမ်း ရှိနေပေပြီ။

အစိမ်းရောင်ပုံရိပ်က ဟန်လိလက်ကြားထဲမှ ရွှေရောင်လျှပ်စီးကို တွေ့မြင်သည့်အခါ ခပ်တိုးတိုး ရေရွတ်သည်။

“ရွှေရောင်လျှပ်စီးလား။ ငါ အရင်က ဒါကို ဘယ်နေရာမှာ မြင်ခဲ့ဖူးတာပါလိမ့်။ သေချာမမှတ်မိဘူး ဖြစ်နေတယ်…”

ဟန်လိက မျက်ခုံးပင့်ကာ လေသံပြတ်ပြတ်ဖြင့် ပြောသည်။

ဒီလျှပ်စီးအစွမ်းကို မြည်းကြည့်လိုက်။ အာ့ဆို နင် ပြန်မှတ်မိသွားလိမ့်မယ်…”

ထိုအခိုက်တွင် သူ့လက်ကြားထဲရှိ လျှပ်စီးသည် မြွေတစ်ကောင်အဖြစ်သို့ ပြောင်းလဲကာ အရိပ်ထံ ကြမ်းတမ်းစွာ ခုန်ပေါက်ဝင်ရောက်လာသည်။

မည်သည့်အတွက်ကြောင့်မှန်း မသိရသော်ငြား အစိမ်းရောင်အရိပ်ငယ်က နေရာတွင်သာ ပြုံး၍ ရပ်နေပြီး မြွေကို တိုက်ရိုက်ဝါးမြိုပစ်သည်။ ယင်းနောက်တွင် ၎င်း၏ပတ်ပတ်လည်၌ လျှပ်စီးစက်ဝန်းပြတ်များစွာ ပေါ်လာ၏။ ခဏအကြာ၌ ထိုအရိပ်မှာ ရွှေရောင်လျှပ်စီးတို့ဖြင့် ထိန်လင်းသွားပြီး မိုးကြိုးသံသဲ့သဲ့ကို ထုတ်လွှတ်သည်။

ဟန်လိ မျက်မှောင်ကြုတ်သွားသည်။ တစ်ဖက်ရန်သူက မိစ္ဆာဖယ်ရှားခြင်းလျှပ်စီးကို တိုက်ရိုက်လက်ခံဝံ့မှတော့ ကောင်းကောင်းကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ပုံရသည်။ ရွှေရောင်တောက်ပမှု မပျောက်ပျက်သွားခင် မိန်းမပျို၏ရယ်သံမှာ မိုးကြိုးသံများကြားကနေ ထွက်ပေါ်လာသည်။

“ငါ ထင်ထားသလိုပါပဲလား။ ဒါက မိစ္ဆာဖယ်ရှားခြင်းလျှပ်စီး မဟုတ်လား။ ဟားဟား….ဒီအရာက ကြီးကျယ်ထည်ဝါတာတော့ အမှန်ပါပဲ။ အစောပိုင်းစဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်ဆီမှာ ခုလိုကောင်းကင်ရတနာတစ်ခု ပိုင်ဆိုင်ထားတာဟာ ယုံရခက်ခက်ပဲ။ ဒါပေမဲ့ ဒီအဘွားအိုက မိစ္ဆာ ဒါမှမဟုတ် တစ္ဆေကျင့်ကြသူတစ်ယောက်လို့တော့ မထင်လိုက်နဲ့။ ဒီလျှပ်စီးနဲ့ ငါ့ကို ရင်ဆိုင်တာဟာ ငါ့အတွက် ဘာမှ မဖြစ်နိုင်ဘူး…”

All Chapters