သစ်သားစဦးဝိညာဉ်
Vol. 47 Ch. 651
ဟန်လိ၏တိုက်ချက်ကြောင့် အစိမ်းရောင်အရိပ်သည် နည်းနည်းလေးမျှ ထိခိုက်သွားခြင်းမရှိပေ။ ၎င်းက ဟန်လိကို စိုက်ကြည့်နေ၏။
ဟန်လိက နှာမှုတ်ကာ ပြောလိုက်သည်။
“ဘဝင်မြင့်ဖို့ စောပါသေးတယ်။ နင်သာ ငါ့ရဲ့စဦးစိတ်ဝိညာဉ်ကို အမှန်တကယ် ဝါးမြိုနိုင်တယ်ဆို ကြွားဝါမနေဘဲ လှုပ်ရှားနေပြီးလောက်ပြီ။ ငါ ခန့်မှန်းတာသာ မမှားဘူးဆို နင်ဟာ အဆင့်နိမ့်ကျင့်ကြံသူတွေရဲ့ စိတ်ဝိညာဉ်တွေကိုပဲ ဝါးမြိုနိုင်တာမလား။ ကျင့်ကြံသူတစ်ယောက်ရဲ့ စဦးစိတ်ဝိညာဉ်ကို ဝါးမြိုမဲ့အကြောင်းပြောတာဟာ အရမ်းစိတ်ကူးယဉ်သလို ဖြစ်နေပြီ။ နင်ဟာ အရင်တုန်းက အဲ့လို လုပ်ကောင်းလုပ်နိုင်ခဲ့လိမ့်မယ်။ ဒါပေမဲ့ ခုလက်ရှိမှာတော့ နင်က စိတ်ပဲရှိတော့တယ်။ ခန္ဓာကိုယ်က အားနည်းလွန်းနေတယ်။ ဆိုတော့ အပိုတွေ ပြောမနေတော့နဲ့။ နင် ငါ့ရဲ့ ဒီဓားပျံတွေကို ရင်ဆိုင်နိုင်လား ကြည့်ကြည့်ရတာပေါ့…”
ဟန်လိ၏စကားများက ထိုအရိပ်ကို မျက်နှာပျက်ကာ ဒေါသထွက်သွားစေသည်။
သည်အခိုက်တွင် ဟန်လိသည် သူ့အထက်ရှိ ဓားပျံများထံ လက်ညွှန်လိုက်သည်။ ဓားပျံအလက်နှစ်ဆယ်သည် မိုးပြာအလင်းတန်းအဖြစ်ပြောင်းကာ ရှေ့သို့တန်းမတ်စွာ ထိုးထွက်သွားသည်။ နေရာတွင်ရပ်နေသော အစိမ်းရောင်အရိပ်ငယ်က အမူအရာပျက်သွားသည်။ ဓားအလင်းတန်းဒါဇင်ချီသည် ၎င်းထံ ထိုးစိုက်လာပြီး မရေမတွက်နိုင်သောအမျှင်တန်းများအဖြစ် ကွဲထွက်သွားသည်။ ယင်းအမျှင်တန်းများသည် လေထဲတွင် ရစ်သိုင်းကာ တောက်ပလာသည်။ ထိုအဖြစ်က ဟန်လိကို သတိကြီးစွာ ထားသွားစေ၏။
တအောင့်အကြာတွင် ထိုအမျှင်တန်းများထံမှ စိတ်ရှုပ်ထွေးနေသည့်ရယ်သံတစ်သံ ထွက်ပေါ်လာပြီး အလင်းရောင်များ တဖြတ်ဖြတ် တောက်ပကာ အရိပ်ငယ်သည် ၎င်း၏မူလအသွင်အတိုင်းပြန်ဖြစ်သွားလေသည်။
၎င်းအရိပ်သည် ဟန်လိ၏စကားများကြောင့် ဒေါသပုန်ထသွားဟန်တူသည်။ ၎င်းက ပြောလာ၏။
“ဟားဟား….မဆိုးပါဘူး…မဆိုးပါဘူး…။ နင့်ရဲ့ဓားပျံတွေက ရွှေလျှပ်စီးဝါးကနေ ဖန်တီးထားတာပဲ။ နင့်မှာ ဒီလောက်အရေအတွက်ထိ ဘယ်လိုလုပ် ပိုင်ဆိုင်ထားမှန်း ငါ မသိပေမဲ့ ဒီဓားတွေသက်သက်နဲ့ ငါ့ကို ထိခိုက်မယ်ထင်ရင်တော့ ဉာဏ်နည်းလွန်းရာကျသွားလိမ့်မယ်။ ငါက စကားကြီးစကားကျယ် ပြောနေရုံသက်သက်မဟုတ်မှန်း နင် သိစေရမယ်…”
ထိုအရိပ်သည် ၎င်း၏လက်နှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခုကို ဖွဲ့စည်းလိုက်တော့သည်။ အစိမ်းရောင်အလင်းများ တောက်ပဖြာထွန်းသွားသည်။ သို့သော် ၎င်း၏ပညာရပ်ကို အပြီးသတ် မထုတ်ဖော်ရသေးခင်မှာပင် တောက်ပသောအလင်းများကို ၎င်း၏ဦးခေါင်းထက်၌ တလက်လက်တွေ့ရသည်။ ဓားဆယ့်နှစ်လက်က လျှပ်စီးနှင့်အတူ သက်ဝင်လှုပ်ရှားလာပြီး ရွှေရောင်ပိုက်ကွန်အသွင်ဖွဲ့စည်း၍ ၎င်းအရိပ်ထံ ဦးတည်ဝင်ရောက်လာသည်။
“ဟားဟား…ဒီဂျူနီယာက လက်မလျော့သေးဘူးလား။ နတ်လျှပ်စီးက ငါ့အပေါ် သက်ရောက်မှုမရှိဘူးလို့ ငါ မပြောခဲ့ဘူးလား။ နေဦး…နင်…နင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ…”
အရိပ်ထံမှ မိန်းကလေးဆန်သောအသံတစ်သံထွက်ပေါ်လာသည်။ ယင်းအသံ၌ အကြောက်တရားတို့ပြည့်နှက်နေပုံပေါ်သည်။
ရွှေရောင်လျှပ်စီးပိုက်ကွန်သည် မျှော်လင့်ထားသလို မပေါက်ကွဲသွားခဲ့ပေ။ ယင်းအစား ၎င်းက အရိပ်ငယ်ကို ခိုင်မာတင်းကြပ်စွာ ချုပ်နှောင်ပစ်လိုက်လေ၏။ အရိပ်သည် အခြေအနေမဟန်တော့ကြောင်း ကောင်းကောင်းသိပြီး ခုခံရုန်းကန်ရန် ကြိုးစား၏။ သို့သော် ၎င်း၏ရုန်းကန်မှုမှာ အချည်းနှီးပင်။ ခဏအကြာတွင် ၎င်းသည် ရွှေရောင်အလုံးဖြင့် ချုပ်နှောင်ခြင်းကို ခံလိုက်ရပြီး ဖြစ်သည်။
ထိုအဖြစ်ကိုမြင်မှ ဟန်လိသည် မချိပြုံးပြုံးနိုင်တော့၏။ ဤနတ်မိစ္ဆာဖယ်ရှားခြင်းလျှပ်စီးပိုက်ကွန် ပညာရပ်မှာ ဟန်လိတွေ့ရှိခဲ့တာကြာပြီ ဖြစ်၏။
ရွှေရောင်လျှပ်စီးဝါးမှာ အလွန်ရှားပါးသောကြောင့် ၎င်းဝါးတစ်ချောင်း၊နှစ်ချောင်းဖြင့် မှော်ပစ္စည်းတစ်ခု၏အစီအရင်တွင်သာ အသုံးပြုနိုင်ခဲ့သည်။ နတ်လျှပ်စီးပမာဏ၌ အကန့်အသတ်ရှိသောကြောင့် ၎င်းတို့ကို မိစ္ဆာနှင့်မကောင်းဆိုးဝါးပညာရပ်များကို တိုက်ခိုက်ရာ၌ ဝှက်ဖဲတစ်ခုအဖြစ်သာ အသုံးပြုနိုင်ခဲ့၏။ သည့်အပြင် အခုကဲ့သို့ လျှပ်စီးပိုက်ကွန်ကြီးတစ်ခုကို ဖွဲ့စည်းနိုင်ရန် နတ်မိစ္ဆာဖယ်ရှားခြင်းလျှပ်စီးများ ပါဝင်သည့် ဝါးဆယ်ချောင်းကျော်အသုံးပြုရမည် ဖြစ်သည်။ ထို့ကြောင့် ဟန်လိသည် သည့်အရင်တုန်းက ၎င်းအစွမ်းသတ္တိကို အသုံးပြုနိုင်စွမ်း မရှိခဲ့ပေ။
နတ်မိစ္ဆာဖယ်ရှားခြင်းလျှပ်စီးကို နှစ်ပေါင်းများစွာ ထိန်းချုပ်ခဲ့ပြီးနောက် ဟန်လိသည် ၎င်း၌ မိစ္ဆာနှင့်မကောင်းဆိုးဝါးပညာရပ်များကို ဖိနှိပ်နိုင်သည့် ၎င်း၏ဗီဇစွမ်းရည်သာမက ဓာတ်ငါးပါးကိုလည်း ထိန်းချုပ်နိုင်သော အံ့အားသင့်ဖွယ်စွမ်းရည်များ ပိုင်ဆိုင်ထားမှန်း သိလာခဲ့ပေသည်။ မီးတောက်ဖြစ်စေ၊ လေစွမ်းအင်ဖြစ်စေ ဤနတ်လျှပ်စီးစွမ်းရည်ဖြင့် ထိန်းချုပ်ပစ်၍ ရပေသည်။ မမျှော်လင့်သော ဤတွေ့ရှိချက်က ဟန်လိကို များစွာ ပျော်ရွှင်ကျေနပ်စေခဲ့၏။
သူသည် အမြုတေဖွဲ့စည်းခြင်းအဆင့်တွင် ရှိခဲ့စဉ်က သူ၏ကျင့်ကြံမှုအဆင့် လိုအပ်ချက်ကြောင့် လျှပ်စီးပိုက်ကွန်ကို စိတ်ရှိသလို အသုံးမပြုနိုင်ခဲ့ပေ။ သို့သော် လက်ရှိသူ့ခွန်အားနှင့် စိတ်ဝိညာဉ်အာရုံကြောင့် ယင်းက ပြဿနာမဟုတ်တော့ချေ။
ဟန်လိသည် ထိုအရိပ်ငယ်မှာ မည်သည့်နေရာမှ ရောက်လာမှန်းမသိသော်လည်း ၎င်းမှာ အသွေးအသားလည်းမဟုတ်၊ တစ္ဆေသရဲလည်းမဟုတ်မှန်း၊ ကျင့်ကြံသူတစ်ယောက်၏စဦးစိတ်ဝိညာဉ်ထံမှ ထူးထူးခြားခြားအသွင်ပြောင်းလဲလာသည့်တည်ရှိမှုတစ်ခု ဖြစ်နိုင်ခြေများမှန်း သိသည်။ ထိုအတွေးကြောင့် သူက ဤပိုက်ကွန်ကို အသုံးပြုကြည့်ခဲ့ခြင်းပင်။
ယင်းအရိပ်ငယ်အတွက် ကံဆိုးသည်မှာ ၎င်းသည် နတ်မိစ္ဆာဖယ်ရှားခြင်းလျှပ်စီး၏ဒဏ္ဌာရီကို ကြားဖူးသော်လည်း ၎င်း၏လျှို့ဝှက်ဂိုဏ်သတ္တိကို သတိမပြုမိခဲ့ပေ။ သို့မဟုတ်ပါက ယင်းစဦးနတ်ဆိုးဖြစ်သော ၎င်း၏ခန္ဓာကိုယ်ဖြင့် သူ့တိုက်ခိုက်မှုကို လက်လွတ်စပယ် ခံယူခဲ့လိမ့်မည် မဟုတ်ချေ။ မျက်စိတစ်မှိတ်အတွင်း ဤပုံရိပ်ငယ်သည် လွယ်လင့်တကူ ထိန်းချုပ်ခံခဲ့ရပြီး ဖြစ်၏။
ထိုအရိပ်ကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်တာ မြင်သည့်အခါ ဟန်လိက ပြုံးသည်။ ယင်းနောက် သူသည် လက်ပင့်မြှောက်ကာ မိုးပြာမြူတစ်ခုအဖြစ် ထုတ်လွှတ်ပြီး ရွှေရောင်အလုံးအား လက်ထဲ၌ သိမ်းဆည်းလိုက်သည်။
ရွှေရောင်စက်ဝန်းသည် မသိမသာ တုန်ခါသွားလေ၏။ ၎င်းထံမှ ဒေါသတကြီး နားစည်စူးလောက်သောအသံတစ်သံကို ကြားရ၏။
“နင်က…ဒီအဘွားအိုကို ထိန်းချုပ်ဝံ့တယ်လား။ ငါ့ကို မြန်မြန်လွှတ်ပေးစမ်း…မဟုတ်ရင် ငါ နင့်စိတ်ဝိညာဉ်ကို သန့်စင်ပြီး သေတာထက်စိုးတဲ့ ကံကြမ္မာကို ကြုံခိုင်းလိုက်မယ်…”
ဟန်လိက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“ငါ့စိတ်ဝိညာဉ်ကို သန့်စင်မယ်တဲ့လား။ နင်က ကိုယ့်အခြေအနေကို မသိတာလား။ နင် စိတ်ပုံမှန်ပြန်ဖြစ်သွားမှပဲ အဲ့အကြောင်း ထပ်ပြောကြတာပေါ့…”
ထိုသို့ပြောပြီး သူ့လက်ထဲမှ လျှပ်စီးတန်းတစ်ခု ထိုးထွက်လာသည်။ မိုးကြိုးသံများကိုလည်း ကြားရလေ၏။ ရွှေရောင်အလုံး ပတ်ပတ်လည်၌ လျှပ်စီးအမျှင်တန်းများစွာ ရစ်သိုင်းသွားပြီး သူ့ဓားလျှပ်စီးများ၏တစ်ဝက်ကျော်ကို ကန့်သတ်ပစ်သည်။ သူက ကျေနပ်သည့်ဟန် ဖြစ်ပေါ်သွား၏။
ရွှေရောင်အလုံးထံမှ မိန်းမပျိုအသံကို ထပ်မံမကြားရတော့သည့်အခါမှ ဟန်လိသည် သူ့သိုလှောင်အိတ်ထဲမှ အဖြူရောင်ကျောက်စိမ်းတစ်ခုကို ထုတ်ယူပြီး ချိပ်ပိတ်ထားသောရွှေရောင်အလုံးကို ၎င်းထဲသို့ ထည့်သိမ်းထားလိုက်သည်။ ထို့နောက် သူသည် အဆောင်အတားအဆိးအချို့ကို ထုတ်ယူပြီး သေတ္တာအပေါ်၌ နေရာချသည်။
ဟန်လိသည် သူ့လက်ထဲရှိ ကျောက်စိမ်းသေတ္တာကို ချိန်ဆကြည့်လိုက်၏။ သူ့အမူအရာမှာ ပုံမှန်ပြန်ဖြစ်သွားသည်။ ကျောက်စိမ်းသေတ္တာကို သိမ်းဆည်းပြီးနောက် ဟန်လိသည် စိတ်ဝိညာဉ်မဲ့နေသောလူဝကျင့်ကြံသူ၏ခန္ဓာကိုယ်ကို တစ်ချက်ကြည့်၍ ၎င်းအား မီးလုံးဖြင့် ပြာချပစ်လိုက်သည်။ ထို့နောက် သူသည် မြို့ငယ်ရှိရာအရပ်သို့ တည်ငြိမ်စွာ ပျံသန်းလာခဲ့သည်။
ခဏအကြာတွင် ဟန်လိသည် တည်းခိုခန်းရှိရာသို့ အေးအေးဆေးဆေး ပြန်လာပြီး မွေးနေ့ပွဲကို စောင့်နေလိုက်တော့သည်။
များမကြာမီ ယွမ်ဝူမြို့ထဲ၌ ဟိုလေးတကြော်ဖြစ်သွားသော ကိစ္စရပ်တစ်ခု ပေါ်လာခဲ့ပေသည်။ ထိုသတင်းမှာ နာမည်ဆိုးဖြင့်ကျော်ကြားသော လေလွင့်ကျင့်ကြံသူများဖြစ်ကြသည့် ပိုင်ရီမိစ္ဆာနှစ်ဖော်သည် မြို့မှ လုံးဝ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားကြသည့်အကြောင်းပင်။ သူတို့နှင့်ပတ်သက်သည့် သဲလွန်စအရိပ်အယောင်ကို လုံးဝ မတွေ့ရတော့ပေ။ ထိုအချက်က ယင်းကျင့်ကြံသူနှစ်ယောက် သေဆုံးသွားကြောင်းကို မီးမောင်းထိုးပြနေ၏။
ထိုသတင်းများ ပျံ့နှံ့လာချိန်၌ မြို့ထဲရှိလေလွင့်ကျင့်ကြံသူများသည် ဝမ်းသာအားရဖြစ်ကုန်ကြ၏။ ထိုနှစ်ယောက်မှာ ဂိုဏ်းတစ်ခုကို ရန်စမိ၍ အသက်ခံခဲ့ရသည်ဟူ၍လည်းကောင်း၊ သူတို့၏နာမည်ဆိုးကြောင့် ဖြတ်သွားဖြတ်လာ ကျမ်းကျင်သူတစ်ယောက်၏ သတ်ဖြတ်ခြင်းခံခဲ့ရသည်ဟူ၍လည်းကောင်း သတင်းစကားများ ထွက်ပေါ်ခဲ့ကြ၏။
...
ထျန်လော့ဒေသနှင့် ကီလိုမီတာထောင်ချီအကွာတွင် မိစ္ဆာနတ်ဆိုးတာအိုဂိုဏ်း၏ဌာနချုပ်တစ်ခုရှိ၏။ ထျန်လော့ဒေသ အနောက်ဘက်အရပ်ရှိ မဟာစိတ်ဝိညာဉ်တောင်တန်းများသည် ကီလိုမီတာထောင်ချီကို ခြုံလွှမ်းထား၏။ ထိုတောင်တန်းများသည် တောနက်ပြီး စိတ်ဝိညာဉ်သားရဲမြောက်များစွာနှင့် အဆိပ်ရှိသားရဲများစွာ နေထိုင်ကျက်စားလျက်ရှိသည်။ ယင်းနေရာသည် ဝိညာဉ်ထိန်းချုပ်ဂိုဏ်း၏ တည်နေရာလည်း ဟုတ်၏။ စဦးနတ်ဆိုးကို ချိပ်ပိတ်ပြီးပြီးချင်း ပိန်းပိန်းမှောင်နေသောကျောက်သားအခန်းထဲမှ အဘိုးအိုတစ်ယောက်၏ ဒေါသတကြီးအော်သံတစ်သံကို ကြားရလေ၏။
“ဘယ်ကောင်လဲကွ။ ဘယ်သူက သစ်သားစဦးစိတ်ဝိညာဉ်ကို ချုပ်နှောင်ပစ်ဝံ့တာလဲ။ ငယ်သားတွေ…ယွမ်ဝူဒေသက စိတ်ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းဝင်တွေဆီ မြန်မြန်ဆက်သွယ်စမ်း။ သုံးလအတွင်း သစ်သားစဦးစိတ်ဝိညာဉ်ကိုအဲ့ကောင်တွေ မရှာနိုင်ဘူးဆို အပြစ်ပေးတဲ့အနေနဲ့ သူတို့ကိုယ်သူတို့ သက်သေခိုင်းလိုက်…။ ပြီးတော့ မိစ္ဆာမီးတောက်ဂိုဏ်းအနေနဲ့ ဒီကိစ္စကို သတိမပြုမိအောင်လည်း သတိထားခိုင်းလိုက်ဦး…”
ထိုအဘိုးအိုသည် ဒေါသထွက်နေသော်ငြား သူ့အမိန့်များကာ ပြတ်သား၏။
“အမိန့်အတိုင်းပါ…သိုင်းစီနီယာ…။ အမိန့်အတိုင်း ဆောင်ရွက်လိုက်ပါ့မယ်…”
အခန်းအပြင်ဘက်မှ အမျိုးသားတစ်ယောက်၏အသံ ထွက်ပေါ်လာ၏။
အဘိုးအိုက ဆက်ပြောလာသည်။
“ငါ ပြောလို့ မပြီးသေးဘူး။ ယွမ်ရှီနဲ့ လျှိုယုတို့ကိုလည်း ယွမ်ဝူဒေသဆီ သွားခိုင်းလိုက်ဦး။ သူတို့နှစ်ယောက်က သစ်သားစိတ်တိညာဉ်ရင်းမြစ်တွေ ပိုင်ဆိုင်ထားတဲ့အတွက် သစ်သားစဦးစိတ်ဝိညာဉ်အတွက် အသင့်တော်ဆုံးခန္ဓာကိုယ်ပဲ။ သူတို့ကသာ သစ်သားစဦးစိတ်ဝိညာဉ်ရဲ့ အနီးအနားကို ရောက်သွားတယ်ဆို တစ်ခုခုတော့ ခံစားမိနိုင်ကြမှာပဲ။ ဒါပေမဲ့ အဲ့အမျိုးသမီးနှစ်ယောက်ကိုလည်း သတိထားခိုင်းဦး။ သစ်သားစဦးစိတ်ဝိညာဉ်ကို ထိန်းချုပ်နိုင်တဲ့ ဘယ်သူမဆို စွမ်းအားကြီးတဲ့သူပဲ။ သူတို့နှစ်ယောက်က အဲ့လူကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ သူတို့အနေနဲ့ သစ်သားစဦးစိတ်ဝိညာဉ်ကို ချုပ်နှောင်ထားတဲ့သူကို ရှာတွေတာနဲ့ ငါကိုယ်တိုင် သွားပြီး ရင်ဆိုင်မယ်…”
အမျိုးသားတစ်ယောက်၏အသံသည် တလေးတစားဖြင့် တုံ့ပြန်သည်။
“ကောင်းပြီ…ကျနော် ဂျူနီယာညီမနှစ်ယောက်ဆီ ကိုယ်တိုင်သွားပြောလိုက်ပါ့မယ်။ ကျနော် ခုပဲ သွားလိုက်ပါ့မယ်…”
အမျိုးသားတစ်ယောက်၏ ခြေသံများသည် အကွာအဝေးတစ်ခုထံ တဖြည်းဖြည်း ရောက်သွားပြီးနောက် အခန်းထဲ၌ သက်ပြင်းချသံ ကြားရလေ၏။ ယင်းနောက် အမှောင်ထုမှာ တစ်ဖန်ငြိမ်သက်တိတ်ဆိတ်သွား၏။
ခရမ်းလမ်းတောင်တန်း၏ခရမ်းရောင်မြူများ ကွယ်ဖုံးထားသည့်နောက်ကွယ်တွင် ဖူဂိုဏ်းချုပ် ဖူထျန်ဟွာသည် စိတ်အားတက်ကြွသည့်ဟန်ပန်ဖြင့် ရှိနေသည်။ သူက ဂိုဏ်းရှိဂျူနီယာအားလုံးကို ကြင်ကြင်နာနာမျက်နှာပေးဖြင့် ကြည့်နေ၏။ ထို့ကြောင့် ဂျူနီယာများမှာ စိတ်လက်ချမ်းမြေ့နေကြ၏။ သူတို့အားလုံးသည် သူတို့ဂိုဏ်းချုပ်ဖြစ်သူ၏ တင်းမာခက်ထန်သောမျက်နှာဟန်အမူအရာဖြင့် နေသားကြနေခဲ့ပြီး ဖြစ်၏။ ဤသည်မှာ အံ့အားသင့်စရာမရှိပေ။ သိုင်းဘိုးဘေး၏ နှစ်လေးရာပြည့်အခမ်းအနားမှာ မကြာခင် ရောက်လာတော့မည် မဟုတ်လား။ သူသည် ဂိုဏ်းထဲ၌ အသက်ကြီးဆုံးအမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူ ဖြစ်သည်။ မိစ္ဆာမီးတောက်ဂိုဏ်းမှ ကိုယ်စားလှယ်များသည် သူ့မွေးနေ့အခမ်းအနားကို ဂုဏ်ပြုရန် ယနေ့တွင် ရောက်လာကြတော့မည် ဖြစ်သည်။ ထိုအချက်က ဖူဂိုဏ်း၏ဂုဏ်သိက္ခာကို တိုးစေမည် ဖြစ်၏။
ဖူဂိုဏ်းမှ ဂျူနီယာများသည် ပေါ့ပေါ့ဆဆ မနေဝံ့ကြပေ။ သူတို့သည် ရဲတိုက်ပတ်ပတ်လည်တွင် လုပ်စရာရှိတာ၊ပြင်ဆင်စရာရှိတာကို အကောင်းဆုံး ပြင်ဆင်နေကြသည်။ သို့မှသာ ဤမွေးနေ့အခမ်းအနား၌ ဂိုဏ်းဘိုးဘေးမျက်နှာမပျက်မှာ မဟုတ်ပါလား။
ဖူဂိုဏ်းဘိုးဘေးသည် ရဲတိုက်ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် အတော်လေး ကျေနပ်သွားဟန်တူသည်။ ထို့နောက် သူက ဂျူနီယာသုံးလေးယောက်နှင့်အတူ ဘေးနားရှိ ခန်းမတစ်ခုထဲ ဝင်လာ၏။
စူးရှသည့်အကြည့်ကို ပိုင်ဆိုင်ထားသော ဖူဂိုဏ်းခေါင်းဆောင်သည် အခန်းထဲရှိ လက်မီကုလားထိုင်ပေါ်တွင် ထိုင်၍ ဖြည်းဖြည်းချင်း ပြောလာသည်။
“ချင်းအား…မိစ္ဆာမီးတောက်ဂိုဏ်းက လူကြီးမင်းတွေ…ခုထိ ရောက်မလာသေးဘူးလား။ သူတို့အလုပ်ရှုပ်နေကြတာလား…”
သူ့အသံက မကျယ်လောင်သော်ငြားလည်း ထည်ဝါမှုအပြည့်ပင်။ ဖူဂိုဏ်းကိုနှစ်ပေါင်းရာချီ ဦးဆောင်ခဲ့သူ ပီသ၏။
“လေးစားရပါသောဘိုးဘေးခင်ဗျာ…မိစ္ဆာမီးတောက်ဂိုဏ်းရဲ့ စီနီယာစွန်က သူ့တပည့်တစ်ယောက်နဲ့ ကာကွယ်သူမိုတို့ကို ဂုဏ်ပြုဖို့အတွက် လွှတ်လိုက်ပြီလို့ ပြောပါတယ်။ ဒါပေမဲ့ သူတို့ရောက်ဖို့ တစ်ရက်၊နှစ်ရက်လောက်တော့ ကြာပါဦးမယ်…”
ဖြူရော်ရော်နှင့်အသက်လေးဆယ်ဝန်းကျင်ခန့်ရှိမည့် ကျင့်ကြံသူတစ်ယောက်သည် အကူအညီမဲ့စွာဖြင့် အလျင်စလို ပြန်ဖြေလိုက်သည်။