နိမိတ်
Vol. 47 Ch. 652
သားသားနားနားဝတ်ဆင်ထားပြီး မျက်ခုံးပါးပါးနှင့်အဘိုးအိုက ထပ်ဆောင်းပြောလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ်…သိုင်းဘိုးဘေးအနေနဲ့ စိတ်ပူဖို့ မလိုပါဘူး။ ဖူဂိုဏ်းက စီနီယာစွမ်းတို့၊မိုတို့နဲ့ နှစ်ပေါင်းတစ်ရာကျော် ခိုင်မာတဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်ထားခဲ့ပြီးသားပဲ။ သူတို့ သိပ်မကြာခင် ရောက်လာကြမှာပါ။ သူတို့ဂိုဏ်းရဲ့ လက်ရှိအဆင့်အတန်းမြင့်မားမှုကြောင့် ကျနော်တို့က သူတို့နဲ့ရင်းနှီးရမယ်လို့ ယူဆခဲ့ကြတာပဲလေ။ ဒါ့အပြင် ကျနော်တို့က ဂိုဏ်းရဲ့ အထူးချွန်ဆုံးအမျိုးသမီးတပည့်တွေထဲက နှစ်ယောက်ကိုတောင် သူတို့ရဲ့ကိုယ်လုပ်တော်အဖြစ် ပို့ဆောင်ပေးခဲ့တာပဲ။ သူတို့မလာရင်…ရှက်သင့်တာပေါ့…”
ဖူဂိုဏ်းဘိုးဘေးက သူ့မုတ်ဆိတ်ရှည်ကို ကိုင်၍ တွေးတွေးဆဆ ပြောလာ၏။ ထိုသို့ပြောနေစဉ် သူ့မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွားသေးသည်။ သူ၏အစောပိုင်းတုန်းက နွေးထွေးကြင်နာသောအပြုံးမှာလည်း ပျောက်ကွယ်သွားခဲ့လေပြီ။
“အစ်ကိုစွန်းနဲ့အစ်ကိုမိုတို့ လာတာ၊မလာတာကို ကျုပ် စိတ်ပူနေတာ မဟုတ်ဘူး။ ကျုပ် စိတ်ထဲထင့်နေတာ။ မွေးနေ့ရပ်နီးကပ်လာတာနဲ့အမျှ ကိစ္စကြီးတစ်ခုခု ဖြစ်လာတော့မယ်လို့ စိတ်ထင်နေတာ။ အဲ့ကိစ္စကိုပဲ ကျုပ် စိတ်ပူနေတာ။ ကျုပ်တို့ဖူဂိုဏ်းက မကြာသေးခင်က အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ယောက် ဒါမှမဟုတ် ဂိုဏ်းကြီးတစ်ခုခုကို ရန်စမိတာမျိုး ရှိခဲ့သေးလား…”
သူ ထိုသို့ပြောလာသည့်အခါ ခန်းမထဲရှိ လူများသည် တစ်ဦးနှင့်တစ်ဦး အကြောင်သားကြည့်မိကုန်သည်။ အချိန်အတော်ကြာပြီးနောက် မျက်နှာဖြူရော်ရော်နှင့်လူတစ်ယောက်က သေချာစဉ်းစားပြီး ပြန်ဖြေသည်။
“မြင့်မြတ်လှတဲ့…ဘိုးဘေးခင်ဗျာ။ ဘိုးဘေးလည်း သိပြီးသားပဲ။ ကျုပ်တို့ဖူဂိုဏ်းက နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာတဲ့တစ်လျှောက် မျိုးနွယ်စုငယ်တွေ၊ ဂိုဏ်းငယ်တွေကို ရန်စမိတာမျိုး ရှိခဲ့ပေမဲ့ ကျုပ်တို့ကို ရန်အလိုဆုံးက ချင်းမျိုးနွယ်စုနဲ့ ဟူမျိုးနွယ်စုတို့ပဲ ရှိကြတာလေ။ သူတို့ကများ တစ်ခုခု ကြံစည်နေတာများလား…”
“အဲ့မျိုးနွယ်စုနှစ်စု မဟုတ်တာ သေချာတယ်။ ဒီမျိုးနွယ်စုနှစ်စုက ကျုပ်တို့နဲ့ အချိန်တစ်ခုထိ သူမသာကိုယ်မသာ ယှဉ်နိုင်ခဲ့ပေမဲ့ အခုသူတို့မှာ အဆင့်မြင့်ကျင့်ကြံသူ များများစားစား မရှိကြတော့ဘူး။ သူတို့မှာ ကျုပ်တို့ကို ဒုက္ခပေးနိုင်တဲ့ အစွမ်းမျိုး မရှိကြတော့ဘူး…”
ဖူဂိုဏ်းဘိုးဘေးက မျက်နှာဖြူရော်ရော်နှင့်လူ၏စကားကို ငြင်းဆန်လိုက်သည်။ သို့သော် မကြာခင် သူ မျက်မှောင်ကြုတ်သွားသည်။ တွေဝေတုံ့ဆိုင်းနေပြီးမှ သူက ဆက်ပြောလာသည်။
“ဒါပေမဲ့…တခြားဂိုဏ်းငယ်တွေနဲ့ သူတို့ ပူးပေါင်းလိုက်မယ်ဆိုရင်တော့ ကျုပ်တို့ကို တိုက်ခိုက်လာနိုင်စွမ်း ရှိသွားနိုင်တယ်။ သူတို့က ကျုပ်တို့ဂိုဏ်းရဲ့ အင်အားကို အများကြီးထိခိုက်သွားအောင် လုပ်နိုင်လိမ့်မယ်…”
“တကယ်တော့ မိစ္ဆာမီးတောက်ဂိုဏ်းရဲ့ မျက်နှာသာပေးမှုကြောင့် ကျုပ်တို့ဖူဂိုဏ်းက အဲ့မျိုးနွယ်စုနှစ်စုက ကျင့်ကြံသူ အများအပြားကို သတ်ဖြတ်ခဲ့တာပဲလေ။ ခုလက်ရှိမှာ ချင်းနဲ့ဟူမျိုးနွယ်စုတို့ဟာ နောက်ခံကင်းမဲ့နေပြီး ခြေရာလက်ရာဖျောက်နေကြရတာ။ ကျုပ်တို့အပေါ် သူတို့ထားတဲ့ အမုန်းတရားကြောင့် ဒီကိစ္စဟာ မဖြစ်လာနိုင်တာမျိုးတော့ မဟုတ်နေဘူး…”
ထိုသို့ပြောနေရင်း ဖူဂိုဏ်းဘိုးဘေး၏အမူအရာမှာ ပျက်ယွင်းလာသည်။
သားသားနားနားဝတ်ထားသောအဘိုးအိုက သတိထား၍ မေးလိုက်သည်။
“ဘိုးဘေးဆိုလိုတာက…”
ဖူဂိုဏ်းဘိုးဘေးက ခုံနောက်သို့ မှီချလိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။ ထို့နောက် သူက ကြေညာချက်ထုတ်၏။
“ငါတို့က အပြင်ပိုင်းမှာတော့ တည်ငြိမ်သလို ရှိနေရလိမ့်မယ်။ ဒါပေမဲ့ နောက်ကွယ်မှာတော့ သတိပေါ့လို့မရဘူး။ ကင်းစောင့် အရေအတွက်ကို နှစ်ဆတိုးလိုက်။ ပြီးတော့ အကာအကွယ်အစီအရင်ကိုလည်း ချက်ခြင်းအသက်သွားနိုင်အောင် စစ်ဆေးထား။ အထူးသဖြင့် နောက်ခံသေချာမသိရတဲ့ လေလွင့်ကျင့်ကြံသူတွေကိုလည်း သတိထားရမယ်…”
“ကောင်းပါပြီ…စီစဉ်လိုက်ပါ့မယ်…” မျက်နှာဖြူဖြူနှင့်ကျင့်ကြံသူက ချက်ခြင်း သူ့အမိန့်ကို လက်ခံသည်။ ဖူဂိုဏ်းဘိုးဘေးက စိတ်အခြေအနေကောင်းမနေတာ မြင်သည့်အခါ ကျန်သည့်ဂိုဏ်းရှိဂျူနီယာအားလုံးသည် အသက်ပင်ကျယ်ကျယ်မရှုဝံ့ဘဲ နေရာတွင်သာ ရပ်နေကြသည်။
ဘိုးဘေးက ရုတ်တရက် ပြောလာ၏။
“ထျန်ယွမ်…တတိယဦးလေးကို ဆင့်ခေါ်လိုက်ဦး။ သူ့သိုလှောင်အိတ်နဲ့အတူ သံပုခုံးသားရဲကိုပါထည့်ပြီးတော့ မွေးနေ့ပွဲဆီ ယူလာခိုင်းလိုက်။ သူတစ်ယောက်ပဲ ကျုပ်တို့ဖူဂိုဏ်းရဲ့ ဂိုဏ်းအကာအကွယ်သားရဲကို ထိန်းချုပ်နိုင်တာ…”
သားသားနားနားဝတ်ထားသည့်အဘိုးအိုက ဝင်မပြောဘဲ မနေနိုင်တော့ပေ။
“အန်…သိုင်းဦးလေးက မွေးနေ့ပွဲအတွင်း တတိယဦးလေးကို အနှောက်အယှက်မပေးဖို့ ပြောထားတယ်မလား။ ဘာလို့ဆို သူ့ကျင့်ကြံမှုအဆင့်က ခုလက်ရှိမှာ အရေးကြီးတဲ့အခိုက်အတန့်ကို ရောက်နေတယ်မလား…”
ဖူဂိုဏ်းဘိုးဘေးသည် အေးတိအေးစက် ပြောလိုက်သည်။
“ပြောခဲ့တာက ပြောခဲ့တာပဲ။ အခုက အခုပဲ။ ကျင့်ကြံသူတွေဟာ ပေါ်လာနိုင်တဲ့ ဘေးကပ်ဆိုးကို အမြဲတမ်းခန့်မှန်းနိုင်နေတာ မဟုတ်ပေမဲ့ လူတစ်ယောက်ရဲ့ အလိုလိုသိစိတ်ဆိုတာ ရှိတယ်။ ဆိုတော့ ဖူဂိုဏ်းဘေးကပ်ဆိုး ကြုံရမှာထက် သံသယလွန်ကဲစိတ်ထားလိုက်တာဟာ ဒီအဘိုးအိုအတွက် ပိုကောင်းတယ်…”
ဖူဂိုဏ်းဘိုးဘေးက ဒေါသထွက်လာတော့မည့်ဟန် မြင်သည့်အခါ အဘိုးအိုသည် နာခံစွာ သဘောတူသည်။
“ကောင်းပါပြီ…ဘိုးဘေး။ ကျနော် ခုပဲ တတိယဦးလေးကို တံခါးပိတ်ကျင့်ကြံရာကနေ သွားခေါ်လိုက်ပါ့မယ်…”
သူက ထိုသို့ပြောပြီး ချက်ခြင်းထွက်သွားတော့သည်။
ထို့နောက် ဖူဂိုဏ်းဘိုးဘေးသည် နောက်ထပ်အမိန့်များထပ်ပေးပြန်သည်။ သို့မှသာ သူက စိတ်အေးနိုင်တော့၏။
စိတ်ထင့်နေခြင်းအတွက် ကြိုတင်ပြင်ဆင်မှုများစွာ ပြုလုပ်ပြီးနောက်တွင် သူသည် ကိစ္စရပ်များကို ကောင်းကောင်းသတိထားကိုင်တွယ်ပြီးဟု ခံစားမိသည်။
ခရမ်းလမ်းတောင်တန်း၏အပြင်ဘက်ရှိ တောင်ကတုံးတစ်ခုပေါ်တွင် လေလွင့်ကျင့်ကြံသူ အယောက်သုံးဆယ်ကျော်အုပ်စုတစ်စု ရှိနေကြသည်။ သူတို့သည် ခရမ်းမြူများကို လက်ညှိုးထိုး၍ စကားပြောနေကြသည်။ ဟန်လိလည်း ထိုအုပ်စုထဲ၌ ပါဝင်၏။ သူက ပတ်ဝန်းကျင်ကို တိတ်တဆိတ် စူးစမ်းနေသည်။
ဟန်လိသည် ယွမ်ဝူဒေသ၌ အခြေခံတည်ဆောက်ခြင်းအဆင့် လေလွင့်ကျင့်ကြံသူ အရေအတွက် တော်တော်များများကို တွေ့မြင်ရခြင်းကြောင့် အံ့အားသင့်ခဲ့ဖူးသည်။ ယင်းတို့ထဲမှ တစ်ချို့တဝက်ကသာ ဖူဂိုဏ်းဘိုးဘေး၏ မွေးနေ့အခမ်းအနားသို့ ဂုဏ်ပြုရန် လာရောက်ကြတာပင်။ အတိတ်တုန်းကဆို ယွဲ့ဒေသ၌ အခြေခံတည်ဆောက်ခြင်းအဆင့် လေလွင့်ကျင့်ကြံသူများကို မြင်ရခဲသည်။
ယွမ်ဝူဒေသသည် ယွဲ့ဒေသထက် အတော်အတန်ပိုကျယ်ဝန်းသော်လည်း ကွာခြားမှုက မကြီးမားခဲ့ပေ။ သို့သော် နှစ်ပေါင်းတစ်ရာလောက်ကြာပြီးနောက် ယွမ်ဝူဒေသ၏ဖွံ့ဖြိုးတိုးတက်မှုက ဟန်လိကို ခေတ်နောက်ကျကျန်စေသလို ခံစားမိစေသည်။
သို့ရာတွင် ဟန်လိသည် လမ်းမှန်နှင့်မိစ္ဆာတာအိုတို့၏တိုက်ခိုက်မှုအကြောင်းကို သေချာမသိထားသည်သာ ဖြစ်၏။ ထိုတိုက်ပွဲကာလတုန်းက အခြေခံတည်ဆောက်ခြင်းဆေးလုံး အများအပြားကို ချုပ်ကိုင်စုဆောင်းနိုင်ခဲ့ကြသည်။ ယင်းဆေးလုံးများထဲမှ အချို့အဝက်ဆို လေလွင့်ကျင့်ကြံသူများ၏လက်ထဲသို့ ရောက်သွားခဲ့ပေသည်။ သို့ပေမည့် ပြောစရာတစ်ခုရှိသည်မှာ နှစ်တစ်ရာကျော် ကြာခဲ့ပြီးနောက် ဂိုဏ်းများ၊မျိုးနွယ်စုများသည် ပျက်သုဉ်းခဲ့ကြခြင်းပင်။ အမွေအနှစ်များဖျက်စီးခံခဲ့ရသည်။ ထိုအကြောင်းအရင်းများကြောင့် အခြေခံတည်ဆောက်ခြင်းဆေးလုံး အများအပြားသည် ဟိုရောက်သည်ရောက် ဖြစ်ကုန်ကြတာပင်။
ဆေးလုံးအများစုမှာ ဂိုဏ်းများ၊မျိုးနွယ်စုများလက်ထဲ၌ ရှိနေသော်လည်း လေလွင့်ကျင့်ကြံသူများလက်ထဲသို့လည်း ရောက်သွားကြသည်ဖြစ်၍ တိုင်းပြည်တိုင်း၌ အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူ အရေအတွက် တိုးပွားလာခဲ့တာ ဖြစ်၏။ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိနိုင်သည့် လေ့လွင့်ကျင့်ကြံသူအချို့ ရှိလာခဲ့သည်။
လမ်းမှန်တာအို၊ မိစ္ဆာတာအိုနှင့် ကောင်းကင်တာအိုမဟာမိတ်အဖွဲ့တို့ကမူ လေလွင့်ကျင့်ကြံသူများထံမှ ဆေးလုံးပြန်သိမ်းယူမည့်မူဝါဒကို သဘောတူချမှတ်ခဲ့ကြပြီး ခုခံသူများကို ဖိနှိပ်ခဲ့ကြပေသည်။ ထို့ကြောင့် လေလွင့်ကျင့်ကြံသူများသည် အရေအတွက်အားဖြင့် များပြားလာသော်ငြား အရည်အသွေးပိုင်းတွင် ဆက်လက်ကြီးထွားလာနိုင်စွမ်း မရှိတော့ပေ။
ဟန်လိသည် ထိုအကြောင်းကို စဉ်းစားနေရင်း ကောင်းကင်ထက်ရှိ အနီရောင်အလင်းတန်းရှစ်ခုကို ထောက်လှမ်းမိသည်။ ခရမ်းမြူထုအရှေ့သို့ ရောက်လာသည့်အခါ ထိုအလင်းများ ပျောက်ကွယ်၍ မီးတောက်ဝတ်စုံဖြင့် ကျင့်ကြံသူအုပ်စု ပေါ်ထွက်လာသည်။
ထိုအုပ်စုကို အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူနှစ်ယောက်က ဦးဆောင်လာခြင်းပင်။ သူတို့ထဲမှတစ်ယောက်သည် မျက်နှာပြည့်ပြည့်နှင့်ဖြစ်ကာ ဆံပင်ဖြူများပိုင်ဆိုင်ထား၏။ သူ့ခါးတွင် ဘူးသီးခြောက်တစ်ခုကို ချိတ်ဆွဲထား၏။ အခြားတစ်ယောက်ကမူ ရုပ်ရည်ကသာမန်ပင်။ သို့သော် သူ့ထံမှ ခြိမ်းခြောက်နိုင်သည့်အငွေ့အသက်ကို ပေးစွမ်းနေ၏။
လေလွင့်ကျင့်ကြံသူများသည် အသစ်ရောက်လာသူများကိုကြည့်ကာ လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြသည်။ အချို့ဆို ထိုသူများသည် မိစ္ဆာမီးတောက်ဂိုဏ်းမှလူများ ဖြစ်လိမ့်မည်ဟုပင် တီးတိုးပြောဆိုကုန်သည်။
အထူးသဖြင့် မိစ္ဆာမီးတောက်ဂိုဏ်းမှလူများ ကြားသွားမှာစိုး၍ အတွေ့အကြုံရှိသူများသည် ပို၍လေသံတိုးကြ၏။
“သူတို့က မိစ္ဆာမီးတောက်ဂိုဏ်းက ဂိုဏ်းပြင်ပရေးရာကြီးကြပ်သူတွေဖြစ်တဲ့ စွန်နဲ့မိုပဲ။ သူတို့ဘေးက အမျိုးသမီးနှစ်ယောက်ကတော့ ဖူဂိုဏ်းရဲ့ အလှပဂေးလေးတွေလို့ နာမည်ကျော်တဲ့သူတွေပဲ။ သူတို့က အဲ့စီနီယာနှစ်ယောက်ရဲ့ ကိုယ်လုပ်တော်တွေလို့ ကျုပ် ကြားဖူးတယ်…”
ဟန်လိသည် သူ့စိတ်ဝိညာဉ်အာရုံဖြင့် ၎င်းစကားများကို ကြား၏။ သူ့အကြည့်က မိစ္ဆာမီးတောက်ဂိုဏ်းမှ အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူများနှင့်သူတို့ဘေးမှ အမျိုးသမီးကျင့်ကြံသူနှစ်ယောက်ထံ ရောက်ရှိသွားသည်။ ထင်ထားသည့်အတိုင်းပင်။ ထိုအမျိုးသမီးနှစ်ယောက်မှာ ချောမောကြသူများ ဖြစ်၏။
မိစ္ဆာမီးတောက်ဂိုဏ်းမှ ကျင့်ကြံသူများသည် လေလွင့်ကျင့်ကြံသူများကို မျက်လုံးထဲပင် ထည့်မနေပုံ ရ၏။ သူတို့အုပ်စုထဲမှ တပည့်တစ်ယောက်က သိပ်သည်းသောမြူထုထံ လျှောက်လှမ်းသွားပြီး အသံပို့လွှတ်ခြင်းအဆောင်ကို စေလွှတ်လိုက်သည်။ ယင်းနောက် ထိုတပည့်က အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူနှစ်ယောက်နောက်မှာ ရိုရိုကျိုးကျိုး ပြန်ရပ်နေသည်။ တအောင့်အကြာ၌ ခရမ်းရောင်မြူက လှုပ်ရှားလာပြီး လမ်းတစ်ခု ပေါ်လာ၏။ ဖူဂိုဏ်းမှတပည့်များက ဤအုပ်စုကို တလေးတစား ကြိုဆိုကြသည်။
ဟန်လိသည် ထိုအခြေအနေကို အသုံးချကာ ဖူဂိုဏ်းမှတပည့်များကို လေ့လာသုံးသပ်ကြည့်သည်။ ထို့နောက် သူက မျက်နှာသေဖြင့် အကြည့်ပြန်လွှဲလိုက်သည်။
လာမည့်လေးနာရီအတွင်း အခြားသောမျိုးနွယ်စုများနှင့် ဂိုဏ်းငယ်များထံမှ ကျင့်ကြံသူအချို့သည် တောင်ပေါ်သို့ အားလုံးနီးပါး ချောချောမွေ့မွေ့ ရောက်နေကြပေပြီ။ နောက်ထပ်အချိန်အတော်ကြာသည့်နောက်တွင် ဂိုဏ်း၏ငယ်သားတစ်ဦးသည် မြူများကြားမှ တောင်းပန်လိုသည့်အမူအရာဖြင့် ထွက်လာကြသည်။
“ကျုပ်တို့ဖူဂိုဏ်းက မိတ်ဆွေတို့ကို အချိန်အကြာကြီး စောင့်ခိုင်းမိစေတဲ့အတွက် အားနာမိပါတယ်။ ဖူဂိုဏ်းက ခင်ဗျားတို့ကို အထင်သေးတာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ ဖူဂိုဏ်းရဲတိုက်မှာက နေရာအကန့်အသတ် ရှိနေလို့ပါ။ တစ်ခါတည်း ကျင့်ကြံသူအများအပြားကို ဝင်ရောက်ခွင့်ပြုလိုက်မယ်ဆို ဗရမ်းဗတာတွေ ဖြစ်သွားနိုင်တာမလို့ပါ။ ဒီလိုဆိုပေမဲ့…စိတ်တော့ချပါ။ ခင်ဗျားတို့က ကျုပ်တို့ရဲ့မြင့်မြတ်တဲ့ဘိုးဘေးကို လာရောက်ဂုဏ်ပြုမှတော့ ကျုပ်တို့ကလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံပေးရမှာပေါ့။ ပင်မခန်းမထဲမှာလည်း စားပွဲသောက်ပွဲ အဆင်သင့် ပြင်ထားပြီးပြီ။ ကျေးဇူးပြုပြီး ရဲတိုက်ထဲ ဝင်လာကြပါဗျ…”
ဂိုဏ်းငယ်သားက ကောင်းကောင်းမွန်မွန်ပြောဆိုကာ လေလွင့်ကျင့်ကြံသူများ၏ မကျေမနပ်မှုကို နှစ်သိမ့်ပေးလိုက်သည်။ ထို့နောက် လေလွင့်ကျင့်ကြံသူများက တစ်ယောက်နှင့်တစ်ယောက် တိတ်တဆိတ် အကြည့်ချင်းဖလှယ်လိုက်ပြီး သက်လတ်ပိုင်းလူနောက်ကနေ မြူထဲ လိုက်ပါလာသည်။ ဟန်လိက သည်အုပ်စုနောက်မှ တည်ငြိမ်စွာ လျှောက်လာ၏။ သို့သော် ခဏအကြာတွင် သူသည် မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
သည်အုပ်စုထဲမှ ကျင့်ကြံသူများမှာ ဟန်လိပျောက်ကွယ်သွားခြင်းကို လုံးဝ အာရုံမခံမိကြပေ။
ဖူဂိုဏ်း၏ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူ အများအပြားသည် လက်ရှိ၌ ခန်းမကျယ်ကြီးတစ်ခုရှေ့တွင် ရပ်နေကြသည်။ သူတို့က ဧည့်သည်များကို ပြုံးပြုံးရွှင်ရွှင် ကြိုဆိုနေကြသည်။ ရဲတိုက်ထဲ၌ ဧည့်သည့်အရေအတွက်သုံးရာဝန်းကျင်လောက် ရှိနေပေပြီ။ သူတို့သည် အရင်နေ့တည်းက ရောက်နှင့်နေကြတာ ဖြစ်၏။ ယနေ့၌ ဖူဂိုဏ်းဘိုးဘေးမွေးနေ့ အချိန်အခါ ကျရောက်လာပြီဖြစ်၍ ဧည့်သည်များသည် ပင်မခန်းမရှေ့တွင် စုဝေး၍ သူ ထွက်ပေါ်လာမည်ကို စောင့်ဆိုင်းနေကြသည်။
ယွမ်ဝူဒေသ၌ ဖူဂိုဏ်း၏လွှမ်းမိုးနိုင်စွမ်းကြောင့် လေလွင့်ကျင့်ကြံသူများနှင့်ဂိုဏ်းငယ်များမှ ကျင့်ကြံသူများသည် ဤဂိုဏ်းအကြောင်း ချီးကျူးထောပနာများ တရစပ်ဖွင့်နေကြသည်။ ဂိုဏ်းကြီးများမှ ကိုယ်စားလှယ်များသည်ပင် ဖူဂိုဏ်းမှကျင့်ကြံသူများနှင့် ပြုံးပြုံးရွှင်ရွှင် စကားစမြည် ပြောဆိုနေလျက် ရှိသည်။