← Chapters

ဂိုဏ်းတစ်ခုကို အမြစ်ဖျက်သုတ်သင်ခြင်း (၁)

Vol. 47 Ch. 653

ဂိုဏ်းတစ်ခုကို အမြစ်ဖျက်သုတ်သင်ခြင်း (၁)

Vol. 47 Ch. 653

လက်ရှိ၌ ဖူဂိုဏ်းဘိုးဘေးသည် ပင်မခန်းမ အနီးအနားတွင် ရှိမနေပေ။ ထိုအစား သူသည် ရဲတိုက်တစ်နေရာမှ သီးသန့်အဆောင်တစ်ခုထဲတွင် ရှိနေပြီး သူ့လက်ထဲရှိ ကျောက်စိမ်းပြားတစ်ခုကို ကြည့်ရှုနေသည်။

သူက မွေးနေ့ရှင်ဖြစ်သောကြောင့် နောက်ဆုံးအချိန်တွင် ကိုယ်ထင်ပြမှ ဖြစ်မည်သာ။ သို့သော် ထိုသို့ လူလုံးထွက်မပြခင် အချိန်တစ်ခုရနေသည့် အတောအတွင်း သူသည် ဂိုဏ်း၏အရေးတကြီးဆောင်ရွက်ရမည့် ကိစ္စတစ်ချို့ကို စီမံနေပေသည်။ ဤအဆောင်ထဲ၌ သူ့အပြင် ကြေးနီရောင်အသားအရည်နှင့်လူကြီးတစ်ယောက်ပါ ထိုင်နေသည်။ ထိုသူ၏ကျင့်ကြံမှုအဆင့်မှာ အမြုတေဖွဲ့စည်းခြင်းအစောပိုင်းဖြစ်ပြီး သူ့ခါး၌ အရွယ်အစားမျိုးစုံရှိသောသိုလှောင်အိတ်များကို အပြည့်ချိတ်ဆွဲထား၏။

ဘိုးဘေးက စားပွဲကို ရုတ်တရက် လှမ်းပုတ်လိုက်ပြီး သုန်မှုန်စွာ ပြောလာ၏။

“အဟမ်း…ဒီဒေသက ဇီကျင်းဒေသ မဟုတ်ဘူး။ အဲ့ဒီစိတ်ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းက သတင်းအချက်အလက်စုဆောင်းဖို့ ကျုပ်တို့အကူအညီ လိုချင်နေတာပေါ့လေ။ သူတို့ ဘာရှာနေတာလဲ။ ဖူဂိုဏ်းက သူတို့ငယ်သားလိုများ ထင်နေကြတာလား။ အဓိပ္ပာယ် မရှိလိုက်တာကွာ…”

လူထွားက မေးစေ့ကိုပွတ်၍ သိချင်စိတ်ဖြင့် ပြောလာသည်။

“နံပါတ်ခုနစ်ဦးလေး…ခုလောက်ထိ ဒေါသထွက်စရာ မလိုပါဘူး။ ဒီကျောက်စိမ်းပြားထဲမှာ သူတို့ရှာနေတဲ့အရာ ထည့်မပြောထားဘူးလား။ သူတို့ ခုလောက်ထိ စိုးရိမ်တကြီး လှုပ်ရှားနေပုံ ထောက်တော့ အဲ့အရာက စိတ်ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းအတွက် အတော်လေး အရေးကြီးတဲ့အရာ ဖြစ်လိမ့်မယ်…”

“သူတို့က ကျုပ်တို့ကို အသုံးချချင်နေပေမဲ့ အမှောင်ထဲကနေပဲ လှုပ်ရှားစေချင်တာမျိုး ဖြစ်နေတယ်။ သူတို့က ယွမ်ဝူဒေသမှာ လတ်တလော ဖြစ်ပွားခဲ့တဲ့ ထူးထူးခြားခြားကိစ္စတွေနဲ့ပတ်သက်ပြီး သူတို့ကို အကြောင်းကြားပေးစေချင်တာမျိုးမလား…”

ထို့နောက် သူ့မျက်လုံးမှာ အရောင်တောက်သွားပြီး သူက အလေးအနက် ပြောလာသည်။

“အင်း…ဟုတ်တယ်။ စိတ်ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းက ဒီကိစ္စအကြောင်း မိစ္ဆာမီးတောက်ဂိုဏ်းကိုလည်း မသိစေချင်ပြန်ဘူး။ ကျုပ်တို့ဖူဂိုဏ်းကိုပဲ လှုပ်ရှားစေချင်တာမျိုး။ ဒါကြောင့်လည်း သူတို့က အပေါ်ယံလောက်ပဲ ပြောပြထားတာ…”

ဘိုးဘေးသည် သူ့မုတ်ဆိတ်ကို ပွတ်သပ်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“တတိယတူလေး…ကျုပ်တို့ မိစ္ဆာမီးတောက်ဂိုဏ်းလက်အောက်မှာ ဝင်ခိုတဲ့အပြင် စိတ်ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းနဲ့ လျှို့ဝှက် ပူးပေါင်းထားခဲ့တာပဲ။ အချိန်တစ်ခုထိ စိတ်ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ထူထောင်ပြီးတာတောင် သူတို့က ကျုပ်တို့ကို အပြည့်အဝ မယုံကြည်သေးဘူး။ ကျုပ်တို့အစီအစဉ်တွေကို ပြန်စဉ်းစားကြည့်ရတော့မဲ့ပုံပဲ။ ဖြစ်နိုင်တာက ဂိုဏ်းခြောက်ဂိုဏ်းထဲမှာ အားအနည်းဆုံးဖြစ်တဲ့ တစ္ဆေစိတ်ဝိညာဉ်ဂိုဏ်းကသာ ကျုပ်တို့နဲ့ မိတ်ဆွေကောင်း ဖြစ်လာနိုင်လောက်တယ်…”

“အဲ့ကိစ္စက…”

“ ဟားဟား…ဖူဂိုဏ်းက မိစ္ဆာမီးတောက်ဂိုဏ်းကို စိတ်ကျေနပ်စေအောင် လုပ်နေရင်း စိတ်ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းနဲ့လည်း အဆက်အဆံရှိနေလိမ့်မယ်လို့ ကျုပ် မထင်ထားမိဘူး။ မင်းရဲ့ဂိုဏ်းက ပြီးခဲ့တဲ့နှစ်တရာအတွင်း အင်မတန်ကြွယ်ဝတိုးတက်လာတာ အံ့အားသင့်စရာ မရှိတော့ပါဘူး…”

မရင်းနှီးသောစကားသံတစ်သံက လူထွား၏အတွေးများကို ဝင်ရောက်နှောက်ယှက်လာသည်။

ဖူဂိုဏ်းဘိုးဘေးနှင့် လူထွားကျင့်ကြံသူတို့သည် အလန့်တကြားဖြစ်ကာ ထိုင်နေရာကနေ ခုန်မိသွားကြသည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် တုန်လှုပ်အံ့အားသင့်စွာ ကြည့်လိုက်မိကြသည်။ ဖူဂိုဏ်းဘိုးဘေးက ကျယ်လောင်စွာ မေးလိုက်၏။

“ဘယ်အရှင်ကများ ဖူဂိုဏ်းကို လာရောက်ဂုဏ်ပြုတာလဲဗျ။ ကျုပ်…ဖူထျန်ဟွာက စီနီယာကို မကြိုဆိုမိတဲ့အတွက် ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါရစေ…”

“ကျုပ်ကို ကြိုဆိုစရာမလိုဘူး။ ကျုပ်က ဒီကို မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ဧည့်သည်ပဲ…”

ထိုသို့ပြောပြီး မိုးပြာအလင်းသည် ဤခန်းဆောင်ထဲ၌ ရုတ်တရက် တောက်ပသွားသည်။

ဖူဂိုဏ်းဘိုးဘေးနှင့်လူထွားတို့သည် အလန့်တကြား အော်ဟစ်လိုက်ပြီး အခန်းထောင့်နားထိ တိုးကပ်သွားသည်။ သူတို့ခန္ဓာကိုယ်များ ပတ်ပတ်လည်၌ ကြည်လင်သောအရံအတားတစ်ခုလည်း ပေါ်လာ၏။ ဘိုးဘေးက ဓားပျံတစ်လက်ကို ထွေးထုတ်ကာ သူ့ပတ်ပတ်လည်၌ လည်ပတ်စေသည်။ လူထွားကျင့်ကြံသူကမူ ခါးရှိ စိတ်ဝိညာဉ်သိုလှောင်အိတ်ထံ လက်လှမ်းသည်။

ထိုအခိုက်တွင် မိုးပြာအလင်းသည် ကွယ်ပျောက်ကာ မိုးပြာဝတ်စုံနှင့်ကျင့်ကြံသူတစ်ယောက် ပေါ်လာသည်။ သူက အသက်နှစ်ဆယ့်ငါးလောက်ရှိမည့် ရွက်ကြမ်းရေကြိုရုပ်ရည်ကိုသာ ပိုင်ဆိုင်ထားသော လူငယ်တစ်ယောက်ပင်။ သူသည် ရဲတိုက်ထဲသို့ လျှို့ဝှက်ဝင်ရောက်လာသော ဟန်လိကလွဲ၍ အခြားသူ မဟုတ်နေပေ။ ဟန်လိက လက်နောက်ပစ်ကာ ရပ်၍ ဖူဂိုဏ်းသားနှစ်ယောက်ကို ခြုံငုံကြည့်ရှုလိုက်သည်။ သူက ဖြည်းဖြည်းချင်း ပြော၏။

“ကျုပ်စိတ်ဝိညာဉ်အာရုံနဲ့ ဖူဂိုဏ်းရဲတိုက်တခုလုံးကို ကြည့်ပြီးပြီ။ မင်းတို့ရဲ့ကျင့်ကြံမှုက ဒီရဲတိုက်ထဲမှာရှိတဲ့ အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူ တချို့ထဲမှာ အမြင့်ဆုံးပဲ။ ဆိုတော့ မင်းတို့က ဖူဂိုဏ်းအကြီးအကဲတွေပဲ ဖြစ်ရမယ်…”

ဟန်လိသည် မျက်နှာသေနှင့်သာ ရှိနေ၏။ သူ့ထံ၌ စိတ်ခံစားချက် တစွန်းတစမျှ ရှိမနေပေ။ ဟန်လိက သူ့ကျင့်ကြံမှုအဆင့်ကို မကွယ်ဝှက်ထားသောကြောင့် အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူနှစ်ယောက်သည် ဟန်လိ၏နက်ရှိုင်းသောကျင့်ကြံခြင်းကို အာရုံခံနိုင်စွမ်း ရှိကြသည်။ ဖူဂိုဏ်းဘိုးဘေးသည် ပို၍ ထိတ်လန့်သွားပြီး အားတင်းပြုံး၍ ဆိုလာသည်။

“ဆိုတော့…စီနီယာက စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်ကို။ စီနီယာ့အနေနဲ့ ဘယ်လိုအကြောင်းရင်းများရှိလို့ ဒီကို ရောက်လာရသလဲဆိုတာ ကျနော်မျိုး မေးခွင့်ရှိမလားဗျ။ ဖူဂိုဏ်းအနေနဲ့…စီနီယာ့ကို ဘာများ ကူညီပေးရမလဲ…”

ဟန်လိသည် မျက်မှောင်ကြုတ်၍ အခန်းထောင့်မှ ခရမ်းရောင်ဝတ်စုံနှင့်အဘိုးအိုကို လှမ်းကြည့်ပြီး မေးလိုက်သည်။

“ဆိုတော့…မင်းက ဖူဂိုဏ်းဘိုးဘေးပေါ့…”

ဟန်လိ၏ခံစားချက်ကင်းမဲ့သောမေးခွန်းကို ကြားသည့်အခါ ဖူဂိုဏ်းဘိုးဘေးသည် တလေးတစား တုံ့ပြန်သည်။

“ဂျူနီယာအနေနဲ့…စီနီယာရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ဘိုးဘေးလို့ မသုံးနှုန်းဝံ့ပါဘူး။ ဂျူနီယာနာမည်က ဖူထျန်ဟွာပါ။ ခုလက်ရှိ ဂိုဏ်းခေါင်းဆောင်ပါ…”

ဖူဂိုဏ်းဘိုးဘေး၏စိတ်ထဲ၌ မသက်မသာ ခံစားနေရသည်။ သူသည် ဤစဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူ ရောက်ရှိလာခြင်းက ကောင်းသောရည်ရွယ်ချက်နှင့်မဟုတ်မှန်း ခံစားမိပေသည်။

ဟန်လိက ထိုအဘိုးအိုကို ကြည့်ပြီး ပြောသည်။

“ဟားဟား…မင်းက ဖူဂိုဏ်းဘိုးဘေးဆိုမှတော့ ကျုပ် ရှာတဲ့သူ မမှားတော့ဘူးပေါ့။ ကျုပ်က ဖူဂိုဏ်းကို လျော်ကြေးတောင်းဖို့ လာခဲ့တာ ဖြစ်တဲ့အတွက် အရင်ဆုံး စကားပြောကြည့်ရင် ပိုကောင်းမလားလို့ တွေးထားခဲ့သေးတာ…”

ဖူဂိုဏ်းဘိုးဘေးက ဟန်လိ၏စကားကို ကြားသည့်အခါ အသူတစ်ရာချောက်နက်ထဲ ကျသွားသည့်နှယ် ခံစားလိုက်ရ၏။

“လျော်ကြေးတောင်းဖို့လား။ စီနီယာ…စနောက်နေတာပဲ ဖြစ်ရမယ်။ ဒီဂျူနီယာက ခုမှ စီနီယာ့ကို ပထမဆုံးတွေ့ဖူးတာပါ။ စီနီယာ…အထင်များ မှားနေတာလားဗျ…”

သူ့ဘေးမှလူထွားသည် ထိုစကားကို ကြားသည့်အခါ သူ့အသားအရေမှာ သွေးဆုတ်သွားသည့်နှင့် ဖြူရော်သွား၏။ သူသည် လက်ထဲရှိသားရဲသိုလှောင်အိတ်ကို ခပ်တင်းတင်း မဆုပ်ကိုင်မိဘဲ မနေနိုင် ဖြစ်သွားရသည်။

စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ လျော်ကြေးတောင်းခြင်းဟူသည့်ကိစ္စမှာ အကောင်းထက် အဆိုးသာ ဖြစ်နိုင်သည်မဟုတ်လား။

ဟန်လိသည် လူထွားကို ဖြတ်ခနဲ့ တစ်ချက်ကြည့်လိုက်ပြီး တောက်ပစွာပြုံးသည်။

“အထင်မှားသွားတာလား။ မဖြစ်နိုင်ဘူး။ အစတုန်းကတော့ လူမှားသွားတာမျိုး ဖြစ်မှာဆိုးလို့ မင်းတို့ကို ရှင်းပြခွင့်ပေးမလို့ပဲ။ ဒါပေမဲ့ မင်းတို့ရဲ့ ညစ်စုတ်တဲ့သမိုင်းကြောင်း အကြောင်း ကျုပ် ကြားပြီးထားပြီဆိုတော့ ကျုပ် လေကုန်မခံနေတော့ဘူး။ မင်းတို့နှစ်ယောက်လုံးကို အရင်ဆုံး ငရဲပြည် ပို့ပေးလိုက်တော့မယ်။ ကျန်တဲ့ဖူဂိုဏ်းသားတွေလည်း မင်းတို့နောက်ကို ခနနေကျ အဖော်လိုက်လာပေးလိမ့်မယ်…”

ဟန်လိ စကားပြော၍ ပြီးသည်နှင့် ဖူဂိုဏ်းဘိုးဘေးက ဒေါသတကြီး ပြောလာသည်။

“ဘာလဲ။ ခင်ဗျားက ဖူဂိုဏ်းတစ်ခုလုံးကို အမြစ်ဖျက်ချင်တာလား…”

သူက ထိုသို့ပြောနေရင်း အဝါရောင်အဆောင်တစ်ခုကို ထုတ်ယူပြီး နံရံထဲသို့ အမြန်တိုးဝင်သွားသည်။ ၎င်းမှာ မြင်ရတွေ့ရခဲသည့် မြေလှုပ်ရှားမှုအဆောင်ပင်။

“မင်း ပြေးလို့လွတ်မယ်ထင်လား…”

ဟန်လိသည် လှောင်ပြောပြောလိုက်၏။ သို့သော် သူက ထိုသူ့နောက်သို့ မလိုက်ပေ။ ထိုအစား သူက အခြားနေရာတစ်ခုထံ လက်လှမ်းတောက်လိုက်သည်။

မိုးပြာအလင်းတန်းတစ်ခု ပေါ်လာပြီး ခပ်မြန်မြန်ပျောက်ကွယ်ကာ အခန်းထောင့်ရှိလူထွား၏ရင်ဘက်ကို ထွင်းဖောက်သွားလေသည်။ သူ၏အရံအတားမှာ ချက်ခြင်း တစစီဖြစ်သွားသည်။

သို့သော် ထိုလူထွားမသေခင် စိတ်ဝိညာဉ်သားရဲသိုလှောင်အိတ်သည် လင်းလက်သွားပြီး ဝေဝါးကာ ဟိန်းသံခပ်တိုးတိုးကို ထုတ်လွှတ်သွားသေး၏။ လူထွား၏အလောင်းသည် ကြမ်းပြင်ပေါ်သို့ ကျရောက်သွားလေပြီ။ ဟန်လိက သူ့ကို ကြည့်ပင်မကြည့်ပေ။ ခုလက်ရှိ၌ အမြုတေဖွဲ့စည်းခြင်းအစောပိုင်းကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ရခြင်းမှာ သူ့အတွက် ထမင်းစားရေသောက်သလိုပင်။ သို့သော် သူစိတ်ဝင်စားမိသည်မှာ သူ့လက်ထဲရောက်လာသည့် သားရဲသိုလှောင်အိတ်ပင်။ သူက လက်ဝေ့ရမ်းပြီး ၎င်းကို သိမ်းဆည်းလိုက်သည်။

ထို့နောက် ဟန်လိသည် ဖူဂိုဏ်းဘိုးဘေး ပျောက်ကွယ်သွားသောနံရံထံ တစ်ချက်လှမ်းကြည့်ပြီး ထေ့ပြုံးပြုံးသည်။

သူ့လက်ကို ဝေ့ရမ်းလိုက်ရာ မြေခွေးဖြူ ပျံသန်းထွက်လာပြီး ဟန်လိရှေ့၌ ပေါ်လာသည်။

ဟန်လိက အမိန့်ပေးလိုက်သည်။

“နင့်ရဲ့ မြေလှုပ်ရှားခြင်းပညာရပ်ကို အသုံးပြုပြီး အဲ့ကောင်ကို သွားဖြေရှင်းလိုက်။ နင့်အရည်အချင်းနဲ့ဆို အမြုတေဖွဲ့စည်းခြင်းအလယ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို အလွယ်တကူ ရင်ဆိုင်ဖြေရှင်းနိုင်မှာပါ…”

“အမိန့်အတိုင်းပါ…သခင်။ ခဏ စောင့်ပါ။ ကျမ မြန်မြန် ပြန်လာခဲ့ပါမယ်…”

မြေခွေးငယ်က ဝင့်ကြွားသည့်ဟန်ထုတ်ဖော်ကာ ဤခန်းဆောင်ထဲမှ ပျောက်ကွယ်သွားသည်။ ထိုအခိုက်တွင် ဟန်လိသည် သူ့ခါးရှိ သိုလှောင်အိတ်ကို ပုတ်လိုက်ရာ အနက်ရောင်အစင်းရှိ ရွှေဝါးမြိုခြင်းပိုးတောင်မာများစွာအား လေထဲသို့ ထုတ်လွှတ်လိုက်သည်။ ယင်းနောက် သည်အင်းဆက်အုပ်သည် သူ့အထက်၌ ရစ်သိုင်းသွားသည်။

“သွား…” ပိုးတောင်မာအုပ်က မရေမတွက်နိုင်သော အမျှင်တန်းများအဖြစ်သို့ ပြောင်း၍ ခန်းဆောင်ပြတင်းပေါက်မှ ထိုးထွက်သွားကြသည်။ ၎င်းတို့ကား ဓားသွားရာချီအလား ထင်မှားရသည်။

ထို့နောက် ဟန်လိသည် ခန်းဆောင်ထဲ၌ တင်ပလ္လင်ခွေချိတ်ကာ ထိုင်လိုက်ပြီး မဟာဖွံ့ဖြိုးခြင်းပညာရပ်ကို အသုံးပြု၍ ဖူဂိုဏ်းရဲတိုက်တစ်ခုလုံးကို သူ့စိတ်ဝိညာဉ်အာရုံဖြင့် ခြုံလွှမ်းပစ်သည်။

ဖူဂိုဏ်း၏တိုက်ရိုက်မျိုးဆက်များကို အလွယ်တကူ ခွဲခြား၍ ရပေ၏။ သူတို့ မည်သည့်ဝတ်စုံဖြင့် ဝတ်ဝတ် သူတို့အားလုံးသည် တူညီသောပညာရပ်ကို ကျင့်ကြံကြသည် မဟုတ်လား။ သူတို့အားလုံးက ဟန်လိ၏စိတ်ဝိညာဉ်အာရုံအောက်၌ ပြေးမလွတ်ကြပေ။ ဖူဂိုဏ်းရှိ စိတ်ဝိညာဉ်ရင်းမြစ်မရှိသော သေမျိုးများကိုမူ သူ စိတ်ထဲ၌ မထားချေ။ သူက ဖူဂိုဏ်းကျင့်ကြံသူများကို ဝါးမြိုရန် သုံးရောင်စုံဓားများအား စေလွှတ်လိုက်ရုံပင်။

ခဏအကြာတွင် ထိတ်လန့်နာကျင်သောအော်သံများ၊ အလန့်တကြားအော်သံများနှင့် သိပ်သည်းသောသွေးနံ့တို့မှာ လေထုထဲတွင် ပြည့်နှက်နေသည်။

ဖူဂိုဏ်းဘိုးဘေးသည် မြေအောက်အနက်ပိုင်းထဲတွင် မြေဓာတ်အဆောင်ကို အသုံးပြုပြီး လျင်မြန်စွာ ပြေးလွှားနေသည်။ လက်ရှိ၌ သူ့စိတ်ထဲရှိနေသည့် တစ်ခုတည်းသောအတွေးမှာ အဝေးတစ်နေရာသို့ ထွက်ပြေးရန်သာ ရှိသည်။ သူသည် ရဲတိုက်ထဲရှိ တပည့်များနှင့်ဂျူနီယာများအကြောင်းကိုတော့ တွေးပူမနေနိုင်တော့ပေ။

သူ့တူဖြစ်သူ သေသွားခဲ့တာကို ကိုယ်တိုင်ကိုယ်ကျ မမြင်ခဲ့ရသော်လည်း သူ့အနေဖြင့် စိတ်ကူးကြည့်၍ ရပေသည်။

ဖူဂိုဏ်း၏ဂိုဏ်းအကာအကွယ်သားရဲ ပိုင်ဆိုင်ထားသည်ဆိုလျှင်ပင် စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်၏လက်ထဲမှ လွတ်မြောက်ရန်အတွေးသည် စိတ်ကူးယဉ်ရာ ကျနေပေလိမ့်မည်။

ဖူဂိုဏ်းဝင်များကိုလည်း သူ့အနေဖြင့် ကယ်တင်ပေးချင်၏။ သို့သော် သူ့၌ အစွမ်းအစမရှိနေပေ။ သို့ဖြစ်၍ သူ့ကိုယ်သူ မထိခိုက်အောင်သာ လုပ်ရပေတော့မည်။ ဖူဂိုဏ်းဘိုးဘေးဟူသည့် သူကိုယ်တိုင် အသက်ရှင်နေသေးသရွှေ့ ဖူဂိုဏ်းသည် ရှင်သန်နေနိုင်ဦးမည် မဟုတ်လား။

သို့ရာတွင် သူသည် စိတ်အားငယ်နေမိသည်။ ဖူဂိုဏ်းအနေနှင့် မရင်းနှီးသောစဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်အပေါ် မည်သို့မည်ပုံရန်ငြှိုး ဖွဲ့ခဲ့မိသလဲကိုလည်း စဉ်းစားမရ ဖြစ်နေသည်။ ထိုအဆင့်ကျင့်ကြံသူက ပေါ်ထွက်လာသည်နှင့် ဖူဂိုဏ်းတစ်ခုလုံးကို ရှင်းထုတ်ပစ်မည်ဟု အမှတ်တကယ် ထုတ်ပြောလာခဲ့တာ ဖြစ်၏။ ထိုစဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူသည် စိတ်ခံစားချက်ကင်းမဲ့နေသော်ငြား သူ့အမူအရာကို ပြန်တွေးမိတိုင်း ဖူဂိုဏ်းဘိုးဘေးမှာ စိတ်နှလုံးတုန်ရီရလေသည်။

All Chapters