← Chapters

မျိုးဆက်

Vol. 47 Ch. 655

မျိုးဆက်

Vol. 47 Ch. 655

ဖူဂိုဏ်းရဲတိုက်မှာ မြေပြင်ပေါ်တွင် ဟိုတစ်စသည်တစ်စ သွေးကွက်များကလွဲ၍ ပြောင်းသလင်းခါနေလေပြီ။ ဖူဂိုဏ်း၏တိုက်ရိုက်တပည့်အားလုံးမှာ သုတ်သင်ရှင်းလင်းခံလိုက်ရပြီး ဖြစ်၏။ သူတို့၏အလောင်းများသည်ပင် ပြာအဖြစ်လောင်းကျွမ်းသွားလေပြီ။

သို့ရာတွင် မှော်ပစ္စည်းများအသုံးပြုကာ ပျံသန်း၍ ရဲတိုက်အပေါ်ကစီးကနေ စစ်ဆေးကြည့်ရှုလိုက်ပါက သေမျိုးများနှင့် ဖူဂိုဏ်း၏အဆင့်နိမ့်ပြင်ပတပည့်များသည် မထိမခိုက်ဘဲ ရှိနေတာကို တွေ့ရပေလိမ့်မည်။ သူတို့သည် ရဲတိုက်အတွင်း၌ ဖြစ်ပျက်ခဲ့သမျှကို လုံးဝမသိကြပုံပေါ်၏။ ရဲတိုက်ကို တိုက်ခိုက်လာသူသည် ဖူဂိုဏ်း၏တိုက်ရိုက်တပည့်မျိုးဆက်အားလုံးကို သေချာရှင်းလင်းပြီးပြီဟု ခံစားရသည်။

ဤသို့သောကြောက်မက်ဖွယ်ကိစ္စရပ်တစ်ခုကို တွေ့ကြုံပြီးခါစဖြစ်၍ မွေးနေ့ပွဲလာရောက်ကြသောကျင့်ကြံသူများသည် ဆက်၍ မနေဝံ့ကြတော့ပေ။ လေလွင့်ကျင့်ကြံသူအများစုထဲမှ လူအနည်းငယ်သည် မထွက်ခွာသွားခင် သည်ကိစ္စအကြောင်း တီးတိုးဆွေးနွေးပြောဆိုကြသေးသည်။

ဖူဂိုဏ်းအမြစ်ဖျက်ခံရခြင်းသည် ၎င်းဂိုဏ်းနှင့် ရင်းနှီးသောအင်အားစုများအတွက်ကော၊ ပြိုင်ဘက်အင်အားစုများအတွက်ကော အလွန်အရေးကြီးပေသည်။ မိစ္ဆာမီးတောက်ဂိုဏ်းမှ ကြီးကြပ်သူများသည်ပင် အသတ်ခံခဲ့ရပေသည်။ သို့ဖြစ်၍ မိစ္ဆာမီးတောက်ဂိုဏ်းဘက်မှ ဖူဂိုဏ်းကို သတ်ဖြတ်သွားသူမှာ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ လှုပ်ရှားမှုပြုရတော့သည်။

ဤအဖြစ်အပျက်ကို ကိုယ်တိုင်မျက်မြင်ကြုံခဲ့ရသူများသည် သူတို့၏ဂိုဏ်းများနှင့်မျိုးနွယ်စုများထံ တတ်နိုင်သမျှ သတင်းအမြန်ပြန်ပို့ကြသည်။ ဤအင်အားစုများအနေဖြင့် ဖြစ်လာနိုင်မည့် ကြီးမားသောအပြောင်းအလဲများအတွက် ကြိုတင်ပြင်ဆင်ထားရန် လိုပေသည်။

နောက်ဆုံးလက်ကျန်ကျင့်ကြံသူတချို့တလေသည် ဖူဂိုဏ်းထဲမှ ခပ်သုတ်သုတ်ထွက်သွားနေကြစဉ် အစိမ်းရောင်ဝတ်စုံနှင့်ကျင့်ကြံသူများသည် ခရမ်းလမ်းတောင်တန်း၏အပြင်ဘက်နားသို့ ရောက်လာခါစဖြစ်သည်။ သူတို့သည် ဖူဂိုဏ်းရဲတိုက်ကို အကာအကွယ်ပေးထားသည့် အတားအဆီးများမှာ မထိမခိုက်ရှိနေတာ မြင်သည့်အခါ အံ့အားသင့်သွားကြသည်။

ဤအချိန်တွင် ဖူဂိုဏ်းမှပြင်ပတပည့်အချို့က ရဲတိုက်အတွင်းဘက်သို့ ဝင်လာကြစဉ် အထဲရှိအဖြစ်အပျက်ကို တွေ့ရှိသွားကြသည်။ ချီစုဆောင်းခြင်းအဆင့်ကျင့်ကြံသူများသည် ထိတ်လန့်တကြားဖြင့် ထအော်ကာ သူတို့စိတ်ထဲ၌ အကြောက်တရားများ အပြည့်ဖြင့် ကြောင်စီစီဖြစ်ကုန်ကြသည်။ လေထဲတွင်စောင့်နေကြသော အစိမ်းရောင်ဝတ်စုံနှင့်ကျင့်ကြံသူများက အဆင့်နိမ့်တပည့်များ၏ အလွန်အမင်းကြောက်လန့်နေပုံကို မြင်သည့်အခါ တစ်ယောက်ကိုတစ်ယောက် အကြောင်သား ကြည့်နေမိကြ၏။

ယွမ်ဝူဒေသရှိ ထိပ်တန်းဂိုဏ်းတစ်ခုသည် ဆန်းကြယ်သည့်စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ လက်ချက်ကြောင့် အဆုံးသတ်သွားခဲ့ရလေပြီ။ ဤအဖြစ်သနစ်အကြောင်း သတင်းစကားများက ယွမ်ဝူဒေသရှိ ကျင့်ကြံခြင်းလောကတစ်ခွင်ထိ ပျံ့နှံ့သွားကာ အင်အားစုအမျိုးမျိုးကြား ဟိုးလေးတကြော် ဖြစ်သွားကြသည်။

ဖူဂိုဏ်း၏ဘေးကပ်ဆိုးထဲ၌ မိစ္ဆာမီးတောက်ဂိုဏ်းမှ ကြီးကြပ်သူနှစ်ယောက်လည်း သုတ်သင်ခံခဲ့ရသည်ဖြစ်၍ ထိုဂိုဏ်းမှ ထိပ်ပိုင်းခေါင်းဆောင်များက ဒေါသပုန်ထသွားပြီး တိုက်ခိုက်သူကို ရှာဖွေရန် လူများစေလွှတ်ခဲ့ကြသည်။ သူတို့၏အမြုတေဖွဲ့စည်းခြင်းအဆင့်ဂိုဏ်းတည်ထောင်သူပင် တိုက်ခိုက်သူကို လွယ်ကူစွာ ထွက်ပြေးခွင့်မပြုဟုပင် ထုတ်ပြန်ခဲ့သေးသည်။

သို့ရာတွင် ဤကဲ့သို့သောပြတ်သားသည့်အမိန့်များ ထုတ်ပြန်ခဲ့ခြင်းမှာ အပေါ်ယံသာ ဖြစ်၏။ အမှန်တကယ် မလုပ်ဆောင်နိုင်ခြေများ၏။ တကယ်တော့ မျက်မြင်တွေ့ကြုံခဲ့သူများ၏အပြောအရဆို ထိုကြီးကြပ်သူနှစ်ယောက်က စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူ လက်စားချေနေစဉ် အဆင်အခြင်မဲ့စွာဖြင့် အရင်ဆုံးဝင်ပါခဲ့သည်ဟု သိထားကြသည်။ ၎င်းမှာ သူတို့အတွက် ကံဆိုးသွားရုံသာ ဖြစ်၏။

မိစ္ဆာမီးတောက်ဂိုဏ်းက လူသတ်သမားထက် ပိုအင်အားတောင့်တင်း၊ ပိုအစွမ်းထက်နေခဲ့လျှင်ပင် ကျင့်ကြံသူများမှာ စဦးစိတ်ဝိညာဉ်အဆင့်သို့ ရောက်သည်နှင့် အလွယ်တကူ အဖမ်းခံရ၊ အသတ်ခံရတော့မည် မဟုတ်ချေ။ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်နိုင်ရန်မှာ အဆင့်တူကျင့်ကြံသူလေးယောက်က ကြောက်မက်ဖွယ်အတားအဆီးတစ်ခုကို ဖန်တီးတည်ဆောက်ရန် လိုပေလိမ့်မည်။

တကယ်တော့ မိစ္ဆာမီးတောက်ဂိုဏ်းဘက်မှ အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူနှစ်ယောက်အတွက် လက်စားချေရန် စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူ သုံးလေးယောက်ကို စေလွှတ်လိမ့်မည် မဟုတ်ပေ။ ဂိုဏ်းက ဆန္ဒရှိနေလျှင်ပင် စဦးစိတ်ဝိညာဉ်အဆင့်ပုဂ္ဂိုလ်များသည် ဤသို့သောကိစ္စအသေးအမွှားအတွက် ဝင်ပါလိမ့်မည် မဟုတ်ချေ။

ကြေညာချက်များ မည်သို့ပင် ထုတ်ပြန်ထုတ်ပြန် ယွမ်ဝူဒေသ၌ လှုပ်လှုပ်ရှားရှားများ ဖြစ်နေကြ၏။ ဖူဂိုဏ်း၏စိတ်ဝိညာဉ်ကျောက်တုံးများ၊ ဈေးကွက်နေရာများနှင့် အခြားပိုင်ဆိုင်မှုများကို အင်အားစုအမျိုးမျိုးက ခွဲဝေကြသည်။

သို့ရာတွင် ထိုအရာများသည် ဟန်လိနှင့်လားလားမျှ မသက်ဆိုင်နိုင်ပေ။ အခြားကျင့်ကြံသူများ ခန့်မှန်းထားခြင်းနှင့်အတူသည်မှာ ဟန်လိသည် ဖူဂိုဏ်းကို သုတ်သင်ရှင်းလင်းပြီးနောက် ယွမ်ဝူဒေသအတွင်း၌ ရက်အနည်းငယ်ကြာ ဆက်လက်နေထိုင်ခဲ့သေးသည်။ သူသည် ခုလက်ရှိ၌ မထင်မရှားတောင်ငယ်တစ်ခု၌ ရှိလို့နေ၏။

ခုချိန်တွင် သူက လေထဲတွင် မြောလွင့်နေ၏။ သူ့ခန္ဓာကိုယ်ကို မိုးပြာအလင်းဖြင့် ထွေးခြုံထားသည်။ သူသည် အလေးအနက်အသွင်ဖြင့် တောင်ဗဟိုချက်ကို ဝိုင်းရံထားသောမြူများကို စိုက်ကြည့်နေသည်။

“နှစ်ပေါင်းတစ်ရာကျော် ရှိလာခဲ့ပေမဲ့ ဒီနေရာက ခုထိ မပြောင်းလဲသွားသေးဘူးပဲ။ အတားအဆီးတွေ ရှိနေတုန်းပဲ။ အခြားကျင့်ကြံသူတွေကများ ဒီနေရာမှာ အခု နေထိုင်နေတာများလား…”

ဟန်လိက တည်ငြိမ်သည့်ဟန်ပန်ဖြင့် တီးတိုးရေရွတ်လိုက်သည်။

ဖူဂိုဏ်းကို သူ၏အနက်ရောင်အစင်းများဖြင့် ပိုးတောင်မာများကို အသုံးပြုကာ ရှင်းလင်းပြီးနောက် ဟန်လိသည် ရှင်းယုယင် သီးသန့်နေထိုင်သောတောင်ရှိရာသို့ တိုက်ရိုက်ပျံသန်းလာခဲ့တာပင်။ သူနှင့်အတူ ဖူဂိုဏ်းဘိုးဘေး၏ဦးခေါင်းပြတ်လည်း ပါလာခဲ့သည်။

အတိတ်တုန်းက သူသည် ရှင်းယုယင်နှင့်ချီယွမ်ရှောင်းတို့နှင့် မိတ်ဆွေဖြစ်ခဲ့ဖူးပေသည်။ အခု သူသည် သူတို့ကိုယ်စား လက်စားချေပေးပြီးဖြစ်၍ သူတို့၏အုတ်ဂူ၌ လေးစားသမှု လာပေးခြင်းဖြစ်သည်။ သို့ပေမည့် ရှင်းယုယင်၏ အရင်နေအိမ်ကို အခြားကျင့်ကြံသူများက သိမ်းပိုက်ထားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိပေ။ သူ့အနေဖြင့် သံသယမဝင်ဘဲ မနေနိုင် ဖြစ်သွားရသည်။

ခဏစဉ်းစားပြီးနောက် ဟန်လိက တောင်၏အတားအဆီးများထံ တိုက်ရိုက်ပျံသန်းမသွားခဲ့ပေ။ ခုလက်ရှိ သူ၏ကျင့်ကြံမှု၊ မန္တာန်များအပေါ် နားလည်သဘောပေါက်မှုအရ ဤအတားအဆီးများက သူ့ကို တားဆီးနိုင်စွမ်း မရှိနေပေ။

ဟန်လိသည် မြူရှေ့တွင် ရပ်နေရင်း တည်ငြိမ်စွာဖြင့် လက်တောက်ထုတ်လိုက်၏။ ချိပ်တံဆိပ်များစွာက အတားအဆီးထံ ပြေးဝင်သွားသည်။ တအောင့်အကြာတွင် မြူသည် လှုပ်ရှားသက်ဝင်လာပြီး အဝင်လမ်းတစ်ခု ပေါ်လာ၏။ ဟန်လိက ပျံသန်းဝင်လာလိုက်သည်။ ယင်းနောက် မြူသည် ပျောက်ကွယ်သွားပြီး ဟန်လိသည် ရှင်းယုယင် ကိုယ်တိုင်တည်ဆောက်ခဲ့သောနေအိမ်ရှေ့သို့ ရောက်ရှိလာသည်။

အဝါရင့်ရောင်ဝါးအဆောက်အဦများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဟန်လိသည် အတိတ်ကို ပြန်အောက်မေ့မှုကို ခံစားလိုက်ရသည်။

ထိုစဉ် သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက်က ဝါးအိမ်ထဲမှ ထွက်လာ၏။ အခုအရွယ်အထိ သူမ၏မျက်နှာထက်တွင် အလှတရားတို့ ကိန်းအောင်းနေဆဲပင်။ သူမထံမှ ဖျော့တော့သောစိတ်ဝိညာဉ်ချီလှိုင်းတို့ ထုတ်လွှတ်နေ၏။ သူမက ချီစုဆောင်းခြင်းအဆင့်လေး ကျင့်ကြံသူတစ်ယောက်မျှသာ။ ဟန်လိက သူမကို မြင်သည့်အခါ မျက်မှောင်မကြုတ်မိဘဲမနေနိုင် ဖြစ်သွားရလေ၏။ ထိုအမျိုးသမီးက သူ့အား ရင်းနှီးသောခံစားမှု ပေးနေ၏။

“အန်…ရှင်…ရှင်…ဘယ်သူလဲ။ ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ…”

သက်လတ်ပိုင်းအရွယ်အမျိုးသမီးက ဟန်လိကို တွေ့သည်နှင့် အံ့အားတသင့်ထအော်လိုက်သည်။ ခဏအကြာတွင် သူမက ခါးမှ မီးဓာတ်အဆောင်နှစ်ခုကို အလျင်အမြန် ထုတ်ယူ၍ ဟန်လိကို ရန်လိုစွာ လှမ်းကြည့်သည်။ ထိုသို့တုံ့ပြန်လာမည်ကို မျှော်လင့်၍ရပေသည်။ ယင်းအမျိုးသမီးက သူမအနေဖြင့် လုံးဝလုံခြုံသည်ဟု ထင်မှတ်ထားသောဤနေရာ၌ သူစိမ်းကျင့်ကြံသူတစ်ယောက်ကို ရုတ်တရက် မြင်လိုက်ရသည် မဟုတ်ပါလား။ ထို့ကြောင့် သူမက အလန့်တကြားဖြစ်သွားပြီး ရန်လိုနေသည်မှာ သဘာဝပင်။ ထို့အပြင် သူမသည် ဟန်လိ၏ကျင့်ကြံမှုအဆင့်ကို ခန့်မှန်းနိုင်လောက်သည့်စွမ်းရည်မျိုးလည်း ရှိမနေပေ။ ဟန်လိ၏မှော်စွမ်းအားက စိတ်ကူးနိုင်သည်ထက်သာလွန်သည်ဟုသာ ခံစားမိသည်။ သို့ဖြစ်၍ သူမက ပို၍ကြောက်လန့်လာသည်။

ဟန်လိက မေးစေ့ကိုပွတ်သပ်ပြီး သည်အမျိုးသမီး မည်သူမည်ဝါလဲဟု မေးမြန်းရန် စဉ်းစားနေတုန်းရှိသေး သူမက ဟန်လိကု သေချာထပ်မံ ကြည့်ရှုပြီးနောက် ကျေနပ်ဝမ်းသာစွာ ထအော်လိုက်သည်။

“ဟာ…ရှင်က စီနီယာဟန်များလား…”

ယင်းစကားကိုကြားသည့်အခါ ဟန်လိက အံ့အားသင့်သွား၏။ ခဏစဉ်းစားပြီးနောက် သူက တစ်စုံတစ်ခုကို ရေးတေးတေး သဘောပေါက်သွားသည်။ သူက ဖော်ရွှေရင်းနှီးသည့်အမူအရာကို ထုတ်ဖော်ပြီး မေးလိုက်သည်။

“နင်က…ရှောင်းမေနဲ့ ဘယ်လိုပတ်သက်လို့လဲ။ နင်က သူနဲ့အတော်လေး ရုပ်ဆင်တယ်…”

ထိုအမျိုးသမီးက ဟန်လိက သူမ၏ဘိုးဘေးနာမည်ကို ထုတ်ဖော်ပြောလာတာ ကြားသည့်အခါ သူမ၏အထင်မှန်မှန်း သိသွားပြီး တလေးတစား ဦးညွှတ်လိုက်သည်။

“အို…စီနီယာက…ကျမရဲ့ဘိုးဘေးနဲ့ပတ်သက်မှုအကြောင်း မေးတာပဲ ဖြစ်ရမယ်။ ဒီဂျူနီယာက သခင်မလေးရှောင်းရဲ့နေအိမ်မှာ နေထိုင်နေခဲ့တာ ကာလတစ်ခု ရှိခဲ့ပါပြီ…”

ဟန်လိက မချိပြုံးပြုံး၍ မေးလိုက်သည်။

“နင်က အစေခံမလေးမိုင်ရဲ့ မျိုးဆက်လား။ အဲ့မအူမလည်ကောင်မလေးက ခုတော့ ဘိုးဘေးတောင် ဖြစ်နေပြီပေါ့လေ…”

ထို့နောက်တွင် ဟန်လိက စဉ်းစားမရသည့်ဟန် ဖြစ်ပေါ်သွားပြီး မေးလိုက်သည်။

“နေပါဦး…နင်က ငါ့ကို ဘယ်သူဘယ်ဝါမှန်း ဘယ်လိုလုပ် သိတာလဲ…”

ထိုအမျိုးသမီးက မဝံ့မရဲဖြင့် ပြောလာသည်။

“အတိတ်တုန်းက ကျမရဲ့ဘိုးဘေးကိုယ်တိုင် စီနီယာရဲ့ပုံတူပန်းချီကားတစ်ချပ်ကို ဆွဲထားခဲ့ပါတယ်။ ကျမဟာ ဒီပန်းချီကားကို ကလေးဘဝတည်းက မြင်တွေ့နေကျပါ။ ဒါကြောင့် စီနီယာ့ကို တစ်ချက်ကြည့်ရုံနဲ့ ဘယ်သူဘယ်ဝါမှန်း သိသွားခဲ့တာပါ…”

“အန်…ပုံတူပန်းချီလား…ငါ…တကယ်မစဉ်းစားမိခဲ့ဘူး…”

ဟန်လိ၏မျက်နှာထက်တွင် အံ့အားသင့်ဟန် ဖြစ်ပေါ်သွားပြီး သူက သိချင်စိတ်ဖြင့် မေးလိုက်သည်။

“အဲ့ပန်းချီကားကို ငါ ကြည့်လို့ရနိုင်မလား…”

“ရတာပေါ့…စီနီယာ…။ အရင်ဆုံး…စီနီယာ…အိမ်ထဲမှာ ဝင်စောင့်နေပေးပါ။ ကျမ…သွားယူလာခဲ့ပါ့မယ်…”

သူမက ဘေးတစ်ဖက်သို့ ကိုယ်ကိုယ်ယို့၍ လမ်းဖယ်ပေးလိုက်ပြီး ဟန်လိကို တလေးတစား ဖိတ်ခေါ်သည်။

ခဏ တုံ့ဆိုင်းနေပြီးနောက် ဟန်လိက ဝါးအိမ်ထဲ ဝင်လာခဲ့သည်။ သူသည် အိမ်အတွင်းပိုင်း အပြင်အဆင်မှာ ထူးကဲမနေဘဲ ရှင်းလင်းသပ်ရပ်မှုအပြည့် ရှိနေတာကို တွေ့မြင်ရသည်။ ဟန်လိက ခုံတစ်ခုတွင် ဝင်ထိုင်၏။ ထိုအမျိုးသမီးက သူ့အတွက် လဘ္ဘက်ရည်ပြင်ဆင်ပေးသည်။ အတိတ်တစ်ချိန်တုန်းက ရှင်းယုယင် ပြင်ဆင်ပေးခဲ့သော စိတ်ဝိညာဉ်လဘ္ဘက်ရည်နှင့် ယှဉ်၍မရသော်လည်း သိပ်မဆိုးလှပေ။ အနံ့အရသာအားဖြင့် မွှေးပျံ့ပြီး ထူးကဲမှု ရှိပေသည်။

ဟန်လိက လဘ္ဘက်ရည်ကို ဇိမ်ခံပြီးသောက်နေစဉ် အမျိုးသမီးက ခွင့်တောင်း၍ ပန်းချီကားကို သွားယူရန် ထွက်သွားသည်။

ဟန်လိက သူ့စိတ်ဝိညာဉ်အာရုံဖြင့် ဘေးပတ်ပတ်လည်ကို ခြုံလွှမ်းကြည့်လိုက်သည်နှင့် ထွက်ခွာသွားသောအမျိုးသမီးကို မြင်နေရ၏။ သူမက အဆောက်အဦတစ်ခုထံ ဦးတည်လျှောက်လှမ်းသွားနေခြင်းပင်။

ထိုအဆောက်အဦ၏ပထမထပ်မှာ လုံးဝရှင်းလင်းနေ၏။ ဒုတိယထပ်တွင်မူ သစ်သားစားပွဲရှည်တစ်လုံး ရှိနေသည်။ ထိုစားပွဲ၌ ချီယွမ်ရှောင်းနှင့်ရှင်းယုယင်တို့၏ အမည်များ ရေးထိုးထားသော အထိမ်းအမှတ်ကျောက်ပြားနှစ်ခု ရှိနေ၏။

ထိုသည်ကိုမြင်သည့်အခါ ဟန်လိသည် အတိတ်တုန်းက ထိုနှစ်ယောက်၏ပုံံစံကို ပြန်မြင်ယောင်မိသွားပြီး စိတ်ထဲနေလို့မကောင်း ဖြစ်သွားရသည်။ ဟိုးတစ်ချိန်တုန်းက သူတို့နှစ်ယောက် သေဆုံးသွားခဲ့ရသည့်အဖြစ်မှာ သနားစရာကောင်းလှသည်။

ထိုအမျိုးသမီးက အထိမ်းအမှတ်ကျောက်ပြားနှစ်ခုကို အလေးအနက် ဂါဝရပြုပြီး စားပွဲပေါ်မှ တစ်ပေခန့်အရှည်ရှိမည့် စာလိပ်တစ်ခုကို ယူကာ အောက်ဘက်သို့ ခပ်သွက်သွက်ပြန်ဆင်းလာပြီး ဟန်လိရှိနေသောနေအိမ်သို့ တန်းလာသည်။

All Chapters