ခွဲခွာခြင်းလက်ဆောင်
Vol. 47 Ch. 656
ဟန်လိသည် ပန်းချီကားလိပ်ကို လက်ခံယူပြီး ဖြေကြည့်လိုက်သည်။ ၎င်းမှာ သူ၏ပုံတူဖြစ်ကာ အသက်ဝင်လှသည်။ ထိုပန်းချီကားကို တစ်ချက်ကြည့်ပြီး သက်ပြင်းချကာ ပြန်ခေါက်လိုက်၏။
ခဏစဉ်းစားပြီးနောက် ဟန်လိက သူ့ရှေ့မှအမျိုးသမီးကိုကြည့်၍ ဖြည်းဖြည်းချင်း မေးလိုက်သည်။
“မင်းရဲ့ဘိုးဘေးက ငါ့ပုံတူပန်းချီကားကို ဘာကြောင့်ချန်ထားခဲ့တာလဲလို့ မေးလို့ရနိုင်မလား။ ဒီနောက်ကွယ်မှာ လေးနက်တဲ့အဓိပ္ပာယ်တစ်ခုခုများ ရှိလား…”
အမျိုးသမီးက သူ့အမေးကိုကြားသည့်အခါ ချီတုံချတုံ ဖြစ်သွား၏။ သေချာစဉ်းစားပြီး သူမက သတိထား၍ ပြန်ဖြေသည်။
“စီနီယာဟန်…ဂျူနီယာအနေနဲ့ ဒီမေးခွန်းကို မဖြေခင် သခင်မရှင်းကို ပေးထားတဲ့ ကတိကို မှတ်မိ၊ မမှတ်မိ ကျမ မေးလို့ရမလားရှင့်…”
“ကျုပ် မှတ်မိတာပေါ့။ နင်လည်း အဲ့ကိစ္စကို သိထားတာလား…”
ဟန်လိက အံ့အားသင့်သွားသည်။
အမျိုးသမီးက ဟန်လိကိုကြည့်၍ တိုးညင်းစွာ ပြောလာသည်။
“ဂျူနီယာ ဒီမှာနေနေတာဟာ စီနီယာ့ကို စောင့်နေချင်တာကြောင့်ပါ။ ဒါပေမဲ့ ကျမအနေနဲ့ သခင်မရှင်းအပေါ် ပေးထားတဲ့ကတိကို ဖြည့်ဆည့်ပြီး၊ မပြီး မသိရသေးဘဲ စီနီယာ့ကို ပွင့်ပွင့်လင်းလင်း မပြောပြနိုင်သေးတဲ့အတွက် ခွင့်လွှတ်ပေးပါဗျ…”
ဟန်လိက သူ့သိုလှောင်အိတ်ထဲမှ သေတ္တာတစ်လုံးကို စားပွဲပေါ်သို့ ပစ်တင်ပေးလိုက်သည်။
“ဒါက…”
အမျိုးသမီးက ဟန်လိ၏ရည်ရွယ်ရင်းကို ရေရေရာရာမသိဟု ခံစားမိနေ၏။
ဟန်လိက တည်ငြိမ်စွာ ပြောလိုက်သည်။
“တာအိုရောင်းရင်းအနေနဲ့ ပျာယာခတ်သွားစရာ မလိုပါဘူး။ ဒီသေတ္တာထဲမှာ ဖူဂိုဏ်းဘိုးဘေးရဲ့ဦးခေါင်းပါတယ်။ ဖူဂိုဏ်းရဲ့ တိုက်ရိုက်မျိုးဆက်တွေကိုလည်း ငါ ရှင်းပစ်ပြီးပြီ။ ဖူဂိုဏ်းနဲ့ သွေးဝေးတဲ့ဂိုဏ်းဝင် တချို့တလေလောက်ပဲ ကျန်တော့မှာ။ ဖူဂိုဏ်းဟာ ခုချိန်ကစပြီး ယွမ်ဝူဒေသမှာ ဘာအင်အားမှ ရှိနိုင်တော့မှာ မဟုတ်ဘူး။ အဲ့လောက်ဆို ငါ ပေးထားခဲ့တဲ့ကတိကို ဖြည့်ဆည်းပြီးပြီလို့ သတ်မှတ်လို့ရတယ်မလား…”
အမျိုးသမီးက တုန်လှုပ်စွာ ပြောလာသည်။
“အန်…ဖူဂိုဏ်းဘိုးဘေး…အသတ်ခံလိုက်ရပြီလား…”
သူမက သေတ္တာကို အံတင်းတင်းကြိတ်၍ ကြည့်လိုက်ပြီး အဖုံးဖွင့်ကြည့်သည်။ လေထဲ၌ သွေးနံ့များ လှိုင်သွားလေသည်။
အမျိုးသမီး၏မျက်နှာက ဖြူရော်သွား၏။ သို့သော် ထိုဦးခေါင်းပိုင်ရှင်၏မျက်နှာကို မည်သူမည်ဝါမှန်း သိရှိသွားသည့်အခါ ပြုံး၍ ပြောလာသည်။
“တကယ်ပဲဖူဂိုဏ်းဘိုးဘေး ဖြစ်နေတာကို။ ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက ကျမဟာ အကွာအဝေးတစ်ခုကနေ သူ့ကို မြင်ခဲ့ဖူးတယ်…”
ဟန်လိက ပြုံး၍ ပြောလိုက်သည်။
“ငါ သူ့ကို သတ်ခဲ့တာ ရက်အနည်းငယ်လောက်ပဲ ရှိသေးတာကြောင့် သတင်းမပျံ့သေးတာ နေမယ်။ နင်နဲ့ သိတဲ့သူတစ်ယောက်ယောက်ကို မေးကြည့်တာပဲဖြစ်ဖြစ်၊ ဈေးမြို့ကိုဖြစ်ဖြစ် သွားကြည့်ပြီး ဒီကိစ္စ ဟုတ်၊မဟုတ် သက်သေရှာကြည့်လို့ရတယ်…”
“ဆိုတော့…စီနီယာက သူ့ဦးခေါင်းကို ဒီနေရာဆီ ယူလာခဲ့တာပေါ့…”
“အမှန်ပဲ။ အမျိုးသမီးရှင်းနဲ့ ရောင်းရင်းချီတို့ကို ဂုဏ်ပြုဖို့ ကျုပ် ဒီနေရာကို လာခဲ့တာပဲ။ ကျုပ် ဘဝမှာ မိတ်ဆွေများများစားစား မရှိခဲ့ဘူး။ ခု သူတို့ကိုယ်စား လက်စားချေပြီးပြီ…”
ဟန်လိက ထိုသို့ဆိုသည်။
“သခင်မရှင်းနဲ့ သခင်ချီတို့သာ နောက်ဘဝကနေ ဒီအကြောင်းကို ကြားသိရမယ်ဆို သူတို့လည်း ကျိန်းသေပေါက် ကျေနပ်မှာပါရှင့်။ ကျေးဇူးပြုပြီး ခဏစောင့်ပေးပါဦး…စီနီယာ…ကျမ ချက်ခြင်း ပြန်လာခဲ့ပါမယ်…”
အမျိုးသမီး၏အမူအရာမှာ ညှိုးနွမ်းသွား၏။ သို့သော် စိတ်ထဲ၌ တစ်ခုခု တွေးမိသွားပြီး သူမက အလျင်အမြန် ထွက်လာခဲ့သည်။
ဟန်လိက ပဟေဠိဖြစ်ကာ နေကျန်ခဲ့သည်။ သူက အခန်းထဲကနေ အမျိုးသမီး ကသောကမျောထွက်သွားတာကို စောင့်ကြည့်နေရင်း ခေါင်းညိတ်လိုက်သည်။
ထိုအချိန်တွင် အမျိုးသမီးက ခြံဝန်းအနောက်ဘက်ရှိ အဆောက်အဦတစ်ခုနား လျှောက်လှမ်းလာပြီး သစ်ပင်တစ်ပင်အောက်နားသို့ ရောက်သည့်အခါ မြေကြီးကို တူးဆွပြီး အစိမ်းရောင်ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်ယူသည်။ ထို့နောက် သူမက ၎င်းကို သေချာယူပြီး အဆောက်အဦအခန်းထဲ ဝင်လာကာ ဟန်လိရှေ့ရှိ စားပွဲပေါ်မှာ တင်ပေးလိုက်သည်။
“ဒါက ဘာလဲ…” ဟန်လိက မျက်လုံးမှေးကျဉ်းသွားပြီး သူမ ရှင်းပြလာမည်ကို စောင့်နေသည်။
“စီနီယာဟန်…သခင်မရှင်း မသေဆုံးခင်က သူမဟာ ဘိုးဘေးအတွက် သတင်းစကားတစ်ခု ပါးခဲ့ပါတယ်။ သူမဟာ ကတိကို ဖြည့်ဆည်းပေးနိုင်မယ်ဆို စီနီယာ့ကို ဒီသေတ္တာပေးပေးစေချင်ခဲ့တာပါ။ ဒါကြောင့် ဘိုးဘေးက ဒီမှာ ဆက်နေခဲ့ပြီး စီနီယာ ပေါ်လာမှာကို စောင့်နေခဲ့ပါတယ်။ နှစ်ပေါင်းများစွာကြာတဲ့အထိ စီနီယာဟာ ရောက်မလာခဲ့တဲ့နောက် ဘိုးဘေးက အဲ့ကိစ္စကို ကျမဆီ လက်လွှဲပေးခဲ့တာပါ။ သူမဟာ စီနီယာရဲ့ပုံတူကို ချန်ထားခဲ့တာက စီနီယာ ရောက်လာရင် ဘယ်သူဘယ်ဝါမှန်း သိရအောင်လို့ပါ။ အခု စီနီယာကိုယ်တိုင် ရောက်လာခဲ့ပြီး ပေးထားခဲ့တဲ့ ကတိကိုလည်း ဖြည့်ဆည်းပြီးပြီဆိုတော့ ကျမက သခင်မရှင်း မှာခဲ့တဲ့အတိုင်း ဒီသေတ္တာကို စီနီယာ့လက်ထဲ အပ်ချင်ပါတယ်။ နောက်ဆုံးတော့ ကျမလည်း ဒီဝန်ထုပ်ဝန်ပိုးကနေ လွတ်သွားခဲ့ပြီပေါ့လေ…”
ထိုအမျိုးသမီးက ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ပြောဆိုပြီးနောက် စိတ်အေးသက်သာရာ ရသွားပုံပေါ်သည်။ သည်ကိစ္စအတွက် သူမသည် တလျှောက်လုံး စိတ်လေးလံနေခဲ့ရသည့်ပုံပင်။
ဟန်လိက စားပွဲပေါ်ရှိ သေတ္တာထံ အကြည့်ရောက်သွားပြီး ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ သူ့စိတ်ဝိညာဉ်အာရုံဖြင့် ၎င်းကို စစ်ဆေးကြည့်သည့်အခါ အံ့ဩတကြီး ဖြစ်သွားမိ၏။ သူက သေတ္တာကို လှမ်းယူကာ တန်းဖွင့်ကြည့်လိုက်၏။
၎င်းထဲ၌ အဝါရောင်အဆောင်တစ်ခုနှင့်အတူ မိုးပြာရောင်ကျောက်စိမ်းပြားတစ်ခု ပါရှိ၏။ အဆောင်သင်္ကေတများပေါ်ရှိ ငွေရောင်အနားကွပ်များသည် သေတ္တာထံမှ ခပ်ဖျော့ဖျော့လွင့်မြောနေသည်။
ထိုအခိုက်တွင် အမျိုးသမီးက ကျောက်စိမ်းပြားကို သိချင်စိတ်ဖြင့် တစ်ချက်ကြည့်လိုက်သည်။
ဟန်လိက ခေါင်းမော့ကာ မေးလိုက်သည်။
“အန်…ရောင်းရင်းက ဒီဟာကို တစ်ခါမှ မမြင်ဖူးဘူလား…”
“ကျမ…စီနီယာ့ကို မညာချင်ပါဘူး။ သခင်မရှင်းက ဒီကျောက်စိမ်းပြားကို မကြည့်ရဘူးဆိုတဲ့ ဘာတားမြစ်ချက်မှတော့ မထားခဲ့ဘူးဆိုပေမဲ့ ကျမရဲ့ဘိုးဘေးဟာ သိချင်စိတ်နဲ့ ကြည့်မိခဲ့ဖူးတယ်။ သူ ဒီကျောက်စိမ်းပြားကို ခဏပဲ ကြည့်ရသေးတယ် သွေးအန်ပြီး တစ်ရက်လုံး သတိလစ်သွားခဲ့ဖူးတယ်လေ။ အဲ့နောက်ပိုင်းမှာ ကျမရဲ့ဘိုးဘေးဟာ သူမရဲ့နောက်မျိုးဆက်တွေ ဒီကျောက်စိမ်းပြားကို မဖတ်နိုင်အောင်လို့ဆိုပြီး အတားအဆီးအဆောင်တစ်ခုကို ချန်ထားခဲ့ပါတယ်။ ကျမလည်း ဒီကျောက်စိမ်းပြားထဲမှာ ဘာအကြောင်းအရာတွေ ပါနေမလဲ အတော်လေး သိချင်မိပေမဲ့ ကျမရဲ့ ကျင့်ကြံခြင်းအဆင့်က ဘိုးဘေးအသက်ရှင်တုန်းကထက်စာရင် အများကြီး နိမ့်ကျနေသေးတယ်လေ။ ဒါကြောင့် ကျမ အဲ့တာကို မထိရဲတာပါ…”
ဟန်လိက ခေါင်းညိတ်၍ တုံ့ပြန်လိုက်သည်။ ထို့နောက် သူက မိုးပြာအလင်းမြူကို ကျောက်စိမ်းပြားထံ မှုတ်ထုတ်၍ ယင်းအဆောင်ကို အသာအယာ ဖယ်ရှားပစ်လိုက်သည်။
ထိုမြင်ကွင်းကြောင့် အမျိုးသမီးမှာ အံ့ဩတကြီး ဖြစ်သွားသည်။ သူမသည် သိချင်စိတ်ပြင်းပြမှုကြောင့် ယင်းအဆောင်ကို ဖယ်ရှားရန် ကိုယ်တိုင်ကြိုးစားခဲ့ဖူး၏။ သို့သော် အချည်းနှီးသာ ဖြစ်ခဲ့ရသည်။ သို့သော် ဤစီနီယာယန်က အဆောင်ကို အသာအယာဖယ်ရှားပစ်နိုင်နေသည်။ သူ၏ကျင့်ကြံမှုမှာ နက်ရှိုင်းရပေမည်။
ဟန်လိသည် အတိတ်တုန်းက အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ခဲ့ကြောင်းကို သူမ ကြားခဲ့ဖူးပြီး အခု ဖူဂိုဏ်းနှင့်ဖူဂိုဏ်းဘိုးဘေးတို့ကို အမြစ်ဖြတ်နိုင်နေပြီဖြစ်၍ သူ့ကျင့်ကြံမှုအဆင့်မှာ အနည်းဆုံး အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်သို့ ရောက်နေရပေမည်။ စဦးစိတ်ဝိညာဉ်အဆင့်ပင် ဖြစ်နေနိုင်သည်။
ကျောက်စိမ်းပြားကို ကြည့်ရှုပြီးနောက် ဟန်လိက မိုးပြာအလင်းကို ပြန်သိမ်းဆည်းလိုက်သည်။
“မဆိုးပါဘူး။ ဒီဟာက ငါ့အတွက် တကယ်အသုံးဝင်တဲ့အတွက် ငါ ယူသွားလိုက်ပါ့မယ်။ ဒါပေမဲ့ ရောင်းရင်းက ငါ့ကို နှစ်ပေါင်းများစွာကြာတဲ့အထိ ဒီမှာ စောင့်နေခဲ့ရတာ ဖြစ်တဲ့အတွက် ငါ့အနေနဲ့ ဒါကို လက်ဗလာချည်း မယူသွားချင်ပါဘူး။ နင်…တစ်ယောက်တည်း ဒီမှာနေတာလား…”
အမျိုးသမီးက ဟန်လိ၏အမေးကို ကြားသည့်အခါ စိတ်လှုပ်ရှားလာပြီး စိတ်အားထက်သန်စွာဖြင့် ပြောသည်။
“ကျမ တစ်ကိုယ်တည်းနေတာ မဟုတ်ပါဘူးရှင့်။ ကျမရဲ့ခင်ပွန်းကလည်း ကျင့်ကြံသူတစ်ယောက်ပါပဲ။ ဒါပေမဲ့ သူ့ပါရမီက ညံ့ဖျင်းပြီး ကျမနဲ့ ကျင့်ကြံမှုအဆင့်အတူတူပါပဲ။ ကျမတို့နဲ့မတူတာကတော့ ကျမတို့ရဲ့သားဖြစ်သူ ကျွမ်းရှီရဲ့ပါရမီကတော့ သိပ်မဆိုးလှပါဘူး။ ဒါပေမဲ့လို့ သူဟာ ကျွမ်းကျင်သူတစ်ယောက်ရဲ့ လမ်းညွှန်မှုကို လုံးဝမရရှိခဲ့ဖူးတော့ ကျင့်ကြံခြင်းဂိုဏ်းတစ်ခုထဲ ဝင်နိုင်စွမ်းမရှိ ဖြစ်နေပါတယ်။ ဖြစ်နိုင်မယ်ဆို…စီနီယာကသာ…”
သူမသည် သားဖြစ်သူကို အစွမ်းထက်လှသောပုဂ္ဂိုလ်တစ်ယောက်၏ တပည့်ဖြစ်လာစေချင်နေတာပင်။ ဟန်လိက ယင်းစကားကိုကြားသည့်အခါ ကြားဖြတ်ကာ ဝင်ပြောလိုက်သည်။
“ဆက်ပြောဖို့ မလိုတော့ဘူး။ ငါ သဘောပေါက်ပြီ…”
အမျိုးသမီးက ထိတ်လန့်သွားစဉ် ဟန်လိက တည်ငြိမ်စွာဆက်ပြောသည်။
“နင်က ရှောင်းမေရဲ့မျိုးဆက်ဖြစ်ပြီး ဒီကျောက်စိမ်းပြားကိုလည်း နှစ်ပေါင်းများစွာ စောင့်ကြည့်ပေးခဲ့တဲ့အတွက် ငါ နင့်သားကို တပည့်အဖြစ် မခေါ်သွားပေးနိုင်ရင်တောင် သူ့အတွက် အခြေခံတည်ဆောက်ခြင်းဆေးလုံးတစ်လုံးနဲ့ ဆေးပုလင်းနှစ်လုံးပေးခဲ့မယ်။ နင့်သားအနေနဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်၊မရောက်ကတော့ သူ့ကြိုးစားအားထုတ်မှုနဲ့ကံအပေါ် မူတည်လိမ့်မယ်။ သူသာ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ဝင်ရောက်နိုင်မယ်ဆို ဂိုဏ်းတစ်ခုခုထဲ ဝင်ရောက်ဖို့ဟာ ဘာပြဿနာမှ ရှိတော့မှာ မဟုတ်ဘူး…”
ဟန်လိက ပြောပြောဆိုဆို ပုလင်းသုံးလုံးကို ထုတ်ယူကာ ထိုအမျိုးသမီးထံ ပေးလိုက်သည်။
“အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးလုံးလား…”
အမျိုးသမီးက အပျော်လွန်သွားလေပြီ။ သူမက ထပ်ခါတလဲလဲ ကျေးဇူးစကားဆိုနေတော့၏။ သူမ၏စောစောက စိတ်ဓာတ်ကျသွားမှုမှာလည်း အရှင်းပျောက်သွားခဲ့လေပြီ။
ထို့နောက် ဟန်လိက လေသံပြောင်းကာ မေးလိုက်သည်။
“ဒါနဲ့…နေပါဦး…ငါ ဖူဂိုဏ်းကို ဖျက်စီးခဲ့တဲ့အချိန်တုန်းက မိစ္ဆာမီးတောက်ဂိုဏ်းသားနှစ်ယောက်ကိုလည်း သတ်ပစ်ခဲ့လိုက်တယ်။ အဲ့ဂိုဏ်းကို ငါ မကြောက်ပေမဲ့ ဘာပြသနာမှ မတက်ချင်ဘူး။ အခု ငါ ဒီရောက်လာတဲ့ကိစ္စကို အခြားဘယ်သူတွေ သိထားသေးလဲ…”
ဟန်လိ၏စိုးရိမ်ပူပန်မှုကို မြင်ရသည့်အခါ သူမက ချီတုံချတုံဖြင့် ပြောလာသည်။
“စီနီယာ…ကျေးဇူးပြုပြီး…စိတ်အေးအေးထားပါ။ ကျမရဲ့ဘိုးဘေးက ခုကိစ္စကို ကျမဆီ တာဝန်ပေးခဲ့တုန်းက တခြားဘယ်အပြင်လူမှ မသိစေခဲ့ပါဘူး။ ကျမဟာ အမြဲတမ်း ဒီကိစ္စကို လျှို့ဝှက်ထားခဲ့ပြီး ကျမရဲ့ခင်ပွန်းနဲ့သားဖြစ်သူကိုပါ မပြောပြခဲ့ပါဘူး…”
“နင် ဒီလိုပြောမှတော့ ငါ သူတို့ရဲ့အထိမ်းအမှတ်ကျောက်ပြားကို လေးစားသမှုပေးပြီးရင် ထွက်သွားတော့မယ်…”
ဟန်လိက ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်ပြပြီး ထရပ်သည်။
“အန်…စီနီယာ…ထွက်သွားတော့မလို့လား။ ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါဦး။ ကျမရဲ့ ခင်ပွန်းနဲ့သားတို့က မကြာခင်…ရောက်…”
ထိုစဉ် အမျိုးသမီးသည် သတိမေ့ကာ လဲကျသွား၏။ ဟန်လိက မိုးပြာအလင်းဖြင့် သူမကို ဖမ်းယူ၍ အောက်သို့ ညင်ညင်သာသာ ချပေးလိုက်၏။ ထိုစဉ် သူမ၏နောက်မှ အဖြူရောင်အလင်းသည် ပျောက်ကွယ်သွားပြီး ငွေရောင်လ၏မြေခွေးခန္ဓာကိုယ် ပေါ်ထွက်လာလေ၏။
ဘေးပတ်ပတ်လည်သို့ တစ်ချက်ကြည့်လိုက်ပြီးနောက် ငွေရောင်လက ပြုံး၍ မေးလိုက်သည်။
“သခင်…ရှင် ဒီအမျိုးသမီးကို သတိမေ့အောင်လုပ်ဖို့ ကျမကို ခိုင်းခဲ့တာက ဘာကြောင့်များလဲ။ တစ်ခုခုများ ခံစားမိလို့လား…”