နက်နဲသော စဦးအဆင့် အစီအရင်ပညာရပ်
Vol. 47 Ch. 657
ဟန်လိက စိတ်ရှုပ်သွားပြီး အေးတိအေးစက်လေသံဖြင့် ပြောလိုက်သည်။
“အဓိပ္ပာယ်မရှိလိုက်တာ။ ငါက အဲ့အမျိုးသမီးအပေါ် သံသယလည်း မဝင်သလို၊ ဒုက္ခပေးမဲ့စိတ်လည်း ရှိမနေဘူး။ ဒါပေမဲ့ ဒီနေ့ ငါနဲ့တွေ့ခဲ့တဲ့အကြောင်း သူ့မှတ်ဉာဏ်တွေထဲကနေ ဖျောက်ဖျက်ပစ်တာဟာ ငါ့အတွက် ပိုကောင်းလိမ့်မယ်။ သတင်းစကားတစ်ခုခုသာ ပေါက်ကြားသွားတယ်ဆို ငါတင် ပြဿနာတက်မှာ မဟုတ်ဘူး။ သူမကိုယ်တိုင်အတွက်လည်း ကပ်ဘေးတစ်ခု လက်ယက်ခေါ်သလို ဖြစ်သွားနိုင်တယ်…”
အခြားမည်သည့်စကားမျှ ထပ်မပြောတော့ဘဲ ဟန်လိ၏မျက်နှာမှာ မိုးပြာအလင်းဖြင့် တောက်ပလာ၏။ သူ့လက်ချောင်းတို့ဖြင့် သတိမေ့နေသောအမျိုးသမီး၏ဦးခေါင်းကို ဖိချကာ လေးနက်ယင်ပညာရပ်ထဲမှ အိပ်မက်ဆုတ်ဖြဲခြင်းပညာရပ်ကို အသုံးပြုလိုက်သည်။ ယင်းပညာရပ်ဖြင့် ဟန်လိက ထိုအမျိုးသမီး၏မှတ်ဉာဏ်များထဲမှ သူနှင့်ပတ်သက်သည့်အကြောင်းအရာအချို့ကို ချိတ်ပိတ်ကာ ထင်ယောင်ထင်မှား ဖြစ်စေလိုက်သည်။ ယင်းအမျိုးသမီးသည် အမည်မသိကျွမ်းကျင်သူတစ်ယောက်ထံမှ ဆေးလုံးများ ကံကောင်း၍ ရခဲ့သည်ဟု ယုံကြည်သွားပေလိမ့်မည်။
ဤပညာရပ်ကို အသုံးပြုရန်မှာ အသုံးပြုသူ၏ကျင့်ကြံခြင်းအဆင့်က ပစ်မှတ်ထက် သာလွန်ရပေမည်။ သို့မဟုတ်ပါက ပစ်မှတ်၏စိတ်ဝိညာဉ်ကို များစွာထိခိုက်သွားစေနိုင်၏။ ဟန်လိအတွက်မူ သူ့ထက် ကျင့်ကြံမှုအဆင့်အလွန်နိမ့်ကျသောအမျိုးသမီးပေါ်၌ ယင်းပညာရပ်ကို အသုံးပြုရခြင်းသည် ပြဿနာ မဟုတ်နေပေ။ ဆယ့်ငါးမိနစ်လောက်ကြာပြီးနောက် ဟန်လိက လက်စသပ်ပြီးသွား၏။ အမျိုးသမီးကတော့ အိပ်ပျော်နေဆဲပင်။
ထိုအမျိုးသမီးကို ခုံပေါ်တွင် မှီသည့်အနေအထားအတိုင်း နေရာချပေးပြီးနောက် ဟန်လိက ချီယွမ်ရှောင်းနှင့်ရှင်းယုယင်တို့၏အထိမ်းအမှတ်ကျောက်ပြားများကို လေးစားသမှုပေးသည်။ ထို့နောက် သူက ဖူဂိုဏ်းဘိုးဘေး၏ဦးခေါင်းကို လှမ်းကြည့်ကာ ပြာချပစ်လိုက်ပြီး တိတ်တဆိတ် ထွက်ခွာလာခဲ့တော့သည်။
စိတ်ဝိညာဉ်အသွင်ပုံစံပြန်ပြောင်းထားသော ငွေရောင်လက သိချင်စိတ်ဖြင့် မေးလာ၏။
“သခင်…ဒီကျောက်စိမ်းပြားက ဘယ်လိုအရာမျိုးလဲ။ သခင် ဒီကျောက်စိမ်းပြားအပေါ် အရေးတကြီး သဘောထားနေလို့လေ…”
ဟန်လိက ကောင်းကင်ထက်သို့ လျင်မြန်စွာ ပျံသန်းသွားပြီး အေးအေးဆေးဆေး ရှင်းပြသည်။
“ဒါက နက်နဲထည်ဝါတဲ့ အစီအရင်တွေအကြောင်း ဖော်ပြထားတဲ့ ရှေးခေတ်က မန္တာန်အစီအရင်မှတ်တမ်းတစ်ခုပဲ။ ခုလက်ရှိ မန္တာန်အစီအရင်တွေအပေါ် ငါ့ရဲ့နားလည်သဘောပေါက်မှုနဲ့တောင် ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး နားလည်အောင်လုပ်ဖို့ အချိန်တစ်ခုပေးရလိမ့်မယ်။ မန္တာန်အစီအရင်တွေအပြင် ဒီကျောက်စိမ်းပြားထဲမှာ ငါ အတော်လေး စိတ်ဝင်စားမိနေတဲ့ အထူးလျှို့ဝှက်ပညာရပ်တစ်ခုလည်း ပါဝင်နေသေးတယ်…”
“လျှို့ဝှက်ပညာရပ်လား။ သခင်ရဲ့ ခုလက်ရှိ အသိပညာဗဟုသုတတွေရယ်၊ လေးနက်ယင်ပညာရပ်အပြည့်အစုံရယ်ကို ပိုင်ဆိုင်ထားပြီးတာတောင် ဘယ်လိုလျှို့ဝှက်ပညာရပ်ကများ သခင့်ကို စိတ်ဝင်တစား ဖြစ်စေရတာလဲ…”
ငွေရောင်လက ညင်သာစွာပြုံး၏။ သို့သော် သူမ၏အသံ၌ သိချင်စိတ်ပြင်းပြစွာ ပါဝင်နေ၏။
ဟန်လိက ပြုံး၍ ပြောလိုက်သည်။ “နင်လည်း သုံးဘဝဖြတ်တောက်ခြင်း ပညာရပ်ရဲ့ ထူးကဲတဲ့ဂုဏ်သတင်းကို ကြားဖူးတယ်မလား…”
ငွေရောင်လ၏ရယ်သံမှာ ချက်ခြင်းတိတ်သွားသည်။ သူမက အသံတုန်တုန်ယင်ယင်နှင့် မေးလာသည်။
“ဒီကျောက်စိမ်းပြားထဲမှာ ကြီးမြတ်လှတဲ့အဲ့တာအိုပညာရပ် ပါနေတာလား…”
“အဲ့လိုတော့ မဟုတ်ဘူး…”
ဟန်လိက ပွင့်ပွင့်လင်းလင်း ငြင်းလိုက်သည်။
“အို…ဒါဆို သခင်က အဲ့ပညာရပ်အကြောင်း ဘာလို့ ထုတ်ပြောလာရတာလဲ။ ကျမကို စချင်နောက်ချင်လို့လား။ တာအိုဂိုဏ်းတွေက မိုးကောင်းကင်ကိုဖိဆန်တဲ့ အဲ့ပညာရပ်ကို ပေါက်ကြားခွင့် ပြုဖို့ဆိုတာ မဖြစ်နိုင်လောက်ပါဘူး။ ဒီပညာရပ်က ပျောက်ကွယ်သွားခဲ့ရင်တောင် သူတို့ကိုယ်တိုင်တောင် သိလိမ့်မှာ မဟုတ်ဘူး…”
ငွေရောင်လက ရယ်မောကာ ပြောဆိုလိုက်သည်။
“ဒီကျောက်စိမ်းပြားထဲမှာပါတဲ့ လျှို့ဝှက်ပညာရပ်က သုံးဘဝဖြတ်တောက်ခြင်းတော့ မဟုတ်ပေမဲ့ မိစ္ဆာတာအိုဘက်က စွမ်းရည်ပုံစံမျိုးနဲ့တော့ ခပ်ဆင်ဆင်ပဲ။ အဲ့တာကို လေးနက်စဦးဝိညာဉ်ဖွဲ့စည်းခြင်းလို့ ခေါ်တယ်…”
နဂိုတည်တည်ငြိမ်ငြိမ်ဖြင့် ရှင်းပြနေသော ဟန်လိ၏အမူအရာတွင် စိတ်လှုပ်ရှားမှု ပေါ်ထွက်လာသည်။
ငွေရောင်လက စကားရပ်ကာ ပြောလိုက်သည်။
“လေးနက်စဦးဝိညာဉ်ဖြစ်ပေါ်ခြင်း ပညာရပ်တဲ့လား။ ဒါက ဘယ်လိုပညာရပ်မျိုးလဲ။ ကျမဖြင့် တစ်ခါသားမျှ မကြားဖူးပါဘူး…”
“ကျုပ်လည်း အဲ့ပညာရပ်အကြောင်း အရင်က လုံးဝ မကြားခဲ့ဖူးဘူး။ ဒါပေမဲ့ ဒီပညာရပ်ဟာ ဒုတိယရှေးဦးစိတ်ဝိညာဉ် ဖွဲ့စည်းနိုင်အောင် ကျင့်ကြံနိုင်တဲ့ ထူးကဲတဲ့လျှို့ဝှက်ပညာရပ်တစ်ခုပဲ။ ဆိုလိုချင်တာက အောင်မြင်အောင် ကျင့်ကြံနိုင်ရင် လူတစ်ယောက်ဟာ ဒုတိယမြောက်စဦးစိတ်ဝိညာဉ်ကို ပြုစုပျိုးထောင်နိုင်မှာ ဖြစ်တယ်…”
အဆုံးသတ်၌ ဟန်လိ၏လေသံက အလေးအနက် ဖြစ်လာသည်။
“ဒုတိယစဦးစိတ်ဝိညာဉ်၊ ဒါအမှန်ပဲလား။ အဲ့လိုသာအမှန်ဆို ဒီပညာရပ်ဟာ သုံးဘဝဖြတ်တောက်ခြင်းထက် အဆင့်နိမ့်နေသေးတယ်ဆိုရင်တောင် အနည်းဆုံးတော့ ကြီးကျယ်တဲ့နတ်ပညာရပ်တစ်ခု ဖြစ်နေပြီ…”
ငွေရောင်လသည် စိတ်ပါဝင်စား ဖြစ်လာသည်။ ဟန်လိ၏စွမ်းရည် ပို၍ မြင့်မားလာလေလေ သူမ၏ရည်မှန်းချက်မှာလည်း ပိုနီးကပ်လာလေ မဟုတ်လား။
ဟန်လိ၏စိတ်ခံစားချက်များသည် တစ်ဖန်ပြန်တည်ငြိမ်လာ၏။
“ဒါ…အမှန်ဟုတ်၊မဟုတ် ခုထိ ငါ မသိသေးဘူး။ ငါ မျောလွင့်တိမ်ဂိုဏ်းဆီ ပြန်ရောက်ရင် အဲ့ပညာရပ်ကို သေချာထပ်ပြီး စူးစမ်းကြည့်ရမယ်။ ဒါပေမဲ့ ကျောက်စိမ်းပြားထဲမှာ မှတ်တမ်းတင်ထားတဲ့ မန္တာန်အစီအရင်တွေကတော့ ရှေးဟောင်းအစီအရင်တွေပဲ။ ငါ့မှာ အဲ့အစီအရင်တွေက တချို့တလေ ပိုင်ဆိုင်ထားတဲ့အတွက် ဒီတစ်ချက်ကတော့ မမှားနိုင်ဘူး…”
“အွန်း…ဒီပညာရပ်က သခင့်လက်ထဲ အလိုလိုတန်းရောက်လာပုံထောက်တော့ သခင့်ရဲ့ကံက အတော်လေး ကံကောင်းတာပဲ။ ဒါပေမဲ့ နတ်ဆိုးပညာရပ်က အတော်လေး ကံကောင်းနိုင်တယ်။ ဒါပေမဲ့ တန်ကြေးလည်း ပြန်ပေးရတယ်။ အစွမ်းပိုထက်လေ…တန်ပြန်ဒဏ် ပိုခံရလေပဲနော်။ ဒါကြောင့် သခင့်အနေနဲ့ တစ်ခုခု မူမှန်၊မမှန် သိရအောင် ဒီပညာရပ်ကို သေချာစစ်ဆေးကြည့်ပါဦး…”
ဟန်လိက သဘောတူသည်။
“ကျုပ် သိပါတယ်။ သေချာ ဂရုစိုက်ရမှာပေါ့။ တစ်ခုခုမူမမှန်ရင် ဒီပညာရပ်ကို ကျုပ် ကျင့်ကြံမှာ မဟုတ်ပါဘူး…”
ငွေရောင်လက ထိုစကားကို ကြားသည့်အခါ စိတ်အေးသွားသည်။ သို့သော် ခဏအကြာတွင် သူမက စဉ်းစားမရဟန်ဖြင့် မေးလိုက်သည်။
“သခင်…ရှင်…သွားနေတာ ရှီဒေသမဟုတ်ဘူးလားလို့။ သခင်က မျောလွင့်တိမ်ဂိုဏ်းကို ပြန်ဖို့ စီစဉ်ထားတာ မဟုတ်ဘူးလား…”
ဟန်လိက သက်ပြင်းချကာ ပြောသည်။
“အချိန်တစ်ခုထိတော့ ကျုပ်…ရှီဒေသကို ပြန်ဦးမှာ မဟုတ်ဘူး။ ယွဲ့ဒေသကို အလည်အပတ် သွားချင်သေးတယ်။ တကယ်တော့ ယွဲ့ဒေသက ကျုပ်ရဲ့ ဇာတိတိုင်းပြည်လေ။ ကျုပ် အဲ့ဒေသအပေါ် သံယောဇဉ်တချို့ ရှိနေသေးတော့ တစ်ခေါက်တော့ သွားရလိမ့်မယ်။ မဟုတ်ရင် ကျုပ်စိတ်ထဲမှာ လေးပင့်ပြီး ကျုပ်ရဲ့ အနာဂတ်ကျင့်ကြံခြင်းကို အနှောက်အယှက် ဖြစ်စေလိမ့်မယ်…”
ခဏတိတ်ဆိတ်သွားပြီးနောက် ငွေရောင်လက သဘောတူသည်။
“အဲ့တာ…ကောင်းပါတယ်။ ခုအဆင့်မှာ ဆရာဟာ သေမျိုးလောကရဲ့ ပူပန်ကြောင့်ကြမှုတွေကို ဖြတ်တောက်ပြီး အကြွင်းမဲ့တာအိုနောက်ကို လိုက်စားရတော့မှာကို…”
“ခုချိန်မှာတော့ ဒါက အဓိပ္ပာယ်မရှိသေးပါဘူး။ ကျုပ် ခရီးမြန်မြန်နှင်လိုက်ဦးမယ်…”
ဟန်လိက အေးစက်စက်လေသံဖြင့် စကားစဖြတ်လိုက်သည်။ ထို့နောက် သူက မိုးပြာအလင်းတန်းဖြင့် သူ့ကိုယ်သူ ခြုံလွှမ်းကာ အမြန်နှုန်းကို မြှင့်တင်လိုက်သည်။ ချက်ခြင်းပင် သူသည် သဲလွန်စမရှိ ပျောက်ကွယ်သွားတော့၏။
ဟန်လိ မည်သည့်နေရာသို့ ရောက်သွားမှန်း မသိသည့်အချိန်၌ အဝေးတစ်နေရာတွင် အစိမ်းရောင်ဝတ်စုံနှင့်ကျင့်ကြံသူများသည် တောအုပ်တစ်ခုထဲမှာ ရှာဖွေနေကြသည်။ သူတို့အားလုံးက ရန်လိုသည့်အမူအရာများဖြင့် ရှိနေ၏။
ထိုအခိုက်တွင် ဗလကြီးတစ်ယောက်က အခြားသူများကို ခြိမ်းခြောက်သည့်လေသံဖြင့် ပြောလိုက်သည်။
“ဘယ်လိုဖြစ်ရတာလဲ။ ရက်ပေါင်းများစွာ ရှာနေပေမဲ့ ကနဦးဝိညာဉ်ရဲ့ သတင်းအချက်အလက်အနည်းငယ်ကို ခုထိ မတွေ့ရသေးဘူး။ ကျုပ်တို့ သုံးလအတွင်း ကနဦးဝိညာဉ်ကို မရှာဖွေနိုင်ဘူးဆိုရင် ဂိုဏ်းက ကြီးကြပ်သူတွေကို ကျုပ်တို့ဆီ စေလွှတ်လိမ့်မယ်…”
ပညာရှိအသွင်နှင့်သက်လတ်ပိုင်းလူတစ်ယောက်က ရေခဲတမျှအေးစက်သည့်လေသံဖြင့် ပြောလိုက်သည်။
“ကနဦးဝိညာဉ်ကို သုံးလအတွင်း ရှာခိုင်းတာဟာ ဒေါသထွက်လို့ ပြောခဲ့ရုံပဲ။ လူတိုင်းက သစ်သားကနဦးဝိညာဉ်ကို ပြန်ဖမ်းဆီးဖို့ဟာ အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက် တတ်နိုင်တဲ့ကိစ္စမဟုတ်မှန်း သိတယ်။ ဒါပေမဲ့ ကျုပ်တို့က အဲ့အကြောင်းသဲလွန်စ တစ်စွန်းတစ်စကိုတောင် မရှာနိုင်ဘူးဆို ကျုပ်တို့အပေါ် ဘေးကပ်စိုးတစ်ခု ကျရောက်လာမှာ စိုးရိမ်ရတယ်…”
ရွက်ကြမ်းရေကြိုနှင့် အစိမ်းရောင်ဝတ်စုံဖြင့်အမျိုးသမီးကလည်း အထိတ်တလန့် ပြောလာသည်။
“ဒီကိစ္စက ကျမတို့အမှားမှ မဟုတ်တာ။ ကနဦးဝိညာဉ်ကို စောင့်ကြပ်တဲ့ သိုင်းဦးလေးတင်းက ကျမတို့ကို မောင်းထုတ်၊ အမိန့်ကိုဖိဆန်ပြီး ကနဦးဝိညာဉ်နဲ့ ပေါင်းစပ်ဖို့ ကြိုးစားခဲ့လို့ ဖြစ်ရတာလေ။ သူလည်း တန်ပြန်ဒဏ်ကြောင့် သေသွားခဲ့ရတာပဲ။ မြန်မြန်လုပ်ကြ။ ကနဦးဝိညာဉ်ရဲ့ သဲလွန်စတွေကိုက ရှင်းလင်းပြီးသွားလောက်ပြီ။ ဒီဝိညာဉ်ကို နောက်ယောင်ခံပြီး ထိန်းချုပ်နိုင်မဲ့ မှော်ပစ္စည်းအချို့ ကျမတို့ ပိုင်ဆိုင်ထားပေမဲ့ အဲ့ကနဦးဝိညာဉ်က မြန်ဆန်လွန်းတယ်။ ကျမတို့ သူ့နောက် လိုက်ဖမ်းနိုင်မှာ မဟုတ်ဘူး။ အခု ကနဦးဝိညာဉ်က အတားအဆီးတွေကနေလည်း လွတ်ထွက်သွားပြီဖြစ်တဲ့အတွက် ကျမတို့မှာ မျှော်လင့်ချက်မရှိသလောက် ဖြစ်သွားပြီ…”
ပညာရှိအသွင်နှင့်လူက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“ဂျူနီယာညီမလေး…ကြီးကြပ်သူ ရောက်လာမှပဲ နင်…ဒီစကားတွေ ပြောပြလိုက်ပါလား။ ကံကောင်းတာက သိုင်းဒေါ်လေးဟန်နဲ့လျှိုတို့က ကျုပ်တို့ကို ကူညီပေးဖို့ ရောက်လာတော့မှာ။ အဲ့နှစ်ယောက်က သစ်သားစိတ်ဝိညာဉ်ပိုင်ဆိုင်ထားတယ်လေ။ သူတို့မှာ ဒီကနဦးဝိညာဉ်ကို ရှာဖွေနိုင်တဲ့ နည်းလမ်းတချို့ ရှိနေမှာပါ။ ဒါပေမဲ့ တစ်စုံတစ်ယောက်က အထူးမှော်ပစ္စည်းတစ်ခု မသုံးဘဲ ကနဦးသစ်သားဝိညာဉ်ကို အကြမ်းနည်းနဲ့ ဘယ်လိုများ ထိန်းချုပ်သွားလဲဆိုတာတော့ ကျုပ် သိချင်မိတယ်။ တကယ်ကို မယုံနိုင်စရာပဲ…”
“တော်လောက်ပြီ…လေများမနေကြနဲ့တော့။ ကနဦးဝိညာဉ်ကို ဘယ်သူကပဲ ထိန်းချုပ်ထားထား…ကျုပ်တို့အသက်ရှင်ဖို့အတွက် ဒီဝိညာဉ်ကို လိုက်ရှာရမှာပဲ။ သိုင်းဘိုးဘေးကောင်း ပို့လွှတ်လိုက်တဲ့ အသံလွှင့်ချက်ကို မင်းတို့ မကြားခဲ့ရဘူးလား…”
ဗလကြီးက မျက်မှောင်ကြုတ်ကာ စိုးရိမ်ကြောင့်ကြနေသည့်လေသံဖြင့် ပြောလိုက်သည်။
“ဒုတိယအစ်ကိုပြောတာ မှန်တာပေါ့။ ကျုပ်တို့အသက်ကို မသေအောင် စီမံနိုင်တာကတော့ ကောင်းတာပေါ့။ ဒါပေမဲ့ လမ်းတစ်လျှောက်တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တွေက ပျက်စီးနေပြီဆိုတော့ သိုင်းဒေါ်လေးနှစ်ယောက်က နောက်ထပ်တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ရောက်လာဖို့ဟာ နှစ်ရက်လောက်ကြာဦးမှာ။ ကနဦးဝိညာဉ်ကို ဖမ်းဆီးသွားတဲ့ကျင့်ကြံသူက အဲ့အချိန်လောက်ဆို ယွမ်ဝူဒေသကနေ ထွက်သွားလောက်ပြီလို့ အစ်ကို မထင်ဘူးလား။ တကယ်တော့ ကျုပ်တို့က အဲ့ကျင့်ကြံသူ ဘယ်တိုင်းပြည်က လာခဲ့မှန်းတောင် သိရတာ မဟုတ်ဘူး…”
“ဟားဟား…ဂျူနီယာညီလေးတို့ မသိထားတဲ့ပုံပဲ။ သိုင်းဒေါ်လေးလျှိုနဲ့ဟန်တို့က ကနဦးဝိညာဉ်နဲ့ ပေါင်းစည်းဖို့ ရွေးချယ်ခံထားရတဲ့သူတွေပဲ။ ပြီးခဲ့တဲ့နှစ်တွေတည်းက သူတို့ဟာ ဒီဝိညာဉ်နဲ့ပေါင်းစည်းဖို့ ပြင်ဆင်တဲ့အနေနဲ့ လျှို့ဝှက်ပညာရပ်တစ်ခုကို ကျင့်ကြံနေခဲ့ကြတာ။ ဒါကြောင့် ကနဦးဝိညာဉ်ရှိတဲ့နေရာကို အဝေးကနေတောင် အာရုံခံနိုင်တယ်။ ကနဦးဝိညာဉ်ကို ချိပ်ပိတ်ထားတဲ့ ကျင့်ကြံသူဟာ သိုင်းဒေါ်လေးတို့ရဲ့ စိတ်အာရုံခံစားမှုကနေ လွတ်နိုင်လိမ့်မှာ မဟုတ်ဘူး…”
အဘိုးအိုတစ်ယောက်က လေသံမာမာဖြင့် ပြောလာသည်။ သို့သော် သူ့စကားတို့၌ ယုံကြည်မှုတို့ ပါဝင်နေ၏။
ထိုအဘိုးအို၏စကားကို ကြားသည့်အခါ အခြားသုံးယောက်သည် စိတ်အေးသွားတော့သည်။ သို့ရာတွင် ပညာရှိအသွင်နှင့်လူ၏မျက်လုံးတို့က အတွေးဖြင့် တဖြတ်ဖြတ်အရောင်တောက်သွားပြီး မေးလိုက်၏။
“ခင်ဗျားတို့ကော ကနဦးဝိညာဉ်ကို ဖမ်းဆီးသွားတဲ့သူနဲ့ ဖူဂိုဏ်းကို ဖျက်စီးသွားတဲ့သူဟာ တစ်ယောက်တည်းတို့ ထင်မိတာမျိုး ရှိကြလား။ ဖူဂိုဏ်းဖျက်စီးမခံရင် ရက်အနည်းငယ်က ကနဦးဝိညာဉ် ဖမ်းဆီးခံခဲ့ရတာလေ။ ဒီလူဟာ ကျုပ်တို့က ဖူဂိုဏ်းနဲ့ ပတ်သက်မှုရှိမှန်း သိထားတဲ့အတွက် ကျုပ်တို့ကို မကူညီနိုင်အောင် ဖူဂိုဏ်းကို ရှင်းထုတ်ပစ်ခဲ့တာမျိုးလည်း ဖြစ်နိုင်တာပဲ…”
“ဂျူနီယာမောင်လေးကိုး…နင် အတွေးလွန်နေပြီ။ ဒီလောက်စွမ်းရည်မျိုးနဲ့ဆို စိတ်ဝိညာဉ်ထိန်းချုပ်ဂိုဏ်းဟာ ဖူဂိုဏ်းနဲ့ ပတ်သက်ကြောင်း အဲ့လူ ဘယ်လိုလုပ်သိထားပါ့မလဲ။ တိုက်ဆိုင်တာပဲ ဖြစ်ဖို့များပါတယ်…”
အမျိုးသမီးက ခေါင်းရမ်းကာ ဝင်ပြောလိုက်သည်။ သို့ပေမည့် သေချာထပ်စဉ်းစားကြည့်ပြီးသည့်နောက်တွင် သူမလည်း သံသယဝင်လာသည်။
“ဒါပေမဲ့…စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူနှစ်ယောက်က တစ်နေရာတည်းမှာ ပေါ်လာနိုင်ခြေ နည်းတယ်။ ဒါကြောင့် အဲ့နှစ်ယောက်က အတူတူပဲဆိုတဲ့အချက်ကလည်း ဖြစ်နိုင်နေပြန်တာပဲ…”
“အို…နင်တို့ အဲ့အကြောင်း ငါတို့ကို ပြောပြလို့ ရနိုင်မလား…”
သစ်ပင်အိုကြီးတစ်ပင်ထံမှ မိန်းမပျိုတစ်ယောက်၏ ပျင်းရိပျင်းတွဲသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက်တွင် အဖြူရောင်လင်းလက်ကာ အဖြူရောင်ဝတ်စုံနှင့်မိန်းမလှနှစ်ယောက် ထွက်ပေါ်လာသည်။