စုရန်ဟို၏ နောင်တ
Vol. 4 Ch. 331
လွန်ခဲ့သော အခိုက်အတန့်ကပင် ချန်းဖန်သည် များစွာသော မိသားစု မဟာမိတ်များ၏ ဖိအားအောက်၌ နစ်နေခဲ့သည်။ လီဝူချန်းပင်လျှင် သူ့အား ကယ်နိုင်တော့မည် မဟုတ်ဟု လူတိုင်း ယူဆခဲ့မိကြ၏။ ထိုကောင်လေး၏ ဘဝ တစ်လျှောက်လုံး ထောင်ထဲတွင်သာ နေရတော့မည်ဟုပင် တွေးမိခဲ့ကြသည်။
သို့သော်လည်း အချိန်အနည်းငယ် အတွင်းမှာပင် နင်းချန်တုန်မှာ ထိုလူငယ်လေးအား ဒူးထောက် တောင်းပန်နေရသလို တန်ကျင်းဖန်သည်လည်း သေဆုံးခဲ့ရပြီ ဖြစ်သည်။
ကျိမိသားစုမှာလည်း သူ၏ ရှေ့၌ ခေါင်းငုံ့နေရကာ ဒါရိုက်တာ ရွှယ်ပင်လျှင် အခြား အကြီးအကဲများ၏ နောက်၌ ပုန်းကွယ်ရန် ကြိုးစားနေခဲ့၏။
အလွန်အင်အားကြီးသော မဟာမိတ်တပ်ဖွဲ့များကား ချန်းဖန်၏ ချေမှုန်းခြင်းအား ခံလိုက်ရပြီ ဖြစ်သည်။ စုစုနှင့် ဖန့်မင်ဒီတို့မှာ အမှန်တရားအား ရင်ဆိုင်ရန်ပင် ခက်ခဲနေခဲ့သည်။ ဝူကျိုး၏ သူဌေးကြီး မြောက်များစွာမှာလည်း ထွက်ပေါ်လာသော ရလဒ်ကြောင့် ဆွံ့အ၍ နေခဲ့တော့သည်။
အသက်နှစ်ဆယ်ပက် မပြည့်သေးသော လူငယ်လေး တစ်ယောက်က ကျိ၊ နင်းနှင့် တန်မိသားမိများအား ဒူးထောက်စေရန် တွန်းအားပေးခြင်း။
သူကား အသက်ဆယ့်ကိုးနှစ်သာ ရှိသေးသည့် တက္ကသိုလ် ပထမနှစ် ကျောင်းသားလေးသာ ဖြစ်သည်။ ထိုကောင်လေးသာ တက္ကသိုလ်မှ ဘွဲ့ရပြီးသည့် အချိန်ရောက်လျှင် မည်မျှအထိ အောင်မြင် လိမ့်မည် ဖြစ်ကြောင်း သူတို့ ပုံဖော်၍ပင် မရချေ။ နောက်ဆယ်နှစ် အကြာ၌ တရုတ်တွင် သူ့အား တားဆီးနိုင်မည့်သူ ရှိလိမ့်မည်ဟု မဟုတ်တော့ချေ။
ချန်းဖန်၏ လွှမ်းမိုးနိုင်စွမ်းအား တွေ့မြင်သည်နှင့် စုရန်ဟို၏ စိတ်၌ နောင်တများက တဖွားဖွား ပေါ်လာခဲ့သည်။ ချန်းဖန်မှာ ကျန်းပေ့၏ ဆရာချန်း ဖြစ်ကြောင်း စုစုက သူ့အား ပြောပြစဉ်တည်းက ကိုးလေး၏ လက်ထပ်ပွဲအား ခွင့်ပြုရန် သူ ဆန္ဒရှိခဲ့၏။ သို့သော်လည်း ကျောင်းဟိုင် ကျိမိသားစု၏ မျက်နှာကြောင့် စိတ်ဆန္ဒ နှစ်ခု အကြား လွန်ဆွဲနေခဲ့မိသည်။ သူ ဆုံးဖြတ်ချက် မချရသေးခင်မှာပင် နင်းယုကျီအား ချန်းဖန် ရိုက်နှက်ခဲ့သော သတင်းက ရောက်လာခဲ့၏။
ထိုအချိန်မှ စ၍ ချန်းဖန်အား ဆန့်ကျင့်ရန် သူဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထိုကောင်လေးမှာ ရက်စက် ကြမ်းကြုတ်ပြီး မည်သူကိုမျှ ဂရုမစိုက်တတ်သည့်လူ တစ်ယောက် ဖြစ်ရာ သူတို့မိသားစုမှ ကြိုဆိုလိမ့်မည် မဟုတ်ပေ။ ထို့အပြင် ဖန့်ချုံးနှင့် အတူ ရောက်လာသည့် အချိန်တွင်လည်း ချန်းဖန်မှာ သူတို့ မိသားစုအား စော်ကား ပြောဆိုခဲ့သေးသည်။ မိသားစု၏ အားနည်းချက်ကိုပင် လူများစွာ ရှေ့၌ ထောက်ပြကာ အရှက်ခွဲခဲ့သည်။ သူ၏ ထောက်ပြမှုက မှန်ကန်သည့်တိုင် မိမိတို့ မိသားစု၏ အတွင်းရေးများအား အခြားလူ တစ်ယောက် သိသည်ကို သူ မလိုလားချေ။ ထို့ကြောင့် စုကျန်းဒီက ချန်းဖန်အား တိုက်ခိုက်ခဲ့ချိန်၌ သူဝင်မတားခဲ့ခြင်း ဖြစ်သည်။
ကျိမိသားစု၊ နင်းမိသားစုနှင့် တန်မိသားစုတို့၏ အင်အားက ထိုလူငယ်အား အမှုန့်ကြိတ် နိုင်လိမ့်မည်ဟု သူ ယူဆခဲ့သည်။ ထိုလူငယ်လေး အပေါ်၌ သူ အမှန်ပင် လျှော့တွက် မိသည်။
"ချန်းဖန်ရဲ့ အကူအညီနဲ့ဆိုရင် နောက်ဆယ်နှစ်အတွင်းမှာ ချန်းမိသားစုက တရုတ်ကို လွှမ်းမိုးနိုင်လိမ့်မယ်။ ငါတို့ကတော့ ချန်းဖန်ရဲ့ ပံ့ပိုးမှု ရမယ့် အခွင့်အရေးကို ဆုံးရှုံးလိုက်ရပြီ။ ငါသေဆုံးချိန်မှာ စုမိသားစုက ကျိန်းသေ ကျဆင်းရတော့မယ်"
နောင်တနှင့် ဝမ်းနည်းမှုက စုရန်ဟို၏ စိတ်နှလုံး၌ စိုးမိုး နေခဲ့တော့၏။ ချန်းဖန်၏ ထောက်ခံမှုသာ ရလျှင် စုမိသားစု အနေဖြင့် အနည်းဆုံး ကျန်းနန်နယ်အား ဆယ်စုနှစ် အတွင်း လွှမ်းမိုးရန် ဖြစ်နိုင်သည်။ လွဲချော်သွားသော အခွင့်အရေးကြောင့် စုရန်ဟို သက်ပြင်းကိုသာ အကြိမ်ကြိမ် ချမိတော့၏။
ထိုအချိန်၌ ချန်းဖန်မှာ ကျလော့ချန်းအား တစ်ချက်ပင် အရေးမလုပ်ပဲ ကျိလျှိုကျူကိုသာ ကြည့်ရင်း… "ကျိလော့ချန်းရဲ့ အသက်ကို ချမ်းသာပေးစေချင်ရင် အလဲအလှယ် တစ်ခု ကျုပ်တို့ လုပ်ကြရတာပေါ့လေ။ ခင်ဗျားရဲ့ ကမ်းလှမ်းမှုက ဘာလဲ"
ကျိလော့ချန်း၏ မျက်နှာကား သွေးဆုတ် ဖြူရော် နေခဲ့သည်။ အရှက်ကွဲခြင်းဆိုသော အသိကလည်း သူ၏ စိတ်အား အကြိမ်ကြိမ် ပြန်သတ်နေခဲ့၏။
ကျိလျှိုကျူက ခဏမျှ စဉ်းစားပြီးနောက် မျက်လုံးက အလင်းရောင် တစ်ခု တောက်ပ လာသည်။ သူက ရှေ့သို့ အနည်းငယ်တိုးရင်း ချန်းဖန်၏ နား အနားသို့ တီးတိုးပြောသည်။
ချန်းဖန်က ခဏမျှ စဉ်းစားရင်း အဘိုးအို၏ မျက်လုံးများအား ကြည့်ရင်း ခေါင်းညိတ်သည်။
"သဘောတူတယ်"
ချန်းဖန်၏ စကားအား ကြားမှသာ ကျိလျှိုကျူ သက်ပြင်း တစ်ချက် ချလိုက်မိသည်။
ထိုမြင်ကွင်းက လူများစွာအား အတွေးများစေသည်။ ကျိမိသားစုက မည်သည့် အရာဖြင့် ကမ်းလှမ်း ခဲ့သနည်း။ အေးစက်သည့် အသည်း နှလုံးရှိသည့် ဆရာချန်းအား မည်သည့်အရာက ကျေနပ်စေသနည်း။
ကျို့လော့ရင်မှာ ချန်းဖန်နှင့် အလွန်နီးကပ်စွာ ရှိနေရာ အဘိုးအို၏ ကမ်းလှမ်းမှုအား ကြားရသည်။ သူမက သက်ပြင်းတစ်ချက်ချကာ အဘိုးအိုအား မှတ်ချက်ချ၏။
"တကယ့် မြေခွေးအိုကြီးပဲ"
သို့သော်လည်း အဘိုးကြီး၏ ကမ်းလှမ်းချက်အား သူမ သဘောတူစွာ ခေါင်းညိတ်မိသည်။ ဆရာချန်းမှာ ပိုက်ဆံ၊ ပစ္စည်း စသည့် အရာများအား ဂရုစိုက်မည် မဟုတ်ချေ။ ထိုအရာများက သူ့တွင် အလျှံပယ် ရှိသည်။ ကျိမိသားစုမှာ ဘဏ္ဍာရေးပိုင်း၌ နင်းနှင့် တန့်မိသားစုများလောက် တောင့်တင်းခြင်း မရှိသည့်တိုင် အစိုးရ အရာရှိကြီးများနှင့် နက်ရှိုင်းသော ပတ်သက်မှု ရှိသည်။ ထိုပတ်သက်မှုက ချန်းမိသားစု၌ မရှိသည့် အရာဖြစ်သည်။
ကျိလျှိုကျူ၏ ကမ်းလှမ်းမှုက ချန်းဖန်ကိုပင် မငြင်းဆန်နိုင်အောင် ဆွဲဆောင်နေခဲ့၏။ ချန်းမိသားစု အတွက် အစိုးရပိုင်း မဟာမိတ်ရှိရန် လိုအပ်သည်က အမှန်ပင် ဖြစ်သည်။ လီဝူချန်းက သူတို့အား ကူညီနိုင်သည့်တိုင် သူ၏ အဆင့်ဖြင့် အသေးအဖွဲများအား ဝင်ပါရန်မှာ မလွယ်ကူချေ။
ချန်းဖန်နှင့် ကျိမိသားစုတို့ သဘောတူညီမှု ရခဲ့ပြီးသည်နှင့် မစ္စတာချူက တစ်ခုခုအား သတိရသွားဟန် ရသည်။
သူက ဘေးနားသို့လှည့်ရင်း ဝတ်စုံနက် တစ်ယောက်အား တီးတိုး ပြောလိုက်သည်။
"အခန်းထဲမှာ ရှိတဲ့ လူတိုင်းကို သတိပေးလိုက်ဦး။ ဆရာချန်းရဲ့ အစစ်အမှန် ပုံရိပ်တွေက တားမြစ်ထားတဲ့ အရာတွေ ဖြစ်တယ်။ အချက်အလက်တွေကို ဖြန်တဲ့ ဘယ်သူမဆို ပြစ်မှု ကျူးလွန်တာပဲလို့"
"ဟုတ်ကဲ့… မစ္စတာချူ" ဝတ်စုံနက် ပုဂ္ဂိုလ်က ခေါင်းညိတ်သည်။ ထို့နောက် သူက အခြားလူများအား ထပ်ဆင့် အမိန့်ပေးပြီး ထိုကြေညာချက်အား ဖြန့်ဝေရန် ပြင်လိုက်သည်။ ဝတ်စုံနက် ပုဂ္ဂိုလ်အား စကားပြောပြီးသည်နှင့် မစ္စတာချူက ချန်းဖန်ထံ အပြုံးဖြင့် လျှောက်လာရင်း…
"ဆရာချန်း… ကျွန်တော့်မှာ အခြားကိစ္စလေးတွေ လုပ်စရာရှိလို့ ခွင့်ပြုပါဦးဗျာ"
"ခင်ဗျားကို တွေ့ရတာ ဝမ်းသာပါတယ်။ နောက်ပြီး ကျေးဇူးပဲဗျာ" ချန်းဖန်က ခေါင်းညိတ်ကာ ပြုံးပြလိုက်၏။
မစ္စတာချူသာ ပေါ်ထွက်မလာလျှင် ထိုကိစ္စအား သူကိုယ်တိုင် ကိုင်တွယ်ရမည် ဖြစ်သည်။ ဤသို့ဆိုလျှင် အခြေအနေများက ယခုကဲ့သို့ လွယ်ကူမည် မဟုတ်ချေ။ ချန်းဖန်က တန်ကျင်းဖန်အား သတ်ဖြတ်ခြင်းတွင် တန်မိသားစုကပင် သူ့အား တောင်းပန်ရလိမ့်မည်။ ထိုအရာက မစ္စတာ ချူကြောင့်ပင် ဖြစ်၏။ မစ္စတာချူ၏ ပေါ်ထွက်လာမှုက အရာရာအား ပိုမို ချောမွေ့စေခဲ့သည်။
"ခင်ဗျားကို ကူညီရတာ ဝမ်းသာတယ် ဆိုတာထက် ပိုပါတယ်။ တကယ်လို့ ခင်ဗျားသာ ရန်ကျင်းကို ရောက်ဖြစ်ရင် ကျုပ်ရဲ့ အိမ်ကို ဝင်ခဲ့ပါဦး။ တစ်ခွက် တစ်ဖလား သောက်ကြတာပေါ့" မစ္စတာချူက ရယ်မောရင်း ပြောသည်။
ထို့နောက် သူက စုရန်ဟိုဘက်သို့ လှည့်ရင်း လေးပင်စွာဖြင့်…
"အဘိုစု… ခင်ဗျားက တကယ် ထူးချွန်တဲ့ သူတစ်ယောက်ကို ရှာတွေ့ ထားတာပဲ။ ဒီအခွင့်အရေးကို မဖြုန်းတီး မိစေနဲ့"
"ကျေးဇူးပါပဲ မစ္စတာချူ။ ကျုပ်တို့ မလုပ်ပါဘူး" စုရန်ဟိုက ခေါင်းညိတ်သည်။
မစ္စတာချူ ပြန်သွားသည်နှင့် နင်းချန်းတုန်နှင့် ကျိလျှိုကျူတို့မှာလည်း ခန်းမထဲမှ ထွက်ခွာကာ ရှက်ရွံ့ဖွယ် အခြေအနေမှ လွတ်မြောက် လာခဲ့သည်။ ဒါရိုက်တာရွှယ်မှာ သူတို့အတွက် လိုက်လာ ခဲ့သော်လည်း အခန်းထဲမှ မထွက်ခွာခင် ချန်းဖန်ထံ သွား၍ လိပ်စာကဒ်ကား ပေး၍ တောင်းပန် ခဲ့သေးသည်။
ချန်းဖန်မှာ ဒါရိုက်တာရွှယ်အား မည်သို့မျှ အရေးမယူခဲ့ပေ။ ထိုပုဂ္ဂိုလ်မှာ သူ၏ အထက်အရာရှိ ကိုယ်စားပြု၍ လာခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ဒါရိုက်တာရွှယ်မှာ ရောက်ရှိချိန်မှ စ၍ စကားတစ်ခွန်းပင် ဝင်မပြောခဲ့ချေ။
ဧည့်သည်များအားလုံး ထွက်ခွာ သွားပြီးနောက် ခန်းမအတွင်း၌ စုမိသားစု ဝင်များနှင့် ဖန့်ချုံး၏ မိသားစုသာ ကျန်ခဲ့တော့သည်။
"စုစု၊ မင်ဒီ… ငါတောင်းပန်ပါတယ်ကွာ" အဘိုးကြီးစုက စုစုနှင့် ဖန့်မင်ဒီတို့၏ လက်အား ကိုင်ရင်း တီးတိုး ပြောသည်။
"တတိယ ဦးလေး… ကျွန်မတို့ကို တောင်းပန် စရာ မလိုပါဘူး။ ရပါတယ်" စုစုက ပြန်ပြောလိုက်သည်။
သို့သော်လည်း ဖန့်မင်ဒီ၏ မျက်နှာက တင်းမာနေဆဲ ဖြစ်သည်။ သူ့အား စုမိသားစုက နှစ်နှစ်ဆယ် တိုင်တိုင် အထင်သေးကာ နှိမ်ချဆက်ဆံ ခဲ့သည်။ ယခု သူ၏ အလှည့်သို့ ရောက်ခဲ့ပြီ ဖြစ်သည်။ သူက ခေါင်းအား မော့ရင်း စုမိသားစုဝင် များအား ရှေ့၌ မာနကြီးစွာ ရပ်သည်။
"ကျုပ် အပါအဝင် စုမိသားစုဝင်တွေက ကိုးလေး အပေါ်မှာ အထင်သေးခဲ့မိတယ်။ ဖြစ်ပျက်ခဲ့တာ အားလုံးအတွက် ကျုပ်တောင်းပန်ပါတယ်" စုရန်ဟိုက ဖျော့တော့သော မျက်နှာဖြင့် ပြောလိုက်သည်။ စုရန်ကျီ၊ စုကျန်းဒီတို့၏ မျက်နှာမှာလည်း ရှက်ရွံ့မှုကြောင့် နီရဲ နေခဲ့တော့သည်။
သူတို့အနေဖြင့် စုယန်ရန်၏ မျိုးဆက်ဖြစ်သော ဖန့်ချုံးတို့ မိသားစုအား အမြဲတမ်း အထင်သေးခဲ့သည်။ ယနေ့တွင်မူ စုစုတို့အား သူတို့ တောင်းပန်နေရတော့မည် ဖြစ်သည်။ ထိုအတွေးက သူတို့၏ စိတ်နှလုံးအား မသက်မသာ ဖြစ်စေသည်။
မည်သို့ပင် ဆိုစေ သူတို့၌ တောင်းပန်ရန်က လွဲလျှင် အခြားနည်းလမ်း မရှိတော့ချေ။
စုစုမှာလည်း နွေးသော မာနတရားအား ခံစားနေခဲ့ရ၏။ ထိုသို့သော ခံစားမှုက သူမ အမြဲ တောင့်တခဲ့သော အရာဖြစ်သည်။
"တတိယ ဦးလေး...ကျွန်မတို့ကို တောင်းပန်တာထက် ရှောင်ချုံးကိုပဲ တောင်းပန်သင့်တယ်" စုစုက စုရန်ဟိုအား ကြည့်ရင်း ပြောသည်။
"အာ… ဟုတ်သားပဲ။ ကိုးလေး… အဘိုးရဲ့ မွေးနေ့ကို လာတဲ့ အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်။ အဘိုး တကယ်ပဲ တန်ဖိုး ထားပါတယ်" စုရန်ဟိုက ဖန့်ချုံးအား ကြည့်ကာ နွေးထွေးစွာ ပြုံးရင်း ပြောလိုက်သည်။
ဖန့်ချုံးမှာ ပြန့်ကျဲနေသော စိတ်အား စုစည်းရင်း သက်ပြင်းချလိုက်သည်။ သူမ၏ ပတ်ဝန်းကျင်ရှိ လူအားလုံးမှာ သူမအား ပြုံးရယ်၍ ပြနေကြသည်။ သူမက ချန်းဖန်အား ကြည့်ရင်း တစ်ခုခုအား သဘောပေါက် လိုက်သည်။ သူတို့က ချန်းဖန်အား သူ့တို့အတွက် ပြောပေး စေလိုပုံ ရသည်။
ဖန့်ချုံးက ခဏမျှ စဉ်းစားလိုက်ရင်း ချန်းဖန်၏ လက်အား ကိုင်လိုက်ရင်း…
"ငါတို့ ဖက်ထုပ် သွားစားကြရအောင်"
"အင်း… ပဲနီလေးနဲ့ ထုပ်ထားတာလေးပေါ့"
ထို့နောက် သူတို့ တစ်ယောက်လက်ကို တစ်ယောက် ချိတ်ရင်း အခန်းအတွင်းမှ ထွက်ခွာ သွားတော့၏။
"ဟင်း… ကိုးလေးက တို့ကို ကယ်နိုင်ဖို့ မျှော်လင့် ရတာပဲ" စုရန်ဟိုက သက်ပြင်းချသည်။
"အရမ်း နောက်ကျသွားပြီ။ တောင်းပန်ဖို့က အရမ်းနောက်ကျသွားပြီ"
စုကျန်းဒီနှင့် အခြားလူများ၏ မျက်နှာတွင်မူ ဝမ်းနည်းမှုနှင့် နောင်တတို့က ကြီးစိုး နေခဲ့တော့၏။
***