ကျန်းနန်နယ်၏ သတင်းထူး
Vol. 4 Ch. 332
စုရန်ဟိုမှာ မျက်နှာတစ်ခုလုံး ဖြူရော်နေပြီး တိတ်ဆိတ် နေခဲ့၏။ စုလူငယ်များစွာမှာလည်း ထိုအခြေအနေကြောင့် အသက်ပင် ပြင်းပြင်း မရှူရဲချေ။
"တတိယ ညီလေး… အရမ်းကြီး စိတ်ဖိစီး မနေပါနဲ့ကွာ။ ကျန်းပေ့ဘက်က အဲဒီ လူငယ်လေးမှာ ခုလောက်ထိ ဂုဏ်ပုဒ်တွေ ရှိမယ်လို့ ဘယ်သူက ထင်မှာလဲ။ သူ့ကို အကဲခတ် မှားမိတဲ့ ကျန်းဒီလည်း မမှားပါဘူး" စုရန်ကျီက ပြောလိုက်၏။
စုကျန်းဒီမှာမူ မျက်နှာ တစ်ခုလုံး မြင်မကောင်းအောင် ပျက်ရွင်းနေခဲ့ပြီး ငိုမဲ့မဲ့ပင် ဖြစ်နေခဲ့သည်။
သူက ချန်းဖန်အား ပြင်းထန်စွာ ဝေဖန်ခဲ့သူများထဲမှ တစ်ဦးဖြစ်သည်။ ထိုအဖြစ်အပျက်က စုမိသားစု အတွင်း သူ၏ လွှမ်းမိုးမှုနှင့် ဩဇာ အာဏာကို လျော့ကျစေလိမ့်မည် ဖြစ်သည်။ စုမိသားစုအား ကြည့်မရသူ များစွာမှာမူ သူ၏ အမှားအား လှောင်ပြောင် ကြတော့မည် ဖြစ်သည်။
စုရန်ဟိုက သူအား တစ်ချက်မျှ လှည့်မကြည့်ခြင်းအား သတိထားမိသည်နှင့် သူ၏ ဖခင်မှာ သူ့ကို စိတ်ပျက် သွားကြောင်း သူသိလိုက်သည်။
"ဟုတ်ပါတယ် တတိယ အဘိုး။ ချန်းဖန်မှာ ဒီလိုနောက်ခံတွေ ရှိတယ်ဆိုတာ ဘယ်သူက တွေးမိမှာလဲ။ သူက ထန်လုံတပ်ဖွဲ့ရဲ့ ဗိုလ်ချုပ် ဖြစ်နေမယ် ဆိုတာ သမီးတို့က ဘယ်လို သိနိုင်မှာလဲ။ နောက်ပြီး ဟောင်ကောင်ရဲ့ ဘီလျံနာ… ကောင်းကင် စာအုပ်ရဲ့ နံပါတ်တစ်။ ဒါတွေက သမီးတို့နဲ့ အလှမ်း ဝေးလွန်းတယ်" စုချင်ကလည်း ဝင်၍ ပြောသည်။
"မင်းတို့က ဒါတွေကို မမျှော်လင့် ထားရင်တောင် ဘာလို့ သူ့အကြောင်း မစုံစမ်းခဲ့တာလဲ..." စုရန်ဟိုက စားပွဲအား ရိုက်ပုတ်ရင်း အေးစက်စွာ မေးသည်။
ချန်းဖန်၏ နောက်ခံများက စုံစမ်းရန် ခက်ခဲသည့်တိုင် စုံစမ်း၍ မဖြစ်နိုင်ခြင်းတော့ မဟုတ်သေးချေ။ ချန်းပေ့ရွှမ်းမှာ သိုင်းပညာရှင်များ အကြားနှင့် စစ်တပ်၌ အလွန်ကျော်ကြားသူ ဖြစ်သည်။ စုမိသားစုကသာ ကြိုးစား၍ စုံစမ်းခဲ့ပါက အနည်းဆုံး ထန်လုံ တပ်ဖွဲ့၏ ဗိုလ်ချုပ်ရာထူး လောက်တော့ ကြို၍ သိရှိခဲ့ရမည်။
သို့သော်လည်း စုမိသားစုဝင် များမှာ ချန်းဖန်အား အထင်သေးပြီး လျစ်လျူရှု ခဲ့မိသည်။
အဘိုးအို၏ ဒေါသ ထွက်နေသော အပြုအမူအား ကြည့်ရင်း စုမိသားစုဝင် များစွာက ခေါင်းများကို ငုံ့ထား မိကြသည်။ စုကျန်းဒီမှာလည်း သူ၏ ခေါင်းကို သဲများအတွင်း နှစ်ကာ ပုန်းကွယ် ချင်နေခဲ့မိ၏။
"တတိယ အဘိုး… ချန်းဖန်နဲ့ ကျွန်တော်တို့ မပတ်သက်ရင်တောင် ကျန်းနန်နယ်ရဲ့ နံပတ်တစ် မိသားစု ဖြစ်နေသေးတာပဲလေ။ သူက ဘာကို ပြောင်းပေးနိုင်မှာ မလို့လဲ" စုဇီက အဘိုးအိုအား ကြည့်ရင်း ပြောလိုက်သည်။ အခြားလူများက ပါးစပ်မှ မထောက်ခံ ကြသည့်တိုင် ခေါင်းညိတ် ကြသည်။
ဝူကျိုး၏ စုမိသားစုမှာ ပြင်းထန်သော မုန်တိုင်းများ အကြားတွင်ပင် နှစ်သုံးရာအထိ တည်တံ့ခဲ့သည်။ ချန်းဖန်နှင့် ပတ်သက်မှုကလည်း ကြမ်းတမ်းသော ခရီးရှည်ကြီးထဲမှ အတားအဆီး တစ်ခုသာ ဖြစ်သည်။ အချိန်တန်လျှင် စုမိသားစု ကျော်ဖြတ်နိုင်မည် ဖြစ်၏။
"ဟားဟား… စုမိသားစုက အင်အားကြီးနေတုန်းလို့ မင်းတို့လေးတွေ ထင်နေတာလား"
အဘိုးကြီးစုက ဖျော့တော့စွာ ရယ်ရင်း ဆက်ပြောလိုက်၏။
"ငါက အသက်ကိုးဆယ် ပြည့်နေပြီ။ အခု ငါ့ရဲ့ နောက်ဆုံးနေ့တွေကို ရောက်နေခဲ့ပြီ။ ငါမရှိတော့ရင် စုမိသားစုရဲ့ တာဝန်တွေကို ဘယ်သူက ပခုံးလွှဲယူမှာလဲ"
"လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ အတွင်း စုမိသားစု တိုးတက်လာရတဲ့ အကြောင်းရင်းက တော်လှန်ရေး ကောင်စီမှာ ငါ ပါဝင်ခဲ့တာကြောင့်ပဲ။ ခေါင်းဆောင်ကြီးတွေက ငါ့ကို အခွင့်အရေးတွေ အများကြီး ပေးခဲ့တယ်။ ဒါပေမဲ့ အချိန်တွေ ကြာပြီးတဲ့ နောက်မှာ သူတို့ရဲ့ သဘောထားတွေကလည်း ပြောင်းလဲလာကြပြီ။ ငါသေတာနဲ့ သူတို့က စုမိသားစုနဲ့ ဆက်ဆံရေးကို ဖြတ်ပစ်တော့မှာ"
အဘိုးအိုစု၏ မျက်လုံးမှ မှေးမှိန် ဖျော့တော့သော အလင်းရောင်က ဆိုးဝါးနေသော အခြေအနေ များအား သိသာစေသည်။
"သူတို့ရဲ့ ထောက်ပံ့မှုသာ မရတော့ရင် ကျိမိသားစု၊ ကျူးမိသားစုတွေကို ဘယ်လို ယှဉ်နိုင်တော့မှာလဲ။ ငါတို့မှာ ကျဆင်းဖို့ လမ်းစ တစ်ခုပဲ ရှိတော့တာ"
အဘိုးအို၏ စကားက စုမိသားစုဝင် များစွာအား အိပ်မက်မှ လန့်နိုးစေခဲ့သည်။ စုမိသားစုမှာ ကြွယ်ဝ ချမ်းသာပြီး အင်အားကြီး မိသားစု တစ်ခု ဖြစ်သည့်တိုင် ထိုအရာအားလုံးက အဘိုးကြီးစု၏ လွှမ်းမိုးမှုနှင့် အဆက်အသွယ်များ ကြောင့်သာ ဖြစ်သည်။ အဘိုးကြီးစု ကွယ်လွန်သည်နှင့် ထိုအရာများ အားလုံးက အဆုံးသတ် ရတော့မည် ဖြစ်သည်။
"ချန်းဖန်သာ ငါတို့ မိသားစုကို ဝင်လာခဲ့မယ် ဆိုရင် ခေါင်းဆောင်တွေက ငါတို့ကို ပြန်ပြီး အရေးပေးလာလိမ့်မယ်။ ဒါပေမဲ့ အဲဒါက နောက်ကျသွားခဲ့ပါပြီ"
စုရန်ဟိုက ခေါင်းအား ခါယမ်းရင်း သက်ပြင်း ချသည်။ ထိုခဏ အတွင်းမှာပင် သူ၏ မျက်နှာတွင် အရေးအကြောင်းများ များပြားလာပြီး ပိုမို အိုစာ လာခဲ့သည်။
အဘိုးအို၏ ရုပ်သွင်အား ကြည့်ရင်း စုရန်ဟိုက…
"အဖေ… ကျွန်တော် ကိုးလေးကို ခုချက်ချင်း သွားပြီး တောင်းပန်ပါ့မယ်။ ချန်းဖန်ကို ဒူးထောက်ရမယ် ဆိုရင်တောင် ကျွန်တော် လုပ်မယ်"
"ဒါက အဓိပ္ပာယ် မရှိဘူး"
စုရန်ဟိုက သက်ပြင်းချရင်း ပြောသည်။
"သူက ထန်လုံတပ်ဖွဲ့ရဲ့ ဗိုလ်ချုပ်တစ်ယောက် ဖြစ်တဲ့အပြင် အထွတ်အထိပ် အဆင့် သိုင်းပညာရှင် တစ်ယောက်ပဲ။ သူ့ရဲ့ စိတ်က အဲဒီလောက် ပျော့ညံ့မှာ မဟုတ်ဘူး"
"ဒါဆို ကျွန်တော်တို့ ဘာလုပ်သင့်လဲ" စုကျန်းဒီက စိတ်ပျက် လက်ပျက် မေးသည်။
စုချင်၊ စုဇီနှင့် စုပန်တို့မှာလည်း စိတ်ပျက် အားလျှော့နေဟန် အထင်းသား ပေါ်လွင်နေခဲ့သည်။ သူတို့၏ ဘဝတစ်လျှောက် ယခုကဲ့သို့ ခက်ခဲသော အခြေအနေ တစ်မျိုး မကြုံခဲ့ဘူးချေ။
ရုတ်တရက် စုရှောင်၏ အသံက တိတ်ဆိတ်မှုအား ဖြိုခွင်း၍ ထွက်ပေါ်လာသည်။
"အဘိုး… ဒါက အဘိုး ထင်သလောက် အခြေအနေ မဆိုးသေးပါဘူး။ ချန်းဖန်က ကိုးလေးကို အရမ်းချစ်တဲ့ပုံ ပေါ်တယ်။ ကိုးလေးကို ကြည့်တိုင်း သူ့ရဲ့ မျက်လုံးတွေက အရမ်း နူးညံ့သွားတယ်။ မနေ့ညက ပါတီမှာရော၊ ဒီနေ့ရော သူက ကိုးလေးကို အမြဲ ဂရုစိုက်နေခဲ့တယ်"
"မြေးပြောချင်တာက…" အဘိုးအိုစုက စုရှောင်အား စိတ်လှုပ်ရှားစွာ ကြည့်သည်။
"ဟုတ်တယ်… သမီးတို့က ချန်းဖန်ရဲ့ စိတ်သဘောထားကို ထည့်ပြီး မစဉ်းစားသင့်ဘူး။ သူက ကိုးလေးကြောင့်သာ မဟုတ်ရင် ဝူကျိုးကိုတောင် လာမှာ မဟုတ်ဘူး။ ဒါကြောင့် ဒီပြဿနာကို ဖြေရှင်းဖို့ လက်နက်က ကိုးလေးပဲ။ ကိုးလေးသာ သမီးတို့ဘက်မှာ ရှိရင် အားလုံး အဆင်ပြေပြီ" စုရှောင်က ယုံကြည်ချက် ရှိစွာ ပြောလိုက်သည်။
လူတိုင်းက စုရှောင်၏ စကားအား နားထောင်ရင်း ခေါင်းညိတ် ကြသည်။ စုရန်ဟိုက ဖန့်မင်ဒီနှင့် စုစုတို့အား မျှော်လင့်တကြီး ကြည့်သည်။
စုစုက ပြုံးလိုက်ရင်း… "တတိယ ဦးလေး… ကျွန်မက ရှောင်ဖန်နဲ့ အရမ်း မရင်းနှီဘူး။ ဒါပေမဲ့ သူက ဖန့်ချုံးကို အရမ်းချစ်တယ် ဆိုတာတော့ သိတယ်။ သူတို့ နှစ်ယောက်က ငယ်ငယ်တည်းက အတူတူကြီးလာခဲ့ပြီး တက္ကသိုလ် တစ်ခုတည်းမှာ တက်ဖို့ သဘော တူခဲ့တယ်"
သူမက ခဏမျှရပ်ရင်း ဆက်ပြောလိုက်သည်။
"နောက်ပြီး ရှန်းမိသားစု ကိစ္စကလည်း ဖန့်ချုံးနဲ့ နည်းနည်း ပတ်သက်နေမယ် ထင်တယ်"
သူမ၏ စကားအား မည်သူမျှပင် သံသယ မဝင်ကြပေ။
"ဟုတ်တယ်။ ငါလည်း အဲဒီသတင်းကို ကြားတယ်။ ချန်းဖန်သာ အခြားကိစ္စနဲ့ ရှန်းမိသားစုကို နှိပ်ကွပ်ချင်ရင် သုံးလို့ရတဲ့ နည်းလမ်းတွေ အများကြီးပဲ။ မိသားစု တစ်ခုလုံးကို သတ်ပစ်ခဲ့တဲ့ အထိ ဖြစ်ခဲ့တာ ဆိုတော့ အရမ်းကို ဒေါသထွက်စရာ ကိစ္စ ဖြစ်ခဲ့လို့ ဖြစ်မယ်" စုကျန်းဒီကလည်း စဉ်းစားရင်း ဝင်ရောက် ပြောဆိုသည်။
"လူငယ်တိုင်းဟာ အချစ်ဆိုတဲ့ ခေါင်းစဉ်အတွက် အန္တရာယ်ရှိတဲ့ သားရိုင်းတစ်ကောင် ဖြစ်လာတတ်တယ်" စုရန်ဟိုက မှတ်ချက်ချသည်။
ထို့နောက် သူက စုရှောင်ဘက်သို့ လှည့်လိုက်ရင်း…
"မြေးက ကိုးလေးနဲ့ အရင်းနှီးဆုံး သူပဲ။ ကိုးလေးနဲ့ မိသားစုကြား ပြေလည်လာအောင် လုပ်ဖို့က မြေးရဲ့ တာဝန် ဖြစ်သွားပြီ။ ကိုးလေးကသာ ငါတို့ကို ခွင့်လွှတ်မယ် ဆိုရင် ချန်းဖန်ကလည်း ခွင့်လွှတ်လိမ့်မယ်"
"နောက်ပြီး ဒီနေ့ကစပြီး ကိုးလေးက ငါတို့မိသားစုရဲ့ ခေါင်းဆောင်ပဲ။ ငါ့ကို ဆက်ဆံသလိုမျိုး သူ့ကို ဆက်ဆံကြပါ" စုရန်ဟိုက အလေးအနက် ကြေငြာလိုက်၏။
"ဟုတ်ကဲ့ပါ…" လူတိုင်းက ခေါင်းညိတ်ကြသည်။
***
"မင်းသိပြီးပြီလား။ ချန်းဖန်က ထန်လုံတပ်ဖွဲ့ရဲ့ ဗိုလ်ချုပ်တဲ့"
"ဘာတွေ ပြောနေတာတုံး။ ချန်းဖန်က ဘယ်သူလဲ"
"သူက ရှန်းမိသားစုကို မျိုးသုဉ်း သတ်ခဲ့တဲ့ တစ်ယောက်ပေါ့။ ခုတစ်ကြိမ်မှာတော့ ကျိမိသားစုနဲ့ နင်းမိသားစုတို့က သူ့ရှေ့မှာ ဒူးထောက်ခဲ့ရတယ်"
"တကယ်ပဲလား။ အပြည့်အစုံ ပြောပြပါဦး"
ထိုကဲ့သို့သော စကားဝိုင်းများအား ကျင်းမြို့၊ ဝူကျိုး၊ ကျန်းကျိုးမြို့များ၌ အဆက်မပြတ် ဖြစ်ပေါ်နေခဲ့၏။ မွေးနေ့ပွဲ၌ ချန်းဖန်၏ အကြောင်းများအား မပြောရန် တားဆီးခဲ့သည့်နိုင် လူ၏ ပါးစပ်ပေါက်အား မည်ကဲ့သို့ ပိတ်နိုင်ပါမည်နည်း။
ကောင်းကင်စာအုပ်၏ နံပါတ်တစ်ဆိုသော နာမည်နှင့် ယှဉ်ပါက ထန်လုံတပ်ဖွဲ့၏ ဗိုလ်ချုပ်ဆိုသော နာမည်က လူများ၏ အာရုံအား ပိုမို ဖမ်းစားနိုင်ခဲ့သည်။
"အသက်နှစ်ဆယ် မပြည့်သေးတဲ့ ဗိုလ်ချုပ်တဲ့။ ဒါမျိုး တစ်ခါမှ မကြားခဲ့ဖူးဘူး"
"ချန်းမိသားစုက တကယ်ကို လွှမ်းမိုးနိုင်တာပဲ။ ကူထန်းမင်တောင် သူတို့ကြောင့် ဖယ်ရှားခံရတာ မထူးဆန်းဘူး။ သူတို့က သိပ်မကြာခင်မှာ ကျင်းမြို့ကို လွှမ်းမိုး နိုင်လိမ့်မယ် ထင်တယ်"
"ဆရာလို့ရဲ့ ကိုယ်စားလှယ်တောင် သူတို့ကို ရိုရိုသေသေ ဆက်ဆံရတယ် တဲ့။ ချန်းမိသားစုက အစိုးရပိုင်းနဲ့လည်း နက်ရှိုင်းတဲ့ ဆက်ဆံရေး ရှိပုံရတယ်"
ကျင်းမြို့ရှိ လူများမှာလည်း ချန်းဖန် အကြောင်းအား အံ့အားသင့်စွာ ပြောဆိုနေကြသည်။ ကျိုးချင်းရမှာလည်း ထိုသတင်းများအား မယုံကြည်နိုင်အောင် ဖြစ်နေခဲ့၏။ ချန်းဖန်မှာ ကျန်းပေ့၏ ဆရာချန်း ဖြစ်သည့် အပြင် ထန်လုံတပ်ဖွဲ့၏ ဗိုလ်ချုပ်ဖြစ်နေလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။
ချန်းမိသားစုဝင်များ ပင်လျှင် ထိုသတင်းများကြောင့် အလွန် အံ့အားသင့် နေခဲ့ကြသည်။ ချန်းဖန် စစ်တပ်တွင် တာဝန် ထမ်းဆောင်နေကြောင်း သိသူက ချန်းဟွိုက်အန်း တစ်ယောက်သာ ရှိသည်။ ချန်းဂူဂူးဆိုလျှင် အိမ်နီးချင်းများအား သူမ၏ ဝမ်းကွဲအစ်ကိုအကြောင်း ပတ်ကြွား နေခဲ့သေးသည်။
ထိုအချိန်၌ ချန်းဖန်ကမူ ချွေးသီးချွေးပေါက်များ ကျသည်အထိ ကြီးမားသော ပြဿနာကြီး တစ်ခုအား ရင်ဆိုင်နေခဲ့ရသည်။
ချန်းပေ့ရွှမ်းဆိုသော နာမည်နှင့် ထန်လုံစစ်တပ်၏ ဗိုလ်ချုပ် ရာထူးအကြောင်း ဖန့်ချုံးထံတွင် ရှင်းပြရတော့မည် မဟုတ်ပါလား။
***