ဝူကျိုးတံတားပေါ်တွင်
Vol. 4 Ch. 333
ထစုမိသားစုမှ ထွက်ခွာလာသည်နှင့် ဖန့်ချုံးက မြို့စွန်ဒေသ လမ်းဘေးဆိုင်များအား သွားရောက် စားသောက်ရန် ဆုံးဖြတ်လိုက်သည်။
"ဝက်သားမွန်းကိတ်၊ ပျားရည်တို့ဖူး၊ ဆန်ကိတ်၊ သစ်ချသီးမုန့်လုံး"
မြို့စွန်ဒေသရှိ အဆောက်အဦများမှာ တန်နှင့် စွန်းမင်းဆက်များက ပုံစံအတိုင်း ဆောက်လုပ်ထားပြီး လမ်းများမှာလည်း ရှေးဟောင်းပုံစံ အခုံးလမ်းများ ဖြစ်သည်။ ရေမြောင်းငယ် များစွာကို ဖြတ်၍ တည်ဆောက် ထားသော ခုံးတံတားငယ် များစွာတွင်မူ နိုင်ငံခြားသားများ ပြည့်နှက်နေခဲ့၏။
သူတို့နှစ်ယောက် အဝအပြဲ စားသောက်ပြီးသည်နှင့် ရှေးဟောင်း အဆောက်အဦ များအား လှည့်ပတ် ကြည့်ရှု့ကြသည်။ ဖန့်ချုံးက အဆောက်အဦ တစ်ခုချင်းဆီအား ညွှန်ပြရင်း ထိုအရာများ၏ သမိုင်းကြောင်းအား ချန်းဖန်ကို ရှင်းပြသည်။
နောက်ဆုံး၌ သူတို့နှစ်ယောက် ဝူကျိုး တံတားထံသို့ ရောက်လာခဲ့တော့သည်။
"နင် ငါ့ကို ချန်းပေ့ရွှမ်း အကြောင်း မေးချင်နေတယ် မလား" ချန်းဖန်က ဖန့်ချုံးအား ကြည့်ရင်း ပြုံးကာ ပြောသည်။
"ဒါဆို နင်က ငါ့ကို အားလုံး ပြောပြတော့မယ်ပေါ့"
ဖန့်ချုံးက ချန်းဖန်အား ရန်တွေ့ဟန် ကြည့်သည်။
"နင်က ဘယ်သူလဲ။ ချန်းဖန်လား။ ဆရာချန်းလား။ ချန်းပေ့ရွှမ်းလား။ ဘာဖြစ်လို့ ငါ ငယ်ငယ်က သိခဲ့တဲ့ ချန်းဖန်နဲ့ မတူတာလဲ"
"ငါက ချန်းဖန်၊ ဆရာချန်း၊ ချန်းပေ့ရွှမ်း သုံးခုလုံးပဲ"
ချန်းဖန်က ပြန်ဖြေသည်။
"ဒါဆို နင်က ကျင်းမြစ်မှာ တွေ့တဲ့ ဗေဒင်ဆရာလား" ဖန့်ချုံးက မေးလိုက်ပြန်သည်။
ထိုဗေဒင်ဆရာက လှိုင်းများအကြား မပျောက်သွားခင်တွင် သူမအား ဓမ္မရတနာ တစ်ခု ပေးခဲ့သေးသည်။ ကျင်းတက္ကသိုလ်၌ ပါမောက္ခချန်းအား ဆုံတွေ့ခဲ့စဉ်က ထိုဗေဒင်ဆရာဟု သူမ သံသယ ဝင်ခဲ့သေးသည်။ သို့သော်လည်း ပါမောက္ခချန်းနှင့် တွေ့ပါများသော အခါ၌ သူ၏ အပြုအမူများက ဗေဒင်ဆရာနှင့် သိပ်မတူဟု သူမ ထင်မြင်လာခဲ့သည်။
"ဟုတ်တယ်… အဲဒါက ငါပဲလေ။ နင့်ကိုတောင် ဓမ္မအစီအရင် တစ်ခု ပေးခဲ့သေးတယ်"
ချန်းဖန်က မိန်းကလေး၏ နဖူးအား လက်ညှိုးဖြင့် ထိုးရင်း ပြုံးလိုက်သည်။
"အဲဒါက ငါ ပထမဆုံး လုပ်ခဲ့တဲ့ အစီအရင်ပေါ့။ အရမ်းတော့ အစွမ်းမထက်ပါဘူး။ နင်သာ အဲဒါကို မဝတ်ခဲ့ရင် ငါ တကယ် ခံစားရမှာ"
"ငါ ဝတ်ပါတယ်" ဖန့်ချုံးက ပြန်ပြောရင်း ထပ်မံ မေးခွန်း ထုတ်လိုက်သည်။
"ရှောင်ဖန်… နင် ဘယ်လိုလုပ်ပြီး ခုလို စွမ်းအားတွေ ပိုင်ဆိုင်လာတာလဲ။ ရေပေါ်မှာ လမ်းလျှောက်တာ။ လေပေါ်မှာ ပျံတာတို့တွေ ရောပဲ။ နင်က တန်ခိုးရှင်လား"
"ငါက တန်ခိုးရှင် မဟုတ်သေးပါဘူး။ ဒါပေမဲ့ တန်ခိုးရှင်ဖြစ်ဖို့က နင်ထင်သလောက် မခက်ပါဘူး။ သိုင်းသမားတွေတောင် အတွင်းအားကို လုံလောက်အောင် လေ့ကျင့်နိုင်ရင် တန်ခိုးရှင် ဖြစ်လာနိုင်တယ်" ချန်းဖန်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
"အတွင်းအား…" ဖန့်ချုံးက တီးတိုး ရေရွတ်လိုက်သည်။ သူမအနေဖြင့် ငယ်စဉ် ကတည်းက သိုင်းပညာရှင်များနှင့် ပတ်သက်မှု မရှိခဲ့ရာ အစီအရင် ပညာရှင်များ၊ သိုင်းသမားများ အကြောင်း သိပ်မသိခဲ့ချေ။
ချန်းဖန်က ဖန့်ချုံးအား ကြည့်ရင်း စိတ်ရှည်စွာ ရှင်းပြလိုက်သည်။
"ငါတို့နေတဲ့ လူ့အဖွဲ့အစည်းက ငြိမ်းချမ်းပြီး သဟဇာတ ဖြစ်တယ် ထင်ရပေမယ့် အခြား တစ်ဖက်မှာ လုံးဝခြားနားတဲ့ ကမ္ဘာတစ်ခု ရှိနေတယ်။ အဲဒီ ကမ္ဘာက လူတွေက စည်းမျဉ်းတွေ၊ ဥပဒေတွေကို လုံးလုံး ဂရုမစိုက်ကြဘူး။ သူတို့ထဲမှာ သိုင်းပညာရှင်တွေ၊ အစီအရင် ပညာရှင်တွေနဲ့ အရှင်သခင်တွေ ပါတယ်"
"သိုင်းပညာရှင်တွေက သာမန်လူတွေ အနေနဲ့ မွေးဖွား လာခဲ့ပေမယ့် အတွင်းအားကို လေ့ကျင့်ခဲ့ကြတဲ့ သူတွေပဲ။ တန့်ရီဖေးရဲ့ အဖေအကြောင်း နင်သိထားတာ တစ်ခုခု ရှိလား"
ချန်းဖန်က မေးလိုက်သည်။
"အမရီဖေးလား… သူ့အဖေ တန့်ယွမ်ချင်းက ကျန်းနန်နယ်မှာ လွှမ်းမိုးနိုင်စွမ်း ရှိတဲ့ လူတစ်ယောက် မဟုတ်ဘူးလား"
ဖန့်ချုံးက ချန်းဖန်အား စိတ်ဝင်စားစွာ ကြည့်ရင်း ဆက်ပြောလိုက်သည်။
"ငါ ငယ်ငယ်လေးထဲက တန့်မိသားစုက စွန်းနဲ့ ကျို့မိသားစုတို့လောက် အင်အား ရှိတယ်လို့တော့ ကြားဖူးတယ်"
"တကယ်တော့ တန့်ယွမ်ချင်းက အတွင်းအား ကျင့်ကြံတဲ့ သိုင်းပညာရှင်ကြီး တစ်ယောက်ပဲ။ ဒါကြောင့်ပဲ သူက ကျင်းမြို့တော်ကို လွှမ်းမိုးနိုင်ပြီး ရေကြောင်း ဆက်သွယ်ရေးကို လက်ဝါးကြီး အုပ်ထားနိုင်ခဲ့တယ်" ချန်းဖန်က မြစ်ထဲ၌ မျောပါနေသော လှေတစ်စင်းအား ငေးကြည့်ရင်း ရှင်းပြလိုက်သည်။
ဖန့်ချုံးကမူ ချန်းဖန် ပြောသမျှအား ပါးစပ် အဟောင်းသားဖြင့် နားထောင် နေခဲ့သည်။ တန့်ယွမ်ချင်း ကျင်းမြို့အား လွှမ်းမိုးနိုင်ခြင်းမှာ စီးပွားရေး ဗျူဟာများကြောင့်ဟု သူအမြဲတမ်း ထင်နေခဲ့သည်။ ယခုကဲ့သို့ သိုင်းပညာရှင် တစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူမ ထင်မထားခဲ့ချေ။
"ဒါဆို ငါနည်းနည်း ခန့်မှန်း ကြည့်မယ်။ နင့်နာမည်က ဆရာချန်း။ နင့်မှာ စွမ်းအားတွေ ရှိတယ်
ဒါကြောင့် နင်က ကျန်းပေ့နယ်ကို လွှမ်းမိုးနိုင်တာ"
ဖန့်ချုံး၏ စကားအား ချန်းဖန်က ခေါင်းညိတ်ကာ ထောက်ခံသည်။
"ရှောင်ချုံး… နင့်ရဲ့ စွမ်းအားတွေက တန့်ယွမ်ချင်းနဲ့ ယှဉ်ရင်ရော ဘယ်လိုနေလဲ…" ဖန့်ချုံးက စိတ်ဝင်တစား ထပ်မံမေးလိုက်၏။
"တန့်ယွမ်ချင်းလား…" ချန်းဖန်က ပြုံးရင်း သူမကို ကြည့်သည်။
"အရူးမလေး… နင်က ကိုယ့်ယောက်ျားကို လျှော့တွက် ထားတာပဲ။ ငါက နိုင်ငံရဲ့ ဂုဏ်အယူရဆုံး ဆိုတာ နင်မကြားဖူးလား။ တန့်ယွမ်ချင်းက ငါ့ကို ဘယ်လို ယှဉ်နိုင်မှာလဲ"
ဖန့်ချုံးက ချန်းဖန်အား တအံ့တဩ ထပ်မေးလိုက်သည်။
"ဒါဆို နင်က တန့်ယွမ်ချင်းထက် ပိုပြီး အစွမ်းထက်တယ်ပေါ့"
"ပိုပြီး အစွမ်းထက်တာ မဟုတ်ဘူး။ နှိုင်းယှဉ်လို့ကို မရတာ" ချန်းဖန်က ခေါင်းအား မော့ရင်း ပြောလိုက်သည်။
"တကယ်ကြီးလား…" ဖန့်ချုံးက အံ့အားသင့်စွာ ရေရွတ်သည်။
"သိုင်းသမားတွေရဲ့ စွမ်းအားကို အပြင်အား၊ အတွင်းအားနဲ့ အထွတ်အထိပ် ဆိုပြီး သုံးမျိုး ခွဲခြားနိုင်တယ်။ သိုင်းသမား အများစုက အပြင်အား အဆင့်မှာပဲ ရှိသေးတယ်။ သူတို့ထဲက အရမ်းထူးချွန်တဲ့ သူတွေက အတွင်းအားကို လေ့ကျင့် လာနိုင်ကြတယ်။ တန့်ယွမ်ချင်းက အတွင်းအား ကျင့်ကြံမှုမှာ ထိပ်ဆုံး အဆင့်ထိ ရောက်နေခဲ့ပြီ။ သူက အထွတ်အထိပ် အဆင့်နဲ့ သိပ်မဝေးတော့ဘူး။ တရုတ်နိုင်ငံမှာ အထွတ်အထိပ် အဆင့်က လက်တစ်ဆုပ်စာပဲ ရှိတယ်။ နာမည် အကြီးဆုံး အထွတ်အထိပ် ပညာရှင်တွေကတော့ ရဲ့နန်ထင်းနဲ့ ဟွာရန်ဖန်းတို့ပေါ့"
ချန်းဖန်က ပြုံးရင်း စကားဆက်လိုက်သည်။
"ဟွာရန်ဖန်းက ကျောင်းဟိုင်ကို ဆယ်စုနှစ်နဲ့ ချီပြီး လွှမ်းမိုးနိုင်ခဲ့တယ်။ သူ့ရဲ့ ဂုဏ်သတင်းက ဝူကျိုးထိတောင် ရောက်တယ် မလား။ ရဲ့နန်ထင်းကတော့ စစ်တပ်ရဲ့ ဗိုလ်ချုပ် တစ်ယောက်ပဲ။ သူက လုံဖန်အထူးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်ဆိုလည်း ဟုတ်တယ်"
"ဒါဆို နင်ကလည်း အထွတ်အထိပ် အဆင့်မလို့ ထန်လုံတပ်ဖွဲ့ ခေါင်းဆောင် ဖြစ်လာတာလား" ဖန့်ချုံးက စဉ်းစားရင်း မေးသည်။
"ဟားဟား… နင့်ယောက်ျားက ရိုးရိုး အထွတ်အထိပ် မဟုတ်ဘူးနော်"
ချန်းဖန်က ရယ်မောရင်း လက်နှစ်ဖက်အား နောက်သို့ ပစ်လိုက်သည်။
"ကောင်းကင် စာအုပ်မှာ ဆိုရင် ဟွာရန်ဖန်းက နံပါတ်လေး၊ ရဲ့နန်ထင်းက နံပတ်နှစ်ပေါ့။ နင့်ရဲ့ ယောက်ျားက နံပါတ်တစ် နေရာမှာ ရှိနေတာ။ နောက်ပြီး ငါက အမှောင် သတ်မှတ်ချက်မှာ နံပါတ်သုံးလို့ စီအိုင်အေက သတ်မှတ်ထားတာ။ ဒါကြောင့် မစ္စတာချူနဲ့ ခေါင်းဆောင်ကြီးတွေက ငါ့ကို တန်ဖိုး ထားကြတာပေါ့"
"ကဲ… နင့်ယောက်ျားက ဘယ်လောက်တော်လဲ ဆိုတာ အခု သိပြီ မလား။ ငါ့စကားကို အမြဲ နားထောင်တော့။ ကြားလား…" ချန်းဖန်က ဖန့်ချုံး၏ နှာခေါင်းအား ဖျစ်ညှစ်ရင်း ပြောလိုက်သည်။
"ဟမ့်… တစ်နေ့ကျ ငါနင့်ကို အမီလိုက်ပြမယ်" ဖန့်ချုံးက နှာခေါင်းရှုံ့ရင်း ချန်းဖန်အား ပြန်ပြောသည်။ သူမ၏ မျက်လုံးများကမူ ပျော်ရွှင်မှုဖြင့် တလက်လက် တောက်ပ နေခဲ့တော့သည်။
ချန်းဖန်မှာ မိန်းကလေး၏ ပျော်ရွှင်နေသော အမူအရာအား ကြည့်ရင်း ပြုံးလိုက်မိသည်။
"ငါ ပြန်လာခဲ့ပြီ။ ဒီဘဝမှာတော့ ငါရဲ့ နောက်ဆုံး အချိန်အထိ မင်းကို ကာကွယ်ခွင့်ပြုပါ။ ငါက မင်းအတွက်ဆိုရင် စကြဝဠာ တစ်ခုလုံးကို စစ်ကြေညာရဲပါတယ်"
တံတားပေါ်ရှိ ဖြတ်သွား ဖြတ်လာများက ချစ်ကြည်နူးနေကြသော စုံတွဲအား ကြည့်ရင်း ပြုံးမိကြသည်။ လူငယ်များကမူ ချန်းဖန်အား မနာလိုစွာ ကြည့်ကြသည်။ ထိုမျှလှပသော ကောင်မလေးအား ထိုအကောင်က မည်ကဲ့သို့ ထိန်းချုပ်ထားနိုင်သည် မသိချေ။ ထိုအရာက လုံးဝ မမျှတသော အရာ ဖြစ်၏။
ချန်းဖန့်နှင့် ဖန့်ချုံးတို့ တံတားပေါ်၌ အချိန်အတန်ကြာအောင် ဖြုန်းပြီးနောက် ဖန့်ချုံးက…
"ဘေဘီ… ငါတို့ အိမ်ပြန်ကြမှာလား…"
"အင်း…"
"ဘေဘီ… ငါလည်း သိုင်းသင်ချင်တယ်။ ငါ့ကို သင်ပေးမှာလားဟင်"
"ဒါပေါ့…"
"ပြီးရော… ငါတို့အတူ လေ့ကျင့်ကြမယ်နော်…"
"အိုကေ…"
***