← Chapters

ဂျင်ဇာကလပ်

Vol. 4 Ch. 334

ဂျင်ဇာကလပ်

Vol. 4 Ch. 334

နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ရောက်ရန် တဖြည်းဖြည်း နီးကပ်လာ သကဲ့သို့ ကျောင်းစာသင်နှစ်များ မှာလည်း ကုန်ဆုံးတော့မည် ဖြစ်၏။ ချန်းဖန်နှင့် ဖန့်ချုံးတို့မှာ ကိုယ်စီ အလုပ်များနေကြရာ တိုင်ပင်ထားသော အစီအစဉ်အား နှစ်သစ်သို့ ရောက်မှ စတင်ရန် ဆုံးဖြတ်ခဲ့ကြ၏။

အချိန်များ စီးဆင်းသွားပြီး နောက်၌ ချန်းဖန်၏ ပထမနှစ်ဝက် စာသင်နှစ်မှာလည်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

"၂၀၀၉ ခုနှစ်ရဲ့ ပထမဆုံးနှင်း ..."

ဖန့်ချုံးအား မိန်းကလေး အဆောင်သို့ လိုက်ပို့၍ ပြန်ထွက်လာစဉ်မှာပင် ကောင်းကင်မှ အဖြူရောင် နှင်းမှုန်များက ပိတ်ဖုံးကာ ကျဆင်းလာခဲ့သည်။ ဘတ်စ်ကား ပေါ်၌ သူ ပြန်လည် နိုးလာသည့် အချိန်မှ ရေတွက်လျှင် တစ်နှစ်ခွဲအထိ ကြာမြင့်ခဲ့ပြီ ဖြစ်၏။

တစ်နှစ်ခွဲဆိုသော အချိန်သည် သာမန်လူတစ်ယောက် အတွက် ရှည်လျားသော ကာလတစ်ခု ဖြစ်သော်လည်း ချန်းဖန်အတွက်မူ မျက်တောင်တစ်ခတ်စာသာ ဖြစ်၏။ လွန်ခဲ့သည့် တစ်နှစ်ခွဲက ချန်းဖန်မှာ ၁၂ တန်းကျောင်းသား တစ်ယောက် အဖြစ် ပြန်လည် ရောက်ရှိလာခဲ့သည်။ သို့သော်လည်း ယခုအချိန်၌မူ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကာ အဇူရာ သက်ရှည် ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားနိုင်ခဲ့ပြီ ဖြစ်၏။ ထို့အပြင် ကျန်းပေ့၏ ဆရာချန်း၊ ထန်လုံ စစ်တပ်၏ ဗိုလ်ချုပ်၊ ကောင်းကင်စာအုပ်၏ နံပါတ်တစ် စသည့် ဂုဏ်ပုဒ်များကိုပါ ပိုင်ဆိုင်ထားနိုင်ခဲ့သည်။

ထိုမျှမက ကျင်းမြို့တော်၏ အထက်တန်း အားလုံးတွင်လည်း သူ၏ နာမည်အား မကြားဖူးသူ မရှိတော့ချေ။ ဝူကျိုး၊ စုမိသားစု၌ ဖြစ်ပျက်ခဲ့သည်များက ချန်းဖန် ဆိုသော အမည်အား ကျန်းနန်နယ်၌ လူတိုင်း သတိထားမိစေသည်။

ထန်လုံစစ်တပ်၏ ဗိုလ်ချုပ်၊ တန့်နှင့် ကျိမိသားစုများအား ဒူးထောက်စေခြင်း၊ စုမိသားစုကပင် တောင်းပန်ရခြင်း စသည့် အောင်မြင်မှုများစွာက ချန်းဖန်အား ဂန္ထဝင် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်စေသည်။ သူ့အား မြင်ဖူးသူ သိပ်မရှိသည့်တိုင် ချန်းဖန်ဆိုသော အမည်ကိုမူ လူတိုင်း သိကြ၏။

ချန်းဖန် လက်နှစ်ဖက်အား နောက်သို့ ပစ်ရင်း အဆောင်သို့ ပြန်လာခဲ့သည်။ ယခုဆိုလျှင် အစိမ်းရောင်နဂါး အစီအရင် အတွင်း စိုက်ပျိုးထားခဲ့သော ဝိညာဉ်ဆေးပင်များမှာလည်း ပထမ အသုတ်အဖြစ် ရိတ်သိမ်း၍ ရနေခဲ့ပြီ ဖြစ်သည်။ ထိုဝိညာဉ်ဆေးပင်များဖြင့် ဆေးဖော်စပ်ပြီး အသုံးပြုပါက ဉာဏ်အလင်း စုဆောင်းခြင်း အလယ်ဆင့်သို့ သူချိုးဖျက် နိုင်လိမ့်မည် ဖြစ်သည်။ ဝိညာဉ် ဆေးလုံးများမှာ အဇူရာ သက်ရှည်ခန္ဓာကိုယ်အား ပိုမို အစွမ်းထက်အောင် အာဖြည့်ပေး နိုင်သေးသည်။

"နှစ်သစ်မှာ ငါဘယ်ကို သွားရင် ကောင်းမလဲ။ ချူကျိုးကိုပဲ ပြန်ရမလား။ ကျင်းမြို့မှာပဲ နေရင် ကောင်းမလား" ချန်းဖန် အတွေး၌ နစ်မျောရင်း အဆောင်ရှိရာသို့ ရောက်မှန်းမသိ ရောက်လာ ခဲ့တော့သည်။ အခန်းအတွင်းသို့ ဝင်လိုက်သည်နှင့် ချီဝမ်စန်းနှင့်  ထိပ်ပြောင်လူကြီး တစ်ယောက်အား တွေ့ရသည်။ သူတို့ နှစ်ယောက်က တစ်ခုခုအား ဆွေးနွေးနေပုံ ရသည်။

"ဧည့်သည် ရောက်နေတာလား" ချန်းဖန်က ထိပ်ပြောင်ကြီးအား အကဲခတ်လိုက်သည်။

ချင်ရီလန်းနှင့် ဝတုတ်ကျန်းတို့ကမူ နှစ်သစ် အားလပ်ရက်အတွင်း အိမ်သို့ ပြန်သွားကြပြီ ဖြစ်သည်။ ချီဝမ်စန်းပင်လျှင် မရှိလောက်တော့ဟု ချန်းဖန်ထင်ထားခဲ့၏။

ခဏတာမျှ အကဲခတ်ပြီးနောက် ထိပ်ပြောင် လူကြီးမှာ အတွင်းအား စဦးအောင်မြင်ပြီးသူ ဖြစ်ကြောင်း ချန်းဖန် တွေ့လိုက်ရသည်။ သို့သော်လည်း သူ၏ အမူအရာက ချီဝမ်စန်း အပေါ်၌ ရိုကျိုးပုံ ပေါ်သည်။

"သခင်လေး ... ယူကီရှီရိုဆာက ဂျင်ဇာကလပ် ပါတီပွဲအတွက် လက်မှတ်ဖြတ်ပြီး နေပါပြီ။ သေချာ ပြန်စဉ်းစားပါဦး။ အဘိုးကြီးကို အခက်တွေ့အောင် မလုပ်ပါနဲ့" ထိပ်ပြောင်ကြီးက ချီဝမ်စန်းအား နောက်ဆုံးစကား ပြောကြာပြီးနောက် အခန်းအတွင်းမှ ထွက်ခွာ သွားတော့သည်။ သူက ချန်းဖန်အား တစ်ချက်ပင် လှည့်မကြည့်သွားခဲ့ချေ။

"သူဌေး ... မင်းပြန်လာပြီလား" ချီဝမ်စန်းက သက်ပြင်းတစ်ချက်ချရင်း ချန်းဖန်အား မေးသည်။

"ဘာတွေ ဖြစ်နေတာလဲ။ မင်းမှာ ဘာပြဿနာတွေ ရှိနေတာလဲ" ချန်းဖန်က ချီဝမ်စန်း အနားသို့ လျှောက်လာရင်း သူ၏ ပခုံးအား ကိုင်လိုက်သည်။

"ဘာမှ မဟုတ်ပါဘူး။ အိမ်မှာ ပြဿနာ နည်းနည်း ရှိနေတာ"

ချီဝမ်စန်းက ချန်းဖန်အား ကြည့်ရင်း ဆက်ပြောလိုက်သည်။

"ငါ့မိသားစုက ငါငယ်ငယ်လေးတည်းက စေ့စပ်ပေးထားတာ မင်းသိတယ် မလား"

"အင်း ..." ချန်းဖန်က စိတ်ဝင်စားစွာ ပြန်ဖြေသည်။

အတိတ်ဘဝ၌ ချီဝမ်စန်းနှင့် စေ့စပ်ထားသော မိန်းကလေး၏ အမည်က ယူကီရှီရိုဆာ ဖြစ်ကြောင်း ချန်းဖန် ကြားခဲ့ဖူးသည်။ သို့သော်လည်း အသေးစိတ် အချက်အလက်များကိုမူ သူမသိခဲ့ချေ။

"ငါ့အဖေက ချီတုန်ရှန်းတဲ့။ သူက တုန်ရှန်း လုပ်ငန်စုရဲ့ စီအီးအိုပေါ့။ ငါက သူ့ရဲ့ အကြီးဆုံးသား ..."

ချီဝမ်စန်းမှာ သူ၏ ဘဝအကြောင်းအား ချန်းဖန်ထံ၌ ရင်ဖွင့်တော့မည့် ပုံရှိသည်။

"ငါ့အဖေရဲ့ အဓိက စီးပွားရေး လုပ်ငန်းတွေက နိုင်ငံခြား ကုန်သွယ်ရေးနဲ့ သင်္ဘောခရီးသွား လုပ်ငန်းတွေပဲ။ ဒါကြောင့် သူ့ရဲ့ ပါတနာတွေက ဂျပန်တို့၊ ရုရှားတို့ဘက်က များတယ် ငါငယ်ငယ်တည်းက အဖေက ငါ့အတွက် ဂျပန်၊ ခူးရှူးကျွန်း၊ ယူကီရှီရို မိသားစုက ကောင်မလေး တစ်ယောက်နဲ့ လက်ထပ်ပေးဖို့ သဘောတူခဲ့တယ်။ သူ့နာမည်က ယူကီရှီရိုဆာတဲ့။ ငါတို့နဲ့ အသက် အတူတူပဲ ရှိသေးပေမဲ့ အရမ်းထူးချွန်တယ်။ သူက အခုဆိုရင် ယူကီရှီရို မိသားစုရဲ့ ခေါင်းဆောင်တောင် ဖြစ်နေခဲ့ပြီ"

"သူက တကယ် မဆိုးပါဘူး။ ဒါတောင် ဘာကြောင့် ခါးခါးသီးသီး ဖြစ်နေရတာလဲ"

ချန်းဖန်က သူ့အား ကြည့်ကာ မေးသည်။

"မင်းမှ သူနဲ့ မတွေ့ဖူးတာ"

ချီဝမ်စန်းက ဖြူရော်စွာ ပြုံးရင်း ခေါင်းခါလိုက်သည်။

"သူက ရက်စက်၊ ကောက်ကျစ်ပြီး တွက်ချက်တတ်တဲ့ မိန်းကလေးပဲ။ မင်းတွေးကြည့်စမ်း။ သူက ဘာကြောင့် အသက်နှစ်ဆယ် မပြည့်ခင် မိသားစု ခေါင်းဆောင် ဖြစ်လာတာလဲလို့။ ရှောင်ချင်က သူ့ထက် အများကြီး ပိုကောင်းတယ်လို့ ငါထင်တယ်။ အနည်းဆုံးတော့ ငါအိပ်နေတဲ့ အချိန် အရိုက်မခံရတော့ဘူးပေါ့"

"မိန်းမဆိုတာ မြင်းတွေလိုပဲကွ ... စိတ်ရှည်ပြီး ကျွမ်းကျင်မယ်ဆိုရင် အရိုင်းဆုံး မြင်းကိုတောင် ယဉ်ပါးအောင် လုပ်နိုင်တယ်ကွ" ချန်းဖန်က သူငယ်ချင်း ဖြစ်သူအား ကြည့်ရင်း အားပေးစကား ပြောလိုက်သည်။

ချန်းဖန်သည်လည်း ယုံကြည်ချက် မြင့်မားပြီး ခေါင်းမာသော မိန်းမများစွာနှင့် ကြုံဆုံခဲ့ပြီး ဖြစ်သည်။ လုမိသားစုမှ ညီအစ်မ နှစ်ယောက်၊ ကျန်းအန့်ချီ၊ တန့်ရီဖေး ... အားလုံးက အလွန် ထူးချွန်သော မိန်းမများ ဖြစ်ကြသည်။ တန့်ရီဖေးဆိုလျှင် ကျန်းနန်နယ်၊ မြေအောက်လောကကိုပင် လွှမ်းမိုးနိုင်သူ ဖြစ်သည်။ သူမက ချန်းဖန်အား လုပ်ကြံရန်အတွက် လူသတ်သမားများကိုပင် ငှားရမ်းခဲ့သေးသည်။

သို့သော်လည်း ထိုမိန်းကလေးများ အားလုံး၏ စွမ်းရည်များက သူ့အား မည်သို့မျှ မခြိမ်းခြောက် နိုင်ခဲ့ပေ။ အဆုံးသတ်၌ သူ့ထံ၌ အားလုံး ခေါင်းငုံ့ခဲ့ရသည်သာ ဖြစ်၏။

"သူဌေး ... ငါသာ မင်းလောက် အစွမ်းထက်ရင်တော့ ပြဿနာ ဘယ်ဟုတ်မလဲကွာ ... ဒါပေမဲ့ ..." ချီဝမ်စန်းက သက်ပြင်းတစ်ချက် ချသည်။

"ဒါက သိပ်ပြီး ပြဿနာ မရှိပါဘူး ... မင်း သူ့ကို မကြိုက်ရင် ပြောလိုက်ပေါ့ ... ငါမင်းနဲ့ အတူ လိုက်ခဲ့ပေးမယ်" ချန်းဖန်က ချီဝမ်စန်း၏ ပခုံးအား ကိုင်ရင်း ပြောသည်။

"ကျေးဇူးပဲကွာ ..." ချီဝမ်စန်းက ချန်းဖန်အား ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်ရင်း ပြောလိုက်သည်။

ချန်းဖန်၏ အစစ်အမှန် စွမ်းအားကို သူမသိသော်လည်း ချန်းဖန် ပိုင်ဆိုင်ထားသော ကျန်းပေ့၏ ဆရာချန်းနှင့် ဟောင်ကောင်၏ ဘီလျံနာ ဟူသော ဂုဏ်ပုဒ်တို့က ယူကီရှီရိုဆာအား ခြိမ်းခြောက်ရန် ဖြစ်နိုင်လောက်သည်။

ချန်းဖန်တို့ နှစ်ယောက် အချိန် မဖြုန်းတော့ပဲ ပြင်ဆင်စရာ ရှိသည်များကို ပြင်ဆင်ပြီး အဆောင်မှ ထွက်လာလိုက်သည်။ အခန်းတွင်းမှ အပြင်သို့ ရောက်သည်နှင့် စီးပွားရေး ကျောင်းတစ်ခုလုံး၌ နှင်းများ ဖုံးလွှမ်းနေခဲ့ပြီ ဖြစ်သည်။ ချန်းဖန်က တက္ကစီ တစ်ခုအား တားလိုက်ပြီး ဂျင်ဇာကလပ်သို့ ဦးတည်စေလိုက်၏။

ဂျင်ဇာ ကလပ်မှာ ဂျပန်စတိုင် ဆောက်လုပ်ထားသော သီးသန့် ကလပ်တစ်ခု ဖြစ်သည်။ ကလပ်၏ ပိုင်ရှင်က ဂျပန် စီးပွားရေး သမားတစ်ဦး ဖြစ်၏။

ကလပ်၏ ဝင်ပေါက်မှ စတင်၍ သစ်သား ကြမ်းခင်းများ ခင်းထားပြီး ဝါးပင်ပုများဖြင့် အလှဆင်ထားသည်။ ပြတင်းပေါက်များသည်လည်း ဆီစိမ်စက္ကူများဖြင့် ပြုလုပ်ထားပြီး ကလပ်အတွင်းရှိ အရာရာက ဂျပန်စတိုင်ဖြင့် ဆောက်လုပ်ထား၏။

ကလပ်အတွင်းသို့ ဝင်လာသည်နှင့် ချန်းဖန်တို့ နှစ်ယောက်မှာ ဂျပန် အီဒိုခေတ်သို့ ပြန်ရောက်သွားသည့် အလား ခံစားလိုက်ရသည်။

ဂျပန်ရိုးရာ ကီမိုနိုဝတ်စုံအား ဝတ်ဆင်ထားသည့် မိန်းကလေး တစ်ယောက်က ချန်းဖန်တို့အား လမ်းပြကာ ကလပ်အတွင်းပိုင်းသို့ ခေါ်ဆောင်လာခဲ့သည်။

ချန်းဖန်က နတ်ဘုရား စိတ်အာရုံအား ဖြန့်ကြက်ရင်း ကလပ်အား စစ်ဆေး လိုက်သည်။ ရုတ်တရက် တစ်ခုခုအား သတိထားမိဟန် သူ မျက်မှောင်ကြုတ် လိုက်၏။

အပြင်ဘက်တွင် နှင်းများ ကျဆင်းကာ အေးစက် နေသော်လည်း ကလပ်အတွင်း၌မူ လေထုက နွေးထွေးနေခဲ့သည်။ လမ်းပြမိန်းကလေးက သစ်အား တံခါးတစ်ချပ်အား ဆွဲဖွင့်လိုက်သည်နှင့် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ လက်ဖက်ရည် ငှဲ့နေသော အနက်ရောင်ဝတ် မိန်းကလေး တစ်ယောက်အား သူတို့ တွေ့လိုက်ရသည်။ သူမက ချန်းဖန်တို့အား ကျောခိုင်းနေသည့်တိုင် လှပ၊ သေးသွယ်သော ခါးနှင့် ခန္ဓာကိုယ် အနေအထားက ထိုမိန်းကလေး မည်မျှ လှပကြောင်း ခန့်မှန်း နိုင်သည်။ ထိုမိန်းကလေး၏ ဘေးတွင်မူ ဆာမူရိုင်း ဝတ်စုံ ဝတ်ဆင်ထားသည့် အသက်လတ် ယောက်ျားတစ်ယောက် ရှိသည်။

ထိုလူကြီး၏ မျက်နှာက တည်ကြည်ဟန် ရသည်။ သူ၏ လက်တွင် ဝါကီဇာရှီအား ပွေ့ပိုက်ထားပြီး သေဆုံးခြင်း အငွေ့အသက်က သူ၏ မျက်လုံးမှ တစ်ခါတစ်ရံ တောက်ပနေ၏။

လူကြီးက ချီဝမ်စန်းအား ကြည့်ရင်း ခေါင်းညိတ် ပြလိုက်သည်။ ထို့နောက် သူ၏ အကြည့်က ချန်းဖန်ထံ ရွေ့လျားသွားသည်။ ချန်းဖန်၏ မထင်ရှားသော ရုပ်ရည်သွင်ပြင်အား ကြည့်ရင်း မထီမဲ့မြင် အရိပ်အယောင်က သူ၏ မျက်နှာ၌ ပေါ်ထွက်လာသည်။

ချီဝမ်စန်းနှင့် တွေ့ဆုံခဲ့သည့် ထိပ်ပြောင်ကြီးသည်လည်း ထို ဂျပန်လူမျိုး နှစ်ယောက်၏ ဘေးတွင် ထိုင်လျက် ရှိနေခဲ့သည်။ သူက ချန်းဖန် ပါလာသည်အား ကြည့်ရင်း အနည်းငယ် အံ့အားသင့် သွားပုံရသည်။

"ချီစန်း ... နင် ရောက်လာပြီလား" မိန်းကလေးက ပြောရင်း သူတို့ဘက်သို့ လှည့်ကြည့်လိုက်သည်။ အေးစက်သော မျက်နှာက သူမ၏ ပြတ်သားပုံရသော အမူအကျင့်အား ဖော်ပြနေသယောင် ရှိသည်။

"မိန်းကလေး ယူကီရှီရို ... ငါတို့ရဲ့ လက်ထပ်ပွဲက မိဘတွေ တစ်ဖက်သတ် စီစဉ်ခဲ့တာပဲ မလား ... ခု ငါတို့က အရွယ်ရောက် နေပြီဆိုတော့ ကိုယ်ပိုင် ရွေးချယ်ခွင့် ရှိသင့်တယ်လို့ ငါထင်တယ်" ချီဝမ်စန်းက ထိပ်ပြောင်ကြီး၏ ဘေးတွင် ထိုင်ရင်း ပြောလိုက်သည်။

"ချီစန်း ... ငါတို့ ယူကီရှီရို မိသားစုက ခူးရှူး(ကျူးရှူး ဟုလည်း မြန်မာစာ အရေးအသား၌ တွေ့ရသည်) ကျွန်းမှာ နှစ်တစ်ရာ့ ငါးဆယ်လောက် လွှမ်းမိုးခဲ့တဲ့ မိသားစုကြီးပဲ ... ဒါကြောင့် ငါတို့ရဲ့ လက်ထပ်ပွဲက မိသားစု ဂုဏ်သိက္ခာအတွက် အရမ်း အရေးကြီးတယ် ... တကယ်လို့ ငါတို့သာ စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်ရင် အရမ်း ရှက်ဖို့ ကောင်းတယ်" မိန်းကလေးက လက်ဖက်ရည်အား ဝါးခွက်ငယ်များ အတွင်း လောင်းထည့်ရင်း ပြောလိုက်သည်။

"ဒါပေမဲ့ အခုက နှစ်ဆယ့်တစ် ရာစု ရောက်နေပြီ မလား ... ဘာကြောင့် ရိုးရာဓလေ့တွေကို အလေးထား နေရမှာလဲ" ချီဝမ်စန်းက စိတ်မရှည်စွာ မေးလိုက်၏

"ချီစန်း ... နင့်မှာ အခြား ကောင်မလေး ရှိနေပြီလား ... ဒါကြောင့်ပဲ ငါ့ကို တူးတူးခါးခါး ဖြစ်နေတာ ဖြစ်ရမယ်" ယူကီရှီရိုဆာက ချီဝမ်စန်းအား အေးစက်စွာ ကြည့်ရင်း မေးလိုက်သည်။

ချန်းဖန်က ထိုမိန်းကလေးအား ကြည့်ရင်း မှတ်ချက်ချလိုက်မိသည်။ ထိုမိန်းကလေးကား ယုံကြည်ချက် မြင့်မားသလို စိတ်ဓာတ်မှာလည်း တည်ငြိမ် ပြင်းထန်သည်။ သူမ၏ ပတ်ဝန်းကျင်မှ အရာရာက သူမအား လွှမ်းမိုးနိုင်ပုံ မပေါ်ချေ။ ထို့အပြင် သူမသည် အားကောင်းသော စိတ်စွမ်းအားကိုလည်း ပိုင်ဆိုင်ထားပုံ ပေါ်သည်။ ထို့ကြောင့်ပင် ချီဝမ်စန်း၏ စိတ်ကို အလွယ်တကူ ဖတ်နိုင်ခဲ့ခြင်း ဖြစ်ရမည်။

"မဟုတ်ပါဘူး ... ငါ့မှာ ..." ချီဝမ်စန်း၏ စကားမဆုံးခင်မှာပင် ယူကီရှီရိုဆာက လက်ခုပ်တီး လိုက်သည်။ ခဏအတွင်းမှာပင် သစ်သားတံခါးက ပွင့်လာပြီး မျက်နှာကြက်မှ တွန်းလောင်းကျနေသော မိန်းကလေး တစ်ယောက်၏ ပုံရိပ်က ပေါ်လာသည်။ သူမ၏ တစ်ကိုယ်လုံးကိုမူ ကြိုးများဖြင့် တုပ်နှောင်ကာ လှုပ်ရှားမှုတိုင်းအား တားဆီးထား၏။ ထို့ပြင် သူမ၏ ပါးစပ်ကိုလာ အနီရောင် အဝတ်များဖြင့် ပိတ်ဆို့ထားသည်။

"ရှောင်ချင် ..." ထိုမိန်းကလေးအား မြင်သည်နှင့် ချီဝမ်စန်းက ထိတ်လန့်တကြား ခေါ်လိုက်သည်။

လေထဲ၌ တွဲလောင်းကျနေသော မိန်းကလေးမှာ လျူရှောင်ချင်ပင် ဖြစ်သည်။ သူမ အိမ်သို့ပြန်သွားပြီ ဟုသာ ချီဝမ်စန်း ထင်မှတ်ထားခဲ့၏။ ချီဝမ်စန်းအား တွေ့သည်နှင့် လျူရှောင်ချင်၏ မျက်လုံးမှ မျက်ရည်များ စီးကျလာသည်။

"ယူကီရှီရိုဆာ ... ဒါက ဘာအဓိပ္ပာယ်လဲ ..." ချီဝမ်စန်းက စားပွဲအား ရိုက်ရင်း ယူကီရှီရိုဆာအား တင်းမာစွာ မေးလိုက်သည်။

***

All Chapters