ကီတနီဝါကာဝါ၏ ခုတ်ချက်
Vol. 4 Ch. 335
ယူကီရှီရိုဆာက လက်ဖက်ရည် ငှဲ့ထားသော ဝါးခွက်ငယ်အား ချီဝမ်စန်းထံ ကမ်းလိုက်ရင်း ... "ချီစန်း ... လက်ဖက်ရည် သောက်ပါဦး"
သူမ၏ ပုံစံက လိမ္မာပါးနပ်သည့် ဂျပန် ဇနီးမယား တစ်ဦးကဲ့သို့ပင်။
"မသောက်ဘူး ..." ချီဝမ်စန်းက လက်အား ခါထုတ်လိုက်ရာ လက်ဖက်ရည်ခွက်က ကြမ်းပြင်ပေါ်သို့ လွင့်စဉ်ကျသွားသည်။ ပယင်းရောင် လက်ဖက်ရည်များမှာမူ ကြမ်းပြင်ပေါ်၌ ကျဲပြန့် နေခဲ့တော့၏။
"ဘာကယာရို ..." ဆာမူရိုင်း ဝတ်စုံနှင့် လူကြီးက ဒေါသတကြီး အော်ဟစ်ရင်း လက်ထဲမှ ဓားအား ဆွဲထုတ်လိုက်၏။ ဓားက အဖြူရောင် အလင်းတစ်ခု အလား လျင်မြန်စွာ ပေါ်ထွက်လာပြီး လေထု၏ အပူချိန်ကို အေးစက် လာစေသည်။
"ကာဝါကာမီစံ ... မလုပ်နဲ့ ..." ယူကီရှီရိုဆာမှာ ချီဝမ်စန်း၏ အပြုအမူကြောင့် ဒေါသထွက် သွားသော်လည်း သူမ၏ မျက်နှာကမူ တည်ငြိမ်၍သာ နေသည်။ သူမ၏ တားဆီးမှုကြောင့် ဆာမူရိုင်း ဝတ်စုံဝတ် လူကြီးမှာ ဓားအား ဓားအိမ်ထဲသို့ ပြန်ထည့်ရင်း နေရာ၌ ပြန်ထိုင်လိုက်သည်။ သို့သော်လည်း သတ်ဖြတ်ချင်စိတ်များက သူ၏ မျက်လုံးထဲ၌ ပြည့်နှက်နေဆဲ ဖြစ်၏။
ယူကီရှီရိုဆာက သူ့အား အမိန့်ပေးပြီးသည်နှင့် ချီဝမ်စန်း၏ ဘက်သို့ လှည့်လိုက်ရင်း မေးလိုက်၏။ "ချီစန်း ... နင်က ငါပြင်ပေးတဲ့ လက်ဖက်ရည်ကို မကြိုက်တာလား ..."
"ယူကီရှီရိုဆာ ... ငါ့ကို ကစားဖို့ မကြိုးစားနဲ့ ... အလုပ်ဖြစ်မှာ မဟုတ်ဘူး ..."
ချီဝမ်စန်းက အေးစက်စွာ ပြုံးရင်း ဆက်ပြောလိုက်၏။ "ရှောင်ချင်ကို ခုချက်ချင်း လွှတ်ပေးလိုက် ... မဟုတ်ရင် တရုတ်ကနေ ဂျပန်ကိုတောင် ပြန်ခွင့် မရပဲ ဖြစ်သွားလိမ့်မယ်"
အေးစက်သော အငွေ့အသက်များက ချီဝမ်စန်း၏ ကိုယ်မှ ထွက်ပေါ်နေခဲ့ပြီး သူ၏ မျက်နှာကလည်း ဒေါသအား ထိန်းချုပ်ထားပုံ ပေါ်နေခဲ့၏။
ယူကီရှီရိုဆာက ချီဝမ်စန်း၏ အပြုအမူအား ဂရုမစိုက်ပဲ ဆက်ပြောလိုက်၏။ "ချီစန်း ... နင်က အခုမှ နင့်အဖေနဲ့ တူလာတာပဲ ... ပထမ နင့်ပုံစံက အားနည်းပြီး အကူအညီမဲ့တဲ့ သိုးလေးတစ်ကောင်က ကျားအစားခံဖို့ စောင့်နေတဲ့ အတိုင်းပဲ ..."
"အရေးမပါတာတွေ မပြောနဲ့ ယူကီရှီရိုဆာ ... မင်း သူ့ကို လွှတ်ပေးမှာလား ... မလွှတ်ပေးဘူးလား ..." ချီဝမ်စန်းက အေးစက်စွာ မေးလိုက်သည်။
"ချီဝမ်စန်း ... နင်က ယူကီရှီရိုဆာ မိသားစုကို လျှော့တွက်နေတာပဲ ..." ယူကီရှီရိုဆာက ချီဝမ်စန်း၏ အေးစက်သော အကြည့်များအား ဂရုမစိုက်ပဲ လက်ဖက်ရည်အား ခွက်ထဲသို့ နောက်တစ်ကြိမ် လောင်းထည့်လိုက်၏။ ထို့နောက် လက်ဖက်ရည်အား ဖြည်းညင်းစွာ မှုတ်ရင်း သောက်လိုက်သည်။ သူမ၏ မျက်နှာတွင်မူ မထီမဲ့ပြင် အပြုံးတစ်ခုက တွဲခိုလျက်။
"မန်ကျောင်း ... ရှောင်ချင်ကို ဒီက ခေါ်ထုတ်သွားတော့ ... မင်းကို တားရဲတဲ့သူရှိရင် သတ်ပစ်လိုက် ..." ချီဝမ်စန်းက အေးစက်စွာ ပြောရင်း ထိပ်ပြောင်ကြီးအား လက်ဝှေ့ယမ်း ပြလိုက်သည်။ မန်ကျောင်းဟု ခေါ်သည့် ထိပ်ပြောင်ကြီးမှာမူ အမိန့်ကို မကြားသည့် အလား နေရာတွင်ပင် ငူငူကြီး ထိုင်နေခဲ့သည်။
"မန်ကျောင်း ... ငါပြောနေတာ ကြားလား ..." ချီဝမ်စန်းက နောက်တစ်ကြိမ် ထပ်အော်လိုက်၏။ သို့သော်လည်း မန်ကျောင်းမှာမူ ရုပ်တု တစ်ခု အလားပင်။
"ချီစန်း ... အခု နင် ဘာလုပ်မှာလဲ ... နင့်မှာ အခွင့်အရေး ရှိသေးတယ်လို့ ထင်နေတာလား ..." ယူကီရှီရိုဆာက လက်ထဲမှ လက်ဖက်ရည်ခွက်အား စားပွဲပေါ်သို့ ပြန်တင်ရင်း မေးလိုက်၏။
"မင်းက သူတို့နဲ့ အတူတူပဲကိုး ..." ချီဝမ်စန်း သဘောပေါက်သွားပြီ ဖြစ်၏။ သူ့အဖေ၏ အမိန့်ကြောင့်သာ မဟုတ်လျှင် မန်ကျောင်းက သူ့အား လျစ်လျူရှုလိမ့်မည် မဟုတ်ပေ။
"အဖေက ခုလိုလုပ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး ..." ချီဝမ်စန်းက စိတ်ပျက်စွာ ရေရွတ်လိုက်သည်။
"သခင်လေး ... သခင်ကြီးချီက သခင်လေးကို မိန်းကလေး ယူကီရှီရိုဆာနဲ့ လက်ထပ်စေချင်တယ် ... တုန်ရှန်း လုပ်ငန်းစုနဲ့ ချီမိသားစု အတွက် ဒီလက်ထပ်ပွဲက အရေးပါတယ်" မန်ကျောင်းက သက်ပြင်းတစ်ချက် ချရင်း ပြောလိုက်သည်။
"မင်းက ဘာကို ပြောချင်တာလဲ ..." ချီဝမ်စန်းက မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်သည်။ တစ်ခုခုက လွဲချော်နေကြောင်း သူ သတိထားမိနေပြီ ဖြစ်သည်။ ချီမိသားစုအတွင်း ပြဿနာ တစ်စုံတစ်ရာ ဖြစ်နေခြင်းကြောင့် ယူကီရှီရို မိသားစု၏ အကူအညီအား ရယူလိုနေခြင်း ဖြစ်နိုင်သည်။
ချီဝမ်စန်းက မေးခွန်းအား မန်ကျောင်းက လေးပင်စွာ အဖြေပေးလိုက်၏။ "ရန်ချင်ဟူက စပြီး လှုပ်ရှားနေပြီ ..."
ထိုနာမည်အား ကြားသည်နှင့် ချန်းဖန်၏ မျက်လုံးက အနည်းငယ် ကျဉ်းမြောင်းသွားသည်။ ထိုနာမည်အား သူ တစ်နေရာရာတွင် ကြားဖူးနေသည်။
"ရန်ချင်ဟူ ..." ချီဝမ်စန်း၏ နဖူးက အနည်းငယ် တွန့်ကွေးသွား၏။ သူက စိတ်ရှုပ်ထွေးစွာဖြင့် ဆက်ပြောလိုက်သည်။ "တရုတ်-ရုရှား နယ်စပ်မှာ နေတဲ့ သူဌေးကြီးကို ပြောတာလား ... ငါတို့က သူနဲ့ တစ်ခါမှ မပတ်သက်ဖူးဘူး မလား ... သူက ဘာဖြစ်လို့ ငါတို့ကို ဆန့်ကျင်ရတာလဲ ... သူက ငါတို့ကို တိုက်ခိုက်ခဲ့ရင်ရော ဘာဖြစ်မှာ မလို့လဲ ... သူက ဒီလောက် အင်အားမကြီးပါဘူး"
"သခင်လေး ... သခင်လေးက ရန်ချင်ဟူကို လျှော့တွက်နေတာပဲ ... သူက ရိုရိုး သူဌေးကြီး မဟုတ်ဘူး ... ကောင်းကင် စာအုပ်မှာတောင် ဖော်ပြတာ ခံရတဲ့ အထွတ်အထိပ် အဆင့် သိုင်းပညာရှင် တစ်ယောက်ပဲ ..." မန်ကျောင်းက ခေါင်းခါရင်း လေးပင်သော အသံဖြင့် ပြောလိုက်၏။
ချန်းဖန်က သူ၏ စကားအား နားထောင်ရင်း ခေါင်းညိတ်လိုက်သည်။ ရန်ချင်ဟူ ဆိုသော နာမည်ကို ကောင်းကင်စာအုပ် သတ်မှတ်ချက်၌ သူတွေ့ဖူးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ထိုနာမည်အား ကြားဖူးနေခြင်း ဖြစ်၏။
"သူက ကောင်းကင်စာအုပ်မှာ နံပါတ် နှစ်ဆယ်ပဲ မဟုတ်ဘူးလား ..." ချန်းဖန်က မေးစေ့အား ပွတ်ရင်း တွေးနေမိသည်။
"ရန်ချင်ဟူက မင်းထက် ပိုအစွမ်းထက်ရင်တောင် ကျုပ်တို့မှာ အခြားလူတွေ ရှိသေးတယ် မလား ... နောက်ပြီး ကျုပ်တို့မှာ ခေတ်မီလက်နက်တွေ ရှိသေးတယ် ... ရန်ချင်ဟူက ဒါတွေကို ယှဉ်နိုင်မှာလား ... သူက စစ်တပ်ကို ခေါ်ပြီး အိမ်ကို လာတိုက်လိမ့်မယ် လို့တော့ မပြောနဲ့ ... အစိုးရက အဲလိုမျိုးကို ခွင့်ပြုမှာ မဟုတ်ဘူး ..." ချီဝမ်စန်းက စိတ်ရှုပ်သည့် အမူအရာဖြင့် ပြောလိုက်သည်။
"ဟီးဟီး ... တကယ့် နလပိန်းတုံးပဲ ..." မန်ကျောင်း ပါးစပ်မဟမီမှာပင် ယူကီရှီရိုဆာ၏ နောက်၌ ထိုင်နေသော ကာဝါကာမီ ဂျန်စိုင်းက ဂျပန်ဘာသာဖြင့် ရေရွတ်လိုက်သည်။
"အတင်းပြောမနေနဲ့ ... ဂျပန်စကားကို ငါနားလည်တယ် ..." ချီဝမ်စန်းက ဒေါသတကြီး ပြောလိုက်၏။
"နောက်တစ်ကြိမ် ထပ်ပြောမယ် ... မင်းက နလပိန်းတုံးပဲ ..."
ကာဝါကာမီ ဂျန်စိုင်းက အေးစက်စက် ပြုံးရင်း ဆက်ပြောလိုက်၏။ "အထွတ်အထိပ် တစ်ယောက်ရဲ့ စွမ်းအားကို မင်း နားမလည်ပါဘူး ..."
"သခင်လေး ... သူပြောတာ အမှန်ပဲ ... ရန်ချင်ဟူက ရင်ဆိုင်ဖို့ လုံးဝ မလွယ်ဘူး ... အထွတ်အထိပ် အဆင့်ရဲ့ စွမ်းအားတွေက သာမန်လူတွေနဲ့ လုံးဝ ကွာခြားတယ် ... ကျုပ်တို့မှ အထွတ်အထိပ် အဆင့် တစ်ယောက် မရှိရင် ရင်ဆိုင်ဖို့ မဖြစ်နိုင်ဘူး ..." မန်ကျောင်းက တုန်ရီနေသော အသံအား အနည်းငယ် ထိန်းရင်း ရှင်းပြလိုက်၏။
"ကျုပ်က ယူကီရှီရိုဆာနဲ့ လက်ထပ်ရင် သူက ကျုပ်တို့ကို ကယ်ပေးနိုင်မှာလား ..." ချီဝမ်စန်းက ဒေါသထွက်စွာ မေးလိုက်သည်။
"ဒါပေါ့ ... ငါတို့ ကယ်ပေးနိုင်တယ် ..." ယူကီရှီကိုဆာက မေးစေ့အား အနည်းငယ် မော့ရင်း ဆက်ပြောလိုက်၏။ "ယူကီရှီရို မိသားစုကို အထွတ်အထိပ် ပညာရှင် ကီတ နီဝါကာဝါက ထောက်ပံ့ပေးထားတယ် ... သူက ဂျပန်ရဲ့ အစွမ်းအထက်ဆုံး ကင်ဒို မာစတာ လေးယောက်ထဲက တစ်ယောက်ပေါ့ ... သူသာ ကာကွယ်ပေးမယ် ဆိုရင် ရန်ချင်ဟူ ဘာမှ တတ်နိုင်တော့မှာ မဟုတ်ဘူး ... ကာဝါကာမီ ဂျန်စိုင်းက မစ္စတာ ကီတ နီဝါကာဝါရဲ့ ဂုဏ်ယူရတဲ့ တပည့်လေ ..."
မန်ကျောင်းကလည်း ခေါင်းညိတ်ရင်း ဝင်ပြောလိုက်၏။ "အမှန်ပါပဲ ... အခု ငါတို့ကို ကယ်နိုင်တာ ကီတ နီဝါကာဝါပဲ ရှိတော့တယ် ..."
ချီဝမ်စန်း၏ ပုံစံက အလွန် စိတ်ရှုပ်ထွေးနေပုံ ပေါ်လာခဲ့သည်။ သူ၏ မိသားစုက တစ်ခုတည်းသော သူ၏ နောက်ခံ ဖြစ်သည်။ မိသားစု၏ ထောက်ပံ့မှုသာ မရှိလျှင် သူကား သာမန် ကျောင်းသား တစ်ယောက်နှင့် မခြားပေ။
ငါ တကယ်ပဲ နားမလည်ဘူး ... နင်က ငယ်ရွယ်ပြီး ချောမောတဲ့ အပြင် မိသားစု ခေါင်းဆောင်တောင် ဖြစ်နေခဲ့ပြီ ... ပင်လယ်ထဲမှာ ငါးတွေမှ အများကြီးပဲ ... ဘာကြောင့် ငါ့ကို လက်လွှတ်တာလဲ ... မိသားစု ဂုဏ်သိက္ခာဆိုတဲ့ ဆင်ခြေကို မပေးပါနဲ့ ... နင်က အခု မိသားစု ခေါင်းဆောင်ပဲဟာ ... နင့်အတွက် မိသားစု စည်းကမ်းတွေက အရေးမကြီးဘူး ဆိုတာ ငါသိတယ် ... ဘာကြောင့်လဲ ဆိုတာ ငါ့ကို ပြောပြပါ ..."
"နင်က တော်သားပဲ ..." ယူကီရှီရိုဆာက ပြုံးရင်း ဆက်ပြောလိုက်၏။ "ငါ့မှာ အကြောင်းပြချက် ကောင်းကောင်း ရှိတာပေါ့ ... နင်နဲ့ လက်ထပ်ပြီးရင် ချီမိသားစုကို ငါ့လက်ထဲ ထည့်မယ်လို့ တုန်ရှန်းက ကတိပေးထားတယ်လေ ..."
"ဘယ်လို ..." ထိုစကားကြောင့် ချီဝမ်စန်းက အံ့အားသင့်သွားသည့်ပုံ ပေါ်သည်။ သူ့အနေဖြင့် ချီမိသားစု၏ ပိုင်ဆိုင်မှုများအား စိတ်မဝင်စားသည့်တိုင် ဂျပန်မှ မိန်းကလေး တစ်ယောက်၏ လက်ထဲသို့ လွှဲအပ်ရန် သဘောမတူနိုင်ချေ။
တစ်နည်းဆိုရလျှင် ယူကီရှီရိုဆာက သူ့အား လက်မှတ်တစ်ခု ဟုသာ သဘောထားနေပုံ ရသည်။ ချီမိသားစု ဟူသော ဆွဲဆောင်မှု ကြောင့်သာ ယူကီရှီရိုဆာက သူ့အား လက်ထပ်ချင်နေခြင်း ဖြစ်သည်။ ထိုသို့သော အဖြစ်အပျက်က သူ၏ ဂုဏ်သိက္ခာအား များစွာ ထိခိုက်သည်။
"ပြောစရာလည်း ကုန်ပြီ ... အခုက နင် ဆုံးဖြတ်ချက် ချဖို့ အချိန်ပဲ ... ချီစန်း ... နင် ငါ့ကို လက်ထပ်မှာလား ... သေမှာလား ..." ယူကီရှီရိုဆာက အေးဆေးစွာပင် မေးလိုက်၏။
"ချပ် ..." ထိုအခိုက်မှာပင် ကာဝါကာမီက သူ၏ ဓားအား ဖြည်းညင်းစွာ နောက်တစ်ကြိမ် ဆွဲထုတ်လိုက်သည်။ အေးစက်သော ဓားအလင်းရောင်က လေထု၌ နောက်တစ်ကြိမ် ပေါ်ထွက်လာခဲ့၏။
"ဝူး ... ဝူး ..." လျူရှောင်ချင်က တစ်ခုခု ပြောရန် ကြိုးစားသော်လည်း ပါးစပ်၌ ထည့်ထားသော အဝတ်များကြောင့် စကားသံ ထွက်မလာခဲ့ပေ။ သူမက ချီဝမ်စန်းအား ကြည့်ရင်း မျက်ရည်များ တတွေတွေ ကျဆင်း နေခဲ့တော့၏။
ချီဝမ်စန်းက လက်သီးများအား ကျစ်ကျစ်ဆုပ်ရင်း စိတ်ထဲမှ ကျိတ်တာ တောက်ခေါက် လိုက်မိသည်။ ထိုအရာက သူ့ဘဝ၌ ကြုံတွေ့ရသော ပထမဆုံး အခက်အခဲကြီး ဖြစ်သည်။
"ငါ...ငါ ..." ချီဝမ်စန်းက အဓိပ္ပာယ် မဲ့သော အနာဂတ်နှင့် ချစ်သူ၏ အသက်တို့ အကြား ဗျာများနေပုံ ရသည်။ သူ၏ နှုတ်ခမ်းများက တုန်ရီနေပြီး စကားတစ်ခွန်းပင် ထွက်မလာခဲ့ချေ။
"လျူရှောင်ချင်ကို လွှတ်ပေးလိုက်ပါ ..." ရုတ်တရက် ချန်းဖန်၏ အသံက တိတ်ဆိတ်မှုအား ဖြိုခွင်း၍ ထွက်ပေါ်လာခဲ့၏။
"ဘာ ..." ယူကီရှီရိုဆာက မျက်မှောင်ကြုတ်ရင်း ချန်းဖန်အား အေးစက်စွာ ကြည့်လိုက်သည်။ ချန်းဖန်အား ချီဝမ်စန်း၏ ဝန်ထမ်း တစ်ယောက်ဟု သာ သူမ ထင်မြင်ထားခဲ့၏။ ဂျပန် ရိုးရာ အယူအဆအရ ချန်းဖန်၏ အပြုအမူက အလွန် ရိုင်းစိုင်းလွန်းသည်။
"ဘာကယိုရို ..." ကာဝါကာမီ ဂျန်စိုင်း၏ မျက်နှာက ဒေါသဖြင့် အကျည်းတန် လာခဲ့၏။ သူက ဓားအား ဝှေ့ယမ်းရင်း ချန်းဖန်၏ ခေါင်းသို့ ဦးတည်လိုက်သည်။
ဓားက လေထုအား ပိုင်းဖြတ်သည်တွင် လေချွန်သံကဲ့သို့ စူးစူးရှရှ အသံများ ထွက်ပေါ်လာ၏။ ထိုအရာက ရေတံခွန်အား ပိုင်းဖြတ်နိုင်သည် အထိ စွမ်းအား ကြီးမားပုံရသည်။
"ကီတ နီဝါကာဝါရဲ့ ခုတ်ချက် ..."
ကောလာဟလများအရ ထိုနာမည်မှာ ကီတ နီဝါကာဝါက ဆယ်မီတာ ကျယ်သော ရေတံခွန်အား ပိုင်းဖြတ်ရာမှ ရရှိလာခဲ့ခြင်း ဖြစ်၏။ ကာဝါကာမီ ဂျန်စိုင်း၏ ထိုနည်းစနစ် အပေါ် ကျွမ်းကျင်မှုက ကီတ နီဝါကာဝါနှင့် မယှဉ်နိုင်သည့်တိုင် အလွန် ထက်မြက်နေဆဲ ဖြစ်သည်။
"သူဌေး ... သတိထားဦး ..." ချီဝမ်စန်းက ကျယ်လောင်စွာ အော်ဟစ်ရင်း သတိပေးလိုက်၏။
သို့သော်လည်း သူ၏ သတိပေးမှုက နောက်ကျ နေခဲ့ပြီ ဖြစ်သည်။ ဓားက အလင်းတစ်ခု အလား လျင်မြန်စွာ ရွေ့လျားရင်း ချန်းဖန်ထံသို့ မျက်စိ တစ်မှိတ်အတွင်း ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ယူကီရှီရိုဆာ၏ ဓားက ချန်းဖန်၏ သွေးအား သောက်ရန် အဆင်သင့် ဖြစ်နေပုံ ပေါ်သည်။
ယူကီရှီရိုဆာက ချန်းဖန် သေဆုံးမည်မှာ သေချာသည့်အလား စိတ်မကောင်းဟန်ဖြင့် ခေါင်းခါလိုက်၏။ လျူရှောင်ချင်၏ မျက်နှာကလည်း ထိုမြင်ကွင်းအား ကြည့်ရင်း အလွန်အမင်း ကြောက်ရွံ့လာခဲ့သည်။ မန်ကျောင်းပင်လျှင် ထိုတိုက်ခိုက်မှုအား ကြည့်ကာ အံ့အားသင့် နေခဲ့တော့၏။
အားလုံး၏ အကြည့်များ အောက်တွင်ပင် ချန်းဖန်က လက်ညှိုးဖြင့် ထို တိုက်ခိုက်မှုကို တားဆီးရန် ပြင်သည်။ ရုတ်တရက် မိုးချုန်းသံ တစ်ခုက အခန်းအတွင်း ကျယ်လောင်စွာ ပေါ်ထွက်လာ၏။
"မိုးကြိုး လက်ချောင်း နည်းစနစ် ..."
***