တရုတ်မှာ သုံးယောက်တည်း
Vol. 4 Ch. 336
ချန်းဖန်အနေဖြင့် ပထမက ထိုကိစ္စတွင် ဝင်ပါရန် ဆန္ဒ မရှိခဲ့ချေ။
မည်သို့ပင် ဆိုစေ ထိုအရာက သမီးရည်းစား ကိစ္စနှင့် မိသားစု ပြဿနာသာ ဖြစ်၏။ သို့သော်လည်း ယူကီရှီရိုဆာ၏ နည်းလမ်းများက ချန်းဖန်အား ဖင်မထိုင်နိုင်အောင် ဖြစ်စေသည်။ သူမက ချီမိသားစု၏ ပိုင်ဆိုင်မှုများအား ရရှိရန် လျူရှောင်ချင်၏ အသက်နှင့်ပင် ခြိမ်းခြောက် နေခဲ့၏။
ချီဝမ်စန်းနှင့် ထိပ်ပြောင်ကြီးတို့၏ စကားအရ ချီဝမ်စန်း၏ အဖေမှာ ပြဿနာကြီး တစ်ခုနှင့် ရင်ဆိုင်နေရပုံ ပေါ်သည်။ ထို့ကြောင့် ယူကီရှီရိုဆာ၏ အကူအညီအား အသည်းအသန် လိုနေခြင်း ဖြစ်ရမည်။ သူမ၏ အကူအညီဖြင့် ဆိုပါက ချီမိသားစု အနေဖြင့် နှစ်နှစ်ဆယ်၊ သုံးဆယ်ခန့် တည်မြဲ နိုင်လိမ့်မည် ဖြစ်၏။ သို့မဟုတ်လျှင် ချီမိသားစု မကြာခင်မှာပင် အဆုံးသတ် ရလိမ့်မည်။
နောက်ဆုံး၌ ချန်းဖန်က ဝင်ပါရန် ဆုံးဖြတ်လိုက်ခဲ့သည်။ အကြောင်းရင်းမှာ ချီဝမ်စန်းအား ကူညီရန် သက်သက် မဟုတ်ချေ။ ယူကီရှီရိုဆာ၏ ကိုယ်တွင် စီးဆင်းနေသော လျှို့ဝှက် စွမ်းအားများကိုလည်း စိတ်ဝင်စား မိသောကြောင့် ဖြစ်သည်။
ဘုန်း ...
ကျယ်လောင်သော ထစ်ချုန်းသံနှင့် အတူ အဖြူရောင် ချီစွမ်းအင်တစ်ခုက ချန်းဖန်၏ လက်ညိုးမှ ထွက်ပေါ်လာ၏။ ထိုချီစွမ်းအားက ကွင်း သဏ္ဌာန် လျှပ်စီးတစ်ခု၏ အသွင်သို့ ပြောင်းလဲသည်။
ထိုမြင်ကွင်းအား ကြည့်ရင်း ချီဝမ်စန်းမှာ ခြေထောက် ဟန်ချက်ပျက်၍ မြေပြင်ပေါ်သို့ပင် လဲကျသွားခဲ့၏။ မန်ကျောင်းမှာလည်း စူးရှသော အလင်းများကြောင့် မျက်လုံး ဖွင့်ကြည့်ရန်ပင် မတတ်နိုင်တော့ချေ။
အလင်းက စက္ကူဖြင့် ပြုလုပ်ထားသော ပြတင်းပေါက်များအား နူးညံ့စွာပင် ဖြတ်သန်း သွားသည်။ ကာဝါကာမီ ဂျန်စိုင်းမှာ ရုပ်ရှင်ကြည့်နေစဉ် "ရပ်သည်(pause) ခလုတ်" အား နှိပ်ခံထားရသည့်နှယ် အေးခဲနေသည့် လေထု၌ တောင့်တောင့်ကြီး ရပ်တန့်သွား၏။
"လက်တစ်ချက် အဝှေ့က ခြောက်ဆယ်မျှသော တဒင်္ဂအား ကိုယ်စားပြုသည် ... ထိုတဒင်္ဂ တစ်ခုချင်းစီက သေခြင်း ရှင်ခြင်းကို အကြိမ်ကိုးရာ အထိ အဆုံးဖြတ် ပေးနိုင်သည် ..." ဟု ဗုဒ္ဓက မိန့်ဆိုခဲ့ဖူးသည်။
ချန်းဖန်က သူ၏ လက်ညှိုးအား လှုပ်ရှားကာ အချိန်စက်ဝိုင်းကို ရပ်တန့် ပစ်ခဲ့သည်။ အချိန်က ပုံမှန် အတိုင်း ပြန်လည် လည်ပတ်သည်နှင့် ကျယ်လောင်သော ပေါက်ကွဲသံ တစ်ခုက ဆက်တိုက် ဖြစ်ပေါ် လာတော့သည်။
ချလပ် ...
ကာဝါကာမီ ဂျန်စိုင်း၏ ခန္ဓာကိုယ်က လေထဲ၌ နောက်ပြန်၍ လွင့်စဉ်ကာ နံရံအား ထိမှန်သည်။ သို့သော်လည်း နံရံက သူ၏ ခန္ဓာကိုယ်အား ရပ်တန့်နိုင်ပုံ မရပဲ ပေါက်ကွဲကာ အပြင်ဘက်ရှိ မြေပြင်သို့ကျသည်။ မြေပြင်၌ မီတာနှစ်ဆယ်ခန့် လျှောတိုက်သွားပြီး နောက်မှ သူ၏ ခန္ဓာကိုယ်ပ အရှိန်သေ သွားတော့၏။
သေစေလောက်သည့် တိတ်ဆိတ်မှုက အခန်းအတွင်း ပျံ့နှံ့သွားသည်။ ချန်းဖန်က ဂျပန်မာစတာအား ပြန်လည် တိုက်ခိုက်လိမ့်မည်ဟု မည်သူမျှ ထင်မထားကြပေ။ ချီဝမ်စန်းပင်လျှင် အလွန်အမင်း ဆွံ့အနေခဲ့သည်။ ချန်းဖန်မှာ အလွန် အစွမ်းထက်သည့် သိုင်းသမား တစ်ယောက်ဟု သူသိထားခဲ့သော်လည်း ယခုကဲ့သို့ မျက်မြင်တွေ့မြင်ရခြင်းက သူ့အား ထိတ်လန့်စေသည်။
မန်ကျောင်း၏ မျက်နှာ တစ်ခုလုံးမှာလည်း တဖြည်းဖြည်း မည်းမှောင် လာခဲ့သည်။ ကာဝါကာမီ ဂျန်စိုင်း၏ စွမ်းအား အစစ်အမှန်ကို သူမခန့်မှန်း နိုင်သော်လည်း ချန်းဖန် အသုံးပြုခဲ့သော စွမ်းအားကမူ နက်နဲလွန်းသည်။ "ဒီကောင်လေးက အတွင်းအား ထိပ်သီး အဆင့်လား ... အထွတ်အထိပ် တစ်ပိုင်း အဆင့်လား ... ဒါမှမဟုတ် ... အထွတ်အထိပ် တစ်ယောက်များလား ..."
ယူကီရှီရိုဆာမှာလည်း အလွန် အံ့အားသင့် နေမိခဲ့သည်။ ကာဝါကာမီ ဂျန်စိုင်းမှာ ကီတ နီဝါကာဝါ၏ တိုက်ရိုက်တပည့် ဖြစ်ကာ ခူရှူးကျွန်းပေါ်၌ ရှုံးပွဲ မရှိသော ကင်ဒိုမာစတာ ဖြစ်သည်။ သို့သော်လည်း ဆယ်ကျော်သက် ကောင်လေး တစ်ယောက်က သူ့အား လွယ်ကူစွာ အနိုင်ယူခဲ့သည်။
"ရှက်ဖို့ ကောင်းလိုက်တာ ... ငါတို့မှာ ဆာကေ(ဂျပန် ဆန်အရက်) နဲ့ အကောင်းဆုံး လက်ဖက်ရည် ရှိရက်နဲ့ ဘာကြောင့် ငြိမ်းငြိမ်းချမ်းချမ်း မဖြေရှင်း ရမှာလဲ ..." ချန်းဖန်က သက်ပြင်း တစ်ချက်ချရင်း ယူကီရှီရိုဆာထံ လျှောက်လာခဲ့သည်။ သူမ ပြင်ဆင်ထားသော လက်ဖက်ရည်က ပူနွေးနေဆဲ ဖြစ်သည်။ ချန်းဖန်က လက်ဖက်ရည်ကို ခွက်ငယ် တစ်ခုထဲသို့ လောင်းထည့်ရင်း မော့သောက်လိုက်၏။ "ဒီ လက်ဖက်ရည်ရဲ့ နာမည်ကို ငါမသိပေမဲ့ ... ဒါက ကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံး လက်ဖက်ရည်ထဲက တစ်ခုပဲ ဖြစ်ရမယ် ..."
ချန်းဖန်က မျက်လုံးအား ပိတ်ရင်း လက်ဖက်ရည်၏ ချိုမြိန်မှု အရသာကို ခံစားလိုက်၏။ ထို့နောက် မျက်လုံးအား ပြန်ဖွင့်လိုက်ရင်း ... "ချီဝမ်စန်းက ဒီလက်ထပ်ပွဲကို လက်မခံချင်တာကို မင်းက ဘာကြောင့် အလျှော့ မပေးရတာလဲ ..."
ယူကီရှီရိုဆာက သူမ၏ ပြန့်ကျဲနေသော စိတ်ကို ပြန်လည် စုစည်းလိုက်ရင်း အေးစက်သော အသံဖြင့် ပြန်ပြောလိုက်၏။ "ဆရာ ... သူ့ရဲ့ အဖေ တုန်ရှန်းက ဒီလက်ထပ် မဟာမိတ်ပွဲကို စပြီး ကမ်းလှမ်းတာပါ ..."
"ဟုတ်ပါတယ် ... မိတ်ဆွေလေး ... မင်းရဲ့ အကူအညီအတွက် အရမ်း ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မင်းရဲ့ လုပ်ရပ်က ကူညီနေတာနဲ့ မတူဘူး။ ချီမိသားစုက အန္တရာယ်ထဲကို ရောက်နေတာ။ အခု စကားပြောနေတုန်းမှာတောင် ရန်ချင်ဟူက ဘာတွေ ပြင်ဆင်နေမယ် မပြောနိုင်ဘူး။ ငါတို့က ယူကီရှီရိုဆာနဲ့ အထွတ်အထိပ် ဆရာ ကီတ နီဝါကာဝါရဲ့ အကူအညီကို အရေးတကြီး လိုနေပြီ" မန်ကျောင်းက ထိုင်နေရာမှ မတ်တတ်ရပ်ရင်း ရှင်းပြလိုက်၏။
ချန်းဖန် အနေဖြင့် မည်မျှ အစွမ်းထက်သည်ကို သူ နားမလည်သော်လည်း ထိုစွမ်းအားလောက်ဖြင့် ရန်ချင်ဟူကို အနိုင်ယူရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။
ချီဝမ်စန်းကလည်း ဖျော့တော့စွာ ပြုံးရင်း ချန်းဖန်အား ပြောလိုက်၏။ "သူဌေး ... ကျေးဇူး တင်ပါတယ်ကွာ။ ဒါပေမဲ့ မန်ကျောင်းပြောတာ မှန်တယ်။ ငါက ချီမိသားစုရဲ့ မိသားစုဝင် တစ်ယောက်ပါ။ ငါ့မိသားစု ပျက်စီးသွားတာကို ငါ မမြင်ချင်ဘူး။ ရှောင်ချင်ကတော့ ငါ့ထက် သာတဲ့ လူတစ်ယောက် ရှာတွေ့သွားမှာပါ"
ချီဝမ်စန်းက ပြောပြီးသည်နှင့် လျူရှောင်ချင်ထံသို့ လျှောက်သွားကာ ကြိုးများအား ဖြေပေးလိုက်သည်။
လျူရှောင်ချင်မှာမူ ရှိုက်ကြီး တငင်ငင် ငိုကြွေးနေတော့သည်။ သူမ၏ မျက်နှာ တစ်ခုလုံးတွင်လည်း မျက်ရည်များဖြင့် ပေကျံနေခဲ့တော့၏။ အဖြစ်အပျက်များအား ရှင်းလင်းစွာ နားမလည်သော်လည်း ချီဝမ်စန်းက သူမအား ထားသွားတော့မည် ဖြစ်ကြောင်းကိုမူ ရှင်းလင်းစွာ သိနေခဲ့သည်။
"ဆရာ ... ရှင့်သူငယ်ချင်းကလည်း ဆုံးဖြတ်ပြီးသွားပြီ ဆိုတော့ ရှင် ဝင်မပါ ပါနဲ့တော့ ..." ယူကီရှီရိုဆာက ချန်းဖန်အား လေးစားစွာ ကြည့်ရင်း ပြောလိုက်၏။ ထိုကောင်လေးမှာ ကာဝါကာမီ ဂျန်စိုင်းကိုပင် တစ်ချက်တည်းဖြင့် အနိုင်ယူနိုင်ခဲ့သူ ဖြစ်ရာ တရုတ်၌ ထင်ရှားသော သိုင်းပညာရှင် တစ်ယောက် ဖြစ်နေချေရှိသည်။ ထို့ကြောင့် ချန်းဖန်ကဲ့သို့သော လူနှင့် ရင်မဆိုင်လိုပေ။ ထို့အပြင် ချီဝမ်စန်းနှင့် လက်ထပ်ပွဲကလည်း ဟန်ပြသာ ဖြစ်သည်။ ရရှိမည့် အကျိုးအမြတ်များ ကြောင့်သာ ထိုလက်ထပ်ပွဲအား သူမ လိုလားခြင်း ဖြစ်၏။ လက်ထပ်ပြီးလျှင်ပင် ချီဝမ်စန်းအား သူမ၏ အသားကို ထိရန်ပင် ခွင့်ပြုမည် မဟုတ်ပေ။
"ရန်ချင်ဟူ ဆိုတဲ့ နာမည်ကို မင်းတို့ ခုနက ပြောနေတာ ကြားလိုက်တယ်။ သူက ကောင်းကင်စာအုပ်မှာ နံပါတ် နှစ်ဆယ် ရှိတဲ့ တရုတ် အရှေ့မြောက်ဘက်က ရန်ချင်ဟူကို ပြောတာလား" ချန်းဖန်က ယူကီရှီရိုဆာ၏ စကားအား ဂရုမစိုက်ပဲ မန်ကျောင်း ဘက်သို့လှည့်ကာ သူသိချင်သည့် အကြောင်းအရာကို မေးလိုက်သည်။
"ဟုတ်တယ် ... မင်းက သူ့ကို သိနေတာလား" မန်ကျောင်က ခေါင်းညိတ်ရင်း ပြန်မေးလိုက်၏။
"ရန်ချင်ဟူကို ပြောလိုက်ပါ။ ချီဝမ်စန်းက ငါ့သူငယ်ချင်း၊ ချီမိသားစုက ငါ့ရဲ့ ကာကွယ်မှု အောက်မှာ ရှိနေတယ်လို့ ..." ချန်းဖန်က လက်နှစ်ဖက်အား နောက်ပစ်ရင်း ပြောလိုက်၏။
"မင်းက ချီမိသားစုကို ကာကွယ်ပေးမယ် ..." မန်ကျောင်းက သံသယ ဖြစ်နေသော အသံဖြင့် မေးလိုက်၏။ ချီမိသားစုမှာ တရုတ်မြောက်ပိုင်း၌ ထင်ရှားသည့် မိသားစုကြီး ဖြစ်သည်။ ဖူဟိုင်၊ ရန်ချင်ဟူတို့ ကဲ့သို့သော အင်အားစုများနှင့်သာ ရင်မဆိုင်ရလျှင် ယခုကဲ့သို့ ခက်ခဲသော အခြေအနေသို့ ရောက်လိမ့်မည် မဟုတ်ပေ။ ချီမိသားစု၏ အင်အားကြီး မဟာမိတ်များ ပင်လျှင် ထိုပြဿနာ၌ ကြားနေရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုဆယ်ကျော်သက် လူငယ်လေးက ချီမိသားစုအား မည်ကဲ့သို့ ကာကွယ်နိုင်ပါ မည်နည်း။
"မိတ်ဆွေလေး ... မင်းလုပ်ပြခဲ့တာက ငါ့ကို တကယ်ပဲ အံ့ဩစေပါတယ်။ ဒါပေမဲ့ ရန်ချင်ဟူက အထွတ်အထိပ် ပညာရှင် တစ်ယောက် ဖြစ်နေတယ်။ ရန်ချင်ဟူကို တားဆီးနိုင်ဖို့က တရုတ်မှာ သုံးယောက်တည်းပဲ ဖြစ်နိုင်တယ် ..." မန်ကျောင်းက လေးလံစွာဖြင့် ပြောလိုက်၏။
"ဟုတ်လား ... အဲ့သုံးယောက်က ဘယ်သူတွေလဲ ပြောပြပါဦး ..." ချန်းဖန်က ထူးမခြားနားစွာ မေးလိုက်သည်။
"ပထမ တစ်ယောက်က သခင်ကြီးဟွာ ... ကျောင်းဟိုင်ကို လွှမ်းမိုးထားတဲ့ ဟွာရန်ဖန်းပေါ့ ..." မန်ကျောင်းက တစ်ချောင်းထောင်၍ ရေတွက်ရင်း ပြောပြလိုက်သည်။
"ကျောင်းဟိုင်ရဲ့ ဟွာရန်ဖန်း ..." ကြောက်ရွံ့မှုက ယူကီရှီရိုဆာ၏ မျက်လုံး၌ ဖြစ်ပေါ်လာသည်။ "ဟွာမိသားစုက တကယ်ပဲ အင်အားကြီးတယ်။ သူတို့က ဂျပန်မှာရှိတဲ့ မိသားစုအချို့နဲ့ ပြဿနာ ဖြစ်ခဲ့ဖူးတာတောင် အားလုံးကို ကျော်လွှားနိုင်ခဲ့တယ်"
သူမ တွေးနေစဉ်မှာပင် မန်ကျောင်းက ဒုတိယ လက်ချောင်းအား ထောင်ရင်း ဆက်လက် ပြောလိုက်၏။ "ဒုတိယ တစ်ယောက်ကတော့ စစ်ဘုရင်တို့ တင်စားကြတဲ့ ဗိုလ်ချုပ်ရဲ့နန်ထင်းပဲ ..."
ယူကီရှီရိုဆာက မျက်မှောင်ကြုတ်လိုက်ရင်း ... "သူက တရုတ်စစ်တပ်မှာ အသန်မာဆုံးလူလို့ ပြောသံကြားတယ်။ ငါတို့နိုင်ငံက စစ်သားတွေတောင် သူ့ကို လေးစားကြတယ်တဲ့။ တချို့ဆိုရင် ရဲ့နန်ထင်းက အိုဒနိုဘူနာကာ ပြန်ပြီး ဝင်စားတယ်လို့တောင် ပြောကြတယ်"
"တကယ်ကြီးလား ..." ချီဝမ်စန်းမှာ ယူကီရှီရိုဆာ၏ စကားကြောင့် အလွန် အံ့အားသင့်သွားပုံ ပေါ်သည်။ သူ့အနေဖြင့် ရဲ့နန်ထင်း၏ အကြောင်းကို ကြားဖူးနားဝ ရှိသော်လည်း ယခုကဲ့သို့ ထင်ရှားသည့် လူတစ်ယောက် ဖြစ်လိမ့်မည်ဟု မထင်မှတ် ထားခဲ့ချေ။
"အစ်ကိုမန် ... တတိယ တစ်ယောက်က ဘယ်သူလဲ" ချီဝမ်စန်းက စိတ်ဝင်တစား မေးလိုက်၏။
"တတိယ တစ်ယောက်ကတော့ ကောင်းကင်စာအုပ်ရဲ့ နံပါတ်တစ် ချန်းပေ့ရွှမ်း ... စိတ်တိုကြီးချန်း ..." မန်ကျောင်းက တတိယမြောက် လက်ချောင်းအား ထိုင်ရင်း လေးစားမှုဖြင့် ပြောလိုက်သည်။
"စိတ်တိုကြီးချန်း ... ဆရာချန်းပေ့ရွှမ်း ... ဟုတ်တာပေါ့။ သူက တရုတ်မှာတင် မဟုတ်ဘူး။ အာရှတိုက် တစ်ခုလုံးမှာ အသန်မာဆုံးပဲ" ယူကီရှီရိုဆာက ပြောလိုက်၏။ ချန်းပေ့ရွှမ်း ဆိုသော အမည်အား ကြားသည်နှင့် သူမ၏ မျက်နှာတစ်လုံးက လေးစားမှုများနှင့် ပြည့်နှက် လာခဲ့သည်။ ချန်းပေ့ရွှမ်း၏ ဂုဏ်သတင်းများအား ဂျပန်မှပင် အမြဲလိုလို ကြားခဲ့ရသည်။ ထို့အပြင် သူမမှာ မြေအောက်လောကနှင့် ပတ်သက်မှု ရှိရာ ချန်းပေ့ရွှမ်းမှာ အမှောင် သတ်မှတ်ချက်၌ အဆင့်သုံး ရှိကြောင်းအား သိရှိထားသည်။ ဂျပန်၏ အစွမ်းအထက်ဆုံး ကင်ဒိုမာစတာ အီရီကာပင်လျှင် ထိုသတ်မှတ်ချက်၏ အောက်ဆုံးတွင်သာ နေရာယူနိုင်ခဲ့ရာ ချန်းပေ့ရွှမ်း၏ စွမ်းအားက မခန့်မှန်း နိုင်လောက်အောင်ပင်။
"ဘယ်လို ... ချန်းပေ့ရွှမ်းလား ..." ချီဝမ်စန်းက ချန်းဖန်အား အံ့အားတကြီး လှမ်းကြည့်လိုက်မိသည်။
"ချန်းဖန်က အဲဒီနာမည်ကို သုံးဖူးတယ် မလား"
***