← Chapters

လက်တစ်ဖက် အဝှေ့

Vol. 4 Ch. 337

လက်တစ်ဖက် အဝှေ့

Vol. 4 Ch. 337

ချန်းပေ့ရွှမ်း ဆိုသော အမည်အား ဟောင်ကောင်တွင် ချီဝမ်စန်း ပထမဆုံး အကြိမ် ကြားဖူးခဲ့သည်။ ထို့အပြင် ချန်းဖန်ကလည်း ပြဿနာ ကြုံရပါက ချန်းပေ့ရွှမ်း ဆိုသော အမည်အား သုံးရန် သူ့ကို ပြောခဲ့သေးသည်။ သို့သော်လည်း ထိုစကားအား သူ အလေးအနက် သိပ်မထားဖြစ်ခဲ့ပေ။ ချန်းဖန်သည် ဟောင်ကောင်၏ သူဌေးကြီး တစ်ဦးမျှသာ ဖြစ်ရာ ချီမိသားစု ပြဿနာ၌ အသုံးဝင်လောက်မည် မဟုတ်ဟုသာ သူထင်ထားခဲ့သည်။ ထို့ကြောင့်ပင် ချန်းပေ့ရွှမ်းဆိုသော နာမည်အား မေ့ပျောက်ခါနီးပင် ဖြစ်နေခဲ့၏။ သို့သော်လည်း မန်ကျောင်း၏ စကားက ချန်းဖန်ပြောခဲ့သော စကားအား ပြန်လည် သတိရလာစေသည်။

ဤသို့ဆိုလျှင် ချန်းဖန်မှာ ကောင်းကင်စာအုပ်တွင် နံပါတ်တစ် အထွတ်အထိပ် ပညာရှင် ချန်းပေ့ရွှမ်း ဖြစ်နေခဲ့သည်လား။ ထိုအရာက မယုံကြည်နိုင်စရာ ကောင်းလွန်းသည်။ ချန်းဖန်မှာ အသက်ပင် ဆယ့်ကိုးနှစ် မပြည့်သေးပေ။

ချီဝမ်စန်း၏ စကားအား ကြားသည်နှင့် ယူကီရှီရိုဆာက တစ်ခုခုအား သတိရသွားသည့်ဟန် မျက်မှောင်ကြုတ်လိုက်၏။

“နေပါဦး...ဆရာချန်းက ကျင်းတက္ကသိုလ်မှာ ကျောင်းတက်နေတယ် လို့ တန့်ရီဖေး ပြောဖူးတယ် မလား ... ဆရာချန်းက အသက် ဆယ့်ကိုးနှစ်လောက်ပဲ ရှိသေးတယ်တဲ့။ ဒီလူငယ်လေး ကလည်း အဲဒီလောက်ပဲ ဆိုတော့ ဖြစ်နိုင်တာက…”

သူမက ချန်းဖန်အား အံ့အားသင့်မှု၊ မယုံကြည်နိုင်မှု များဖြင့် ကြည့်လိုက်မိ၏။

ဘုန်း…

ထိုအချိန်မှာပင် ပေါက်ကွဲသံ တစ်ခုက အပြင်ဘက်မှာ ထွက်ပေါ်လာပြီး အနက်ရောင် အရိပ်တစ်ခုက သစ်သားနံရံအား ချိုးဖျက်၍ အခန်းအတွင်း ရောက်ရှိလာခဲ့၏။ ထိုအရိပ်ကား ချန်းဖန် အခန်းအပြင်သို့ ကန်ထုတ်ထားခဲ့သော ကာဝါကာမီ ဂျန်စိုင်းပင်။

“ဘာကာယာရို ... ငါမင်းကို သတ်မယ်”

ကာဝါကာမီ ဂျန်စိုင်း၏ မျက်နှာက မည်းမှောင်နေပြီး သွေးကြောများပင် ထောင်ထနေခဲ့၏။

သူက မြေပြင်အား မုန်တိုင်းတစ်ခုအလား ကန်ရင်း ချန်းဖန်ထံသို့ အလွန်လျင်မြန်စွာ ပြေးဝင်လာခဲ့၏။ သူ၏ လက်ဝါးများတွင်မူ သေဆုံးခြင်း စွမ်းအားများက တဖြည်းဖြည်း ပျံ့နှံ့လာက အခန်း၏ လေထုကိုပင် တုန်လှုပ်စေသည်။

သူကား ကီတ နီဝါကာဝါ၏ တပည့်ဖြစ်သည်။ ထိုကဲ့သော အရှက်ကွဲခြင်းမျိုး သူ့ဘဝ၌ မကြုံခဲ့ဖူးချေ။

ကာဝါကာမီ ဂျန်စိုင်းမှာ အတွင်းအား ထိပ်သီးအဆင့် ရှိသူဖြစ်၏။ ဂျပန်သိုင်းပညာရှင်များမှာ တရုတ်သိုင်းပညာရှင်များ ကဲ့သို့ အတွင်းအား တစ်ခုတည်းကိုသာ မဟုတ်ဘဲခန္ဓာကိုယ် ကြံ့ခိုင်မှုကိုလည်း ဦးစားပေး လေ့ကျင့်ကြသည်။ ထို့ကြောင့်ပင် ဂျပန် သိုင်းပညာရှင်များ၏ လှုပ်ရှားမှုများက အလွန်ပင် မြန်ဆန်ကြသည်။

သူတို့၏ သိုင်းပညာအပေါ် အတွေးအခေါ်က လုပ်ကြံ သတ်ဖြတ်သူများနှင့် ဆင်တူ၏။ သူတို့က ထိရောက်မှုကိုသာ ဦးစားပေးကြသည်။ ကာဝါကာမီ ဂျန်စိုင်းမှာလည်း ချွင်းချက် မဟုတ်ချေ။

စွမ်းအားများက သူ၏ သွေးကြောတိုင်းမှ စီးထွက်လာကာ ခန္ဓာကိုယ်အား အားဖြည့်ကာ ပိုမို ပြန်ဆန်စေ၏။ ခန္ဓာကိုယ် ကြွက်သားများကလည်း အင်္ကျီ၏ အောက်မှ ကြွရုန်းတက်လာကာ လှုပ်ရှားမှုတိုင်းအား ပိုမိုတိကျစေသော ခွန်အားကို ပေးသည်။ သူ၏ တိုက်ခိုက်မှုက မရပ်တန့်နိုင်သော ရထားကြီး တစ်စင်းအလားပင်။ သူ၏ လက်မှ သေဆုံးခြင်း ချီစွမ်းအင်များက လျှပ်တစ်ပြက် အတွင်းမှာပင် ဓားတစ်ခု သဏ္ဌာန်ဖွဲ့စည်းကာ ကီတ နီဝါကာဝါ၏ ခုတ်ချက်အား နောင်တစ်ကြိမ် ဖော်ဆောင်လိုက်သည်။ ယခုတစ်ကြိမ်တွင်မူ ခုတ်ချက်အတွက် ဓားအား သုံးမထားသည့်တိုင် တိုက်ခိုက်မှုက ပိုမို အန္တရာယ် ရှိသည့်ပုံပေါ်သည်။

“ရပ်စမ်း ကာဝါကာမီ ဂျန်စိုင်း ... သူက…”

ယူကီရှီရိုဆာက ကာဝါကာမီအား သတိပေးရန် ကြိုးစားသော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်၏။

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း ပျံဝဲနေသော ယင်ကောင်အား ဖမ်းဆုပ်သည့်နှယ် လေထုအား ဆုပ်ကိုင်ဟန် ပြုလိုက်သည်။

“ဘုန်း…”

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ စွမ်းအင်လှိုင်းတစ်ခု ဖြစ်ပေါ်လာကာ အခန်းနံရံများကိုပင် ပျက်စီးစေသည်။ စွမ်းအင်လှိုင်းက ထိုမျှဖြင့် မရပ်တန့်ပဲ အဆောက်အဦအပြင်ဘက်၌ အလှဆင်ထားသော မီတာအနည်းငယ် ရှည်လျားသည့် ကျောက်နံရံကိုပင် ဆက်လက် ထိမှန်ပေါက်ကွဲစေကာ ရပ်တန့်သွားတော့၏။

ထိုစွမ်းအင်လှိုင်း၏ ကြားတွင် ကာဝါကာမီ ဂျန်စိုင်း၏ ခန္ဓာကိုယ်မှာ ခွန်အားမဲ့သော စက္ကူတစ်စ ကဲ့သို့ပင်။ သူ၏ ခန္ဓာကိုယ်က သွေးချင်းချင်းရဲကာ မြေပြင်ပေါ်သို့ ပုံရက်သား ကျ၏။

အခန်းတစ်ခုလုံးကား အပ်ကျသံ ကြားရလောက်အောင်ပင် တိတ်ဆိတ်သွားတော့သည်။ ယူကီရှီရိုဆာ၊ မန်ကျောင်း၊ ချီဝမ်စန်း၊ လျူရှောင်ချင်နှင့် အနီးအနားရှိ အခြား အစောင့်များစွာမှာ ထိုချောက်ချားဖွယ် အဖြစ်အပျက်ကြောင့် ကြက်သေ သေနေကြတော့သည်။

ထိုစွမ်းအင်လှိုင်းက အရှိန်ပြင်းစွာ ပြေးဝင်လာသော ထရပ်ကား တစ်စီးထက်ပင် ပြင်းထန်သေးသည်။ ထိုကဲ့သို့သော စွမ်းကားကို လက်တစ်ချက်ဝှေ့ရုံပင် မည်ကဲ့သို့ ဖြစ်ပေါ်စေခဲ့ သနည်း။ အံ့အားသင့်စရာပင်။

“သူ ... သူက…”

မန်ကျောင်းက အထစ်ထစ် အငေါ့ငေါ့ဖြင့် ချန်းဖန်အား ကြောက်ရွံ့စွာ ကြည့်နေမိသည်။ ထိုကဲ့သို့သော စွမ်းအားမျိုးက အထွတ်အထိပ်များသာ ပိုင်ဆိုင်နိုင်သော အရာဖြစ်သည်။ ထိုကောင်လေး၏ အသက်အရွယ်နှင့် သူပိုင်ဆိုင်ထားသော စွမ်းအားက လိုက်ဖက်မှု မရှိချေ။

ယူကီရှီရိုဆာမှာလည်း ထိုမြင်ကွင်းအား ကြည့်၍ တဆတ်ဆတ် တုန်ခါနေခဲ့သည်။ ချန်းဖန်နှင့် သူမရှိနေသော နေရာက အလွန်နီးကပ်ရာ အဖြစ်အပျက် တစ်ခုလုံးအား သူမ ကောင်းစွာ တွေ့မြင်လိုက်ရသည်။ အကယ်၍ ထိုကောင်လေးကသာ သေစေချင်လျှင် သူမ၏ အသက်က စက္ကန့်ပိုင်းအတွင်း လွင့်ပျောက်သွား လိမ့်မည် ဖြစ်ကြောင်း သူမ နားလည်လိုက်၏။

“အခု ငါ ဘယ်သူလဲ ဆိုတာ မင်းသိပြီလား”

ချန်းဖန်က လက်နှစ်အား နောက်ပစ်ရင်း မန်ကျောင်းအား မေးလိုက်၏။

မန်ကျောင်းက နဖူးမှ စီးကျလာသော ချွေးများအား သုတ်လိုက်ရင်း ...

“ကျွန်တော်က မန်ကျောင်းပါ ခင်ဗျာ။ ဆရာချန်းကို တွေ့ရတာ ဂုဏ်ယူစရာပါ”

တရုတ်၏ နံပါတ် အထွတ်အထိပ် ပညာရှင်ဆိုသော နာမည်က သူ့အား ကြီးမားသော ဖိအားကို ပေးသည်။ သူ့ကဲ့သို့ အတွင်းအား စဦးအောင်မြင်သူ တစ်ယောက်က ဆရာချန်း၏ မျက်လုံးတွင် အားနည်းသော ပိုးကောင်လေးသာ ဖြစ်သည်။ သူ့ထက် ပိုမို အစွမ်းထက်သော ကာဝါကာမီ ဂျန်စိုင်းပင်လျှင် ချန်းဖန်၏ လက်တစ်ချက် အဝှေ့၌ အသတ်ခံခဲ့ရသေးသည်။

သူတွေးနေစဉ်မှာပင် ချန်းဖန်၏ ပေါ့ပေါ့ပါးပါး အသံက ထွက်ပေါ်လာခဲ့၏။

“ရန်ချင်းဟူ ပြောလိုက်ပါ။ ချီမိသားစုက ငါ့ရဲ့ ကာကွယ်မှု အောက်မှာ ရှိတယ်လို့။ နောက်ပြီး ချီဝမ်စန်းလည်း သူ့လက်ထပ်ပွဲအတွက် သူကိုယ်တိုင် ဆုံးဖြတ်ပါစေ”

“ဟုတ်ကဲ့ပါ ဆရာချန်း…”

မန်ကျောင်းက အကြိမ်ကြိမ် ခေါင်းညိတ်ရင်း ပြောလိုက်၏။

ထို့နောက် ချန်းဖန်က သူ့အား ကျောခိုင်းလိုက်ကာ ချီဝမ်စန်း ဘက်သို့ လှည့်ရင်း ...

“လို့ချီ ... ရှောင်ချင်ကို ခေါ်ပြီး ပြန်နှင့်တော့”

ချီဝမ်စန်းက ချန်းဖန်အား ကြည့်ရင်း ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် မန်ကျောင်းနှင့် လျူရှောင်ချင်တို့အား ခေါ်ဆောင်ကာ ကလပ်ထဲမှ ထွက်လာခဲ့တော့၏။ သူ၏ စိတ်ထဲတွင်မူ အလွန်ရှုပ်ထွေး နေခဲ့ပြီ ဖြစ်သည်။ ချန်းဖန်မှာ အစွမ်းထက်သည့် အစီအရင် ပညာရှင် တစ်ယောက် ဖြစ်ကြောင်း ဟောင်ကောင်တွင်တည်းက သူသိခဲ့ရသည်။ သို့သော်လည်း ချန်းဖန်၏ လွှမ်းမိုးမှုက ချီမိသားစုထက်ပင် အဆများစွာ ပိုမို များပြားနေမည်ဟု သူ မတွေးခဲ့မိချေ။ သို့သော်လည်း ယခုမူ သူနှင့် ချန်းဖန် အကြား၌ ကြီးမားသော ကွာဟချက် တစ်ခု ရှိနေကြောင်း သူ နားလည်သွားပြီ ဖြစ်သည်။

ကလပ်မှ အတော်ဝေးဝေးသို့ ရောက်သည်နှင့် မန်ကျောင်းက ချီဝမ်စန်းအား ကြည့်လိုက်ရင်း...

“သခင်လေး ... ဆရာချန်းက ကျုပ်တို့လို သာမန်လူ တစ်ယောက် မဟုတ်ဘူး။ သခင်လေး သူနဲ့ ဆုံရတာ အရမ်း ကံကောင်းတယ်။ သူ့ကို တွေ့ခွင့်ရဖို့ အိပ်မက်မက် နေတဲ့သူတွေ တရုတ်မှာ အများကြီးပဲ”

ချီဝမ်စန်းက ဖြူရော်ရော် ပြုံးလိုက်ရင်း ...

“ငါတို့ကတော့ ယူကီရှီရို မိသားစုကို မကျေမနပ် ဖြစ်စေခဲ့ပြီ ထင်တယ်။ ရန်ချင်ဟူကို ငါတို့ ဘယ်လို ရင်ဆိုင်ကြမလဲ”

“ရန်ချင်ဟူလား…”

မန်ကျောင်းက နှာခေါင်း ရှုံ့လိုက်ရင်း ဆက်ပြောလိုက်၏။

“စိတ်တိုကြီးချန်းက သူ့ကို သတိပေးခဲ့ ပြီးပြီပဲ။ သူ့အနေနဲ့ အမြီးကုပ်ပြီး အရှေ့မြောက် နယ်စပ်ကို ပြန်ဖို့ပဲ ရှိတယ်။ သူ ကျုပ်တို့ကို ထိရဲရင် လုထျန်းဖန်၊ လဲ့ချန်းကျွယ်၊ သီးဆပ်၊ ပါ့ချွမ်ဟွမ်တို့ လမ်းကို သူ လိုက်ရလိမ့်မယ်။ ဆရာချန်းက ရန်ချင်းဟူထက် အများကြီး ပိုအဆင့်မြင့်တဲ့ အထွတ်အထိပ် အဆင့်တွေတောင် သတ်ခဲ့ဖူးတယ်။ သူ့လောက်က ဘာအရေးလဲ”

“တကယ်လား…”

ချီဝမ်စန်းက သက်ပြင်းတစ်ချက် ချလိုက်မိသည်။ မန်ကျောင်း၏ စကားအရဆိုလျှင် သူတို့မိသားစု၏ အခက်အခဲများက ချန်းဖန်၏ အကူအညီဖြင့် လွယ်ကူစွာ ကျော်လွှားနိုင်ရန် သေချာသည်။

“ငါနဲ့ ချန်းဖန်ကြားမှာ ဘယ်လောက်တောင် ကွာခြားနေခဲ့ပြီ မသိဘူး”

ချီဝမ်စန်းက သူ၏ အတွေးစများအား ဖြတ်ရင်း လျူရှောင်ချင်အား ပွေ့ဖက်ကာ ခပ်သွက်သွက် လျှောက်လိုက်တော့၏။

***

ထိုအချိန်၌ ချန်းဖန်မှာမူ ယူကီရှီရိုဆာနှင့် အတူတူရှိနေဆဲ ဖြစ်၏။

“မင်း ငါ့ကို စော်ကားခဲ့တာတောင် မင်းကို ဘာလို့ အသက်ချမ်းသာ ပေးထားတာလဲ သိလား”

ချန်းဖန်က သူမအား ကြည့်ရင်း မေးလိုက်သည်။

ယူကီရှီရိုဆာက ခေါင်းအား ငုံ့လိုက်ရင်း ...

“ဆရာ ချန်းပေ့ရွှမ်း ... ကျွန်မ အသက်ကို ချမ်းသာပေးပါ။ နောက်ပြီး ဆရာ့ကို ကျွန်မရဲ့ သခင်အဖြစ် သတ်မှတ် ပါရစေ။ ဆရာ့ရဲ့ ဆန္ဒမှန်သမျှကို ကျွန်မ ဖြည့်ဆည်းပေးပါ့မယ်”

သူမ၏ အသံက ဆွဲဆောင်မှု ရှိပြီး တစ်ဖက်သား၏ ကြင်နာသနားမှုကို သိမ်းပိုက်နိုင်စွမ်း ရှိ၏။ သူမ၏ နူးညံ့ သိမ်မွေ့ပြီး ဆွဲဆောင်နိုင်သော အသံအောက်၌ ယောက်ျားတိုင်း ကြွေစင်းသွားမည်မှာ သေချာသည်။ သို့သော်လည်း ထိုအရာများက ချန်းဖန်အတွက် သက်ရောက်မှု မရှိချေ။

“ဟမ့် ... မင်းက ငါ့ဆန္ဒနဲ့ ဆန့်ကျင်နေတဲ့ အမှားတစ်ခုကို လုပ်ပြီးနေပြီ”

ချန်းဖန်က လေးပင်စွာ ပြောရင်း လက်ကို ဆန့်ထုတ်၍ လေထုအား ဆုပ်ကိုင်ဟန် ပြုလိုက်၏။

“ထွက်လာစမ်း…”

***

All Chapters