မင်းသေတော့မှာ(2)
Vol. 4 Ch. 31
သစ်သားဓားဖြင့်
ကုကျစ်စုန့် ဂါထာရွတ်ပြီးသွားသည်နှင့် သူမ၏ တစ်ကိုယ်လုံးမှ အဖြူရောင်အလင်းတန်းများဖြာထွက်လာခဲ့လေသည်။ ခဏအကြာတွင် သူမက အဆောက်အဦးရဲ့ ဂိတ်တံခါးပေါက်ဝဆီသို့ ပြန်လျှောက်သွားခဲ့ပြီး ဂိတ်ပေါက်မှတဆင့် ဝင်ထွက်သွားလာနေသည့် လူများနှင့်အတူ ရောပါ၍လိုက်သွားခဲ့သည်။
ဤတစ်ကြိမ်တွင်တော့ မကြာခင်အချိန်က သူမအား လုံခြုံရေးလက်ကိုင်တုတ်ဖြင့် ပိတ်ဆို့တားဆီးခဲ့သည့် အစောင့်များမှာ သူမကို မမြင်နိုင်သကဲ့သို့ လျစ်လျူရှုထားခဲ့ကြသည်။
အမှတ်အသား၏လမ်းညွှန်မှုမှတဆင့် ကုကျစ်စုန့်က အဆောက်အဦးတစ်ခုရဲ့ အပေါ်ဆုံးထပ်သို့ တိုက်ရိုက်တက်လာခဲ့လေသည်။
ဓာတ်လှေကားနှစ်ခုလုံးက တစ်ချိန်တည်းရောက်ရှိလာခဲ့ပြီး သူမ ဓာတ်လှေကားတံခါးမှ ထွက်လိုက်ချိန်တွင် ဝတ်စုံပြည့်ဝတ်ဆင်ကာ ဒေါက်ဖိနပ်အမြင့်စီးထားသည့် သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးနှင့် တိုက်မိသွားရသည်။
ထိုအမျိုးသမီး၏ မျက်နှာထားက တင်းမာသွားခဲ့ကာ အသံမာမာဖြင့် အော်မေးလာခလေ၏။
“ နင်ဘယ်သူလဲ?? ဒီနေရာကို ဘယ်လိုလုပ် ရှာတွေ့သွားတာလဲ?!”
တစ်ဖက်လူ၏ မျက်နှာကို သေချာရှင်းလင်းစွာမြင်တွေ့သွားပြီးသည့်နောက်မှသာ သူမက ကြောင်အ,သွားခဲ့ပြီး တုန့်ဆိုင်းစွာဖြင့် ခေါ်လာခဲ့သည်။
“ကု.. မစ်ကုကျစ်စုန့်??”
ကုကျစ်စုန့်က ခေါင်းတစ်ချက်ငြိမ့်လိုက်ပြီး :
“မင်္ဂလာပါ.. မစ္စရှင်း”
သူမ၏ရှေ့တွင်ရှိနေသည့် သက်လတ်ပိုင်းအမျိုးသမီးမှာ ယွီထုန်လျို့ရဲ့ မန်နေဂျာပင်ဖြစ်ချေသည်။ သူမက အနုပညာလောကတွင် နာမည်ကြီး မန်နေဂျာတစ်ယောက်ဖြစ်ပြီး သူမ၏လက်အောက်တွင် ပထမတန်း၊ ဒုတိယတန်းကြယ်ပွင့်များစွာကို ပျိုးထောင်နိုင်ခဲ့သူလည်းဖြစ်သည်။
သူမက ယွီထုန်လျို့ ရိုက်ကူးရေးပြုလုပ်သည့် နေရာသို့ လိုက်ပါလာတတ်သောကြောင့် ကုကျစ်စုန့်က သူမက မည်သူလဲဆိုသည်ကို မှတ်ဉာဏ်တွင် ခပ်ရေးရေးမှတ်မိနေခဲ့သည်။
အင်တာနက်ပေါ်တွင် ကုကျစ်စုန့်၏ ကျော်ကြားမှုကြောင့် မစ္စရှင်းကလည်း သူမကို သိနေခဲ့ပြီး ထိုအမျိုးသမီး၏ မျက်နှာပေါ်မှအပြုံးက အသက်မပါခဲ့ဘဲ ခပ်တောင့်တောင့် ဖြစ်နေခဲ့သည်။
“ဒီနေရာကို ဘယ်လိုရှာတွေ့တာလဲ?? ဘာကိစ္စများရှိလို့လဲ?”
ဤအထပ်တစ်ခုလုံးမှာ ယွီထုန်လျှို့၏ သီးသန့်နေထိုင်သည့်နေရာဖြစ်ပြီး သေချာစွာဖုံးကွယ်ထားခြင်းဖြစ်သည်။ ပါပါရာဇီများကိုမဆိုထားနှင့် အနုပညာလောကအတွင်းမှ လူတွေတောင်မှ မသိရှိခဲ့ပေ။
ဒါကို ကုကျစ်စုန့် ဘယ်လိုလုပ်ပြီး ရှာတွေ့သွားတာလဲ??
“လျို့ကျဲ မတော်တဆဖြစ်သွားတယ်ဆိုလို့ ကျမန်မလာတွေ့တာ”
မစ္စရှင်း ဤတစ်ကြိမ်တွင်တော့ အမှန်တကယ်အံ့ဩသွားခဲ့သည်။
ယွီထုန်လျှို့သည်ကား အမှန်တကယ်လည်း မနေ့ညတုန်းက မတော်တဆဖြစ်သွားခဲ့လေသည်။ သူမ ရိုက်ကူးရေးလုပ်နေစဉ်အတွင်းမှာ မှန်တစ်ခုနဲ့ တိုက်မိခဲ့ပြီး မြင်းပေါ်ကနေ ပြုတ်ကျသွားခဲ့သည်။ ကံကောင်းစွာနှင့် ဆေးရုံသို့သွားရောက်ပြီး အခြေအနေကို စစ်ဆေးပြီးနောက်တွင် ဆရာဝန်က ရက်အနည်းငယ် အနားယူလိုက်လျှင် သက်သာသွားမည်ဟု ပြောလာခဲ့သည်။
လက်တလောအချိန်တွင် ‘မျောလွင့်နေသော ပင်လယ်ပြင်ရဲ့ ဒဏ္ဍာရီ’ ရိုက်ကွင်းမှာ ငြိမ်းချမ်းမှု မရှိဖြစ်နေခဲ့သည်။ ထုတ်လုပ်ရေးအဖွဲ့၏ ဖုန်းရွှေမှာ ပြဿနာဖြစ်နေသည်ဟူသော ကောလဟာလသတင်းများကလည်း ပျံ့လွှင့်နေသောကြောင့် သူမ မြင်းပေါ်မှ ပြုတ်ကျသွားသည့် သတင်းသာ ပြန့်နှံ့သွားခဲ့မည်ဆိုပါလျှင် ပို၍ပင် အနှောင့်အယှက်များ တိုးလာနိုင်ပေသည်။
ဤသို့ဖြင့် ရိုက်ကူးရေးအဖွဲ့သားများနှင့် ဆွေးနွေးတိုင်ပင်ပြီးနောက် သူတို့က ဤသတင်းကို အပြင်သို့မပျံ့နှံ့စေရန် ဆုံးဖြတ်လိုက်သောကြောင့် အင်တာနက်နှင့် အနုပညာအသိုင်းအဝိုင်းထဲမှာ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
ယခု ကုကျစ်စုန့်က ယွီထုန်လျို့ မြင်းပေါ်မှ ပြုတ်ကျသည့် ကိစ္စအပြင် သူမ၏ ကိုယ်ပိုင်အိမ်နေရာကိုပါ သိနေခဲ့သည်။
မဟုတ်မှလွဲရော ကုကျစ်စုန့်က သူမ မသိခင်မှာများ သူမ၏ အနုပညာရှင်နှင့် ရင်းနှီးသွားလေသလား?
မစ္စရှင်း ခေါင်းရှုပ်သွားခဲ့ရသော်လည်း ကုကျစ်စုန့်၏ အမူအယာက တည်ငြိမ်နေခဲ့သောကြောင့် သူမ၏ခန့်မှန်းချက် မှန်ကန်နေလိမ့်မည်ဟုသာ တွေးတောခဲ့သည်။
သူမက သော့ကိုထုတ်ယူကာ တံခါး ဖွင့်ပေးလိုက်သည်။
“ငါလည်း ထုန်လျို့ကို လာတွေ့ရင်း သူ့အတွက်မနက်စာပေးဖို့ ရောက်လာခဲ့တာ၊ အရင်ဝင်သွားလိုက်လို့ရတယ်နော်”
မစ္စရှင်း သူမ၏ မျက်လုံးထောင့်မှတဆင့် သူမဘေးမှ မိန်းမပျိုလေး၏ မျက်နှာကို ဖြတ်ခနဲ ကြည့်လိုက်ကာ စိတ်ထဲတွင် တိတ်တဆိတ် အံ့ဩသွားခဲ့ရသည်။
ကုကျစ်စုန့်က နဂိုကတည်းက ဒီလိုမျိုး အရမ်းကို ချောမောလွန်းပြီး ၊ အခုလို အမူအယာမျိုး ရှိနေတာလား?? သူမ ဘာလို့ အရင်က သတိမထားခဲ့မိတာပါလိမ့်??
ကုကျစ်စုန့်က သူမ၏နာမည် အောင်မြင်ကျော်ကြားလာစေဖို့အတွက် ဝိဉာဉ်ရေးရာ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်တွင် ပါဝင်ယှဉ်ပြိုင်နေသည်ကို သတိရပြီးနောက်တွင်တော့ သူမ၏ စိတ်ထားက အနည်းငယ်ပြောင်းလဲသွားခဲ့သည်။
သို့သော်လည်း သူမကသာ လူကောင်းတစ်ယောက်ဖြစ်နေမည်ဆိုပါက ယွီထုန်လျို့နဲ့ အနည်းငယ်လောက် ထိတွေ့ရင်းနှီးတာက ပြဿနာ မရှိနိုင်လောက်ဟု ယူဆရမည်ပင်။
ဤအဆောက်အဦးအတွင်းမှ တိုက်ခန်းများမှာ နေရာအလွန်ကျယ်ဝန်းပြီး ပထမလွှာအတွင်း အိမ်ထောင်စုတစ်ခုသာ ရှိနေခဲ့သည်။
သူမ တိုက်ခန်းအတွင်းသို့ ခြေချလိုက်ပြီးနောက် ကုကျစ်စုန့်က အိမ်အတွင်းပတ်လည် အသေအချာလှည့်ပတ်ပြီးကြည့်နေခဲ့သည်။
သူမ၏ မျက်လုံးထဲတွင် ဤတိုက်ခန်းထဲ၌ ယင်စွမ်းအားများမှာ ထူထပ်လွန်းနေသောကြောင့် ရေခဲလွှာတစ်ခုအဖြစ်တောင် ပေါ်ထွက်လုနီးပါးဖြစ်နေချေပြီ။
မစ္စရှင်းက ဧည့်ခန်းထဲသို့ လျှောက်သွားလိုက်ပြီး သူမ၏လက်ထဲမှ မနက်စာကို စားပွဲပေါ်သို့တင်လိုက်သည်။
“ထုန်လျို့ ၊ နိုးနေပြီလား??”
သူမ နှစ်ကြိမ်အော်ခေါ်ပြီးသည့်နောက်မှာတောင် အဖြေပြန်မရခဲ့သောကြောင့် မစ္စရှင်းက ယွီထုန်လျို့၏ အိပ်ခန်းဘက်သို့ လျှောက်သွားခဲ့သည်။ လက်ရှိတွင် အိပ်ခန်း၏ တံခါးက အနည်းငယ်မျှပွင့်လျှက်သားရှိနေပြီး အခန်းထဲမှ ကြောက်ရွံ့နေပုံရသည့် ညည်းညူသံ ခပ်တိုးတိုးကို ကြားလိုက်ရသည်။
မစ္စရှင်း၏ မျက်နှာက ဖြူဖျော့သွားခဲ့ကာ အခန်းတံခါးကို အလျှင်အမြန် ဆွဲဖွင့်လိုက်သည်။ ထို့နောက်တွင်တော့ အိပ်ရာပေါ်မှ ယွီထုန်လျို့၏အသွင်အပြင်ကို မြင်တွေ့လိုက်ရပြီး သူမ အလွန်အမင်းထိတ်လန့်တုန်လှုပ်သွားရချေသည်။
“ထုန်လျို့ ! မင်း ဘာလုပ်နေတာလဲ?!”
ယွီထုန်လျို့က အိပ်ရာပေါ်တွင် အိပ်ပျော်နေသကဲ့သို့ သူမ၏မျက်လုံးများကို တင်းတင်းကြပ်ကြပ် မှိတ်ထားခဲ့သော်လည်း သူမ၏ မျက်နှာမှာ နာကျင်မှုကြောင့် သွေးရောင်များ ကင်းမဲ့နေခဲ့လေ၏။
သူမ၏လက်များသည်ကား သူမ၏ကိုယ်ပိုင်လည်ပင်းဆီကို ရောက်ရှိနေခဲ့ပြီး ပြင်းပြင်းထန်ထန် ကုတ်ခြစ်နေခဲ့သည်။ ထိုကုတ်ခြစ်မှုကြောင့် သူမရဲ့ လည်ပင်းအရေပြားများမှာ သွေးရောင်တောက်သည်အထိနီရဲနေပြီး ကိုယ့်ကိုကိုယ် လည်ပင်းညှစ်သတ်ဖို့ရန် ကြံစည်နေသလိုဖြစ်နေခဲ့သည်!!!
သူမက ယွီထုန်လျှို့ရဲ့ လက်ကို အတင်းအကြပ်ဆွဲဖယ်ဖို့ လုပ်လိုက်သော်လည်း သူမ၏လက်ဖမိုးပေါ်သို့ပါ အကုတ်ခံလိုက်ရကာ လက်ပေါ်တွင် ဒဏ်ရာနှစ်ခု ရရှိလိုက်သည်။
“ထုန်လျို့ ထပါတော့! နင် ဘာတွေ ဖြစ်နေတာလဲ!!!”
မစ္စရှင်းက အလွန်စိတ်ပူလွန်းနေခဲ့ပြီး မျက်လုံးများတောင် နီရဲလာခဲ့သည်။
ထိုအချိန်တွင် အိပ်ခန်းတံခါးကို အပြင်ဘက်မှ တွန်းဖွင့်လိုက်ပြီး အေးစက်သည့်လေများတိုးဝင်လာသကဲ့သို့ အေးစက်ပြတ်သားသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“လမ်းဖယ်ပေး”
မစ္စရှင်းတစ်ယောက် ဂုတ်ပိုးမှ ဆွဲမခံလိုက်ရကာ ဘေးတစ်ဖက်သို့ အလွယ်တကူ ဆွဲဖယ်ခံလိုက်ရလေ၏။ ထို့နောက်တွင် သူမ၏ မြင်ကွင်းထဲ၌ အလွန်လှပသော အနုပညာရှင်လေးက ကြမ်းတမ်းသော်လည်း သွယ်လျသည့် သစ်သားဓားတစ်ချောင်းကို နောက်ကျောတွင် လွယ်ထားပြီး ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။
ကုကျစ်စုန့်က သူမ၏နောက်ကျောပေါ်မှ သစ်သားဓားကို ဆွဲထုတ်လိုက်ပြီး လက်ကို တစ်ချက်ဝှေ့ရမ်းခဲ့ကာ ထိုဓားနှင့် ယွီထုန်လျို့၏ ခေါင်းဆီသို့ တည့်မတ်စွာ ထိုးသွင်းခဲ့၏။
“အခုထိ မထွက်သွားသေးဘူးလား?”
မစ္စရှင်းတစ်ယောက် အလွန်ကူကယ်ရာမဲ့နေခဲ့ရပြီး သစ်သားဓားက ယွီထုန်လျို့၏ရဲ့ နှာခေါင်းကို မထိခင် လက်နှစ်လုံးအကွာလောက်တွင် တစ်ခုခုက တားဆီးထားသကဲ့သို့ တုန့်ခနဲ ရပ်တန့်သွားသည်ကို တွေ့မြင်လိုက်ရသည်။
ထိုနောက်တွင် အိပ်ရာဘေးတွင်ရှိနေသည့် စာအုပ်များနှင့် စက္ကူများ လွင့်သွားသည်အထိ လေအေးတစ်ခုတိုက်ခတ်လာခဲ့သည်။ သို့သော်လည်း အိပ်ခန်းအတွင်းမှ ပြတင်းပေါက်များမှာ ပိတ်ထားလျက်ရှိနေသည်ပင်။
“ဒါက……?”
သူမ၏ စကားပြောနိုင်စွမ်းများက ပျောက်ဆုံးသွားခဲ့သော်လည်း သူမ၏လက်မှ အားစိုက်ပြီးဆွဲနေရသော သန်မာသည့်အားကတော့ လျော့ကျသွားသည်ကို ခံစားလိုက်ရသည်။ ဒါကြောင့် သူမက ယွီထုန်လျို့၏ ဖြူဖျော့နေသည့် မျက်နှာကို ခပ်မြန်မြန်ပုတ်၍နှိုးလိုက်လေ၏။
သို့သော်လည်း ယွီထုန်လျို့၏ အသက်ရှူနှုန်းထားမှာ အလွန်အမင်း အားနည်းနေလွန်းလှပြီး လုံးဝ တုန့်ပြန်မှု မရှိဖြစ်နေခဲ့ပြီ!!!
ထိုအချိန်မှာပဲ ကုကျစ်စုန့်က သစ်သားဓားကို သူမ၏နောက်ကျောဆီသို့ ပြန်လွယ်လိုက်ပြီး အရှေ့သို့တိုးလာကာ သူမ၏လက်ကို ဆန့်ထုတ်လိုက်ရင်း ယွီထုန်လျို့၏ခေါင်းမှ သွေးကြောနေရာများကို ဖိလိုက်လေသည်။
ထိုခဏအတွင်း ယွီထုန်လျို့က အသက်ရှူမဝသကဲ့သို့ အသက်ကို ပြင်းပြင်းရှိုက်ရှူနေရင်းဖြင့် မျက်လုံးများပွင့်လာခဲ့သည်။
သူမ မျက်လုံးပွင့်လာပြီးသည်နှင့် လက်တစ်ဖက်က သူမ၏လည်ပင်းကို ထိကိုင်ကာ ကျန်လက်တစ်ဖက်ဖြင့် မစ္စရှင်းကို တင်းတင်းလှမ်းဆွဲလိုက်ရင်း အလွန်ပြင်းထန်စွာချောင်းဆိုးနေခဲ့သည်။
မစ္စရှင်းက သူမကို တည်ငြိမ်သွားစေဖို့ အသာအယာပုတ်ပေးလိုက်သည်။
“နင်က ငါ့ကို သေတဲ့ထိ ခြောက်လှန့်နေတာပဲ!! နင် ပြုစားခံလိုက်ရတာလား?”
အချိန်အတော်ကြာမှ ယွီထုန်လျို့တစ်ယောက် အသိစိတ်ပြန်ဝင်လာခဲ့ပြီး ကုကျစ်စုန့်ဘက်သို့ လှမ်းကြည့်ကာ အားနည်းသည့် အသံဖြင့် မေးသည်။
“…. မင်း ဘာလို့ဒီကိုရောက်နေတာလဲ? ရှင်းကျဲ .. ကျဲ သူ့ကို ခေါ်လာတာလား??”
မစ္စရှင်းလည်း အံ့ဩသွားရသည်။
“သူက မင်းသူငယ်ချင်းမဟုတ်ဘူးလား? ”
ကုကျစ်စုန့်က ယွီထုန်လျို့ကို တွေ့မြင်ပြီးသည့်နောက်တွင် သူမ၏ မျက်နှာကို ဖတ်ရှုပြီး စိတ်ထဲတွင် တွက်ချက်နေခဲ့သည်။
သူတို့နှစ်ယောက် ပထမဆုံး စတွေ့သည့် အချိန်နှင့် ယှဉ်လျှင် ယခု ယွီထုန်လျို့မှာ တခြားတစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့ပြီ။ သူမတွင် စွမ်းအင်များလုံးဝ ကုန်ခမ်းနေရုံသာမကဘဲ အလွန်အမင်းလည်း ပိန်ကျသွားခဲ့သည်သည်။
ပို၍ထူးဆန်းသည်က သူမရဲ့ မူလက နူးညံ့သိမ်မွေ့တဲ့ မျက်နှာမှာ လဝက်အတွင်း ခြုံးခြုံးကျနေခဲ့ပြီဖြစ်ပြီး မျက်လုံးဟောက်ပက်ဖြစ်နေခဲ့သည်။ ထိုအချိန်အတွင်း သူမက ဆိုးဝါးကြမ်းတမ်းသည့်အရာ တစ်ခုခုကို ပြုလုပ်ခဲ့ပြီး တုံ့ပြန်တိုက်ခိုက်ခံရခြင်းမဟုတ်ပါက ..။
မဟုတ်သေးချေ။ တစ်စုံတစ်ခုက သေချာပေါက် လွဲမှားနေသည်။ သူမ ၏မျက်နှာကို အသေအချာကြည့်မည်ဆိုပါက သာမန်မဟုတ်ဘဲ ယုတ်ညံ့သည့် အသက်လမ်းတစ်ခုရှိနေခဲ့သည်။
သို့သော်လည်း တစ်စုံတစ်ရာကတော့သေချာပေ၏။
မျက်နှာတစ်ခုလုံး မီးခိုးမြူဖုံးများဖုံးလွှမ်းနေသည့် ယွီထုန်လျို့ကို ကြည့်ပြီး ကုကျစ်စုန့် မျက်မှောင်ကြုတ်လိုက်သည်။
“မင်း သေတော့မှာပဲ”
အတိအကျပြောရမည်ဆိုပါက စာချုပ်ကြောင့် သူမ၏ ထိခိုက်မှုတစ်ဝက်ကို လွှဲပြောင်းပေးပြီး ယင်စွမ်းအင်များ သူမ၏အသက်ကို ဝါးမြိုနေခြင်းကို ကာကွယ်ပေးနေခဲ့ခြင်းကြောင့်သာ မဟုတ်ပါက …..
သူမအခုချိန်တွင် အသက်ရှိလိမ့်မည်မဟုတ်တော့။