← Chapters

ဘဝကိုပြောင်းလဲခြင်း၊ ဝတ်စုံနီဝတ်သရဲ (1)

Vol. 4 Ch. 32

ဘဝကိုပြောင်းလဲခြင်း၊ ဝတ်စုံနီဝတ်သရဲ (1)

Vol. 4 Ch. 32

အသက်မပြည့်သေးသော ကျောင်းသူ

ကုကျစ်စုန့်၏ပြောစကားကိုကြားပြီးနောက် မစ္စရှင်းက ဒေါသတကြီးဖြင့် ပြန်ပြောလာသည်။

“နင်ဘာပြောလိုက်တာလဲ!? နင်က ပါးစပ်ကိုဖွင့်ဟလိုက်တာနဲ့ သူများကို သေအောင် ကျိန်စာတိုက်နေတာလား!?! နင်က ဒီကို ပြဿနာရှာဖို့ ရောက်တာလား!!? “

သို့သော် သူမက ယွီထုန်လျို့၏ ပျက်ယွင်းသွားသည့်မျက်နှာကို မမြင်လိုက်ချေ။ အချိန်အတော်ကြာအောင် ငြိမ်သက်နေပြီးနောက် ယွီထုန်လျို့က ခေါင်းကိုမော့က အက်ကွဲသည့် အသံဖြင့် ပြောလာသည်။

“ရှင်းကျဲ.. မစ္စကုပြောတာ မမှားပါဘူး.. ကျွန်မ မကြာခင်တုန်းက သေတော့မယ်လို့ခံစားခဲ့ရတယ်”

“အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောမနေစမ်းနဲ့!”

“ကျွန်မ တကယ်ပြောနေတာ ရှင်းကျဲ.. ကျဲ ဒီခံစားချက်ကို နားမလည်လောက်ဘူး၊ ကျွန်မ အခုရက်ပိုင်း နေရောင်အောက်မှာ လမ်းလျှောက်နေရင်တောင် ခန္ဓာကိုယ်က တုန်ယင်နေပြီး လက်ဖဝါးတွေကလည်း ချွေးတွေထွက်နေခဲ့တာ! ညဘက်တွေမှာလည်း မျက်လုံးမှိတ်ပြီး အိပ်ဖို့လုပ်လိုက်တိုင်း ရင်ဘတ်တွေက တင်းကြပ်လာပြီး အသက်ရှူလို့မရသလိုဖြစ်နေခဲ့တယ်၊ အခု ၂ရက်၊ ၃ရက်လောက်မှာ အိပ်မက်ဆိုးတွေလည်း ဆက်တိုက်မက်နေခဲ့တာ……”

ယွီထုန်လျို့က စကားကို ပြတ်တောင်းပြတ်တောင်းနှင့် ပြောနေရခဲ့ရသည်။ သူမ၏ နှုတ်ခမ်းများက ပြာနှမ်းနေခဲ့ပြီး မျက်လုံးများကတော့ အရောင်ဖျော့နေချေသည်။ အရှင်းဆုံးပြောပါက သူမ၏မျက်နှာပေါ်တွင် အကူအညီမဲ့မှုများဖြင့် ကာရံထားခဲ့ပေ၏။

သူမအနေဖြင့် သူမ၏ခန္ဓာကိုယ်က ပုံမှန်မဟုတ်ကြောင်းကို သတိထားမိပြီးနောက် ဆေးရုံသို့ ချက်ချင်းသွားပြခဲ့သည်။ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက်တွင် အဖြေမပေါ်ခဲ့သောကြောင့် သူမက စိတ်ရောဂါဆရာဝန်ထံသို့လည်းသွားခဲ့သေးသည်။ သို့သော်လည်း မည်သည့်အဖြေကိုမျှ ရှာမတွေ့ခဲ့ပေ။ ဆရာဝန်က သူမကို စိတ်ဖိစီးမှုများ အလွန် များပြားနေသောကြောင့် ဖြစ်နိုင်သည်ဟုသာ ပြောခဲ့လေ၏။

မစ္စရှင်း၏ မျက်နှာက ရှုံ့မဲ့နေခဲ့ကာ စိတ်ပူစွာဖြင့်ဆူပူခဲ့သည်။

“ဒီကောင်မဆိုးလေး! ဘာလို့ ဒီလောက်အကြာကြီးခံစားနေရတာကို ဘာလို့ ဘာမှ မပြောရတာလဲ??”

ဘာကြောင့်လဲဆိုသည်ကို သူမ ခန့်မှန်း၍ ရနိုင်သည်။

အနုပညာလောကတွင် နှစ်ပေါင်းများစွာ လုပ်လာပြီးနောက် သူမက အနုပညာရှင်ပေါင်းများစွာကို စီမံခန့်ခွဲခဲ့ရသည်။ သူမအနေဖြင့် ဤလောက၏ ဆိုးရွားသည့် တစ်ဘက်ခြမ်းကိုလည်း သိလာခဲ့ပြီ။ တစ်ချို့မှာအောင်မြင်ချင်သည့် စိတ်ကြောင့် သရဲလေးများကို မွေးမြူကာ ပြဿနာများ တစ်ခုပြီး တစ်ခုရှာပြီး အလွယ်လမ်းကို လိုက်ကြသူများလည်း ရှိသည်။

သို့သော်လည်း သူမက သူမ၏လက်အောက်မှ အနုပညာရှင်များအားလုံးကို ထိုအရာများနဲ့ မထိတွေ့စေရန် ပြင်းပြင်းထန်ထန်တားမြစ်ထားခဲ့သည်။

သူမ ရွေးချယ်ခဲ့သည့် အနုပညာရှင်များထဲတွင် ယွီထုန်လျို့မှာ အလုပ်အကြိုးစားဆုံးနှင့် စကားနားထောင်ဆုံးဖြစ်သည်။ သူမက ကိုယ့်ကိုကိုယ် ဂုဏ်မဖော်တတ်ဘဲ သရုပ်ဆောင်ပညာတစ်ခုတည်းနှင့်သာ အမြင့်ကို တက်လာခဲ့သည်။ သို့သော်လည်း သူမက ကုမ္ပဏီနှင့် သူမ၏မိသားစုထံသို့ ကောင်းမွန်သည့်သတင်းများကိုသာ တင်ပြလေ့ရှိလေသည်။

မြင်းပေါ်မှ ပြုတ်ကျသည့်အကြောင်းသည်လည်း သူမကိုယ်တိုင်ပြောခဲ့ခြင်းမဟုတ်ပဲ ဒါရိုက်တာထံမှ တဆင့်ကြားရခြင်းသာဖြစ်ချေသည်။

မစ္စရှင်းတစ်ယောက် အလွန် စိတ်ဖိစီးကာ တုန်လှုပ်နေခဲ့သည်။ ယွီထုန်လျို့၏ ရက်အနည်းငယ်အတွင်း ဖျော့တော့နေသည့် ပုံစံနှင့် သူမ အိပ်ပျော်နေချိန်တုန်းက ကိုယ့်ကိုကိုယ် လည်ပင်းညှစ်နေသည့် ကိစ္စများကဲ့သို့ ထူးဆန်းသည့် ဖြစ်ရပ်များမှာ လုံးဝသာမန်မဟုတ်နိုင်ချေ!!

မစ္စရှင်း အသက်ကို ပြင်းပြင်းရှုူလိုက်ပြီး ကုကျစ်စုန့်ဆီသို့ ကိုယ်ကို ကိုင်းညွှတ်ကာ ပြောလိုက်လေသည်။

“မစ္စကု၊ ခုနတုန်းက ကျွန်မ စိတ်လောသွားပြီး မယဥ်ကျေးမိဘဲ လေသံကလည် ရန်လိုသလို ဖြစ်သွားခဲ့တယ်၊ ကျေးဇူးပြုပြီး ထုန်လျို့ဆီမှာ ဘာတွေဖြစ်နေတာလဲဆိုတာ ကြည့်ပေးပြီး သူမကို ကူညီပေးလို့ရမလား”

ယွီထုန်လျို့၏ တုံ့ပြန်မှုအရ ကုကျစ်စုန့်နဲ့ သူမက လျှို့ဝှက်ချက်များ ပြောပြလို့ရသည်အထိ ရင်းနှီးသော ဆက်ဆံရေးမဟုတ်သည်မှာ သေချာသည်။

သို့သော်လည်း ဤမင်းသမီး ရုတ်တရက် ဝင်ရောက်လာပြီးနောက် ယွီထုန်လျို့သည်လည်း ခဏအတွင်း နိုးလာခဲ့သည်။ အင်တာနက်ပေါ်တွင် လက်တလောဖြစ်ပေါ်နေသည့် အများဆုံးရှာဖွေမှုများကို ပြန်စဉ်းစားမိပြီးနောက် မစ္စရှင်းက ကုကျစ်စုန့်မှာ စျေးကွက်ရှာဖွေရန်သက်သက်ဖြင့် ထိုပရိုဂရမ်သို့ သွားခဲ့ခြင်းမဟုတ်ကြောင်း သဘောပေါက်သွားခဲ့ချေသည်။

သူမက တကယ်ကိုအရည်အချင်းရှိတာဖြစ်နိုင်တယ်!!

ကုကျစ်စုန့်ကတော့ မစ္စရှင်း၏ တုံ့ပြန်မှုကို စိတ်ထဲသို့ မထည့်ထားခဲ့ချေ။ သူမက ရုတ်တရက်ပေါ်ထွက်လာခဲ့ခြင်းဖြစ်သောကြောင့် လူများက အကြောင်းရင်းအား မသိချိန်တွင် အလောတကြီးအော်ဟစ်ခြင်းမှာ ပုံမှန်တုံ့ပြန်မှုပင်ဖြစ်သည်။

သူမက ယွီထုန်လျှို့ကို ကြည့်ပြီး မေးခွန်းထုတ်ခဲ့သည်။

“ကျွန်မတို့ ဝင်လာတဲ့အချိန်တုန်းက ရှင် ဘယ်လို ခံစားရလဲ?”

“ငါ ရှင်းကျဲရဲ့အသံကို ကြားလိုက်ရလို့ ထပြီး နူတ်ဆက်ဖို့ပြင်လိုက်ပေမယ့် ခန္ဓာကိုယ်ကရော၊ မျက်ခွံတွေကပါ လေးလံနေပြီး လုံးဝလှုပ်လို့ မရဘူး..”

ယွီထုန်လျှို့က ကြောက်ရွံ့နေသည့် မျက်လုံးများဖြင့် ပြန်ပြောပြနေခဲ့သည်။

“နောက်တော့ အသက်ရှူလို့ပါ မရတော့ဘူး၊ တစ်ယောက်ယောက်က လည်ပင်းကို ညှစ်နေသလိုပဲ၊ ကြောက်စရာကောင်းတဲ့အသံတစ်ခုကလည်း ငါ့ကို သေဖို့ ပြောနေတာကို ကြားရတယ်၊ ဒါက အိပ်မက်လား၊တကယ်လားဆိုတာကို မသဲကွဲနိုင်တော့ဘူး!!”

မစ္စရှင်း : “မင်းအိပ်နေတုန်း သရဲတစ်ကောင်က မင်းကိုဖိထားတာနေမှာ !!”

“အဲလောက်ထိ မရိုးရှင်းဘူး၊ ရှင့်ရဲ့အိမ်ထဲမှာ အငြိုးအတေးက မွေးလာတဲ့ သရဲတစ်ကောင်ရှိနေတယ်၊ သူ ရှင့်အနားမှာ ရောက်နေတာ အနည်းဆုံး ၃ရက်ကနေ ၅ရက်လောက်တော့ ရှိနေပြီ၊

ကျွန်မတို့အခန်းထဲကို ဝင်လာတော့ သူ ရှင့်ရဲ့အိပ်ရာပေါ်မှာ ရှိနေတာ”

ကုကျစ်စုန့်က မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။

“ရှင် ကိုယ့်ကိုကိုယ် မှန်ထဲကိုရော ကြည့်မိရဲ့လား? ရှင့်ရဲ့ အောက်မျက်ခမ်းတွေက နက်ပြာရောင်ဖြစ်နေပြီး နှုတ်ခမ်းတွေက သွေးရောင်မရှိသလို အသားအရည်ကလည်း ခြောက်သွေ့နေပြီ၊

ရှင့်ရဲ့ ယန်စွမ်းအင်ဆုံးရှုံးမှုက အခြေအနေဆိုးနေပြီး အခု ရှင့်ရဲ့ခန္ဓာကိုယ်မှာ ယင်စွမ်းအင်တွေက အရမ်းများနေတယ်၊ ဒီပုံစံအတိုင်းဆက်သွားမယ်ဆိုရင် နောက်နှစ်ရက်လောက်နေရင် ရှင့်ရဲ့မိသားစုက ရှင့်အလောင်းကိုပဲ လာကောက်ရလိမ့်မယ်”

မစ္စရှင်း ထိတ်လန့်သွားရသည်။

“သရဲ?? ထုန်လျို့က ဘယ်လိုလုပ်ပြီး အဲလိုတွေအရာတွေနဲ့ ပတ်သတ်မှာလဲ??”

ကုကျစ်စုန့် :

“အဲဒါတော့ ထုန်လျို့ကျဲကိုပဲ မေးရမှာပဲ.. ကျွန်မမြင်သလောက်ကတော့ အဲဒီ ရက်စက်တဲ့သရဲက သာမန် အဝတ်ဖြူဝိဉာဉ်မျိုးမဟုတ်ဘူး၊

သူ့ရဲ့ ဝိဉာဉ်က မီးတောက်တွေ၊ သွေးနဲ့ အငြိုးအတေးတွေ ပြည့်နေတယ်၊ သူက မသေခင်မှာ မတရားမှုကိုခံရပြီး သေဆုံးသွားခဲ့ရတာဖြစ်လိမ့်မယ်၊ အဲဒါက လတ်တလော သေဆုံးထားတဲ့ ဝိဉာဉ်လည်း ဖြစ်လိမ့်မယ်၊

မတရားခံရပြီး သေဆုံးခဲ့ရတဲ့ ဝိဉာဉ်တွေ ပထမဆုံးလုပ်ချင်တဲ့အရာက လက်စားချေတာဖြစ်ပြီး အဲဒီလက်စားချေမှုကလည်း သူတို့အမုန်းဆုံးလူတွေဆီကိုရောက်လာလိမ့်မယ်၊ မအောင်မြင်မချင်း သူတို့ရဲ့ပစ်မှတ်ကို ပြောင်းလဲမှာမဟုတ်ဘူး”

သေပြီးသည့်နောက်တွင် ဝိဉာဉ်များမှာ မြေအောက်ကမ္ဘာသို့သွားရမှာပြီး သက်ရှိလောကမှာ ကျန်ရစ်နေခဲ့သည့် ဝိဉာဉ်များကိုတော့ လူများက သရဲများဟု ခေါ်ဆိုကြသည်။

သရဲများမှာလည်း အဆင့်ကွဲပြားမှုများ ရှိသည်။

သတ္တိမရှိသည့် သရဲများက အနိမ့်ဆုံးအဆင့်ဖြစ်ပြီး သူတို့က မြေအောက်ကမ္ဘာတွင် အပေါဆုံးလည်းဖြစ်ချေသည်။ ဒုတိယကတော့ အဝတ်ဖြူသရဲဖြစ်ပြီး အငြိုးအတေးများရှိနေသော်လည်း လူမသတ်နိုင်ချေ။ သူတို့ အများဆုံးလုပ်နိုင်သည်မှာ လူများကို ကံဆိုးသွားစေရန်လုပ်နိုင်ရုံသာ ရှိကြသည်။

ပို၍အဆင့်မြင့်သည့် သရဲများမှာ ကြောက်လန့်စရာစွမ်းအားများရှိပြီး အစွဲအလမ်းကြီးခြင်း၊ သို့မဟုတ် ပုံမှန်မဟုတ်သည့် သေဆုံးခြင်းတို့ကြောင့် အငြိုးအတေးဝိဥာဥ်များအဖြစ် ပြောင်းလဲသွားသည့် ဝိဥာဥ်များပင်ဖြစ်ကြသည်။

အားလုံးထဲတွင် အနီရင့်ရောင် ဝိဉာဉ်များက အငြိုးအတေးအကြီးဆုံးများဖြစ်သည်။ သူတို့အများစုမှာ မသေဆုံးခင်အချိန်တွင် ခန့်မှန်း၍ မရနိုင်သည် နာကျင်မှုများကို ခံစားရပြီး ဒေါသ၊အမုန်းတရားများနဲ့ သေဆုံးခဲ့တဲ့ ဝိဉာဉ်များဖြစ်ချေသည်။

ရှေးလူကြီးများပြောကြသည့် အနီရောင်ဝတ်ဆင်ထားတဲ့လူများ သေဆုံးသွားခဲ့ပါက သရဲများဖြစ်နိုင်သည်ဆိုသည်မှာ ယုံတမ်းစကားပင်ဖြစ်သည်။ တကယ်တမ်းတွင် အနီရောင်သရဲများဆိုသည်မှာ ဝိဉာဉ်တွင် မီးတောက်များနှင့် သွေးများစွမ်းထင်းမှုကြောင့် နီရဲနေသူများကို ဆိုလိုခြင်းဖြစ်သည်။

ကုကျစ်စုန့် ယွီထုန်လျို့ဘေးတွင် မြင်လိုက်ရသည့် သရဲမှာ အငြိုးတရားများပြည့်နှက်လွန်းနေသာကြောင့် သူမ၏ မျက်လုံးများတွင် သွေးမျက်ရည်များပါ ပြည့်နှက်နေခဲ့သည်။

“ဒီတော့ အဲဒါက ရှင့်ကို ခြောက်လှန့်နေရတဲ့အကြောင်းရင်းကိုပြောရရင် ရှင်းပြချက်တစ်ခုပဲ ရှိတယ်၊ သူ့ရဲ့အတွေးမှာ ထုန်လျို့ကျဲက သူ့ကို သတ်ခဲ့တယ်ထင်နေလို့ပဲ.. ဒါကြောင့် ကျဲရဲ့ အသက်ကို ယူဖို့လာနေတာ”

ယွီထုန်လျို့ နားမလည်နိုင်ဖြစ်နေခဲ့ကာ ခေါင်းကို တွင်တွင်ခါရမ်းလာချေသည်။

“မဖြစ်နိုင်တာ၊ ငါက ပြီးခဲ့တဲ့ ၆လလုံးလုံး ရိုက်ကူးရေးလုပ်နေခဲ့တာ၊ ငါ့ဆီမှာ တခြားလူတွေကို နာကျင်အောင်လုပ်ဖို့ အချိန်မရှိပါဘူး”

မစ္စရှင်းကလည်း ပြတ်ပြတ်သားသားပင် ဝင်ပြောခဲ့သည်

“သူများတွေကိုတော့ အတတ်မသိနိုင်ပေမယ့် ထုန်လျို့ကတော့ အဲလိုလုပ်ရပ်မျိုးလုပ်မှာ မဟုတ်ဘူး”

ကုကျစ်စုန့် အနေဖြင့်လည်း ယွီထုန်လျို့ကို နှစ်ယောက်ချင်း စတွေ့တည်းကတည်းက သံသယမဝင်ခဲ့ပေ။ ဤအမျိုးသမီး၏ မျက်နှာက ကြင်နာတတ်ပြီး သူတပါးအပေါ်တွင်အပေါ်ရက်စက်တတ်မည့်သူမျိုးမဟုတ်နိုင်ကြောင်း သိသာနေခဲ့သည်။

သူမက ကောင်းမှုများကိုသာ ပြုလုပ်မည့် လူမျိုးဖြစ်ချေသည်။

ဤသို့သာ မဟုတ်ခဲ့ပါက သူမကလည်း ယွီထုန်လျို့၏အဘွားဖြစ်သူ တောင်းဆိုခဲ့သော သဘောတူညီချက်ကို လိုက်လျောခဲ့မှာ မဟုတ်ပါချေ။

သို့သော်လည်း ယနေ့ သူမ၏ မျက်နှာကို ပြန်ကြည့်လိုက်ချိန်တွင်တော့ သူမ၏မျက်နှာက ပြောင်းလဲနေခဲ့ပြီဖြစ်ပြီး သွေးအပြည့်နဲ့ ဖြစ်နေခဲ့သည်။

ကုကျစ်စုန့်၏ စိတ်ထဲတွင် ခန့်မှန်းချက်တချို့ရှိနေခဲ့သောကြောင့် ယွီထုန်လျို့အား ယခုရက်ပိုင်းအတွင်း ဖနစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်မှန်သမျှကို ပြန်စဉ်းစားပေးဖို့ ပြောလိုက်သည်။

“အစတုန်းကတော့ ထူးဆန်းတဲ့ အိပ်မက်တွေပဲ မက်ပြီး ညဘက်ဆို ကောင်းကောင်းမအိပ်နိုင်ဘူး၊ နောက်အချိန်ကြာလာတာနဲ့ အိပ်မက်ထဲက ပုံရိပ်တွေက ပိုပြီးထင်ရှားလာပြီး အမျိုးသားတစ်ယောက်က ပြုံးပြနေတာကို မြင်ရတယ်၊ သူက အမြဲ ကျွန်မကို အိပ်မက်ထဲမှာ လိုက်ဖမ်းနေပြီး သူ့ရဲ့ မျက်လုံးတွေကလည်း ကျွန်မကို ပြေးမလွတ်ပါဘူးလို့ ပြောနေသလိုပဲ! “

ယွီထုန်လျှို့က ပင်ပန်းစွာ ပြောပြနေခဲ့သည်။

“ကျွန်မ မရပ်ရဲဘဲ ဆက်တိုက်ပြေးလွှားနေခဲ့တာ၊ အိပ်ရာက နိုးလာရင်လည်း ခြေတွေလက်တွေကို မသယ်ချင်လောက်အောင် လေးလံနေပြီး ခေါင်းတွေ ကိုက်ခဲလွန်းလို့ ရိုက်ကူးရေးစာသားတွေကိုတောင် မမှတ်နိုင်ခဲ့ဘူး”

“အမျိုးသားတစ်ယောက်?”

ကုကျစ်စုန့် မျက်ခုံးတစ်ချက်ပင့်သည်။

“ဟုတ်တယ်၊ မျက်နှာကို သေချာမမှတ်မိပေမယ့် အမျိုးသားတစ်ယောက်ဆိုတာတော့ သေချာတယ်”

“ဒါပေမယ့် ရှင့်ဘေးက သရဲက မိန်းကလေးနော်၊ ခဏလောက်ဘဲ မြင်လိုက်ပေမယ့် ကြည့်ရတာ ကျောင်းဝတ်စုံဝတ်ထားတာဆိုတော့ သေတုန်းက အသက်မပြည့်သေးပုံပဲ”

ကုကျစ်စုန့် တည်ငြိမ်အေးဆေးစွာပြောလာသည်။

“ကျောင်းသူလား? “

မစ္စရှင်း၏ မျက်ခုံးကြားက ပို၍တွန့်ချိုးလာသည်။

“ဒါဆို ပိုလို့တောင် မဖြစ်နိုင်တော့ဘူး၊ ထုန်လျို့ရဲ့ အလုပ်က ကျောင်းမပြီးသေးတဲ့ ကလေးတွေနဲ့ ပတ်သက်စရာအကြောင်းမှ မရှိတာ၊ ပြီးတော့ သူမက ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်ဒေသတွေက ကျောင်းတွေကိုလည်း ငွေတွေအများကြီး လှူနေခဲ့တာ၊ ကျောင်းဆောက်ဖို့ ငွေလှူပြီး ကျောင်းသူလေးကို သတ်တာ ဖြစ်နိုင်ပါ့မလား??”

တစ်ဖက်မှာတော့ ယွီထုန်လျှို့ ကြောင်အမ်းသွားပြီးနောက် ခါးသက်သည့်အပြုံးနှင့် ပြောလာသည်။

“ကျွန်မလည်း နားမလည်နိုင်ဘူး၊ လွန်ခဲ့တဲ့ သုံးလေးရက်လောက်က စပြီး ညဘက်ဆိုရင် အဲဒီလူကို အိပ်မက်မမက်တော့ဘူး၊ အိပ်မက်ထဲက ပုံရိပ်က ညနက်ပိုင်း အထပ်မြင့် အဆောက်အဦပေါ်မှာဖြစ်သွားပြီး အောက်ဘက်မှာ မိန်းကလေးတစ်ယောက်သွေးအိုင်ထဲမှာ လဲနေတာကို မြင်ရတယ်၊ အဝေးကနေဆိုရင် ကောင်မလေးရဲ့ မျက်နှာကို မမြင်ရပေမယ့် မျက်လုံးတွေက နီရဲနေတာ…”

ထိုအိပ်မက်မက်ပြီးနောက် သူမ အိပ်ရာနိုးလာတိုင်း မျက်လုံးများကို မဖွင့်ရဲနိုင်ဖြစ်နေခဲ့ရသည်။ ထို့အပြင် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် လေးလံသည့် တစ်ခုခုက ဖိထားခဲ့ပြီး အသက်ရှုကြပ်နေစေခဲ့သည်။

ဤကဲ့သို့ နေ့တိုင်းနှိပ်စက်ခံနေရသည်က ယွီထုန်လျို့ကို အလွန်ပင်ပန်းကာ အားများ ကုန်ခမ်းသွားစေခဲ့သည်။ သူမ အိမ်များလည်း မကြာခဏပြောင်းရွှေ့ခဲ့သော်လည်း ထူးခြားမှုမရှိခဲ့ချေ။ သူမ၏ စိတ်ရော ကိုယ်ပါ ခြုံးခြုံးကျနေခဲ့ပြီး မလဲကျရုံတမယ်သာကျန်ရှိတော့သည်။

နောက်ဆုံး ယမန်နေ့က မြင်းစီးသည့် ရိုက်ကွင်းတွင်လည်း ထိုအငြိုးတရားများဖြင့်ပြည့်နေသည့် နီရဲနေသော မျက်လုံးများကို လူအုပ်ထဲတွင် မြင်တွေ့လိုက်ရပြီး အားပြင်းပြင်းနဲ့ ဆွဲချခံလိုက်ရသလိုဖြစ်သွားခဲ့ကာ သူမ မြင်းပေါ်မှ ပြုတ်ကျသွားခဲ့ရသည်။

တကယ်၍ ရိုက်ကူးရေးအဖွဲ့ဝင်များ၏ တုံ့ပြန်မှုသာ မမြန်ဆန်ခဲ့ပါက သူမ မြင်းဆီမှ အကန်ခံရမှာ အသေအချာပင်။

ယွီထုန်လျို့ အသံက ဆို့နင့်လာရသည် ။

“ကျွန်မမြင်နေရတာတွေက အစစ်အမှန််လား အတုအယောင်လားဆိုတာကိုတောင် မသိတော့ဘူး..”

All Chapters