← Chapters

အမှောင်မြူခိုး မကောင်းဆိုးဝါး

Vol. 4 Ch. 339

အမှောင်မြူခိုး မကောင်းဆိုးဝါး

Vol. 4 Ch. 339

ချန်းဖန် ပုံရိပ်ယောင်အား အဝါရောင် ကျောက်မျက်အတွင်း ထည့်သွင်းလိုက်သည်နှင့် ဂျပန်နိုင်ငံ ခူးရှူးကျွန်းပေါ် အထွတ်အမြတ်ထားရာ ဘုရားကျောင်းတစ်ခု၌ ဒေါသနှင့် နာကျင်မှု ရောစွက်သော အော်ဟစ်သံတစ်ခု စူးရှစွာ ထွက်ပေါ်လာခဲ့၏။ ထိုအော်ဟစ်သံက လေထုအား မဖြတ်သန်းပဲ လူများ၏ စိတ်နှလုံးသို့သာ ဦးတည်၍ ကြားစေသည်။

“အိုး ... သခင်ကြီး စုဆမ်နို နိုးလာပြီပဲ။ ဘာတွေ ဖြစ်နေပါလိမ့်”

အခန်းတစ်ခုထဲတွင် ထိုင်နေသည့် အဘိုးအိုက အလေးအနက်ထားသည့် ပုံစံဖြင့် တီးတိုး ရေရွတ်လိုက်၏။ ထိုအဘိုးအိုမှာ အွန်မိုင်ယိုချီ ဝတ်စုံအား ဝတ်ဆင်ကာ ရှည်လျားသည့် အနက်ရောက် ဦးထုပ်ကြီးအား ဆောင်းထားသည်။ သူ၏ ဆံပင်၊ မုတ်ဆိတ် တို့မှာ နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူနေပြီး မျက်နှာကလည်း အရေးအကြောင်းများဖြင့် ပြည့်နှက်နေတော့၏။

“ဘန်း…”

သစ်သားတံခါးက ကျယ်လောင်စွာ ပွင့်သွားကာ အသက်လတ် လူတစ်ယောက် အခန်းအတွင်း ဝင်ရောက်လာ၏။

“အဖေ ... သခင်ကြီး စုဆမ်နို ဒေါသတွေ ထွက်နေတယ်။ သူက သီလရှင် လေးယောက်ကို သတ်ပစ်လိုက်ပြီ”

“အရမ်း ဆူညံမနေနဲ့”

အဘိုးအိုက ထိုင်နေရာမှ ဖြည်းညင်းစွာ ထရင်း အသတ်လတ်လူအား ပြန်ပြောလိုက်၏။

အဘိုးအိုမှာ အသက် ၈၀ ခန့် အရွယ်ရှိပြီး သူ၏ စကားပြောဆိုမှု၊ လှုပ်ရှားမှုတိုင်းက သဘာဝနှင့် တသားတည်း ကျနေခဲ့သည်။ သူ၏ မျက်လုံးများက လျှို့ဝှက်မှု၊ ဉာဏ်ပညာရှိမှုတို့နှင့် ပြည့်ဝနေသော အနက်ရှိုင်းဆုံး သမုဒ္ဒရာ တစ်ခုအလား တည်ငြိမ်နေခဲ့၏။

အကယ်၍ ကျင့်ကြံသူ တစ်ယောက်သာ ဤနေရာတွင် ရှိပါက ထိုအဘိုးအိုမှာ ဓမ္မကျင့်ကြံခြင်း လမ်းစဉ်၏ ပြည့်စုံခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ကြောင်း တွေ့ရလိမ့်မည် ဖြစ်သည်။

“ဟုတ်ကဲ့ပါ အဖေ ... ကျွန်တော် တောင်းပန်ပါတယ်”

အသက်လတ်လူက ခေါင်းအား ငုံ့ရင်း တောင်းပန်လိုက်၏။

သူ၏ ဖခင် တစ်ဖြစ်လည်း ထိုအဘိုးအိုအား ချီဇူရူ မိသားစု ခေါင်းဆောင် အနေဖြင့်ရော ဂျပန်၏ ကျော်ကြားသော အွန်မိုင်ယိုချီ ဆရာ တစ်ယောက် အနေဖြင့်ပါ သူ အလွန်လေးစားသည်။

“ငါ့နောက်ကို လိုက်ခဲ့”

ချီဇူရူ မာစာဟီရိုက ပြောလိုက်ရင်း ဘုရားကျောင်း ရှိရာသို့ ဦးတည်လိုက်သည်။ အသက်လတ်လူက အဘိုးအို၏ နောက်မှ ကြောက်ရွံ့စွာဖြင့် လိုက်ပါလာခဲ့၏။

ဘုရားကျောင်းသို့ ရောက်သည်နှင့် သွေးစွန်းနေသော မြင်ကွင်းတစ်ခုက သူတို့အား စီးကြိုနေခဲ့တော့သည်။ နက်မှောင်သော နံရံများ၏ အလယ်တွင်မူ ကြီးမားသော ရုပ်တုကြီး တစ်ခု ရှိနေခဲ့သည်။ ထိုရုပ်တုကြီးမှာ သာမန်ဘုရားကျောင်း များတွင် တွေ့ရတတ်သော ဗောဓိသတ္တ၊ ကောင်းကင်ဘုံ အရှင်သခင် တို့နှင့် လုံးလုံး မတူညီပဲ အွန်နီ နတ်ဆိုး၏ အသွင်သဏ္ဌာန် အတိုင်းသာ ထုဆစ်ထားခဲ့၏။ ထိုရုပ်တု၏ မျက်နှာက ယုတ်မာ၊ ရက်စက်ခြင်း တို့ဖြင့် ပြည့်နှက်နေကာ ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း အကြေးခွံများဖြင့်သာ ပြည့်နှက်နေခဲ့သည်။

ထိုအရာကား နတ်ဆိုးသလင် စုဆမ်နိုပင် ဖြစ်တော့၏။

သာမန်နေ့များတွင် ဆိုလျှင် ထိုဘုရားကျောင်း အတွင်း၌  ဝတ်ပြုကိုးကွယ်နေသော ဘုန်းတော်ကြီးများ၊ သီလရှင်များ မှလွဲ၍ အရာအားလုံး ဆိတ်ငြိမ် နေတတ်သည်။ သို့သော်လည်း ယနေ့တွင်မူ ဘုရားကျောင်း တစ်ခုလုံးကား သွေးအတိလွှမ်း နေတော့၏။

သုံးမီတာခန့်ရှည်လျားသော အနက်ရောက် အရိပ်ကြီး တစ်ခုက ဘုရားကျောင်း အတွင်း၌ ရှိနေခဲ့ပြီး သူ၏ ခေါင်းအစ၊ ခြေအဆုံး ခန္ဓာကိုယ် တစ်ခုလုံးက ဘေးနားရှိ စုဆမ်နို ရုပ်တုကြီးနှင့် ချွတ်စွပ် တူညီနေသည်။

ထို အနက်ရောင် အရိပ်ကြီးမှာ လက်နှစ်ဖက်ဖြင့် သီလရှင် တစ်ပါးအား ဖမ်းဆီးလိုက်ပြီး ခဏအတွင်းပင် နှစ်ပိုင်း ဆွဲဖြတ်လိုက်၏။ သွေးများစွာက နှစ်ပိုင်းပြတ်နေသော ခန္ဓာကိုယ်မှ တသွင်သွင် စီးကျလာကာ ကြမ်းပြင်တွင် အိုင်ထွန်းနေတော့သည်။

ချီဇူရူ မာစာဟီရိုက ထိုကြောက်မက်ဖွယ် မြင်ကွင်းအား အမှုမထားပဲ မျက်မှောင်ကြုတ်လိုက်ရင်း ...

“သခင်ကြီး စုဆမ်နို ဘာကြောင့် ဒီလောက်အထိ ဒေါသထွက် နေရတာပါလဲ”

မကောင်းဆိုးဝါးက ချီဇူရူ မာစာဟီရိုအား ကြက်သီးထဖွယ် လှည့်ကြည့်လိုက်သည်။ ထို့နောက် စူးရှကာ ကြောက်မက်ဖွယ် ကောင်းသော အသံက အဘိုးအို၏ စိတ်အတွင်း ကျယ်လောင်စွာ ဝင်ရောက်လာခဲ့၏။

“ငါ မတွေ့တော့ဘူး ... ငါ့ ပုံရိပ်ယောင်က တရုတ်မှာ မရှိတော့ ... တရုတ်မှာ တစ်ယောက်ယောက်က ငါ့ဟာကို ခိုးသွားပြီ ... သူ့ကို ရှာ ... သူ့ကို သတ် ... အခု”

အဘိုးအို ချီဇူရူ မာစာဟီရို၏ နောက်တွင် ရပ်နေသော အသက်လတ်လူမှာ ခေါင်းများ မူးဝေ၊ ကိုက်ခဲလာကာ ဝေဒနာအား မခံမရပ် နိုင်တော့ဟန် သတိလစ် လဲကျသွားတော့၏။

ချီဇူရူ မာစာဟီရိုက မျက်လုံးများအား ကျဉ်းမြောင်းရင်း မေးလိုက်၏။

“ယူကီရှီရို မိသားစုက ကောင်မလေးကို ပြောတာလား ... သူက တရုတ်ကို လွန်ခဲ့တဲ့ရက်က ထွက်သွားခဲ့တယ်။ ပြောတော့ နတ်ဘုရား သန့်စင်ခြင်း အဆင့် မဟုတ်ရင် ခင်ဗျားရဲ့ ပုံရိပ်ယောင်ကို ဖျက်ဆီးဖို့ မဖြစ်နိုင်ဘူးဆို…”

“တရုတ်မှာ နတ်ဘုရား သန့်စင်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက် ရှိနေတာလား ... ဒါက မဖြစ်နိုင်ပါဘူး…”

မကောင်းဆိုးဝါးက အဘိုးအို၏ စကားအား ဂရုမစိုက်ပဲ ဒေါသတကြီး ဟိန်းဟောက် အော်ဟစ်ရင်း ...

“ဂရုမစိုက်ဘူး ... သူ့ကို အခုရှာ၊ အခုသတ် ... အခုလုပ်စမ်း”

“ဟုတ်ကဲ့ပါ ... သခင်ကြီး”

ချူဇူရူက အမိန့်နာခံသည့် ကျေးကျွန် တစ်ယောက်အလား ခေါင်းငုံ့ရင်း ပြန်ပြောလိုက်၏။

အဘိုးအို၏ စကားအား ကြားသည်နှင့် မကောင်းဆိုးဝါးက အမှောင်မြူနှင်းများ အလား အခိုးအငွေ့အဖြစ် ပျောက်ကွယ်သွားတော့၏။

ချီဇူရူ မာစာဟီရို၏ မျက်လုံးတွင် မနာလို၊ အားကျသည့် အရိပ်အယောင် တစ်ခုက တစ်ချက် ဖြစ်ပေါ်ကာ ပြန်လည် ပျောက်ကွယ်သွားသည်။ သူကား ထင်ရှားသည့် အွန်မိုင်ယိုချီ ဆရာ တစ်ယောက်ဖြစ်သော်လည်း မကောင်းဆိုးဝါး အမှောင်မြူနှင်း၏ စွမ်းအားကိုမူ မနာလိုရန်သာ တတ်နိုင်သည်။ မကောင်းဆိုးဝါး အမှောင်မြူနှင်းမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရနေသည့်တိုင် စွမ်းအားများက အကန့်အသတ် မဲ့နေဆဲ ဖြစ်၏။

“ဒါက နတ်ဘုရား အဆင့်ရဲ့ စွမ်းအားလား ... သူရဲ့ ခန္ဓာက ပျက်စီးသွားတာတောင် မကောင်းဆိုးဝါး ဝိညာဉ်နဲ့ ရုပ်ခန္ဓာ တစ်ခု ဖွဲ့စည်းနိုင်သေးတယ်”

ချီဇူရူ မာစာဟီရို စိတ်ထံမှ တီးတိုး ရေရွတ်လိုက်မိသည်။ ထိုမကောင်းဆိုးဝါးမှာ သူ၏ ဘိုးဘေးများ လက်ထက်တည်းက တည်ရှိနေခဲ့ခြင်း ဖြစ်၏။ သူ၏ အသက်ပင် ရှစ်ဆယ် ရှိပြီ ဖြစ်ရာ ထိုမကောင်းဆိုးဝါး၏ အသက်က နှစ်ရာချီ နေလောက်ပြီ ဖြစ်သည်။

မိသားစု မှတ်တမ်းများအရ မကောင်းဆိုးဝါးမှာ  နတ်ဘုရား သန့်စင်ခြင်း အဆင့်သို့ ပထမဆုံး ရောက်ရှိခဲ့သည့် အွန်မိုင်ယိုချီဟု ဆိုသည်။ သူက သံလက်သီးဖြင့် ဂျပန်အား လျင်မြန်စွာ လွှမ်းမိုးနိုင်ခဲ့ပြီး အင်ပါယာပင်လျှင် သူ့အား ကြောက်ရသည်။ သူမသေဆုံးခင်တွင် သူ၏ ဝိညာဉ် မှီတင်း နေထိုင်နိုင်ရန် စုဆမ်နို ဘုရားကျောင်းအား ဆောက်လုပ်စေခဲ့သည်။ သူသေဆုံးသွားပြီးနောက် သူ၏ မကောင်းဆိုးဝါး ဝိညာဉ်က အခြားလူများ၏ ယုံကြည်မှု၊ ကိုးကွယ်မှုများအား စားသုံးကာ ဆက်လက် ရှင်သန်ခဲ့သည်။ ချီဇူရူ မာစာဟီရို၏ အဘိုးမှာ ထို အွန်မိုင်ယိုချီ ဆရာ၏ တပည့်တစ်ယောက် ဖြစ်ပြီး သူ၏ မြေးမြစ်များကို ထိုဘုရားကျောင်းအား ဆက်လက် စောင့်ရှောက်ရန် မှာကြားခဲ့သည်။

ချီဇူရူ မာစာဟီရိုက သူ့သားအား ခေါ်ယူ၍ ဘုရားကျောင်းမှ ပြန်လည် ထွက်လာခဲ့သည်။ ထိုအချိန်၌ အသက်လတ်လူမှာ ပြန်လည် သတိရနေခဲ့ပြီ ဖြစ်သည်။

“ယူကီရှီရို မိသားစုကို ဆက်သွယ်ပြီး ယူကီရှီရိုဆာ အကြောင်းမေးလိုက်။ ပြီးရင် သခင် ကီတ နီဝါကာဝါကိုလည်း သတင်းပါးလိုက်ပါ။ ငါနဲ့ သူ တွေ့ဖို့ လိုနေပြီလို့”

ချီဇူရူ မာစာဟီရိုက အသက်လတ် လူဘက်သို့ လှည့်ရင်း အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့ပါ ... အဖေ”

အသက်လတ်လူက တုန်တုန်ရီရီဖြင့် ခေါင်းညိတ်လိုက်၏။

အသက်လတ်လူ ထွက်သွားသည်နှင့် ချီဇူရူ မာစာဟီရို၏ စိတ်များက ပြန့်ကျဲ သွားတော့သည်။

“ဘယ်သူလုပ်တာများလဲ ... ဘယ်သူက သခင်ကြီး စုဆမ်နိုရဲ့ ပုံရိပ်ယောင်ကို ဖျက်ဆီးနိုင်တာလဲ ... တရုတ်မှာ နတ်ဘုရားအဆင့် တစ်ယောက်ယောက်များ ရှိနေတာလား ... ငါသိတဲ့ တစ်ယောက်က မပေါ်ထွက်လာခဲ့တာ ကြာနေခဲ့ပြီ မလား။ ဒါမှမဟုတ် တရုတ်မှာ သခင်ကြီး စုဆမ်နိုလို နတ်ဆိုး တစ်ကောင်များ ရှိနေတာလား…”

***

ထိုအချိန်၌ ချန်းဖန်သည် ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ရန်  အရှေ့တောင်ကြား ဒေသသို့ ပြန်လာနေခဲ့သည်။

ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်သို့ သူရောက်နေခဲ့သည်မှာ နှစ်ဝက်ခန့် ရှိနေပြီ ဖြစ်သည်။ ထိုခြောက်လအတွင်း ချီအနှစ်သာရများအား အမြဲတမ်းလိုလို သုံးနေခဲ့ရသည်။ အဇူရာ သက်ရှည် ခန္ဓာကိုယ် ရှိနေ၍သာ တော်သေးသည်။ ထိုခန္ဓာကိုယ်ဖြင့် သက်ရှိ အပင်များထံမှ ချီများအား ချန်းဖန် စုပ်ယူနိုင်ခဲ့သည်။ ထို့ကြောင့်သာ သူ၏ ကျင့်ကြံခြင်းအဆင့်က နောက်သို့ပြန်မကျ သွားခြင်း ဖြစ်၏။

ယူကီရှီရိုဆာမှာ အဖြူရောင် ဆာမူရိုင်း ဝတ်စံအား ပြောင်းလဲ ဝတ်ဆင်ထားကာ ဆံပင်အား နောက်သို့ စုကာ ချည်နှောင်ထားသည်။ သူမ၏ ရုပ်သွင်နှင့် အပြင်အဆင်က သူမအား ကာတွန်းဇာတ်ကောင် တစ်ယောက်အလား လှပစေသည်။ သူမနှင့် ချန်းဖန်တို့ နှစ်ယောက် တဖြည်းဖြည်း တောင်ကြားသို့ ရောက်လာခဲ့ကြသည်။

ဂျပန်သို့ မသွားခင် ချန်းဖန်က အဘယ်ကြောင့် သူမအား ခေါ်ထားသည်ကို ယူကီရှီရိုဆာ သိချင်နေမိသည်။ သို့သော်လည်း သူမ မမေးရဲပေ။ သူမ အနေဖြင့် ချန်းဖန်၏ စကားအား နားထောင်ရမည်။ နတ်ဆိုးနှင့် ယူကီရှီရို မိသားစုက ပုံရိပ်ယောင် ဖမ်းဆီး ခံရကြောင်း သိသည်နှင့် သူမအား အလွတ်ပေးလိမ့်မည် မဟုတ်ပေ။

“ရောက်ပြီ…”

တောင်ထိပ် တစ်နေရာသို့ ရောက်သည်နှင့် ချန်းဖန်က ရပ်လိုက်သည်။ ယူကီရှီရိုဆာက ဝေဝါးနေသော ပတ်ဝန်းကျင်အား သိချင်စိတ် ပြင်းစွာ အကဲခတ်လိုက်၏။ တောင်တန်းများက ကြီးမားသော စက်ဝိုင်း ပုံသဏ္ဌာန် ရှိပြီး အလယ်တွင် ကျယ်ပြန့်သော လွင်ပြင်တစ်ခု ရှိနေသည်။ ထိုနေရာတွင် မြူများက ပိုမို သိပ်သည်းစွာ ကျဆင်းနေသော်လည်း လွင်ပြင်၌ သစ်ပင်များ၊ မြက်ခင်းပြင်များ ရှိနေကြောင်း သူမ ဝိုးတဝါး မြင်တွေ့နေရသည်။

“ငါတို့ ဘယ်နေရာ ရောက်နေတာလဲ။ ဒါက လျှို့ဝှက် နယ်မြေ တစ်ခုလား”

ယူကီရှီရိုဆာက စိတ်ဝင်စားစွာ တွေးနေခဲ့၏။

“မင်း ဘာမြင်လဲ”

ချန်းဖန်က လက်နှစ်ဖက်အား နောက်သို့ ပစ်ရင်း မေးလိုက်၏။

“ဆရာ ... ချိုင့်ဝှမ်း အလွတ်တစ်ခုကိုပဲ ကျွန်မ မြင်ရပါတယ်…”

ယူကီရှီရိုဆာက လေးစားသမှုဖြင့် ပြန်ဖြေလိုက်၏။

“အင်း ... အခုရော ကြည့်လိုက်ပါဦး”

ချန်းဖန်က ပြုံးစိစိ အမူအရာဖြင့် ပြောရင်း မြေပြင်အား ဆောင့်နင်းလိုက်သည်။

“ရှင်းလင်းစမ်း…”

ရုတ်တရက် တိမ်နှင့် မြူနှင်းများက မမြင်နိုင်သော အင်အားတစ်ခု၏ တွန်းကန်မှုကို ခံရသည့်အလား စတင် လှုပ်ရှား လာတော့၏။ ချန်းဖန်က နောက်တစ်ကြိမ် တစ်ခုခုအား တီးတိုးရေရွတ်လိုက်ရာ မြူနှင်းများက သူတို့၏ ခြေထောက်များ အောက်သို့ တဖြည်းဖြည်း စုဝင်ထူထပ်လာကာ မီတာ ရာဂဏန်းအထိ ရှည်သော လမ်းတစ်ခု သဏ္ဌာန်အဖြစ် ပြောင်းလဲသည်။ ထိုလမ်းမှာ တဖြည်းဖြည်းနှင့် လက်မှုပညာရှင် တစ်ယောက် ထုဆစ်ထားသည့် အလား သူတို့နှစ်ယောက် ရှေ့၌ ထင်ရှားစွာ ပေါ်လွင်လာတော့သည်။ ယူကီရှီရိုဆာက ထိုမြင်ကွင်းအား ကြည့်ရင်း မျက်နှာတစ်ခုလုံးတွင် အံ့အားသင့်ခြင်းနှင့် မယုံကြည်နိုင်ခြင်းတို့က စိုးမိုးလာနေခဲ့တော့၏။

“ဒါက သူတော်စင်တွေရဲ့ နေရာလား…”

သူမက အထစ်ထစ် အငေါ့ငေါ့ မေးလိုက်၏။

“အများကြီး မတွေးနဲ့ ... ဒါက ငါ့ရဲ့ နေရာပါ။ သူတော်စင်တွေရဲ့ နေရာ မဟုတ်ပါဘူး”

ချန်းဖန်က ပြောရင်း ရှေ့သို့ လှည့်လိုက်သည်။

“နောက်က လိုက်ခဲ့…”

ချန်းဖန်က ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ရင်း ရီဝေဝေ မြူနှင်း လမ်းငယ် ပေါ်သို့ ခြေချလိုက်တော့သည်။

***

All Chapters