ဘဝကို ပြောင်းလဲခြင်း ၊ဝတ်စုံနီဝတ်သရဲ
Vol. 4 Ch. 33
“ကံကြမ္မာကို ပြောင်းလဲခံလိုက်ရပြီးသွားတဲ့နောက်မှာ အရာအားလုံးလည်း ပြောင်းပြန်ဖြစ်သွားလိမ့်မယ်”
“အဲဒါက ရှင်းပါတယ်၊ မင်းမြင်နေရတဲ့ သရဲတွေက မတူလို့ပဲလေ”
ယွီထုန်လျှို့၊ မစ္စရှင်း : “??!!”
ကုကျစ်စုန့်က ခဏစဉ်းစားလိုက်ပြီး ဆက်ပြောသည်။
“ကျွန်မ အခု ဒီထူးဆန်းတဲ့ အခြေအနေကို သဘောပေါက်သွားပြီ၊ ခုလေးတင် ထွက်ပြေးသွားတဲ့ ဝတ်ရုံနီသရဲအကြောင်း အရင်ပြောရအောင်၊ သူက တကယ်လည်း လက်စားချေဖို့ ဒီကိုရောက်နေတာ၊ ဒါပေမယ့် သူ့ရဲ့ ပစ်မှတ်က မင်းမဟုတ်ဘဲ မင်းနှင့် ‘ဘဝချင်းအပြောင်းအလဲလုပ်ခဲ့တဲ့သူဆီ’ကိုပဲ”
ယွီထုန်လျှို့ရဲ့ အမူအယာက ဗလာသက်သက်ဖြစ်နေခဲ့သော်လည်း ကုကျစ်စုန့်၏ စကားကို ကြားရပြီးသည့်နောက် သူမရဲ့ မျက်လုံးသူငယ်အိမ်များမှာ တင်းကြပ်ကာ တုန်ရီသွားခဲ့သည်။
“ဒီတော့ မင်းရဲ့မျက်နှာက ပြောင်းလဲနေတာကို သတိမထားမိဘူးလား?”
“ကျွန်မ…”
ယွီထုန်လျှို့၏ လည်ချောင်းက နာကျင်နေခဲ့သည်။ သူမ အခုတလော မှန်ထဲတွင် သူမ၏ မျက်နှာကို ကြည့်လိုက်မိတိုင်း ထူးဆန်းနေသည်ဟု ခံစားခဲ့ရသော်လည်း အာရုံထဲတွင် သိပ်ပြီးမထည့်ထားခဲ့ပေ။ သူမ၏ အသားအရည်များ ပျက်ဆီးနေခြင်းကြောင့်ဟုသာ ထင်ခဲ့သည်။
မစ္စရှင်းသည်လည်း ထိုသို့သာ တွေးထင်ခဲ့သည်။
“သူ့ကို ကြည့်ရတာ နည်းနည်းလောင်း ထိုင်းမှိုင်းနေသလိုမျိုးတော့ ဖြစ်နေတယ်၊ တစ်ခုခုများ မှားနေလို့လား?”
ကုကျစ်စုန့်က သူမ၏ခန္ဓာကိုယ်ကို အနည်းငယ်ကိုင်းညွတ်ကာ ယွီထုန်လျှို့ရဲ့ ပိန်ပါးပြီး အရိုးများထင်းနေသည့် မေးဖျားကို သူမရဲ့ လက်ချောင်းဖြူဖြူလေးများနှင့် ပင့်လိုက်သည်။ ကုကျစ်စုန့် သူမ၏ အနားသို့ကပ်လာချိန်တွင် ယွီထုန်လျှို့က သူမထံမှ မွှေးပျံ့ပြီး စိတ်ကို သက်တောင့်သက်သာဖြစ်စေသည့် မြက်ခင်းစိမ်းနဲ့ သစ်မွှေးတို့၏ရနံ့သင်းသင်းကို ရရှိလိုက်သည်။
သူမ၏ ချွန်မြသည့်မျက်လုံးပုံစံက အထက်စီးဆန်သလို မြင်နေစေသော်လည်း ကြည့်ရတာ ရိုင်းမနေခဲ့။ သူမ၏ မျက်လုံးများမှာ ပျင်းရိသည့် ပုံစံပေါ်ပြီး အောက်ဘက်သို့ အနည်းငယ် စိုက်ကျနေသော်လည်း အင်မတန်လှပကာ ပြင်းထန်သည့် စွမ်းအားတစ်ခုရှိနေသယောင်လည်း ထင်စေရသည်ပင်။
ဇာတ်ဝင်ခန်းပေါင်းများစွာ ရိုက်ကူးခဲ့ဖူးသည့် ယွီထုန်လျှို့မှာ ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတစ်ယောက်ဆီမှ ကျီစားလိုမှုကို ခံစားမိသွားရသည်။
သူမ အနည်းငယ်ရှက်ရွံ့သွားရသော်လည်း ကုကျစ်စုန့်မှ နောက်ထပ်လက်တစ်ဖက်ကို ဆန့်တန်းကာ သူမ၏ မျက်လုံးနှင့် နှာတံကို ဖုံးကွယ်လိုက်လေသည်။
“မစ္စရှင်း၊ အခု ရှင့်ရှေ့မှာ ရှိနေတဲ့သူက ရှင်သိတဲ့ ရွှေတံဆိပ် (၃)ခုပိုင်ရှင် သရုပ်ဆောင် ယွီထုန်လျှို့လို့ ထင်သေးလား??”
မစ္စရှင်းတ၀်ယောက် ကုကျစ်စုန့် ဖော်လှစ်ပြသထားသည့် မျက်နှာအောက်ဘက်တစ်ခြမ်းကို ကြည့်ကာ ရင်ထဲမှာ အထိတ်တလန့်ဖြစ်သွားရသည်။
“ဒါက?!”
ယခုကဲ့သို့ သေချာသည့်နိူင်းယှဉ်မှုကို မြင်တွေ့ရပြီးနောက်တွင် ယွီထုန်လျှို့၏ မျက်နှာ ပြောင်းလဲသွားမှုက အံ့ဩစရာကောင်းလွန်းလောက်တဲ့အထိ ကြီးမားလွန်းလှကြောင်းကို တွေ့ရှိခဲ့ရသည်။
သာမန်ကာလျှံကာ ကြည့်လျှင်တော့ သူမ၏ မျက်နှာပုံစံက တူညီနေသယောင်ရှိနေသော်လည်း အသေအချာစိုက်ကြည့်ချိန်တွင် ယွီထုန်လျှို့ရဲ့ နှုတ်ခမ်းထောင့်များမှာ အောက်ဘက်ကိုနိမ့်ကျနေပြီး သူမ၏ မေးရိုးကလည်း အနည်းငယ်အရည်ရှုံ့တွန့်နေခဲ့သည်။ သူမမျက်နှာပြင်ကဲ့သို့ ချောမောတင်းရင်းမှုများရှိမနေခဲ့ပါချေ။
လွန်ခဲ့တဲ့ တစ်လတုန်းကနဲ့ယှဉ်ရင် ဒါက လုံးဝအခြားတစ်ယောက်လိုပဲ!!
သူမ လွန်ခဲ့သည့် နှစ်ရက်ခန့်က ယွီထုန်လျှို့ အလုပ်ဆင်းချိန် ရိုက်ကူးရေးအဖွဲ့ပြင်ပမှာ စောင့်ဆိုင်းနေသည့် ပါပါရာဇီက ယွီထုန်လျို့၏ ဓာတ်ပုံကို ခိုး၍ရိုက်ကူးကာ အင်တာနက်ပေါ်တွင်တင်လိုက်သည့် အဖြစ်ကို ရုတ်တရက် သတိရသွားသည်။
အင်တာနက်ပေါ်တွင် ယွီထုန်လျှို့မှာ သူမ၏မျက်နှာက ပျက်စီးနေပြီဖြစ်ကာ ထိုသည်မှာ ယခင်တုန်းကပြုလုပ်ခဲ့သည့် ပလတ်စတစ်ဆာဂျရီများကြောင့် ဖြစ်နိုင်ကြောင်း လှောင်ပြောင်ပြောဆိုနေခံခဲ့ရသည်။
ထိုနောက် မီးလောင်ရာလေပင့်သည့် anti fanများကလည်း ယွီထုန်လျှို့သည် ‘မျောလွင့်နေသော ပင်လယ်ပြင်၏ ဒဏ္ဍာရီ’ ၏ ဇာတ်ဆောင်မင်းသမီးမဖြစ်သင့်ကြောင်း ပြောလာခဲ့ကြသေးသည်။
ထိုအချိန်တုန်းကတော့ သူတို့အနေနဲ့ အခြားတစ်ဖက်က hot search ကို ဝယ်ယူခဲ့သည်ဟုသာ ထင်ခဲ့ကြသော်လည်း ယခု သေချာပြန်စဉ်းစားချိန်တွင်တော့ သူတို့ အလွန်အမင်း ထိတ်လန့်တုန်လှုပ်လာခဲ့သည်။
ဟုတ်သားပဲ၊ သေသေချာချာအနားမယူမိလိုက်ရုံနဲ့ သူမရဲ့ မျက်နှာပုံစံက ဒီလောက်ထိ ဆိုးရွားသွားတယ်ဆိုတာမျိုးက ဖြစ်နိုင်ပါ့မလား?
ကုကျစ်စုန့်က သူမ၏လက်ကို ပြန်ချကာ ပြောလိုက်သည်။
“သူ့ရဲ့ ဘဝက အပြောင်းခံလိုက်ရတာပဲ”
လူတစ်ယောက်၏ မျက်နှာက အကြောင်းအရင်းမရှိဘဲ သိသိသာသာပြောင်းလဲသွားလျှင် တစ်ခုတည်းသော ဖြစ်နိုင်ချေသည် သူမ၏ ဘဝကံကြမ္မာတွင် ငလျင်လှုပ်သကဲ့သို့ ကြီးမားသည့် ပြောင်းလဲမှုကြီးကြုံရခြင်းကြောင့်သာ ဖြစ်သည်။
ယွီထုန်လျှို့၏ ကံကြမ္မာသည် ကောင်းချီးများနှင့် ပြည့်စုံနေပြီး အသက်ကြီးမှ သေရမည့် ကံဇာတာမျိုးဖြစ်နေသင့်သည်။ သို့သော် ယခုတွင် သူမ၏ မျက်နှာပေါ်တွင် သွေးသံရဲရဲနှင့် မကောင်းမှု အလွှာပါးတစ်ခုက လွှမ်းခြုံနေပြီး သူမ၏ ပင်ကိုမျက်နှာနှင့် ပေါင်းစည်းလုနီးပါးဖြစ်နေပြီ။ သူမ၏ ကံကြမ္မာကြောင့် သူမ၏ ရုပ်ရည်ကပါ လိုက်ပါပြီး ပြောင်းလဲလာခဲ့သည်။
ထိုကဲ့သို့ ပြောင်းလဲမှုများမှာ နှေးကွေးသောကြောင့် သူမနှင့် အမြဲထိတွေ့နေသည့် မိသားစုဝင်များနှင့် အေးဂျင့်များအတွက်တော့ သတိထားမိရန် ခက်ခဲစေလိမ့်မည်။
သူတို့က ယွီထုန်လျှို့၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ လုပ်ဆောင်နိုင်စွမ်းများ တစ်နေ့ထက် တစ်နေ့လျော့ကျလာပြီးနောက် အသက်မဲ့လာသည်ကိုသာ ခံစားမိကြလိမ့်မည်။
သို့သော်လည်း သူမကို လက်တလောအချိန်အတွင်းတွင်မှ တွေ့ရသည့် ဝေဖန်သူများ၏အမြင်တွင်တော့ သူမ၏ လုံးဝပြောင်းလဲသွားသည့်ပုံစံက အံ့ဩမှင်သက်သွားစေနိုင်လောက်သည်အထိ ပြင်းထန်လွန်းနေပေလိမ့်မည်။
သူမ၏ မျက်နှာပုံစံမှာ ယခင်ကဲ့သို့ ပြည့်ပြည့်ဖောင်းဖောင်းလေး မဟုတ်တော့ချေ၊း။ သူမရဲ့ မျက်လုံးများကလည်း အသက်မဲ့သည့်ပုံပေါ်နေသောကြောင့် ပို၍သေးငယ်နေသယောင်ဖြစ်လာခဲ့ကာ သူမ၏ မျက်နှာအချိုးအစားသည်လည်း အနည်းငယ်ထူးဆန်းနေခဲ့သည်။
သို့သော်လည်း ဤသည်မှာ နောက်ဆုံးရလဒ်မဟုတ်သေးပေ။
သူမ၏ ကံကြမ္မာကို အခြားလူတစ်ယောက်နှင့် လဲလှယ်ခံလိုက်ရမှု အောင်မြင်သွားချိန်တွင် သူမ၏ တစ်ကိုယ်လုံးကလည်း တစ်ဖက်လူနှင့် တူညီလာလိမ့်မည်။
ကုကျစ်စုန့် : “ရှင်က ယွီထုန်လျှို့ဟုတ်ပေမယ့် တစ်ချိန်တည်းမှာလည်း ယွီထုန်လျှို့ မဟုတ်တော့ဘူး၊ ကံကြမ္မာကို ပြောင်းလဲခံလိုက်ရပြီးသွားတဲ့နောက်မှာ ရှင်နဲ့ ရှင့်ရဲ့ ကံကောင်းခြင်းတွေကို ခိုးယူသွားတဲ့ လူရဲ့ အရာအားလုံးလည်း ပြောင်းပြန်ဖြစ်သွားမယ်၊
ရှင့်ရဲ့ ကံကောင်းခြင်းတွေ၊ ကောင်းချီးတွေ၊ ကောင်းမွန်တဲ့ကျန်းမာရေးတွေ အားလုံးက တခြားလူဆီကို ကူးပြောင်းသွားလိမ့်မယ်၊ တစ်ချိန်တည်းမှာပဲ တခြားတစ်ဖက်က လုပ်လိုက်သမျှ မကောင်းမှုတွေက ရှင့်ဆီကို ရောက်လာလိမ့်မယ်”
“သရဲတွေက သူတို့ရဲ့ ပစ်မှတ်ကို အာရုံခံငါးပါးနဲ့ ခွဲခြားတာမဟုတ်ဘဲ သူတို့ရဲ့ အငြိုးအတေးတွေနှင့် ပြုလုပ်သူကြားက ဆက်ဆံရေးတွေနှင့် ခွဲခြားတာပဲ၊
အခု ဝတ်ရုံနီသရဲက ရှင်နဲ့တော့ ဘာမှ မသက်ဆိုင်ဘူး၊ ဒါပေမယ့် ရှင့်ရဲ့ ကံကို ခိုးသွားတဲ့ လူနဲ့ သက်ဆိုင်နေတာ၊
အဲဒီတစ်ဖက်ကလူက ရှင့်ရဲ့အိပ်မက်ထဲက ကောင်မလေးကို သတ်ခဲ့တာပဲ၊ အခု ရှင်တို့နှစ်ယောက်ရဲ့ ကံကြမ္မာတွေ ပြောင်းလဲသွားတော့ သရဲက သေချာပေါက် ရှင်ကိုပဲ လက်တုံ့ပြန် ပြီးသတ်ပစ်ဖို့ လာရှာတော့မှာပဲလေ”
မစ္စရှင်းက လက်သီးကိုတင်းတင်းဆုတ်မိကာ အံကို ကြိတ်ရင်း ရုတ်တရက်ထရပ်လိုက်သည်။
“ငါပြောခဲ့သားပဲ! ဒီလောက် စိတ်သဘောကောင်းတဲ့ ထုန်လျှို့က တခြားလူကို နာကျင်အောင်လုပ်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့! ဘယ်သူကများ ဒီလောက်တောင် ယုတ်မာရတာလဲ!?”
ခဏအတွင်းမှာ သူမ၏စိတ်ထဲတွင် သံသယဖြစ်စရာကောင်းသည့်လူတွေ အများကြီး ပေါ်လာခဲ့သည်။
ကုကျစ်စုန့်က ဆက်ပြောလာသည်။
“ကံကြမ္မာပြောင်းလဲတာက လွယ်ကူရိုးရှင်းတဲ့ ကိစ္စတော့ မဟုတ်ဘူး၊ ပထမဆုံးအနေနဲ့ တစ်ဖက်လူက ထုန်လျှို့ကျဲရဲ့ မွေးနေ့ကို သိရမယ်၊ ပြီးတော့ ထုန်လျှို့ကျဲရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကလည်း သူ့ဆီမှာရှိရလိမ့်မယ်၊
ဒီအချက်နှစ်ခုလုံးကို တစ်ချိန်တည်းမှာ ရနိုင်တဲ့လူက ထုန်လျှို့ကျဲရဲ့ အနီးနားက လူတွေပဲ ဖြစ်ရမယ်”
မစ္စရှင်း၏မျက်လုံးများ ပြုးကျယ်သွားခဲ့ပြီးနောက် မျက်မှောင်ကြုတ်ကာ ဆိုလာသည်။
“ငါမလုပ်ဘူးနော်”
ယွီထုန်လျှို့ကလည်း အဆောတလျင်ဖြင့် ဝင်ပြောခဲ့သည်။
“ရှင်းကျဲ မဟုတ်ဘူးဆိုတာကို ကျွန်မသေချာပေါက်သိပါတယ်.. ရှင်းကျဲ ကျဲက ကျွန်မကို ပွဲဦးထွက်ပြီးတဲ့အချိန်ကတည်း စောင့်ရှောက်ပေးလာပြီး အရင်းအမြစ်အချက်အလက်တွေကို ပြောပြပေးခဲ့တယ်၊ ဇာတ်ညွှန်းရှာပေးတာတွေအပြင် ကျွန်မကို ညီမအရင်းတစ်ယောက်လို ဂရုစိုက်ပေးခဲ့တာပဲ၊ ကျွန်မ ရှင်းကျဲကို သံသယမဖြစ်ပါဘူး”
မစ္စရှင်းလည်း စိတ်သက်သာရာ ရသွားခဲ့သော်လည်း သူမ၏လေသံမှာ အလွန် လေးနက်တည်တန့်နေခဲ့သည်။
“ငါ မဟုတ်ဘူးဆိုရင်တောင်မှ မင်းရဲ့ မန်နေဂျာတစ်ယောက်အနေနဲ့ တစ်ယောက်ယောက်က မင်းရဲ့ ပစ္စည်းတွေကို ခိုးယူပြီး မင်းကို ထိခိုက်စေတာတွေ၊ မင်းရဲ့အခြေအနေက ပုံမှန်မဟုတ်တာတွေကို သတိမထားခဲ့မိဘူး၊
အရာအားလုံးက ငါ့ရဲ့ အပြစ်တွေပဲ၊ ဒီကိစ္စကို ငါကိုယ်တိုင် ကိုင်တွယ်ပြီး မြေလှန်ပြီး စစ်ဆေးပေးမယ်၊ အဲဒီလူက ဘယ်သူလဲဆိုတာကို သေသေချာချာ ခရေစေ့တွင်းကျ ရှာရမယ်!”
ထို့နောက် သူမက ကုကျစ်စုန့်ဆီသို့ ကိုယ်ကိုကိုင်းညွှတ်ပြီး လေသံကို ပျော့ပြောင်းစေလိုက်ကာ တောင်းဆိုသည့် အသံဖြင့် ပြောလာသည်။
“မစ္စကု၊ မစ္စက ထုန်လျှို့ရဲ့ ပြဿနာကို မြင်နိုင်တယ်ဆိုမှတော့ ဒီသေစေနိုင်လောက်တဲ့ ဘဝပြောင်းလဲခြင်းကို ဖြေရှင်းပေးနိုင်မလား? ဒီနယ်ပယ်ဘက်မှာ တောက်ကျန့်တွေကို အခကြေးငွေပေးရတာကို ကျွန်မသိပါတယ်၊ ငွေကြေးပဲဖြစ်ဖြစ်၊ အခြားအရာပဲဖြစ်ဖြစ် ဒီ’ရှင်းလန်’ က အရာအားလုံးကို လုပ်ပေးပါ့မယ်”
“အခကြေးငွေပေးဖို့ မလိုပါဘူး၊ အခြားတစ်ယောက်က ပေးသွားပြီးသားဖြစ်နေပြီ၊ ဒါကြောင့်လည်း ဒီပြဿနာကို ဖြေရှင်းပေးဖို့ ကျွန်မရောက်လာခဲ့တာပဲ”
ကုကျစ်စုန့်က ယွီထုန်လျှို့ဆီကို သူမ၏ အဘွားဖြစ်သူက မြေအောက်ကမ္ဘာကို မသွားခင်မှာ ကုကျစ်စုန့်နဲ့ ပြုလုပ်ခဲ့သည့် အပေးအယူအကြောင်းကို ပြောပြခဲ့သည်။ သူမက ရွှေရောင်ကုသိုလ်အလင်းတန်း၏ အလေးပါမှုကိုလည်း ဖုံးကွယ်မထားခဲ့ချေ။
သူမ၏အဘွားက သူမ၏ကံဆိုးမှုများကို ဖယ်ရှားရန် ကောင်းမှုကုသိုလ်တော်များဖြင့် လဲလှယ်ခဲ့သည်ကို ကြားခဲ့ရပြီးနောက် ယွီထုန်လျှို့တစ်ယောက် ဝန်းနည်းစွာဖြင့် ငိုကြွေးလိုက်ပြီး ဤသည်မှာ သူမနဲ့ မထိုက်တန်ကြောင်းကိုသာ တွင်တွင်ပြောနေခဲ့သည်။
သူမက အဘွားဖြစ်သူ မဆုံးခင် နောက်ဆုံးအချိန်မှာတောင် တွေ့ဆုံဖို့ အချိန်မှီအောင် မလာနိုင်ခဲ့ဘူးလေ!
သူမ အငိုတိတ်ကာ တည်ငြိမ်သွားမှ ကုကျစ်စုန့်က ဆက်ပြောခဲ့သည်။
“ ရှင့်ကို ပြောချင်တာက ရှင့်မှာ အခုလို ထူးဆန်းတာတွေ ဆက်တိုက်ဖြစ်နေတာက ဘဝပြောင်းလဲခြင်းတစ်ခုတည်းကြောင့်တင် မဟုတ်ဘူး၊ ရှင့်ရဲ့ ဝိဉာဉ်ကို ထူးဆန်းတဲ့ စာချုပ်တစ်ခုနှင့် ချုပ်နှောင်ထားတာကိုလည်း မြင်နေရတယ်၊ ဒါပေမယ့် အဲဒါက ကံကြမ္မာပြောင်းလဲခြင်းနဲ့ ကာရံခံထားရတယ်၊ ဒီတော့ အဲဒါမတိုင်ခင်မှာ ကျွန်မတို့က ကံကြမ္မာကို အရင်ပြန်ပြောင်းရမယ်”
ရှင်းလန် အလောတကြီး မေးလိုက်သည်။
“ဘယ်လိုလုပ်ရမှာလဲ?”
“သရဲဖမ်းရမယ်”
ဝတ်ရုံနီသရဲဆိုးက သူမ၏အသက်ကို နုတ်ယူဖို့ ကြိုးစားသည်မှာ အမုန်းတရားကြောင့်ဖြစ်လေသည်။ ထို့ကြောင့် သူမက လူသတ်သမားကို သေချာပေါက် သိနေလိမ့်မည် ။ ဤသရဲကို ဖမ်းဆီးနိုင်လိုက်သည်နှင့် သူမက ထိုလူ၏ အချက်အလက်များကို သိရှိရမှာဖြစ်ပြီး ဘဝပြောင်းလဲခြင်းအစီအရင်ကိုလည်း ဖျက်နိုင်လိမ့်မည်။
“သရဲက အခု ဒဏ်ရာရပြီး ထွက်ပြေးသွားတယ်ဆိုပေမယ့် သူ့ရဲ့ အဲဒီလူအပေါ် အငြိုးတရားတွေက ကြီးမားလွန်းတယ်၊ သူမက အခုရက်ပိုင်းတွေမှာ လျှို့ကျဲရဲ့နောက်ကနေ လက်စားချေဖို့ လိုက်နေခဲ့တာ၊
အခု လျှို့ကျဲက အားအနည်းဆုံးအခြေအနေကို ရောက်နေပြီဆိုတော့ သူမက ဒီအခွင့်အရေးကို လက်လွှတ်ခံမှာ မဟုတ်ဘူး၊ ဒီသရဲက သေချာပေါက် ပြန်လာရှာဦးမှာပဲ၊ ပြီးတော့ ကျွန်မမှာလည်း သူ့ကို မေးစရာလေး နည်းနည်းရှိနေတယ်”
သရဲပြန်လာမည်ဆိုသည်ကို ကြားလိုက်ရတော့ ယွီထုန်လျှို့ရော၊ ရှင်းလန်ပါ လန့်ဖြန့်ကာ ယောက်ယက်ခတ်သွားကြသော်လည်း ကုကျစ်စုန့် ဆက်ပြောလာသောစကားကို ကြားလိုက်ရသည်။
“ကျွန်မက လျှို့ကျဲကို နောက်လာမယ့် နှစ်ရက်လုံးစောင့်ရှောက်ပေးနေမှာပါ၊ အဲဒီမတိုင်ခင်မှာတော့ ဖွဲ့စည်းပုံနဲံ ကျမ်းစာရွက်လေးတွေ လုပ်ဖို့ ပစ္စည်းတွေ ဝယ်ဖို့ လိုသေးတယ်၊ ရှင်တို့နှစ်ယောက်အတွက် ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ ကျမ်းစာရွက်တွေ ရေးပေးခဲ့မယ်၊ နှစ်ယောက်လုံး ကျွန်မပြန်လာတာကို စောင့်နေ…..”
တစ်ဖက်မှ အနုပညာရှင်နဲ့ သူမရဲ့မန်နေဂျာ နှစ်ယောက်လုံးက တစ်ယောက်မျက်နှာကိုတစ်ယောက်ကြည့်ကာ ကုကျစ်စုန့်ဘက်သို့ အားနာသသည့်ဟန်ဖြင့် ကြည့်လာကြသည်။
ရှင်းလန်က အနည်းငယ်ရှက်ရွံ့နေသော်လည်း အဆုံးတွင်ပြောလာလေ၏။
“မစ္စကု၊ သရဲက လက်စားချေဖို့ ပြန်လာမှာဆိုတော့ ကျွန်မ တကယ် ကြောက်မိတယ်… အဲဒါ.. ကျွန်မတို့ အဲဒါကို တိုက်ခိုက်နိုင်ဖို့ တစ်ခုခုယူထားလို့ရမလား??”
ကုကျစ်စုန့်က သူမ၏ မျက်လုံး ဦးတည်ာက မည်သည့်နေရာတွင်ရှိနေသလဲဆိုသည်ကိုကြည့်ကာ မျက်ခုံးပင့်ပြီး ပြောလိုက်ချေသည်။
“ဒီသစ်သားဓားကို လိုချင်တာလား??”
“ယူထားလို့ရလား?”
မကြာသေးခင်ကမှ ကုကျစ်စုန့်က သရဲကို သစ်သားဓားနဲ့ ထိုးပြီး နှင်ထားခဲ့သောကြောင့် ထိုသစ်သားဓားလေးက သူတို့အားကာကွယ်ပေးနိုင်လိမ့်မည်ဟု နှစ်ယောက်လုံး၏ စိတ်တွင် ယုံကြည်နေကြသည်။
“ရှင်တို့ ဒါယူထားလည်း အလကားပဲ၊ ဒါအစား ကိုယ့်ကိုကိုယ်ကာကွယ်နိုင်တဲ့ အဆောင်ကျမ်းစာက ပိုကောင်းလိမ့်မယ်”
ကုကျစ်စုန့်က ရိုးသားစွာပြောဆိုနေသည့် မျက်နှာဖြင့် ဆိုလာသည်။
“ဒါက ကျွန်မအွန်လိုင်းကနေ ၉ယွမ်နဲ့ ပို့ခအလကားဆိုလို့ ဝယ်ထားတဲ့ ရိုးရိုးသစ်သားဓားပဲ၊ အလွယ်တကူသုံးလို့ရအောင် မီးဖိုချောင်သုံးဓားနဲ့ နည်းနည်းလောက် ချွန်ထားတာပဲရှိတာ”
“ကျွန်မ သရဲကို ဒီဓားနဲ့ နှင်လိုက်နိုင်တာက ဒီသစ်သားဓားက ကောင်းလို့မဟုတ်ဘဲ ကျွန်မက တော်နေလို့လေ”
ရှင်းလန်: “… …”
ယွီထုန်လျှို့ : “… …”
နာရီဝက်ကြာပြီးနောက် ဖန်းလင်အဆောက်အဦးနှင့် အနီးဆုံးသော အမွှေးတိုင်ဆိုင်ရှေ့တွင် တန်ဖိုးကြီး ဇိမ်ခံကားတစ်စီး ထိုးရပ်လာခဲ့ပြီး Mask များ တပ်ဆင်ထားသည့် အမျိုးသမီး သုံးယောက် ကားပေါ်မှ ဆင်းလာခဲ့ကြသည်။
ပထမဆုံးတစ်ယောက်က တည်ငြိမ်သော အရှိန်အဝါရှိပြီး ဇင်ယော်တောင်ပံမျက်ခုံးများနှင့် ဆီနှင်းကဲ့သို့ အေးစက်သည့်မျက်လုံးများကို ပိုင်ဆိုင်ထားသည်။ ကျန်ရှိနေသည့်အမျိုးသမီးနှစ်ယောက်ကတော့ မည်ကဲ့သို့ အကြောင်းပြချက်ကြောင့်လဲဆိုသည်ကို မသိရပါဘဲ ပထမအမျိုးသမီးနှင့် ဝေးရမည်ကို ကြောက်ရွံ့နေသည့်အလား ခြေတစ်လှမ်းမကွာစေရဘဲ ထပ်ချပ်မကွာကပ်၍လိုက်နေကြသည်။
ဤသုံးယောက်မှာ ကုကျစ်စုန့်၊ ယွီထုန်လျှို့နှင့် ရှင်းလန်တို့ပင်ဖြစ်ချေသည်။