ဘဝကိုပြောင်းလဲခြင်း ၊ဝတ်စုံနီသရဲ(3)
Vol. 4 Ch. 34
“ မြီးကောင်ပေါက်သရဲတွေက ထိန်းရခက်လွန်းတယ်”
ရှင်းလန်နှင့် ယွီထုန်လျှို့တို့မှာ နောက်ဆုံးတွင်တော့ ကုကျစ်စုန့်သွားလေရာနောက်ကနေ လိုက်ခြင်းက အန္တရာယ်အကင်းဆုံးဖြစ်လိမ့်မည်ဟုသာ သဘောတူညီလိုက်ကြပြီး ပစ္စည်းဝယ်ရန် လိုက်လာကြခြင်းပင် ဖြစ်ချေသည်။
အမွှေးနံသာပစ္စည်းအရောင်းဆိုင်၏ ပိုင်ရှင်မှာ ခပ်ငယ်ငယ်လူငယ်လေးဖြစ်ပြီး သူက အနှိပ်ခုံတစ်ခုကို မှီ၍ထိုင်နေခဲ့ကာ ပါးစပ်တွင် သွားကြားထိုးတံတစ်ချောင်းကို ကိုက်ထားသည်။
“အလှလေးတို့၊ ဘာတွေများဝယ်ချင်လို့လဲ”
ရှင်းလန်က ရှေ့ကို အလျှင်အမြန်တိုးလိုက်ပြီး ကုကျစ်စုန့်ကို ပြောလာသည်။
“မစ္စကု၊ ဒါတွေက ကျွန်မတို့ ဝယ်ပေးရမှာပါ.. ကျွန်မတို့က မင်းကို ဘယ်လိုလုပ်ပြီး ပိုက်ဆံသုံးခိုင်းရမှာလဲ?? ဘာတွေလိုတာလဲဆိုတာကိုပဲ ပြောပါ ကျွန်မတို့ သွားဝယ်ပေးပါ့မယ်”
ကုကျစ်စုန့်သည်လည်း ငြင်းဆန်မနေခဲ့ဘဲ ဖုန်းရွှေဖွဲ့စည်းပုံနှင့် အဆောင်ကျမ်းစာရွက်ရေးရန်အတွက် လိုအပ်သည့် ပစ္စည်းများကို ပြောပြလိုက်သည်။ ထို့ကြောင့် ရှင်းလန်ကလည်း ဆိုင်ပိုင်ရှင်လူငယ်လေးကို တဆင့်ပြန်ပြောခဲ့သည်။
“ဒီပစ္စည်းတွေကို တစ်မျိုးကို ဆယ်ခုစီ ပြင်ပေးပါ၊ ပြီးတော့ ကားထဲကိုလည်း အထုတ်လေးတွေ လိုက်ပို့ပေးပါဦး၊ ပစ္စည်းတွေကိုလည်း အကောင်းဆုံးဆိုတဲ့ အမျိုးအစားသန့်သန့်လေးတွေကိုပဲ ထည့်ပေးပါ။ ပိုက်ဆံအတွက် စိတ်ပူစရာမလိုဘူး“
ဆိုင်ပိုင်ရှင်လူငယ်လေးမှာ အချိန်အတော်ကြာသည့်အထိ နားမလည်နိုင်သလို တုံးအအနဲ့ရပ်နေခဲ့ပြီးမှ အလျှင်အမြန် တုံ့ပြန်လာခဲ့သည်။
“ကောင်းပါပြီ! ခဏလောက်ပဲစောင့်ပေးပါ အလှလေး.. အခုပဲ ပစ္စည်းတွေကို သွားယူလိုက်ပါမယ်!
ရှောင်ကျဲတို့ကို ကြည့်ရတာ သာမန်နဲ့မတူတဲ့ အရှိန်အဝါနဲ့ အရိပ်အယောင်တွေ ရှိနေတာပဲ.. ရှောင်ကျဲတို့က ရုပ်လွန်ပညာရပ်ရဲ့ ပရိသတ်တွေပဲ ဖြစ်ရအယ်၊
ကျွန်တော်တို့မှာ စွမ်းအားကြီးမားတဲ့မှော်လက်နက်တွေလည်း ရှိသေးတယ်နော်၊ အင်ပါယာငါးယောက်ရဲ့ ငွေဒင်္ဂါးပြားတို့၊ သံလိုက်အိမ်မြှောင်တို့လည်း ရှိပါတယ်၊ အားလုံးက လိုင်စင်ရပြီးသား ကုန်ပစ္စည်းတွေဖြစ်လို့ စိတ်ချရတယ်နော်။”
ရှင်းလန်အနေနဲ့ ကုကျစ်စုန့်ကိုကျေးဇူးတင်လက်ဆောင်အဖြစ် မည်သို့ပြင်ဆင်ပေးရမလဲဟူ၍ စဉ်းစားရကြပ်နေစဉ် ထိုစကားကို ကြားလိုက်ရသောကြောင့် ပျော်ရွှင်သွားခဲ့သည်။ ကုကျစ်စုန့်၏ ပို့ခအလကားဖြင့် ဝယ်ထားသည့် မဟော်ဂနီဓားကို ပြန်လည်သတိရလိုက်ပြီး သူမက ဆိုင်ရှင်ကို ပြောလိုက်သည်။
“ဒါဆို ရှိတဲ့ ပစ္စည်းတွေကို ပြပေးပါဦး”
ရှင်းလန်တစ်ယောက် အရူးလုပ်ခံရပြီးနောက် မှော်လက်နက်တွေ အများကြီးကို ငွေအများကြီးသုံးကာ ဝယ်ယူခဲ့လိုက်သည်။
သုံးယောက်လုံးကို နှုတ်ဆက်ပြီးနောက်တွင်တော့ ဆိုင်ရှင်က ကောင်တာစားပွဲတွင် လှဲလိုက်ပြီး ဂဏန်းပေါင်းစက်ဖြင့် တွက်ချက်ခဲ့သည်။ ထို့နောက် သူ့၏ ဂရုချက်ကို ပြုံးရွှင်ပျော်မြူးစွာ ဖွင့်လိုက်လေသည်။
“ရွှမ်းမင်ခေတ်ပြိုင် လောကီရေးရာ ဉာဏ်ကြီးရှင်များ စုစည်းရာနေရာ”
လျှို့ဟုန်ကျန်း : “ရှုန်းတိတို့၊ ဒီနေ့ ငါ့ကို စီးပွားရေးနတ်ဘုရား မ,စသွားတယ်.. ငါ့ရဲ့ရင်ထဲက ပျော်ရွှင်မှုတွေ ဝေမျှပေးဖို့ စာအိတ်နီလေး နှစ်လုံးမျှဝေလိုက်မယ် [စာအိတ်နီပုံ]”
“888 က အနီရောင် အသည်းပုံစာအိတ်လေးလား?? လျှို့တာ့ကော .. ခင်ဗျား ထီပေါက်ထားတာလား? !”
“ဟုန်ကျန်းတာ့ကော! ရက်ရောလိုက်တာ!ဘယ်လိုလုပ်ပြီး ချမ်းသာသွားတာလဲ? ”
လျှို့ဟုန်ကျန်းက ခုလေးတင် ဖြစ်သွားသည့် ကိစ္စများကို ပြန်လည်ပြောပြခဲ့သည်။
“အဲဒီကျောက်စိမ်းအဆောင်ကရတဲ့ ယွမ်နည်းနည်းလောက်က ဘာမှမဟုတ်သေးဘူး၊ အဲဒီအမျိုးသမီးဘော့စ်က ငါ့အိမ်ရဲ့ သေတ္တာအောက်ခြေမှာရှိတဲ့ ပစ္စည်းဟောင်းတွေကိုပါ ဝယ်သွားတာ!
သူက မျက်တောင်တစ်ချက်မခတ်လိုက်ဘဲ ငွေသိန်းဂဏန်းလောက်ကို သုံးသွားတာနော်၊ ဒါပေမယ့် အဲဒီဘော့စ်ကို ကြည့်ရတာ အခြားတစ်ယောက်အတွက် ဝယ်ပေးတဲ့ ပုံစံပဲ၊ သူက သူ့ဘေးမှာရှိတဲ့ တောက်ကျန့်ကိုလည်း တော်တော်လေး လေးစားပုံပေါ်တယ်၊
အဲဒီတောက်ကျန့်ကတော့ တော်တော်လေး ရှုပ်ပွနေပြီး သူမရဲ့ မဟော်ဂနီဓားကလည်း အပေါက်တွေနှင့်ပြည့်နေတာ….”
ထိုမှတ်ချက်များက တောက်ဓမ္မဂိုဏ်းအတွင်းမှ လူများကို ဝမ်းနည်းမှုတွေ ဖြစ်သွားစေသည်။
“အခုရက်ပိုင်းတွေမှာ လုပ်နိုင်စွမ်းရှိတဲ့သူတွေက ရှင်သန်ဖို့ ခက်ခဲနေပြီး အချို့ ဟန်ဆောင်ပန်ဆောင်သမားတွေကတော့ ပိုက်ဆံတွေကို ဝင်လာမစဲ ဖြစ်နေကြပြီ…”
ယွမ်ချန်မှ ဖန်းတောက်ကျန့် ; “အရင်ရက်တုန်းက ငါလည်း သိန်းဂဏန်းလောက် ရောင်းလိုက်ရသေးတယ်၊ သက်လတ်ပိုင်းလူတစ်ယောက်ရောက်လာပြီး ဆိုးရွားပြင်းထန်တဲ့ တိုက်ခိုက်မှုဖွဲ့စည်းပုံကို ဖျက်ချင်လို့ဆိုပဲ၊ သူက ပစ္စည်းတွေကိုလည်း အကောင်းဆုံးပဲ ပေးပါလို့ပြောခဲ့တယ်လေ၊ ရှက်ဖို့တော့ ကောင်းတယ်ဆိုပေမယ့် ငါတောင် အဲဒီ ထိပ်တန်း အဆောင်ကျမ်းစာရွက်တွေကို မသုံးဖူးဘူး”
“အဲလိုတော့ ပြောမရဘူး၊ သူတို့လိုသာမန်လူတွေက ပညာရှိတဲ့သူဟုတ်၊မဟုတ် မသိနိုင်ကြဘူးလေ၊ ဒါပေမယ့် အဲတာကိုတော့ ရှင်းတာ့ကောက ပိုပြီး သေချာနားလည်မှာပေါ့ @ တောက်ဓမ္မပညာရှင်လျှို့ရှန် “
ရုပ်လွန်ပညာရပ် ပရိုဂရမ်ဖြစ်တဲ့ ‘ဝိဉာဉ်ရေးရာ’က အင်တာနက်ပေါ်မှာ အလွန် ရေပန်းစားနေခဲ့ပြီး တောက်ဓမ္မပညာရှင်များက အပေါ်ယံတွင်တော့ အသိအမှတ်ပြုခြင်းမရှိသော်လည်း တကယ်တမ်းမှာ သူတို့သည်လည်း တိတ်တဆိတ်ကြည့်နေကြခြင်းသာဖြစ်ချေသည်။
အစီအစဉ်၏ နောက်ဆုံးအပိုင်းမှာ တိုက်ရိုက်ထုတ်လွှင့်မှုဖြစ်ပြီး ရွှမ်းမင်ဂိုဏ်းမှ လူများက ပြိုင်ပွဲဝင်များ၏ စွမ်းအားများကို ကြည့်ရှုလေ့လာရင်း မည်သူက အတုအယောင်ဖြစ်ပြီး၊ မည်သူကအစစ်ဖြစ်ကြောင်းတို့ကို ဝေဖန်ကာ အဆင့်များ ခွဲခြမ်းကြည့်ခဲ့ကြသည်။
အားလုံးထံတွင်အငြင်းပွားရဆုံးသူသည်က ကုကျစ်စုန့်ပင်ဖြစ်ချေသည်။
သူမ ပြောခဲ့သည်များမှာ မှန်ကန်နေသော်လည်း တောက်ဓမ္မဆရာအများစုကတော့ သူမမှာ ကြိုတင်ရေးသားထားသည့် ဇာတ်လမ်းကို ပြောနေခဲ့ခြင်းဖြစ်ပြီး အင်မတန်ကောင်းမွန်သော ဇာတ်ညွှန်းဖြစ်သည်ဟုသာ တွင်တွင်ပြောနေကြသည်။
အကြောင်းပြချက်ကတော့ သူမ၏ အသက်အရွယ်ကြောင့် ဟူသည်လွဲ၍ တခြားဆိုစရာရှိမနေခဲ့ပေ။ သူမမှာ ငယ်ရွယ်လွန်းနေပြီး သူမ၏ ရှာဖွေတွေ့ရှိချက်တွေကတော့ ဆန့်ကျင်ဘက်ဖြစ်စွာ နက်နဲလွန်းနေခဲ့သည်။ တောက်ဓမ္မဂိုဏ်းမှ လူများက တလွဲမာနကြီးလွန်းကာ အပြင်ဘက်တွင် ဤမျှလောက်ဆန်းကြယ်ပြောင်မြောက်သည့် ပညာရှင်တစ်ယောက်ယောက်ရှိနေသည်ဟူသောအချက်ကို လက်မခံနိုင်ကြပေ။
သို့သော်လည်း တောက်ဓမ္မပညာရှင် မျိုးဆက်သစ်၏ နံပါတ် (၁)ဟု သတ်မှတ်ခံထားရသူ ရှင်းယိကျင်းက ယခုရက်ပိုင်းတွင် အရှက်ကွဲခဲ့ရသည်။
အခုလည်း ဂရုချက်ထဲတွင် နောက်ပြောင်မှုများကို မြင်တွေ့နေရပြီးနောက် ဂိုဏ်း၏ အနောက်ဘက်မှ တောင်ပေါ်တွင် ကျင့်ကြံနေသည့် ရှင်းယိကျင်းမှာ အံကို တင်းတင်းစေ့လိုက်မိသည်။
တောက်ဓမ္မပညာရှင်လျှို့ရှန် : “ ဒါတွေက ခုန်ပေါက်နေတဲ့အရူးတစ်ယောက်ကို သရဖူဆောင်းပေးနေတဲ့ (အရူးဘုံမြှောက်)လုပ်ရပ်တွေပဲ.. မင်းတို့ အဲဒီကိစ္စတွေကို စိတ်ပူနေမယ့်အစား များများလေ့ကျင့်သင့်တယ်.. ဒါမှ ပြိုင်ပွဲမှာ ရှက်စရာကောင်းလောက်အောင် မရှုံးနိမ့်မှာ”
အစစ်အမှန်ဆရာသခင်ပေါ်ထွက်လာတော့မှ ဂရုထဲတွင် လေကြီးနေသူများနဲ့ ရယ်မောနေသူများမှာ လူစုကွဲသွားတော့သည်။
•
ထိုနေ့ညတွင် နာရီလက်တံက ညသန်းခေါင်ကို ညွှန်ပြရန် တဖြည်းဖြည်းနီးကပ်လာခဲ့သည်။
နာရီလက်တံ (၁၂)ကို ညွှန်ပြလိုက်သည်နဲ့ မှောင်မည်းနေသည့် အခန်းထဲမှ အပူချိန်များလည်း ထိုးကျသွားခဲ့သည်။ အေးစက်နေသည့် လေက အခန်းထဲသို့ ဝင်ရောက်လာပြီး တစ်စုံတစ်ခုကတော့ သူမ၏ အရိုးထဲကနေ မုန်းတီးရသည့် သူထံသို့ သွားနေခဲ့လေသည်။
အိပ်ခန်းတံခါးပေါက်ကနေ ဝုန်းခနဲ အသံကျယ်ကြီးကို ကြားလိုက်ရပြီးနောက် တံခါးက မမြင်ရတဲ့ အပြင်ဘက်မှလေကြောင့် တိုးပွင့်သွားခဲ့သည်။
တိတ်ဆိတ်သည့် ညလယ်ခေါင်ဖြစ်သို့ကြောင့် ပုံမှန်ထက်ပိုမြန်နေသော နှလုံးခုန်သံကို ပို၍ကျယ်လောင်စွာ ကြားနေခဲ့ရပေ၏။
ဝတ်ရုံနီသရဲက မှုန်မှိုင်းနေသည့်မျက်နှာဖြင့် ပတ်ဝန်းကျင်ကို အာရုံခံ၍လေ့လာနေခဲ့သည်။ သူမကို နေ့လယ်ခင်းတုန်းက ဒဏ်ရာရအောင် လုပ်လိုက်သည့် တောက်ကျန့်၏ အရိပ်အယောင်တော့ မမြင်ရပေ။ သို့သော်လည်း ထိုတောက်ကျန့်ထွက်သွားပြီဟုတော့ သူမ မယုံကြည်နိုင်ချေ။
ဤသည်မှာ ချောင်းမြောင်းတိုက်ခိုက်ရန်စောင့်ဆိုင်းနေခြင်း ဖြစ်လိမ့်မည်ဟု သူမ၏ စိတ်ထဲမှ သိနေသော်လည်း အိပ်ရာပေါ်မှ စောင်ဖြင့်ဖုံးအုပ်ထားသည့် ရန်သူ၏ အသက်ရှူသံက သူမရဲ့ တွေးခေါ်နိုင်စွမ်းကို ပျက်ပြားစေပြီး သူမခေါင်းထဲတွင် အတွေးတစ်ခုသာရှိနေတော့သည်။
လက်တုံ့ပြန်ဖို့အတွက် ရန်သူကို သတ်ရမယ်!
သရဲက ကျယ်လောင်စူးရှစွာဖြင့် အော်ဟစ်မြည်တမ်းကာ ရန်သူရှိရာသို့ပြေးသွားခဲ့ပြီး အငြိုးအတေးပေါင်းများစွာကလည်း အိပ်ရာပေါ်မှ စောင်ပုံထံသို့ အပြေးအလွှားဝင်ရောက်သွားခဲ့သည်။
သို့သော်လည်း တစ်စုံတစ်ခုက မှားယွင်းနေခဲ့သည်။ သူမ အိပ်ရာပေါ်မှ စောင်ကို ဆွဲဖြဲလိုက်သော်လည်း စောင်အောက်တွင် အိပ်နေရမည့် အဲ့ထိုမိန်းမက ရှိမနေခဲ့ပါချေ!!!
စောင်ပုံအောက်တွင်တော့ ခေါင်းအုံးနှစ်လုံးကို အလယ်တွင်ချထားပြီး ထိုအပေါ်တွင် အဆောင်ကျမ်းစာရွက်နှင့် ရစ်ပတ်ထားသည့် ဆံပင်မွှေး အနည်းငယ်သာရှိသည်။ ထိုဆံပင်မှ ရန်သူ၏ အငွေ့အသက်များကို ထုတ်လွှတ်နေခဲ့သည်ပဲ!!
အရူးလုပ်ခံလိုက်ရသည့် သရဲ၏ အမုန်းတရားများက ပို၍ ကြီးထွားလာခဲ့ပြီး သူမဆီသို့ ကျရောက်လာတော့မည့်တိုက်ခိုက်မှုကို အာရုံခံမိကာ ရှောင်ရှားရန်အတွက် ဘေးသို့ ယိမ်းလိုက်သော်လည်း ဝိဉာဉ်ချုပ်ပိုက်ကွန်အကြီးဖြင့် ဖမ်းဆီးခံလိုက်ရချေသည်။
ဒါက ချောင်းမြောင်းတိုက်ခိုက်မှုပဲ!!
အခန်းထဲတွင် ခင်းကျင်းမှုထားသည့် အစီအရင်ဖြင့် ပုန်းကွယ်နေသော ကုကျစ်စုန့်က ဤအချိန်ကျမှ အခန်ထဲတွင် ပေါ်ထွက်လာခဲ့သည်။
သူမက အခန်းထဲမှ စားပွဲပေါ်တွင် ပါးပြင်ကို လက်တစ်ဖက်နဲ့ထောက်ပြီး ပျင်းရိစွာ ထိုင်နေခဲ့သည်။ သူမ၏ ပင့်မြှောက်ထားသည့် ဖြူဖြူသွယ်သွယ်လက်ချောင်းများတွင် ရွှေရောင်ကြိုးများက ရှိနေခဲ့သည်။
ကြည်လင်တောက်ပသည့် မျက်ဝန်းတစ်စုံကတော့ အမှောင်ထဲတွင်တောင် အရောင်တောက်ပနေခဲ့သည်။
“အင်း… မင်းက ကလေးပဲရှိသေးတာကိုး”
“သရဲလေး၊ မင်းဘယ်လိုလုပ်ပြီး ဒီလိုဖြစ်လာတာလဲ? ဒီလောက်များတဲ့ အငြိုးအတေးတွေနဲ့ ဘယ်သူ့ကို လက်စားချေချင်လို့လဲ?”
ဝတ်ရုံနီသရဲလေး၏ ရင်ထဲတွင် အမုန်းတရားများ ပြည့်နေပြီး ဝင်ရောက် နှောင့်ယှက်နေသည့် တောက်ကျန့်ကိုပါ တစ်စစီ ဆွဲဖြဲပစ်ချင်နေခဲ့သည်။ သို့သော်လည်း သူမက ကုကျစ်စုန့်ထံသို့ ပြေးသွားချိန်တွင် ရွှေပိုးဝိဉာဉ်ပိုက်ကွန်က ရုတ်တရက် တင်းကြပ်သွားပြီး သရဲလေးရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ရွှေကြိုးများဖြင့် တုပ်နှောင်ခံလိုက်ရသည်။
အခန်းထဲတွင် ဆူညံသံများ ထွက်ပေါ်လာပြီးနောက် ကြမ်းပြင်ပေါ်၌ ရုန်းကန်နေသည့် သရဲလေးက နာကျင်စွာ အော်ညည်းလာခဲ့သည်။ ယွီထုန်လျှို့နှင့် ရှင်းလန်တို့မှာတော့ အခန်းထဲမှ ဆူညံသံများကြောင့် ကြောက်ရွံ့တုန်ယင်နေခဲ့ကြသည်။
ယွီထုန်လျှို့၏ ခန္ဓာကိုယ်က ယင်စွမ်းအင်များ ပြည့်နှက်နေသောကြောင့် သူမ၏ ‘ယင်’မျက်လုံးက ပွင့်နေပြီဖြစ်ကာ ချုပ်ခံထားရသည့် သရဲကို မြင်တွေ့နေရသည်။ ထိုသရဲက သွေးရောင်လွှမ်းနေခဲ့ပြီး အမုန်းတရားများဖြင့် ပြည့်နှက်နေသည့် မျက်လုံးများက သူမကို ကြောက်ရွံ့စေတာကြောင့် သူမက အနောက်ကိုသာ ဆုတ်သွားခဲ့မိသည်။
ကုကျစ်စုန့်က သက်ပြင်းချရင်း သရဲလေးကို သူမဘက်သို့ ဆွဲလိုက်သည်။
“ဒီအရွယ်သရဲငယ်လေးတွေက ထိန်းရခက်လွန်းတာပဲ”
ဝတ်ရုံနီသရဲလေးမှာ ကုကျစ်စုန့်ကြောင့် သွေးပျက်လောက်အောင်ကြောက်ရွံ့သွားရသည်။
အဘယ်ကြောင့်ဆိုသော် သူမ၏ ရှေ့တွင်ရှိနေသည့် အမျိုးသမီး၏ ကြောက်စရာကောင်းသည့် ဝိဉာဉ်စွမ်းအင်ကို သူမ အခုလေးတင် ခံစားမိခဲ့သောကြောင့်ပင် ဖြစ်၏။ တစ်ဖက်လူ၏ စူးရှသည့် အကြည့်အောက်တွင် သူမ တုန်လှုပ်လာခဲ့ရသည်။
ရန်သူက သူမ၏ရှေ့တွင် ရှိနေသော်လည်း သူမတွင် လက်စားချေဖို့ လုံလောက်သည့် စွမ်းအားမရှိနေခဲ့!!
ဒီထက်ပိုပြီး ရင်နာစရာကောင်းတာ ဘာများရှိနိုင်ဦးမှာလဲ!?
သရဲလေး၏ မျက်လုံးတွေက သွေးမျက်ရည်များ စီးကျလာပြီးနောက် သူမက အငြိုးကြီးစွာဖြင့် အံကိုကြိတ်လိုက်ရင်း ပြောလာသည်။
“တောက်ကျန့်.. မင်း ငါ့ရဲ့ ဝိဉာဉ်လွင့်သွားမယ်ဆိုရင်တောင် မင်းကို အသနားခံမှာမဟုတ်ဘူး !!”
ကုကျစ်စုန့်က မေးစေ့ကို အသာအယာပွတ်လိုက်သည်။ ဤမလောက်လေး မလောက်စားလေးက သူမ ထင်ထားသည်ထက်တောင် စိတ်ကြီးလွန်းနေချေသည်။
သရဲလေးက သူမကြောင့် ကိုယ့်ကိုကိုယ်သိမ်ငယ်သွားသည်ဟုတော့ ထင်ရသည်။ နောက်ဆိုရင် သူမ ညင်သာစွာကိုင်တွယ်မှ ဖြစ်တော့မည်။
သူမက အရှေ့မှ သရဲလေးကို စိုက်ကြည့်လိုက်တော့ သရဲလေးမှာ ၁၅၊၁၆နှစ်လောက်သာ ရှိဦးမည်။ သူမကဆံပင်အတိုရှိပြီး သွေးစွန်းနေသည့် အဖြူ၊အပြာကျောင်းဝတ်စုံလေးကို ဝတ်ဆင်ထားသည်။ မျက်နှာပေါ်မှ ကြောက်စရာကောင်းပြီး စိတ်ဆိုးနေသည့် အမူအယာနောက်တွင်တော့ သွေးများပေစွန်းနေသည့် မျက်နှာလေးက ငယ်ရွယ်နုပျိုနေသည်ကို သူမ မြင်နေရသည်။
ပန်းလေးက ပွင့်ချိန်တန်ချိန်သည့်အရွယ်သာ ရှိနေသေးသော်လည်း မတရားမှုများကြောင့် သေဆုံးခဲ့ရရှာသည်။ တကယ်တမ်းတွင် သူမမှာ ငယ်ရွယ်နုပျိုသည့် မိန်းမငယ်လေးတစ်ယောက်သာ ဖြစ်နေသင့်သည်ပင်။
“မင်း သူ့ကို မုန်းတာလား?”
ကုကျစ်စုန့်က ယွီထုန်လျှို့ကို လက်ညှိုးထိုးပြပြီး မေးလိုက်သည်။
“သူ့ကို လက်စားချေချင်တာလား?”
“ဘာလဲ!! နင်တို့ တောက်ဓမ္မဂိုဏ်းက ဆရာတွေက သူများတွေကိုပဲ ကူညီချင်နေတာ! ဟာသတွေ လာမလုပ်စမ်းနဲ့! ငါ့ကို သတ်ချင်သတ်လိုက် !
စွန်းယွင် နင် မှတ်ထားလိုက်စမ်းပါ ! ငါ နင့်ကို ကျိန်စာတိုက်မယ်! ငါ နင့်ကို သေအောင် ကျိန်စာတိုက်ခဲ့မှာ !!”
ယွီထုန်လျှို့က ရှင်းလန်ကို ကြောက်လန့်တကြားဖက်ထားရင်း အငြိုးအတေးအပြည့်နဲ့ အော်ဟစ်နေသည့် သရဲလေးကို ကြည့်ကာ ရုတ်တရက် ကြောက်လန့်နေသည့် ခံစားချက်များ ပျောက်ကွယ်သွားခဲ့သည်။
အသေအချာတွေးကြည့်လျှင် ဤသည်မှာ သနားစရာကောင်းသည့် ကလေးမလေးတစ်ယောက်သာလျှင် ဖြစ်ပေ၏။
ထိုကြောင့် သူမက တုန်ရီသည့်အသံနှင့် သတ္တိတင်ကာပြောလိုက်သည်။
“ ဒါပေမယ့် ငါက စွန်းယွင် မဟုတ်ဘူးလေ၊ မင်းလူမှားနေပြီ!!”
ကုကျစ်စုန့်က သရဲလေးကို သနားသည့် မျက်လုံးများဖြင့်ကြည့်ကာ ခေါင်းငြိမ့်သည်။
“ အမှန်ပဲ၊ မင်းက ကိုယ့်ရဲ့ရန်သူကိုတောင် မှန်အောင် မရှာနိုင်ဘူး၊ သနားစရာကောင်းလွန်းတယ်”