ဘဝကိုပြောင်းလဲခြင်း၊ ဝတ်ရုံနီသရဲ(4)
Vol. 4 Ch. 35
“ကလေးတွေက ဆိုးရွားနေတာမဟုတ်ဘူး ၊လူဆိုးတွေက အရွယ်မရောက်သေးတာပဲ”
“မဖြစ်နိုင်တာ ! နင်တို့ ငါ့ကို အရူးလို့ ထင်နေတာလား? ငါ့ရဲ့ တစ်ကိုယ်လုံး ပြာမှုန်ဖြစ်သွားရင်တောင်မှ စွန်းယွင်ရဲ့ ကိုယ်ပေါ်မှာရှိတဲ့ ရွံစရာကောင်းတဲ့ အငွေ့အသက်ကို မေ့သွားမှာမဟုတ်ဘူး!! “
ဝတ်ရုံနီသရဲလေး၏ မျက်နှာက အမုန်းတရားများနှင့် ပြည့်နှက်နေခဲ့သည်။
“ဟုတ်လို့လား?”
ကုကျစ်စုန့်က ယွီထုန်လျှို့ကို သူမ၏အနားသို့ လာဖို့ လက်ယပ်ခေါ်လိုက်သည်။
ယွီထုန်လျို့အနားသို့ လျောက်လာသည်ကိုမြင်တော့ ဖမ်းချုပ်ခံထားရသည့် ဝတ်ရုံနီသရဲလေးက ဤသည်ကို အခွင့်ကောင်းယူကာ ရန်သူဆီသို့ ပြေးသွားပြီး ကိုက်ဖြဲဖို့ ပြင်ဆင်လိုက်သော်လည်း ရွှေကြိုးဆီမှ တင်းကြပ်မှုကြောင့် ရပ်တန့်သွားခဲ့ရသည်။
သရဲမ၏ ဖောက်ထွင်းမြင်နေရသည့် ခန္ဓာကိုယ်က နာကျင်မှုကြောင့် တုန်ယင်နေခဲ့ပြီး ယွီထုန်လျှို့မှာတော့ သူမ၏ စူးစူးဝါးဝါးအော်သံကြောင့် ထိတ်လန့်တုန်လှုပ်နေချေသည်။
“ကု-ကု.. စုန့်စုန့် .. ကောင်မလေး သနားဖို့ကောင်းပါတယ်၊ အရမ်းနာအောင် မလုပ်ပါနဲ့လား..”
ကုကျစ်စုန့် : “???”
သူမက ခေါင်းကို ယွီထုန်လျှို့ရဲ့ ယင်ထန်နေရာကို လက်ဖြင့်ထောက်လိုက်ကာ သရဲလေးဆီသို့အေးတိအေးစက်ဖြင့် ပြောလိုက်သည်။
(T/n_ ယင်ထန်နေရာဆိုတာက မျက်ခုံးနှစ်ခုကြား နေရာလွတ်ကိုပြောတာပါ)
“မှင်စာလေး.. မျက်လုံးတွေကို ဖွင့်ပြီး သေချာကြည့်ပါဦး၊ ဒါက မင်းရှာနေတဲ့ စွန်းယွင်ဟုတ်ရဲ့လားလို့”
သူမ၏ စွမ်းအားကို အာရုံခံလိုက်ရပြီးသည့်နောက်တွင် ယွီထုန်လျှို့၏ ယင်ထန်နေရာတွင် နှစ်မြှုပ်ခံထားရသည့် ‘အလဲအလှယ်အစီအရင်’က မှိန်ဖျော့သွားခဲ့ကာ သူမ၏ မူလမျက်နှာနှင့် ကံကြမ္မာလမ်းက ပိုပြီး ထင်ရှားလာခဲ့သည်။
ထိုမျက်နှာပေါ်တွင် မျက်နှာနှစ်ခုက ထပ်လျှက်သားရှိနေခဲ့သည်!
ခန္ဓာကိုယ်တစ်ခုတည်းတွင် ဘဝနှစ်ခုက ယှဉ်တွဲလျက် တည်ရှိနေသည်။
ထိုအချိန်တွင် ဝတ်ရုံနီသရဲလေးက နောက်ဆုံးတော့ သဘောပေါက်သွားသည်။ သူမက အံ့သြမင်သက်သွားပုံရပြီး အငြိုးအတေးများဖြင့်ပြည့်နေသည့် အမူအရာနှင့် ရောထွေးကာ သရဲလေး၏ လက်ရှိမျက်နှာမှာ အလွန် သနားဖွယ်ကောင်းနေခဲ့သည်။
ယွီထုန်လျှို့က ခေါင်းကို မဝံ့မရဲ ညိတ်လိုက်ပြီး ဝင်ပြောခဲ့ချေသည်။
“ငါက စွန်းယွင်မဟုတ်ပါဘူး၊ ငါ့နာမည်က ယွီထုန်လျှို့လေ၊ နင် တီဗီဇာတ်လမ်းတွေကြည့်လေ့ရှိလား? မနှစ်က စုံထောက်ဇာတ်လမ်းတွဲထဲမှာ ငါသရုပ်ဆောင်ထားသေးတယ်…”
ကုကျစ်စုန့်က ရွှေပိုက်ကွန်ကို လျှော့လိုက်ပြီး :
“အခုယုံပြီလား? စကားကို ကောင်းကောင်းပြောလို့ရပြီလား?”
သို့သော် မျှော်လင့်ချက်များကို ဖျက်ဆီးခံလိုက်ရတဲ့ သရဲမလေးကတော့ ယခုကဲ့သို့နာကျင်မှုကို မည်သည့်အခါကမှ မခံစားဖူးခဲ့ချေ။ သူမကို ဝန်းရံနေသည့် အငြိုးအတေးများက ပွက်ပွက်ဆူလာပြီးနောက် ငြိမ်းသက်ခံလိုက်ရပြန်သည်။ ထိုသို့ ငြိမ်းခံရပြီးသည့်နောက်တွင်တောင် အမုန်းတရားများက ရုန်းကန်နေသေးသယောင် ခုန်ဆွနေသေးလျှက် ရှိနေချေသည်။
“မင်းရဲ့ အရည်အချင်းလောက်နဲ့ဆိုရင်တော့ ရန်သူကို ရှာမတွေ့တာ မထူးဆန်းပါဘူး၊ မင်းက ဝတ်ရုံနီသရဲဆိုတာကို ယုံမယ့်သူတောင် ရှိမယ်မထင်ဘူး…”
ကုကျစ်စုန့်၏ စကား အဆုံးမသတ်ရသေးခင် သူမ၏ရှေ့မှ အငြိုးတရားတွေအပြည့်ဖြင့် တစ်ချိန်လုံး မျက်စောင်းထိုး၍ကြည့်နေသည့် သရဲမလေးက ရုတ်တရက် မျက်ရည်ပေါက်ကြီးငယ်ကျသည်ထိ ငိုကြွေးလာလေတော့သည်။
ကုကျစ်စုန့် : “???”
ဆယ်မိနစ်ခန့်ကြာပြီးနောက် သူမက အကူအညီမဲ့စွာဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။
“မငိုနဲ့လေ…”
ရန်သူကို လူမှားပြီး လိုက်ဖမ်းနေသည့် သရဲမလေးသည်ကာ အလွန်အမင်းရှက်ရွံ့လွန်းနေခဲ့ကာ ဒေါသများလည်းထွက်နေခဲ့သည်။ သူမကိုယ်သူမလည်း အလွန် ရှက်စရာကောင်းကြောင်း သိနေခဲ့လေ၏။
သူမက အသက် နှစ် (၃၀၀) ကျော်ရှိနေပြီးသော လျို့ဝှက်ဆန်းကြယ်တောက်ဓမ္မဆရာကြောင့် “ရှက်ရွံ့သိမ်ငယ်မှု”ကိုခံလိုက်ရသေးပြီး “လေးစားမှုမရှိ”စွာဖြင့် ဆက်ဆံခံလိုက်ရသေးသည်။
သေဆုံးပြီးသည့်နောက် သူမ၏ ကိုယ့်ကိုကိုယ်ယုံကြည်မှုနှင့် အမုန်းတရားကသာ သူမ၏ အားသာချက်များဖြစ်လာခဲ့ပြီး ယခုချိန်တွင် ထိုအရာများကို ဖျက်ဆီးခံလိုက်ရသည့်အတွက် သူမ၏ မျက်ရည်များကို မထိန်းချုပ်နိုင်တော့ချေ။
ကံကောင်းစွာနှင့် ဤအခန်းထဲတွင် အေးတိအေးစက်မျက်နှာထားရှိသော်လည်း တို့ဖူးကဲ့သို့ နူးညံ့သည့် နှလုံးသားကိုပိုင်ဆိုင်ထားသည့် လူတစ်ယောက်လည်းရှိနေသေးသည်။
ရှိုက်ကြီးတငင်ငိုကြွေးနေသည့် သရဲလေးကို မြင်တော့ ယွီထုန်လျှို့မှာ ထိုငိုကြွေးနေသည့်သူက သူမအား လည်ပင်းကို ညစ်သတ်ဖို့ကြိုးစားခဲ့သည့် သရဲလေးဖြစ်နေသည်ကိုတောင် မေ့လျော့သွားပုံပေါ်ပြီး ပြန်လည် နှစ်သိမ့်ပေးနေခဲ့သည်။
“စွန်းယွင်ဆိုတဲ့တစ်ယောက်က အရမ်း ဉာဏ်နီဉာဏ်နက်များလွန်းတာပဲ.. သူ့ရဲ့ဘဝနဲ့ ငါ့ရဲ့ဘဝကို ဘယ်သူမှ မသိအောင် လဲလှယ်ထားခဲ့သေးတယ်၊ မင်းလည်း သူ့ရဲ့လှည့်ကွက်ထဲကိုရောက်သွားရတာပါ”
ဝတ်ရုံနီသရဲလေး : “ဟုတ်တယ်၊ ကျွန်မ တောင်းပန်ပါတယ်”
ယင်မျက်လုံးအဆောင်ကျမ်းစာရွက်ကို တောင်းယူပြီး ကပ်ထားသည့် ရှင်းလန်သည်လည်း ဖြစ်ပျက်သမျှကို မြင်တွေ့နေခဲ့ရသည်။ သူမ၏ စိတ်ခံစားချက်က ရှုပ်ထွေးနေခဲ့သော်လည်း အမုန်းတရားနဲ့ ရက်စက်လိုခြင်းများကတော့ ပျောက်ကွယ်သွားပြီဖြစ်ချေပြီ။ သူမ၏ရှေ့တွင်ရှိနေသည့် သရဲလေးမှာ ငယ်ရွယ်လွန်းသေးသည့်မိန်းကလေးသာ ဖြစ်ပြီး သူမ၏ သမီးနှင့်တောင် အသက်သိပ်ကွာမည့်ပုံမပေါ်ပါချေ။
သူမ မေးမြန်းခဲ့သည်:
“မင်းဘယ်လိုလုပ်ပြီး ဒီလိုမျိုး ဖြစ်လာရတာလဲ??”
ဝတ်ရုံနီသရဲလေးက အချိန်တော်တော်ကြာအောင် တိတ်ဆိတ်နေပြီးမှ သူမ၏ အတိတ်ကို ပြန်လည်ပြောပြခဲ့သည်။
သူမ၏ နာမည်မှာ ဖန်းချောင်ယွမ်ဖြစ်ပြီး ယုံချန်မြောက်ပိုင်းအထက်တန်းကျောင်းမှ အထက်တန်းကျောင်းသူလေးဖြစ်လေသည်။
ကျောင်းတွင်းအချစ်ဇာတ်လမ်းဝတ္ထုများထဲက မင်းသမီးလေးလိုပင် သူမမှာ ငယ်စဉ်ကတည်းက အမေဖြစ်သူနှင့်သာ နေထိုင်ခဲ့ရသည်။ ဆင်းရဲသော်လည်း ရုပ်အဆင်းလှရုံသာမက ပညာရေးတွင်လည်း ထိပ်ဆုံးအဆင့်တွင် ရှိနေခဲ့သည်။
သူမက အထက်တန်းကျောင်းဝင်ခွင့်စာမေးပွဲအတွင်း အမှတ်ကောင်းလွန်းသောကြောင့် နာမည်ကြီးအထက်တန်းကျောင်းများမှ ရွေးချယ်ခြင်းကို ခံခဲ့ရသည်။
နောက်ဆုံးတော့ ဆင်းရဲသည့် မိသားစုနောက်ခံကြောင့် သူမက နေစရိတ်၊ စားစရိတ်ကင်းလွတ်ပြီး၊ ကျူရှင်ခလည်း ပေးစရာမလိုသည့်အပြင် ထောက်ပံ့ကြေးရပြီး ဆရာကောင်းများရှိနေသည့် ကျောင်းကို ရွေးချယ်ခဲ့သည်။ သူမက သူမ၏ မိခင်ကို ဝန်ပေါ့စေရန် ရွေးချယ်ခဲ့ခြင်းဖြစ်သော်လည်း ကျောင်း၏ နာမည်တော့ မကောင်းလှပေ။
အထက်တန်းကျောင်းသူတစ်ယောက်ဖြစ်လာခဲ့သည့် ဖန်းချောင်ယွမ်က စာကိုသာ ကြိုးစားချင်ခဲ့သည်။ သူမက အကောင်းဆုံးတက္ကသိုလ်ကို တက်ပြီး သူမ၏ ကံကြမ္မာကို ပြောင်းလဲချင်ခဲ့သည်။ သို့သော်လည်း မြင့်မားပြီး ထင်ရှားလွန်းနေသည့်အပင်မှာ လေပြင်းကို ဆွဲဆောင်မိတတ်ချေသည်ပင်။
ကျောင်း၏ နာမည်ဂုဏ်သတင်းဆိုးရခြင်းမှာ ကျောင်းတွင် စာမလုပ်ချင်တဲ့ သူဌေးသား၊သမီးတွေ များပြားလွန်းနေသောကြောင့်ဖြစ်ပေ၏။
သူတို့၏ နေ့စဉ်ဘဝ လုပ်ရှားမှုများမှာ ဖုန်းခိုးသုံးခြင်း၊ ဆေးလိပ်၊အရက်စသည်တို့ကို ခိုးဝှက်သောက်သုံးခြင်းတို့နှင့် အချစ်ရေးအပေါ်စိတ်ကစားကြခြင်းတို့သာ ဖြစ်လေသည်။
သူမ၏ အလှတရားကြောင့် ဖန်းချောင်ယွမ်မှာ ကောင်လေးတစ်ချို့၏ သတိထားခြင်းကို ခံခဲ့ရသည်။ သူတို့ထဲက တစ်ယောက်မှာတော့ ကျောင်း၏ မြက်ခင်းစိမ်းဟုခေါ်ကြသည့် ဒုတိယနှစ်မှ စီနီယာတစ်ယောက်ဖြစ်ပြီး သူမ၏ သန့်ရှင်းပြီး ကြိုးစားသည့် ပုံစံက သူ့၏အကြိုက်နှင့်ကိုက်ညီသည်ဟု ဆိုခဲ့သည်။
ထိုအချိန်က စွန်းယွင် သူမ၏အနားသို့ ချည်းကပ်လာသည့်အချိန်ပင်ဖြစ်သည်။
အထက်တန်းကျောင်း၏ ဒုတိယနှစ်စီနီယာတစ်ယောက်ဖြစ်သည့် စွန်းယွင်က ယုံချန်မြို့၏ သူဌေးသမီးတစ်ယောက်လည်းဖြစ်နေသောကြောင့် တစ်ကျောင်းလုံးက သူမကို သိကြသည်။
လူတိုင်းက သူမ ကျောင်း၏ မြက်ခင်းစိမ်းဖြစ်သည့် စီနီယာကို အကြီးအကျယ် ဖွင့်ပြောခဲ့သည်ကိုလည်း သိထားကြသည်။
ထို့အပြင် သူမက ထိုစီနီယာကို စိတ်ဝင်စားပုံပေါ်သည့် ကျောင်းသူလေးကိုလည်း လူဘုံအလယ်တွင် ပွင့်ပွင့်လင်းလင်း ပါးရိုက်ခဲ့ပြီး သူမ၏ ထိုကောင်လေးအပေါ်အချစ်ကို ပြသခဲ့သည်။ သူမနဲ့ သူမ ညီအစ်မတို့အဖွဲ့တွေက ကျောင်းသားတွေတင်မကဘဲ ဆရာတွေကပါ ရန်မစရဲသည့် လူများသာ ဖြစ်နေခဲ့သည်။
ဖန်းချောင်ယွမ်တစ်ယောက် ကျောင်းသားဘဝဆိုသည်ကို အလွန် ရိုးရှင်းစွာ တွေးတောခဲ့မိသည်။ သို့သော်လည်း အမှန်တရားက သူမအနေဖြင့် ကျောင်းတွင် စာလုပ်နေရုံသက်သက်နှင့် မပြီးကြောင်းကို အသိပေးလာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ကျောင်းတွင်း အနိုင်ကျင့်မှုများက သူမဆီသို့ တဲ့မတ်စွာ ရောက်ရှိလာခဲ့ခြင်းကြောင့်ပင် ဖြစ်ချေသည်။
သူမက အိမ်သာထဲတွင် ပိတ်ထားခံရပြီး နှိပ်စက်အနိုင်ကျင့်၊ ခြိမ်းခြောက်ခြင်းတို့ကို ခံခဲ့ရပြီး မျက်နှာတွင်လည်း အမြဲလိုလို ဒဏ်ရာဒဏ်ချက်ပေါင်းများစွာ ရရှိလာတတ်သည်။
ဤသည်နှင့် မလုံလောက်ခဲ့ပါချေ။ သူမ ရိုက်နှက်အနိုင်ကျင့်ခံနေရသည့် ဗီဒီယိုများက အဖြန့်ခံရပြီး သူမ၏ အရှက်သိက္ခာများ ထိခိုက်ခံခဲ့ရကာ တခြားသူများ၏ ရယ်မောစရာအဖြစ် လှောင်ပြောင်ဟာသလုပ်ခြင်းကိုခံခဲ့ရသည်။ သူမက လူတိုင်းဆီမှ ဖယ်ကြဉ်ခံခဲ့ရသည်။ ဆိုးဝါးလှသည့် သတင်းတုကောလဟာလများကို အလွှင့်ခံရကာ အဆုံးတွင် သူမ၏ မိခင်သည်လည်း ဆဲဆိုကျိန်ဆဲမှုများကို ခံခဲ့ရသည်...
နှိပ်စက်အနိုင်ကျင့်ခံရခြင်းများ၏အောက်တွင် သူမ၏ နောက်ဆုံးသော မှီခိုအားထားရဖြစ်သည့် ကျောင်းအဆင့်များ ထိုးကျသွားခဲ့ရသည်။ ဤသည်မှာ သူမ၏ နောက်ဆုံးကောက်ရိုးမျှင်ပြတ်ထွက်သွားခြင်းပင်ဖြစ်ခဲ့သည်။
ဖန်းချောင်ယွမ်တစ်ယောက်လုံးလုံးလျားလျား ပြိုလဲကျသွားခဲ့ကာ ဘဝ၏မျှော်လင့်ချက်များသည်လည်း ပျောက်ဆုံးသွားခဲ့ရသည်။
တစ်ညတွင်တော့ သူမက ကျောင်းအဆောင်၏ ထိပ်ဆုံးထပ်မှ နာကျင်မှုများ၊ နာကျည်းမှုများကိုသယ်ဆောင်ကာ ခုန်ချသွားခဲ့ချေသည်။
တခြားလူများကို မည်သို့ လက်စားချေရမည်ကို မသိခဲ့သောကြောင့် သူမက နာကျင်မှုများကို ရပ်တန့်နိုင်ဖို့အတွက် ကိုယ့်အသက်ကိုသာ အဆုံးစီရင်ရန် ရွေးချယ်ခဲ့ရသည်။
ထိုနာကျည်းမုန်းတီးမှုများကြောင့် သူမ၏ ဝိဉာဉ်က မြေအောက်ကမ္ဘာသို့မသွားနိုင်ခဲ့ဘဲ သက်ရှိလောကတွင် ကျန်ရစ်နေခဲ့ရသည်။ သူမက ကျောင်းဝန်းထဲမှာ လျှောက်သွားနေခဲ့ရင်း စွန်းယွင်နဲ့ သူမ၏ သူငယ်ချင်းများက သူမ(ဖန်းချောင်ယွမ်)၏သေဆုံးမှုအတွက် နောင်တမရရုံသာမက ထိုအဖြစ်အပျက်ကို ဂုဏ်ယူကြွားဝါနေသည်ကို ကြားလိုက်ရလေသည်။ သူတို့က လုပ်ကြံဇတ်လမ်းများခင်းကာ ကောလဟာလများကိုပါ ဆက်ပြောနေခဲ့ကြသည်။
‘ငါပြောတာ မှားလို့လား? သူမသာ အပြစ်မရှိဘူးဆိုရင် ဘာလို့ တိုက်ပေါ်က ခုန်ချမှာလဲ? သူမကတော့ ရှက်ရကောင်းမှန်းကို မသိဘူးပဲ’
‘သူမက ကိုယ့်ကိုကိုယ်သတ်သေလိုက်ရင် ငါ့ကို ထိခိုက်မယ်ထင်နေခဲ့တာလား? ငါ့အဖေက အနာဂတ်မှာ ငါ့ကို နိုင်ငံခြားကိုပို့ပေးမယ်လို့ ပြောထားပြီးသားပဲ၊ သူ့လို ဆင်းရဲတဲ့တစ္ဆေတစ်ကောင်က B တက္ကသိုလ်ကို တက်ချင်သေးတယ်ဆိုပဲ? ရယ်ဖို့ကောင်းလိုက်တာ’
‘… …’
ဖန်းချောင်ယွမ်က သူမကို နာကျင်စေခဲ့သည့် လူများ၏ မျက်နှာတွေကိုကြည့်ကာ အငြိုးတရားများ ပိုပိုများလာခဲ့သည်။ တစ်နေလုံးငိုကြွေးနေခဲ့သည့် မိခင်ဖြစ်သူ၏ မျက်နှာသည်လည်း သူမ၏ မြင်ကွင်းထဲတွင် မကြာခဏပေါ်လာခဲ့သည်။
သူမ သေဆုံးခြင်းနဲ့ ထွက်မပြေးခဲ့သင့်ဘူး ! နောက်ဆုံးတော့ သူမအတွက် နာကျင်ရတာက သူမရဲ့ အမေတစ်ယောက်တည်းပဲ!
အငြိုးအတေးနှင့်အမုန်းတရားများ ပြင်းထန်လွန်းခဲ့သောကြောင့် ဖန်းချောင်ယွမ်မှာ ဝတ်ရုံနီသရဲအဖြစ် ပြောင်းလဲသွားခဲ့ကာ စွန်းယွင်ကို လက်စားချေကာ သတ်ဖြတ်ချင်ခဲ့သည်။
သို့သော်လည်း သူမမှာ နူးညံ့သိမ်မွေ့မှုများကျန်ရစ်နေသေးသည့် မိန်းမငယ်လေးတစ်ယောက်သာ ဖြစ်နေခဲ့သည်။
ထို့ကြောင့် အစပိုင်းတွင် စွန်းယွင်ကို အနည်းငယ်သာ ထိခိုက်စေနိုင်ခဲ့သည်။ သို့သော်လည်း ထိုအချိန်အတွင်းမှာ စွန်းမိသားစုမှ သူမ၏ဖြစ်တည်မှုကို သတိထားမိခဲ့ပြီး တောက်ဓမ္မဆရာတစ်ယောက်ကို ပင့်ကာ စွန်းယွင်၏ ဘဝကို ပြောင်းလဲပြီး ပြဿနာကို ဖြေရှင်းစေခဲ့သည်။
ကုကျစ်စုန့်သာ ယွီထုန်လျှို့ကို မကူညီခဲ့ပါလျှင် သူတို့ထဲက တစ်ယောက်မှာ အကြောင်းရင်းတောင် မသိလိုက်ဘဲ မတရားစွာ သေဆုံးသွားခဲ့ရမှာဖြစ်ပြီး ကျန်တစ်ယောက်မှာလည်းလည်း ပစ်မှတ်အမှားကိုသာသတ်ဖြတ်ပြီးသည်အထိ ရန်ပြုနေခဲ့မည်မှာအသေချာပင်။
ဖန်းချောင်ယွမ်၏ အတွေ့အကြုံကို နားထောင်ပြီးနောက် လူကြီးသုံးယောက်လုံးက တိတ်ဆိတ်သွားခဲ့သည်။
ယွီထုန်လျှို့၏ မျက်လုံးလေးများက နီနေခဲ့ပြီး စတင်ပြောလာခဲ့သည်။
“ဆယ်ကျော်သက်လေးတွေစုစည်းထားတဲ့ အုပ်စုက ဘယ်လိုဖြစ်လို့ ဒီလောက်တောင် ဆိုးရွားနေရတာလဲ?”
“ကလေးတွေက ဆိုးရွားနေတာမဟုတ်ဘူး ၊လူဆိုးတွေက အရွယ်မရောက်သေးတာပဲ”
ကုကျစ်စုန့်က သူမ၏မျက်လုံးများကို မှေးစင်းထားပြီး မျက်လုံးထဲမှ အေးစက်မှုကို ဖုံးကွယ်ထားလိုက်သည်။ ယွီထုန်လျှို့ရဲ့ ကံကြမ္မာကို တိတ်တဆိတ်ပြောင်းလဲသွားသည့် လူ၏နာမည်ကို သိရပြီဆိုတော့ သူမအတွက် တွက်ချက်ဖို့ အလွန်လွယ်ကူသွားပြီ။
မကြာလိုက်၊ ယွီထုန်လျှို့ရဲ့ မျက်နှာပေါ်တွင် အခြားလူတစ်ယောက်၏ မျက်နှာတစ်ခု ပေါ်လာခဲ့သည်။
ဆယ်ကျော်သက်ကောင်မလေးမှာ အလွန် မောက်မာပုံရသည်။ သူမက တစ်နှစ်လုံး သူတပါးကို အနိုင်ကျင့်ရသည်ကို ဝါသနာထုံနေသောကြောင့် သူမ၏ မျက်နှာက ရန်လိုစိတ်များ ပြည့်နေခဲ့သည်။
သူမ မျက်နှာက ချောမောမှုမရှိသည့်အပြင် အနာဂတ်နှင့်၊ အလုပ်အကိုင်ကံသည်လည်း အင်မတန်မှ ဆိုးရွားလိမ့်မည်ဖြစ်သည်။
သူမက လက်ကိုဆန့်တန်းကာ ဖန်းချောင်ယွမ်၏ နဖူးကို တောက်လိုက်သည်။ ထို့နောက်ညင်သာသည့် ဝိဉာဉ်စွမ်းအားတစ်ခုက ဖန်းချောင်ယွမ်၏ကိုယ်ထဲသို့ စိမ့်ဝင်သွားခဲ့လေသည်။
“သူ သေချာပေါက် အပြစ်ကြွေးဆပ်ရမယ်လို့ ငါကတိပေးတယ်”
ဖန်းချောင်ယွမ်၏ မျက်ရည်များ ထပ်မံကျဆင်းလာပြီး နှာခေါင်းတွေကတောင် အနည်းငယ်ချဥ်တူးပြီးခံစားရခက်လာသလိုဖြစ်နေခဲ့သည်။
“အိုး….”
ကုကျစ်စုန့်က ယွီထုန်လျှို့နဲ့ ရောယှက်နေသည့် ကံကြမ္မာကို ဖယ်ရှားပြီးနောက် ထိုဖလှယ်မှုနှင့် ရောယှက်ဆက်နွယ်ကာ ဖုံးကွယ်နေသည့် နောက်ထပ်ထူးဆန်းသော စာချုပ်တစ်ခု ပေါ်လာခဲ့သည်။
ထိုယင်စာချုပ်ကို မြင်လိုက်နှင့် ကုကျစ်စုန့် မျက်မှောင်ကြုတ်လိုက်မိကာ ယွီထုန်လျှို့ကို အဓိပ္ပါယ်ရှိသည့် အကြည့်ဖြင့် ကြည့်နေသည်။
“ထုန်လျှို့ကျဲ၊ မင်းရဲ့ဘဝက အတော်လေး ဆိုးရွားတာပဲ.. မင်း ကိုယ့်ကိုကိုယ် လက်ထပ်ပြီးသားဆိုတာကိုရော သိရဲ့လား?”
“ငါလက်မထပ်ရသေးဘူး!”
ယွီထုန်လျှို့က စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလာသည်။
“မင်းလည်း အင်တာနက်ပေါ်က အတင်းအဖျင်းတွေကို ကြည့်တာပဲလား? အဲဒီသတင်းတုတွေ ဘယ်ကနေ ထွက်လာမှန်းကို မသိဘူး! ငါက ဘယ်သူကိုမှတောင် မချစ်ဖူးဘူး၊
အွန်လိုင်းပေါ်မှာ ငါက သူဌေးသားနဲ့ တိတ်တဆိတ်လက်ထပ်ထားတယ်ဆိုတာရော၊ ငါက သားမမွေးနိုင်လို့အမြှောင်မယား ချောင်ထိုးခံရပြီး မယားကြီးမဖြစ်နိုင်ဘူး ဆိုတဲ့ သတင်းတွေရော ပျံ့နှံ့နေတာ၊
အကုန်လုံးက အဓိပ္ပါယ်လုံးဝမရှိတဲ့ သတင်းတွေချည်းပဲ!!”
“ရှင်းကျဲက ပြီးခဲ့တဲ့ နှစ်ရက်လောက်က ရှေ့နေအဖွဲ့နဲ့ချိတ်ဆက်ပြီး မဟုတ်တမ်းသတင်းတွေ လွှင့်နေတဲ့ မီဒီယာအကောင့်တွေကို စုထားပြီ.. ငါသူတို့ကို တရားစွဲမှာ”
ကုကျစ်စုန့် : “တိတ်တိတ်လေး လက်ထပ်ထားတယ်ဆိုတဲ့ သတင်းက အမှားဆိုပေမယ့် မင်းက တကယ်လည်း လက်ထပ်ပြီးသားဖြစ်နေတယ်၊ မင်းရဲ့ ဝိဉာဉ်နန်းတော်မှာ လက်ထပ်ခြင်းကို ကိုယ်စားပြုတဲ့ စာချုပ်တစ်ခုရှိနေပြီး အဲ့တာက မင်းနဲ့ ချည်နှောင်ထားတယ်”
ယွီထုန်လျှို့ : “ ဘာကို ဆိုလိုတာလဲ?”
“တစ်ယောက်ယောက်က မင်းကို လှည့်စားပြီး မင်းနဲ့ ယင်လက်ထပ်ထိမ်းမြားခြင်းပြုလုပ်ထားတာ!”