← Chapters

ယင်လက်ထပ်ထိမ်းမြားခြင်း

Vol. 4 Ch. 36

ယင်လက်ထပ်ထိမ်းမြားခြင်း

Vol. 4 Ch. 36

“မြွေတွေကို တွင်းထဲက ထွက်လာအောင် မျှားရမယ်”

ယင်လက်ထပ်ထိမ်းမြားခြင်းဟူသည်ကို ရှေးလူကြီးများက တစ္ဆေမင်္ဂလာဆောင်ဟုလည်း ခေါ်ကြသည်။ နာမည်အတိုင်းပင် ထိုအရာမှာ သေဆုံးပြီးမှ လက်ထပ်ထိမ်းမြားခြင်းကို ဆိုလိုခြင်းပင်။

ရှေးမျိုးဆက်တွေမှ လူများက လူငယ်တစ်ယောက်ယောက်က အိမ်ထောင်မကျသေးဘဲ မတော်တဆ ကွယ်လွန်သွားခဲ့လျှင် မြေအောက်ကမ္ဘာသို့ မဝင်ရောက်နိုင်ဟု ယုံကြည်ကြသည်။

ထို့ကြောင့် သူတို့ကို စိတ်တည်ငြိမ်ဖို့နှင့် စိတ်ကျေနပ်သွားစေရန် သူတို့အတွက် ကြင်ဖော်ရှာပေးကြရသည်။

ထိုကဲ့သို့အကြောင်းမျိုးကို အင်တာနက်ပေါ်မှ သတင်းတွေကိုသာ မြင်ဖူးထားခဲ့သည့် ယွီထုန်လျှို့မှာ သူမတွင် ထိုကဲ့သို့ ကိစ္စမျိုးဖြစ်လာလိမ့်မည်ဟု လုံးဝထင်မထားခဲ့ချေ။

အငြိုးအတေးဒေါသများ တည်ငြိမ်သွားပြီ ဖြစ်သည့် ဖန်းချောင်ယွမ်ကလည်း ထိုစကားကို ကြားတော့ ဝင်ပြောလာသည်။

“ကျွန်မ ရှင့်ဘေးမှာ ရှိနေတုန်းကလည်း ရှင့်မှာ တော်တော်အားကောင်းတဲ့ အဖျက်စွမ်းအင်ရှိတာကို ခံစားမိလိုက်တယ်၊ အဲဒီတုန်းကတော့ စွန်းယွင်က မကောင်းတာတွေ အများကြီး လုပ်ခဲ့လို့ အခြားသရဲတွေက လက်စားချေထားတာလို့ ထင်ခဲ့မိတာ”

“အမှန်ပဲ၊ စယွီထုန်ကျဲသာ ဒီမတိုင်ခင်တုန်းက မကောင်းဆိုးရွားဝိဥာဥ်ရဲ့တိုက်ခိုက်တာကို မခံခဲ့ရဘူးဆိုရင် ဒီမှင်စာလေးရဲ့ အငြိုးအတေးတွေမှာ ဒီလောက်လွယ်လွယ်နဲ့နစ်သွားမှာ မဟုတ်ဘူး”

ကုကျစ်စုန့်က ခေါင်းငြိမ့်ရင်း ဆက်ပြောသည်။

“ကျဲကို အစတုန်းက အိပ်မက်ထဲမှာ ခြောက်လှန့်နေတဲ့ အမျိုးသားက ရှင့်ရဲ့ ယင်လက်ထပ်ခြင်းလုပ်ထားတဲ့ ယောကျ်ားပဲဖြစ်ရမယ်”

ယင်လက်ထပ်ခြင်းတွင် ‘ယင်’စွမ်းအင်ကို အဓိကထားသည်။ ပုံမှန်ဆိုလျှင်တော့ အမျိုးသားနှင့်၊အမျိုးသမီး သေဆုံးသွားခဲ့လျှင် အလောင်းနှစ်ခုကို အတူတူမြှုပ်နှံခြင်းအားဖြင့် ယင်လက်ထပ်ခြင်းကိုအထမြောက်သည်။

ယေဘုယျအားဖြင့် ယင်လက်ထပ်ခြင်း၏အောင်သွယ်တော်များ အသုံးပြုသည့် နည်းလမ်းနှစ်ခုရှိသည်။

တစ်ခုက သေဆုံးပြီးသူ အမျိုးသားနှင့် အမျိုးသမီး၏ လိုအပ်သည့် အချက်အလက်များကို စုဆောင်းကာ၊ ရာသီခွင်ကို အတွဲညီအောင် ပြုလုပ်ပြီးနောက် ယင်လက်ထပ်ခြင်းပွဲကျင်းပရသည်။

သို့သော် မိသားစုအများစုက ထိုကဲ့သို့ သီးသန့်ကိစ္စရပ်များကို လက်မခံနိုင်ကြချေ။ သူတို့က သူတို့၏ သားသမီးများကို အခြားသူစိမ်းအလောင်းတစ်ခုနှင့် တွဲဖက်၍ မမြှုပ်နှံချင်ကြပေ။ ထို့ကြောင့် ယင်လက်ထပ်ခြင်း၏အောင်သွယ်များက သေဆုံးပြီးသူ၏ အချက်အလက်များကို စုဆောင်းရန် မလွယ်ကူနိုင်ကြ။

ထို့အပြင် အမျိုးသားအရေအတွက်မှာ အမျိုးသမီးအရေအတွက်ထက် များနေသည်။

ဒါကြောင့်ပင် တရားမဝင်နည်းလမ်းများဖြင့် အလောင်းများဝယ်ယူသည့် ဒုတိယနည်းလမ်းက ပေါ်ပေါက်လာခဲ့သည်။

အုတ်ဂူတူးထုတ်ကာ အလောင်းခိုးယူခြင်းများ၊ မီးသင်္ဂြိုလ်စက်မှလူများနှင့် အသုဘစီစဉ်သည့်သူများနှင့် လက်ဝါးချင်းရိုက်ထားခြင်းတွေ…. ပို၍ဆိုးရွားသည်က အလောင်းဝယ်ဈေး ဒေါ်လာငွေသိန်းဂဏန်းအတွက် အသက်ရှင်နေသေးသည့် မိန်းကလေးများကို သတ်ဖြတ်သည့် လူများပင် ရှိလေသည်။

ယွီထုန်လျှို့က သက်ရှိလူဖြစ်ပြီး သေသူမဟုတ်သောကြောင့် သူမက သရဲနှင့် လက်ထပ်လို့ မရဟု ဆိုနိုင်စရာရှိသည်။ သာမန် ယင်အောင်သွယ်တော်များမှာ ထိုကဲ့သို့လုပ်ရပ်မျိုးကို ကျွမ်းကျင်မှုမရှိနိုင်ချေ။

သို့သော် သေသေချာချာလေ့လာကြည့်ပြီးနောက် ကုကျစ်စုန့်က ယွီထုန်လျှို့၏ကိုယ်ပေါ်မှ ထူးဆန်းသည့် အစီအရင်မှာ တားမြစ်ခံထားရသည့် တောက်ဓမ္မပညာရပ်တစ်မျိုးပင်ဖြစ်ကြောင်း ရှာဖွေတွေ့ရှိလိုက်ရသည်။

အစီအရင်ပြုလုပ်သူက သူမ၏ ရာသီခွင်နှင့် ခန္ဓာကိုယ်အပိုင်းအစတစ်ခုခု _ လက်သည်း၊ ဆံပင်၊ သွေး စသည်ကို အသုံးပြုကာ သူမ၏ဝိဉာဉ်နှင့် သရဲကို အတင်းအကြပ် လက်ထပ်ထိမ်းမြားပေးလိုက်ခြင်းပင်ဖြစ်ချေသည်။

ဤသို့အရာများကို ပြုလုပ်နိုင်သည်မှာလည်း တောက်ဓမ္မဆရာများသာ ရှိနိုင်သည်!

ယင်လက်ထပ်ခြင်းပြုလုပ်ခံရပြီးနောက် သူမနှင့် သရဲက တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်သွားနိုင်ကြလိမ့်မည်။ သရဲက သူမ၏ အိပ်မက်ထဲသို့ ဝင်ရောက်ကာ သူမကို ချဉ်းကပ်လာနိုင်သည်။ ယင်စွမ်းအင်နှင့် ထိတွေ့မှုများလာသည့်နောက်တွင် ယွီထုန်လျှို့၏ ခန္ဓာကိုယ်သည်လည်း တဖြည်းဖြည်းဆုတ်ယုတ်လာပေလိမ့်မည်။

သူမ ရုတ်တရက်သေဆုံးသွားလျှင်တောင်မှ လက်ထပ်ခြင်းစာချုပ်၏ လိုအပ်ချက်များကို အသုံးချခဲ့သည့် သရဲက ထိုသေဆုံးမှုအတွက် တာဝန်ယူစရာမလိုအပ်သောကြောင့် ရက်စက်သည့် နည်းလမ်းတစ်ခုလည်း ဖြစ်ချေသည်။

ယင်အစီအရင်ကို စစ်ဆေးပြီးနောက် ကုကျစ်စုန့်က ယွီထုန်လျှို့နှင့် ယင်လက်ထပ်ထားသည့် သရဲ၏ အမည်နှင့် ရာသီခွင်ကို ရှာတွေ့နိုင်ခဲ့သည်။

“စွန်းရှန်းဆိုတဲ့ သူကို သိလား”

သူမ ရုတ်တရက်တစ်စုံတစ်ခုကို သတိထားမိလိုက်သည်။

“နေပါဦး ၊ ဒီသရဲက….”

ဖန်းချောင်ယွမ် ကထိုအမည်ကို ကြားတော့ အံ့ဩတကြီးဖြင့် ခေါင်းမော့လာခဲ့ပြီး မေးလာသည်။

“သရဲနာမည်က စွန်းရှန်းတဲ့လား? ကျွန်မ သိသလောက်တော့ စွန်းယွင်မှာ အစ်ကိုတစ်ယောက်ရှိပြီး သူ့နာမည်က စွန်းရှန်းလို့ ထင်တာပဲ၊ သူမက သူမရဲ့အဖေနဲ့ မိသားစုအကြောင်းကို အတန်းထဲမှာ ကြွားလေ့ရှိတယ်လေ”

ကုကျစ်စုန့်လည်း ခေါင်းငြိမ့်သည်။

“စွန်းရှန်းဆိုတဲ့ အမျိုးသားက လွန်ခဲ့တဲ့ လေးလတုန်းက သေဆုံးသွားတာ၊ ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက သူက မင်းရဲ့ ကံကြမ္မာကို လဲသွားတဲ့လူနဲ့ သွေးချင်းတွေပဲ.. ထုန်လျှို့ကျဲ၊ သူတို့က မောင်နှမတွေပဲ ဖြစ်လိမ့်မယ်”

“ဘာလဲ!?”

ရှင်းလန်က ထိုသတင်းကြားရသည်နှင့် အလန့်တကြားထအော်လိုက်မိကာ ထိတ်လန့်ပြီး ကြက်သေသေနေသည့် ယွီထုန်လျှို့ကို လှမ်းကြည့်ပြီး ပြောလိုက်သည်။

“စွန်းရှန်း၊ စွန်းယွင်… အနုပညာလောကထဲကတော့ မဟုတ်ဘူး၊ မင်း မျိုးရိုးနာမည် စွန်းပါတဲ့ လုပ်ဖော်ကိုင်ဖတ်တွေနဲ့ ပြဿနာမတက်ဖူးပါဘူး၊ မင်းရဲ့မိသားစုနဲ့များ သက်ဆိုင်နေမလား?”

ယွီထုန်လျှို့မျက်နှာ သွေးဆုတ်ကာ ဖြူလျော်နေခဲ့သည်။

“ရှင်းကျဲ၊ မနှစ်တုန်းက ကျွန်မကို ဇွတ်အတင်းလိုက်ကပ်ခဲ့တဲ သခင်လေး စွန်းကို မှတ်မိသေးလား?”

သူမ ပြောလိုက်သည်ကိုကြားမှ ရှင်းလန်လည်း ရုတ်တရက် လူတစ်ယောက်ကို တွေးမိသွားသည်။

“သူလို့ ထင်လို့လား!?”

သူမ ထိုသခင်လေးစွန်းကို မှတ်မိနေသည်။ သူက ယုံချန်၏ အိမ်ခြံမြေလုပ်ငန်းပိုင်ရှင်တစ်ယောက်၏ သားဟု ကြားဖူးသည်။ လွန်ခဲ့သည့်နှစ်ဝက်လောက်က သူက အနုပညာလောကထဲသို့ ဝင်လာခဲ့ပြီး ဇာတ်လမ်းတွဲများစွာတွင် ရင်းနှီးမြုပ်နှံခဲ့လေသည်။ ထိုသူမှာ မပြောဘဲသိရမည့် စည်းမျဉ်းများကို ဖောက်ဖျက်ရန် ရည်ရွယ်ချက်ဖြင့်ရောက်လာခြင်းသာဖြစ်ချေသည်။

ရှင်းလန်က အနုပညာလောကတွင် ထိုကဲ့သို့ ညစ်ပတ်သည့်သူများကို မုန်းတီးသည်။ သူမ၏ လက်အောက်မှ အနုပညာရှင်များကိုလည်း ထိုသို့ မပြုလုပ်စေခဲ့ပေ။ သို့သော်လည်း ထိုသခင်လေးစွန်းက ယွီထုန်လျှို့ကို မျက်စိကျသွားလိမ့်မည်လို့ မည်သူက သိနိုင်လိမ့်မည်နည်း?

ကံကောင်းစွာဖြင့် ထိုအချိန်တွင် ယွီထုန်လျှို့က အကောင်းဆုံးဇာတ်ဆောင်ဆုကို ရရှိထားပြီး အနုပညာလောကတွင်‌ အောင်မြင်မှုထိပ်ဆုံးရောက်နေချိန်လည်းဖြစ်နေသည်။ သူမက ကြိုးဆွဲရာသို့ အလွယ်တကူကရမည့် အနုပညာရှင်ပေါက်စတစ်ယောက်မဟုတ်ခဲ့ပေ။ သူမက အလွန်စိတ်ဓာတ်ကြံ့ခိုင်ခဲ့သောကြောင့် သူမ၏ကုမ္ပဏီကလည်း အတင်းအကြပ်ဖိအားမပေးနိုင်ခဲ့ပေ။

နောက်ပိုင်းတွင် ထိုသခင်လေးစွန်းက နေ့စဉ်နေ့တိုင်း တန်ဖိုးကြီးပန်းစည်းများကို ပို့ပေးသည်၊ ခြိမ်းခြောက်စကားများပြောခဲ့သည်။ ထို့နောက် သူမကို မာနကြီးဘဝင်မြင့်နေချင်ယောင်ဆောင်နေသည့် မင်းသမီးဟု ဆိုခဲ့ကာ သူမ၏ အလုပ်အခွင့်အလမ်းများကိုလည်း ဖျက်ဆီးခဲ့သည်။

ထိုအချိန်တွင် အနုပညာအသိုင်းအဝိုင်းထဲမှ လူများက သူမဘော့စ်တစ်ယောက်ကို အပြစ်လုပ်မိပြီး သေတော့မည်ဟုပင် ဆိုခဲ့ကြသည်။

မမျှော်လင့်ထားဘဲ နှစ်လ၊သုံးလလောက် ခေါင်းကိုက်ခဲ့ရပြီးနောက် သခင်လေးစွန်းက သူမကို နှောင့်ယှက်နေသည်ကို ရပ်တန့်လိုက်ပြီး နောက်ထပ်မမြင်ရတော့ချေ။

ယွီထုန်လျှို့နှင့် ရှင်းလန်တို့တွေ ထိုအချိန်တုန်းက သိပ်အများကြီး မတွေးခဲ့ကြ။ သူတို့က အကြီးကြီးကစားနေသည့် သခင်လေးက သူတို့ကို အကောင်း၊အဆိုးခွဲခြားနိုင်စွမ်းမရှိဘူးလို့ ထင်ခဲ့တဲ့အတွက် သူတမအပေါ် အချိန်ဖြုန်းဖို့ စိတ်မရှည်တော့တာကြောင့်ဖြစ်လိမ့်မည်ဟုသာ ယူဆခဲ့ကြသည်။

မျိုးရိုးနာမည်စွန်းနှင့် ပိုက်ဆံရှိသည့် စီးပွားရေးသမား၏ သားဆိုသည်နဲ့ ယွီထုန်လျှို့ ထိုလူကို ချက်ချင်းတွေးလိုက်မိခဲ့သည်။

“မျက်နှာကို အိပ်မက်ထဲမှာ သေသေချာချာမမြင်ရပေမယ့် ရင်းနှီးနေသလိုတော့ ခံစားလိုက်ရတာ အမှန်ပဲ”

“အဲဒါက တကယ်ပဲသူဆိုရင်တော့ ဒီမိသားစုက တော်တော်ကိုစက်ဆုတ်ဖို့ကောင်းတာပဲ!!”

ရှင်းလန်က အံကြိတ်ကာပြောလိုက်သည်။

“ဘဝခြင်းလဲတယ်၊ ယင်လက်ထပ်ခြင်းလုပ်တယ်၊ သေချာပေါက် မင်းကို သတ်ချင်နေတာပဲ! အင်တာနက်ပေါ်က မင်းအိမ်ထောင်ကျသွားတယ်ဆိုတဲ့ သတင်းအလိမ်အညာတွေကလည်း သူတို့ဖြန့်တာပဲ ဖြစ်မယ်၊ ငါ ဒီလောက် ရက်တွေအများကြီး စုံစမ်းခဲ့တာတောင် သဲလွန်စမရတာ မထူးဆန်းတော့ဘူး”

ကုကျစ်စုန့်က အေးစက်စွာပြောလိုက်သည်။

“သူတို့က ထုံလျှို့ကျဲကို သေစေချင်ယုံတင်မကပဲ သူမရဲ့ ကံကောင်းခြင်းနဲ့ ဘဝတွေအပါအဝင် တန်ဖိုးရှိသမျှအကုန်လုံးကိုအပိုင်သိမ်းချင်နေတာ”

“ဒါက မြွေနဲ့ ကြွက်တွေရဲ့တွင်းဆိုတော့လည်း မြွေတွေကို သူတို့အောင်းနေတဲ့ တွင်းကနေ ထွက်လာအောင် မျှားပြီး ဖမ်းရတာပေါ့၊ ကျွန်မကို နှစ်ရက်လောက် အချိန်ပေး၊ ကျွန်မမှာ သူတို့ထွက်လာစေမယ့် နည်းလမ်းရှိတယ်”

•

နောက်တစ်နေ့ နေ့လည်တွင် ယွီထုန်လျှို့က အိပ်ရာပေါ်တွင် လှဲနေရင်း hot search ကို ကြည့်ကာ သက်ပြင်းချသည်။

“ဒီလူတွေ တော်တော်အားယားနေတဲ့ သူတွေပဲ….”

သူမကိုင်ထားသည့် ဖုန်းမျက်နှာပြင်မှ ပထမဆုံးစာကြောင်းတွင် ရေးထားသည့် ခေါင်းစဉ်က စိတ်ပျက်ဖွယ်ကောင်းလှသည်။

# ယွီထုန်လျှို့က ဘာတွေကြံစည်နေတာလဲ

# ယွီထုန်လျှို့က အကြံကြီးနေပြီး ဒါရိုက်တာလျှိူ့နှင့် စိတ်သဘောထားကွဲလွဲနေမှု

‘မျောလွင့်နေသော ပင်လယ်ရဲ့ ဒဏ္ဍာရီ’ ဇာတ်လမ်းတွဲက အင်မတန်အောင်မြင်သည်။ အမျိုးသမီးဇာတ်လိုက်ဖြစ်သည့် သူမကို လူတွေ ဘယ်နှစ်ယောက်လောက် စောင့်ကြည့်နေလဲဆိုသည်ကို မသိနိုင်ပေ။

လွန်ခဲ့သည့်ရက်ပိုင်းက သူမ၏ မျက်နှာမှာ ပျက်စီးသွားသောကြောင့် မင်းသမီးလုပ်ရန် မသင့်တော်ဆိုသည့် အသံများထွက်လာခဲ့သည်။ ယနေ့တွင်တော့ သူမ ရိုက်ကွင်းသို့ မသွားနိုင်သည်ကိုပင် မားကတ်တင်းအကောင့်မှ ‘နာမည်ကြီးတစ်ယောက်လို တလွဲမာနကြီးသည်’ ဟု တင်ထားသည်ကို မြင်လိုက်ရပြီး ပရိုဖက်ရှင်နယ် မဆန်လှပေ။

သူမ ရုတ်တရက် တစ်စုံတစ်ခုကိုသတိရလိုက်သည်။ ကုကျစ်စုန့်သည်လည်း ရိုက်ကူးရေးတစ်ဖွဲ့တည်းတွင် ရှိနေခဲ့သေးပြီး မီးဆိုင်းနဲ့ ရိုက်မိသည့် မတော်တဆမှုကြောင့် ပြဿနာ အတော်ကြီးဖြစ်ခဲ့သေးသည်ပင်။ ထိုအကြောင်းကိုတွေးတောကာ သူမ ကုကျစ်စုန့်ဘက်သို့ လှမ်းကြည့်လိုက်သည်။

ဝရန်တာနားမှ ခုံပေါ်တွင်တော့ မိန်းမပျိုလေးက စောင်ပါးလေးခြုံကာ အိပ်စက်နေခဲ့သည်။ အပြင်ဘက်မှ နေရောင်ခြည်က သူမ၏ မျက်နှာပေါ်သို့ ဖြာကျနေပြီး သူမ၏ မျက်နှာအလှကို မီးမောင်းထိုးပြထားသည့်အလား ထင်ရစေပြီး အသားအရည်ကလည်း ကြည်လင်ကာ‌ ရွှေရောင်သမ်းနေခဲ့သည်။

သူမမှာ မျက်နှာကို ထိခိုက်မိထားသူတစ်ယောက်ဖြစ်ကြောင်း မည်သူကမှ ပြောနိုင်မည်မဟုတ်ပေ။ ယွီထုန်လျှို့ပင်လျှင် သူမ၏နဖူးပေါ်၌ အညိုဖျော့ရောင် အမာရွတ်ရှိနေသည်ကို မကြာခဏ မေ့လျော့နေခဲ့တတ်သည်။

ထိုစဉ် ရှင်းလန်တစ်ယောက် တိုက်ခန်းထဲသို့ ဒေါသတကြီးနှင့် ဝင်လာခဲ့သည်။ သူမက တံခါးမှ ဝင်လာပြီးသည်နှင့် မအောင့်အီးနိုင်စွာ ဒေါသတကြီးနှင့် ပြောဆိုလိုက်သည်။

“မင်းရဲ့ပစ္စည်းတွေကို ရောင်းလိုက်တဲ့လူကို ရှာတွေ့ပြီ၊ ဘယ်သူလို့ထင်နေလဲ? ရှောင်ရှောင်းလေ!! ငါ သူ့ကို တစ်ချိန်လုံး ရိုးသားတယ်လို့ပဲ ထင်ထားတာ၊ သူက မင်းကို သေသေချာချာဂရုစိုက်ပြနေခဲ့တာဆိုတော့ ငါက သူ ဒီလိုမျိုးလုပ်ခဲ့လိမ့်မယ်လို့ တွေးမထားမိခဲ့ဘူး!”

သူမကပြောနေရင်းနဲ့ ပစ္စည်းတစ်ချို့ကို စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။

ရှောင်ရှောင်းဟူသည်မှာ ယွီထုန်လျှို့၏ လက်ထောက်ဖြစ်သည်။ သူမက အလုပ်ကိုလည်း အလွန်ဂရုစိုက်တတ်သူဖြစ်သောကြောင့် ထိုကဲ့သို့ ဆိုးရွားသည်များကို လုပ်ခဲ့သည်ဟူသောအကြောင်းကို ယွီထုန်လျှို့လက်မခံချင်ခဲ့ပေ။

ထို့ကြောင့် သူမက သက်သေများကို ကောက်ယူကြည့်လိုက်သည်။

သက်သေမှာက ရှောင်ရှောင်း၏ လျု့ဝှက်ဂရုလေးများထဲမှ ပြောဆိုထားသည့် စကားမှတ်တမ်းများသာဖြစ်ပြီး သူမက ယွီထုန်လျှို့အသုံးပြုပြီးသား ဖိနပ်၊ နှုတ်ခမ်းနီ အစရှိသည်တို့ကို ဂရုထဲရှိ အလွန်အကျူးပရိတ်သတ်များဆီသို့ ဈေးမတန်တဆဖြင့် ရောင်းချခဲ့သည်။

ယွီထုန်လျှို့မှာ အမျိုးသမီး ကြယ်ပွင့်တစ်ယောက်ဖြစ်သည့်အလျောက် ပွဲများကိုတက်ရလေ့ပြီး ဟိုတယ်များတွင် ငှားနေရသည်လည်းရှိသည်။ သူမ၏ အလှကုန်နဲ့ နေ့စဉ်သုံးပစ္စည်းများမှာလည်း အများအပြားရှိနေသောကြောင့် တစ်ချို့သောပစ္စည်းပျောက်နေလျှင်ပင် သတိထားမိမည်မဟုတ်ချေ။

ပို၍ဆိုးရွားသည်မှာ စွန်းမိသားစုမှ ရှောင်ရှောင်းထံမှ ယွီထုန်လျှို့၏ ဆံပင်ကို ဈေးအများကြီးပေးကာ ဝယ်ယူထားခဲ့သည်။

All Chapters