ယင်လက်ထပ်ထိမ်းမြားခြင်း (2)
Vol. 4 Ch. 37
သူမ၏ မွေးသက္ကရာဇ်အချက်အလက်များနှင့် ဇာတာစာလုံး ရှစ်လုံးကတော့ အင်တာနက်ပေါ်မှ အစွန်းရောက်ပရိတ်သတ်တစ်ချို့က သူမ၏ ပညာရေးနှင့် အသိအမှတ်ပြုလက်မှတ်များဆီကနေ ရှာတွေ့ခဲ့ခြင်းပင်ဖြစ်သည်။
ထိုသက်သေများကို မြင်တွေ့လိုက်ရပြီးနောက် ယွီထုန်လျို့တစ်ယောက် ရွံရှာမုန်းတီးစိတ်များဖြစ်လာမိရသည်။
“သူမ ဘာလို့ ဒီလိုမျိုး လုပ်နိုင်ရတာလဲ? ကျွန်မ သူ့ကို ဒီလောက်တောင်ဂရုစိုက်ပေးခဲ့တာကိုလေ”
ရှင်းလန်က အေးစက်စွာ နှာခေါင်းရှုံ့သည်။
“သူမ ပြောခဲ့တဲ့အတိုင်းဆိုရင် သူမရဲ့မိသားစုထဲက လူတွေ ကျန်းမာရေးမကောင်းလို့ သူမရဲ့ဘဝက ခက်ခဲလွန်းနေတယ်တဲ့၊ ငါ့ကိုတောင် သနားအောင် ပြောနေခဲ့သေးတယ်၊
ဒီပစ္စည်းတွေက ငါတို့အတွက်တော့ အမှိုက်တွေဆိုပေမယ့် သူမရဲ့မိသားစုဘဝကို ပိုကောင်းအောင် လုပ်ပေးနိုင်တယ်တဲ့၊ ငါ တကယ်ကို ဒေါသထွက်မိတယ်၊ ဒီပြဿနာတွေပြီးရင် ငါ အဲဒီကောင်မလေးကို အရင်ဆုံးတရားစွဲမှာ!”
စကားပြောပြီးနောက် သူမက ဝရံတာတွင် နေပူဆာလှုံနေသည့် ကုကျစ်စုန့်ဆီကို လှမ်းပြောလိုက်သည်။
“မစ္စကု၊ စွန်းကျန်းရဲ့ အချက်အလက်တွေကို ရှာလို့ရခဲ့ပါပြီ၊ သူမရဲ့အဖေက ယုံချန်နိုင်ငံတကာအိမ်ခြံမြေအကျိုးဆောင်အဖွဲ့ရဲ့ ဥက္ကဌတဲ့၊
စွန်းကျန်းက လွန်ခဲ့တဲ့ လေးလလောက်က ကားမောင်းပြိုင်နေရင်း အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲကို ပြုတ်ကျသွားခဲ့တာလို့သိရတယ်.. အဲဒါ သူပဲနေမှာ”
ကုကျစ်စုန့်က သူမသိရှိပြီဖြစ်ကြောင်း အသံပြုကာ ပျင်းရိစွာနှင့် မျက်လုံးများကိုဖွင့်လာခဲ့သည်။ သူမ၏ ပုခုံးပေါ်တွင် လှဲနေသည့် လက်မအရွယ်ခန့် အနီရောင်စက္ကူလူသားလေးကလည်း ခေါင်းထောင်ကြည့်လာသည်။
ထိုအနီရောင်စက္ကူလူရုပ်လေး၏အထဲတွင် ဖန်းချောင်ယွင်၏ ဝိဉာဉ်ရှိနေခဲ့သည်။
ကုကျစ်စုန့်က ယွီထုန်လျို့၏ မျက်နှာကို ကြည့်ရင်း ပြောလိုက်ချေသည်။
“ခဏလောက် ထပ်စောင့်လိုက်ဦး၊ သဘက်ခါကျရင် ပြင်ဆင်လို့ ပြီးတော့မယ်”
ပါပါရာဇီတွေသာ ယခုယွီထုန်လျို့၏ မျက်နှာကို မြင်တွေ့လိုက်ရမည်ဆိုပါက အကြီးအကျယ်ရှော့ရသွားနိုင်သည်။ ယခင်တုန်းက အေးစက်တည်ငြိမ်သည့် အလှတရားကြောင့် လူသိများခဲ့သော ယွီထုန်လျို့မှာ ယခုတွင်တော့ မေးစိပြားချပ်ပြီး၊ နှာခေါင်းက ပွကာ နှင့် တခြားလူတစ်ယောက်နှင့် တူနေချေပြီ။
•
မဂ္ဂဇင်းတစ်ခု၏ ရိုက်ကူးရေး အဝတ်လဲခန်းထဲတွင် မင်းသမီးတစ်ယောက်က ရေသောက်ရင်း အနားယူနေစဉ် ဘေးနားတွင် ဖုန်းကိုပွတ်ဆွဲနေသည့် အေးဂျင့်၏ ပြောစကားကို ကြားလိုက်ရသည်။
“ယွီထုန်လျို့ကတော့ ဒီတစ်ခါသွားပြီထင်တယ်၊ အနည်းဆုံး မိသားစု နှစ်ခု၊ သုံးခုလောက်က သူ့ကို ရှုံ့ချနေတာတွေကို ငါကြားခဲ့ရတယ်၊ ဒါရိုက်တာလျို့ရဲ့ ဒရမ်မာက နာမည်ကြီးတော့ လူတွေအများကြီးက ယွီထုန်လျို့ကို အကဲခတ်ပြီး ဆွဲချဖို့ ကြိုးစားနေကြတာ၊
ဒါပေမယ့် သူတို့တွေပြောတာကဟုတ်တော့လည်းဟုတ်တယ်၊ သူက ငယ်ရွယ်တဲ့သူတစ်ယောက်မဟုတ်တော့ဘူးလေ.. မင်းသမီးကြီးတစ်ယောက်က မင်းသမီးငယ်လေးတွေလိုတော့ မျက်နှာက ဘယ်နုနယ်နေတော့မှာလဲ.. သူမရဲ့မျက်နှာကို ကြည့်ရတာ သိပ်ပုံမှန်မဟုတ်ဘူး”
ယွီဖုန်းချင်းက စိတ်မသက်မသာဖြစ်ဟန်ဖြင့်ပြောခဲ့သည်။
“ အဲလိုမပြောပါနဲ့”
မန်နေဂျာ:
“ဟုတ်ပါပြီ၊ဟုတ်ပါပြီ.. မပြောတော့ပါဘူး.. သူက ငါတို့ချင်းချင်းရဲ့ အိုင်ဒေါဆိုတာကို မေ့သွားတယ်၊ ဒီအနုပညာလောကထဲကတော့ သီးသန့်ဘဝဆိုတာ မရှိ၊ သူငယ်ချင်းအစစ်၊စီနီယာ၊ ဂျူနီယာဆိုတာ မရှိဘူး၊
အားလုံးက ကင်မရာရှေ့မှာ ဟန်ဆောင်နေကြတာတွေချည်းပဲ၊ မင်းတစ်ယောက်တည်းကသာ ရိုးရှင်းလွန်း၊ သဘောကောင်းလွန်းနေတာ”
“စကားမစပ်၊ မင်းလည်း ‘မျောလွင့်နေသော ပင်လယ်ရဲ့ ဒဏ္ဍာရီ’ မူရင်းစာအုပ်ကိုရော၊ ဒါရိုက်တာလျို့ကိုပါ သဘောကျတယ်မလား? အခုကြားနေရတာ ဒရမ်မာထဲက သရုပ်ဆောင်တွေကို ပြန်ရွေးချယ်မယ်ဆိုပဲ၊
တကယ်လို့ ယွီထုန်လျို့သာ သရုပ်မဆောင်နိုင်တော့ဘူးဆိုရင် မင်းသွားပြီး လူရွေးပွဲကို သွားဖြေလိုက်၊ တခြားလူတွေကို အခွင်းရေးယူတာ မခံနဲ့”
“ဘာပဲဖြစ်ဖြစ် ငါတို့ရဲ့ ခိုအီလေး ဖုန်းချင်းဆိုရင်တော့ ကံကြမ္မာနတ်ဘုရားက မ,စမှာ သေချာပါတယ်”
ဤသည်မှာ စနောက်ပြောဆိုခြင်းမဟုတ်ဘဲ မန်နေဂျာ၏ အစစ်အမှန်အတွေးသာ ဖြစ်သည်။ အနုပညာလောကတွင် လူသိများသည့် အချက်တစ်ခု သူမ ပျိုးထောင်ခဲ့သည့် အနုပညာရှင်များထဲတွင် ယွီဖုန်းချင်းမှာ မည်သည့်အရာတွေဖြစ်စေအောင်မြင်မှု အရှိဆုံးသူဖြစ်ပြီး ဆက်တိုက်ကမ်းလှမ်းမှုတွေလည်း အပြည့်ရှိနေသူဖြစ်သည်။
နောက်တစ်ချက်က သူမတွင် တစ်ကိုယ်ကောင်းဆန်သည့် အကြောင်းရင်းများလည်း ရှိနေသည်။ ယွီဖုန်းချင်း အနုပညာရှိုးပွဲတွင် စတင်ပေါ်လာချိန်က သူမ၏ နာမည်ပြောင်မှာ ‘ယွီထုန်လျို့နောက်မှ ခြေတလှမ်းအကွာမှ မင်းသမီး’ ဖြစ်ခဲ့သည်။ အကယ်၍ သူမသာ ‘မျောလွင့်နေသော ပင်လယ်ရဲ့ ဒဏ္ဍာရီ’ ဒရမ်မာ၏ အဓိက ဇာတ်ဆောင်နေရာကို တစ်ကြိမ်တည်းနှင့် အရွေးချယ်ခံလိုက်ရပါက သူမ ယွီထုန်လျို့ကို ချက်ချင်းကျော်တက်သွားနိုင်မှာသေချာပေါက် ဖြစ်ချေသည်။
ယွီဖုန်းချင်းက ခေတ္တခဏ ရပ်တန့်နေခဲ့ကာ တုံ့ဆိုင်းစွာဖြင့် ပြောခဲ့သည်။
“အဲဒါက သိပ်မကောင်းလောက်ဘူး…”
အနုပညာလောက၏ နာမည်ကြီး ‘သက်ရှိကမ္ဘာရဲ့ ခိုအီ’ အနေဖြင့် သူမ သိထားတာတစ်ခုရှိသည်။ ငယ်စဉ်ကလေးဘဝကနေ အရွယ်ရောက်သည်ထိ သူမ လိုချင်သမျှကို အဆုံးသတ်မှာ ရနေလိမ့်မည်။ သူမသဘောကျသည့် လူများက ကံကောင်းမှာဖြစ်ပြီး သူမကို အနိုင်ကျင့်သည့် သူများက ကံဆိုးကြလိမ့်မည်။
သူမ၏ဘေးနားမှ ဆွေမျိုးများ၊ သူငယ်ချင်းများကပါ သူမက ခိုအီဝင်စားသည့် လူသားဟု အမြဲဆိုခဲ့ကြသည်။ အနုပညာလောကထဲသို့ ဝင်လာသည့်အချိန်ကို ရောက်တော့လည်း သူမ၏ ကံကောင်းမှုက ပိုပြီးတောင် လူသိများ၊ထင်ရှားလာခဲ့သည်။
မန်နေဂျာက ဆက်ပြီး တွန်းအားပေးနေခဲ့သည်။
“မင်းပဲ သရုပ်ဆောင်ပညာကို တိုးတက်အောင် လုပ်ချင်တယ်ဆို? ဒါရိုက်တာလျို့က နိုင်ငံကျော် ဒါရိုက်တာနော်! သူက မင်းကို သရုပ်ဆောင်တဲ့နေရာမှာ ခေါင်းဆောင်နေရာရော၊ ဇာတ်ပို့နေရာကိုပါ သင်ပြပေးလိမ့်မယ်”
နောက်ဆုံးတော့ ယွီဖုန်းချင်း ခေါင်းငြိမ့်လိုက်သည်။
“ဒါဆို ဒီရက်ပိုင်းအတွင်း ဇာတ်ညွှန်းသေချာ ဖတ်ကြည့်ထားလိုက်ပါ့မယ်”
•
ယုံချန်မြောက်ပိုင်း အထက်တန်းကျောင်းတစ်ခုတွင်တော့:
လူငယ်အထက်တန်းကျောင်းသားကောင်လေးတွေက ဘတ်စကတ်ဘောကွင်းထဲတွင် ပြေးလွှားကစားနေခဲ့ကြသည်။ ကစားပွဲပြီးဆုံးသွားချိန်တွင် သီးသန့်ပုံစံဖြစ်အောင် ပြောင်းထားသည့် ကျောင်းဝတ်စုံကို ဝတ်ဆင်ထားပြီး မိတ်ကပ်ပါးပါးလိမ်းခြယ်ထားသည့် ကျောင်းသူလေးတစ်ယောက်က ကောင်ချောလေးတွေထဲမှ တစ်ယောက်ထံသို့ ရေဘူးကို လှမ်းပေးလိုက်သည်။
ကောင်လေးက ခဏကြောင်အသွားကာ အချိန်ကြာကြာစဉ်းစားနေခဲ့ပြီး နောက်ဆုံးတော့ လက်ဆန့်ကာ ရေဘူးကို ယူလိုက်သည်။
သူ့ဘေးက ကျောင်းသားလေးတွေကလည်း ‘ဝိုးခနဲ၊ဝါးခနဲ’ ဟစ်ကြွေးလာခဲ့ကြချေသည်။
ကောင်မလေး ထွက်သွားပြီးနောက် သူငယ်ချင်းများက ကောင်လေး ပုခုံးကို တိုက်ကာ စနောက်လာခဲ့ကြသည်။
“ဘာလဲ? နောက်ဆုံးတော့ သဘောပေါက်သွားပြီလား? စွန်းယွင်က မင်းကို ကြိုက်နေတာ ကြာပလှပြီနော်.. သူမရဲ့ အိမ်ကလည်း ချမ်းသာတယ်လေ၊ ပြီးတော့ အခုတလော သူမက ပိုပြီးတော့လှလာသလိုပဲ၊ ဒါနဲ့ သူမရဲ့ မျက်လုံးတွေက အရင်တုန်းက အဲလောက် ဝိုင်းနေလို့လား?”
“သူမ မိတ်ကပ်လိမ်းထားတာပါ.. ပြီးတော့ နှာခေါင်းကလည်း နည်းနည်း…”
တစ်ဖက်မှ ကောင်လေးကတော့ ငြိမ်သက်နေခဲ့ပြီးနောက် စကားလမ်းကြောင်းလွှဲလိုက်ရင်း လက်ထဲမှ ရေသန့်ဘူးကို တင်းတင်းဖြစ်ညစ်ဆုပ်ကိုင်ထားခဲ့သည်။
သူ့၏စိတ်ထဲသို့ ဆံပင်တိုလေးနှင့် ကောင်မလေးတစ်ယောက်၏ပုံရိပ်များ တိုးဝင်လာခဲ့သော် သူက ခေါင်းကိုခါရမ်းလိုက်ကာ မကောင်းသည့် မှတ်ဉာဏ်တွေကို ချန်ထားခဲ့ဖို့သာ ဆုံးဖြတ်လိုက်တော့သည်။
သင်ကြားရေးဆောင်၏ လျှောက်လမ်းပေါ်တွင် ကျောင်းသူလေးများတစ်စုရှိနေပြီး တချို့က မိတ်ကပ်များ လိမ်းချယ်နေကြပြီး တချို့ကတော့ ဆံပင်ကောက်သည့် အပူချောင်းဖြင့် ဆံပင်များကိုကောက်နေကြသည်။
“ယွင်ကျဲ၊ ဒါက အရမ်းကောင်းတဲ့ကိစ္စပဲ နောက်ဆုံးတော့ ယွင်ကျဲကတောင်ထိပ်က ပန်းကို ခူးနိုင်တော့မှာ”
“ဘာတွေ အဓိပ္ပါယ်မရှိ လျှောက်ပြောနေပြန်တာလဲ၊ ငါတို့ယွင်ကျဲရဲ့ မိသားစုက ချမ်းသာပြီး လှလဲ လှတယ်လေ၊ ငါထင်တာတော့ ကျဲကသာ ကျောင်းရဲ့ ပန်းလေးဖြစ်သင့်တာ၊ မနေ့က ယွင်ကျဲကို အဝေးက ကြည့်လိုက်တာ ဟိုမင်းသမီးတစ်ယောက်နဲ့တောင် တူနေသေးတယ်၊ ဟိုယွီထုန်လျို့လေ!”
အလယ်ထဲက ကောင်မလေးက တစ်ချိန်လုံး ပြုံးပျော်နေပေမယ့် ရုတ်တရက်မျက်နှာပျက်သွားပြီး ချီးကျုးနေတဲ့ ကောင်မလေး၏ နောက်ကျောကို ဆက်တိုက် ဆောင့်တွန်းလိုက်သည်။
စွန်းယွင် : “ နင် ဘာစကားပြောလိုက်တာလဲ.. ဟမ်?”
သူမ၏ဘေးမှ လူတွေကလည်း ချက်ချင်း အလောတကြီးဖြင့် အလိုလိုက်အကြိုက်ဆောင်၍ပြောလာကြသည်။
“ဟုတ်တယ်၊ အခုဆိုအင်တာနက်ပေါ်မှာ ယွီထုန်လျို့ရဲ့ ရုပ်ဆိုးတဲ့ မျက်နှာကြီးက trend ဖြစ်နေတာ၊ ယွင်ကျဲ သူနဲ့ လုံးဝတူမနေဘူးနော်၊ ဟုတ်ပြီလား?”
သို့သော်လည်း ထိုစကားများကလည်း စွန်းယွင်ကို ပျော်မနေစေတာကြောင့် ချီးကျုးစကားမဆုံးခင် စွန်းယွင် တစ်ဖက်လူဆီသို့ ဒေါသမျက်လုံးဖြင့် လှမ်းကြည့်လိုက်သည်။
မပျော်မရွှင်ဖြစ်နေသည့် စွန်းယွင်တစ်ယောက် အိမ်ကိုပြန်ရောက်တော့ အိမ်ထဲတွင် အေးစိမ့်နေသည့်လေထုကြောင့် ကြက်သီးထသွားခဲ့ကာ သူမ၏အခန်းထဲကို ပြေးဝင်သွားခဲ့သည်။
ထို့နောက်သူမက မှန်ကို ထပ်ခါထပ်ခါ ကြည့်နေခဲ့သည်။ ဖြူဖွေးနူးညံ့နေသော အသားအရည်၊ ချယ်ရီသီးလို နီရဲနေသည့် နှုတ်ခမ်းနှင့် ပုလဲစီထားသကဲ့သို့သော သွားဖြူဖြူလေးများကို ကြည့်ရင်း သူမ အလွန်အမင်း ဂုဏ်ယူကျေနပ်နေခဲ့သည်။
နောက်တစ်ရက်အိပ်ယာနိုးလာချိန်မှာတော့ စွန်းယွင်တစ်ယောက် အိပ်ချင်မူးတူးနှင့် ရေချိုးရန် ပြင်နေစဉ်မှာပဲ သူမ၏ မျက်လုံးများ ပြုးကျယ်သွားခဲ့ကာ ကိုယ့်မျက်နှာကို အံ့ဩတကြီးဖြင့် ကိုင်ကြည့်မိသည်။
သူမက ဧည့်ခန်းထဲကို ပြေးထွက်သွားခဲ့ပြီး ကျယ်လောင်စွာအော်ဟစ်ခဲ့သည်။
“မား! သမီးမျက်နှာကို ကြည့်ပါဦး၊ သမီးအရမ်းကို လှသွားပြီ!!”
ဧည့်ခန်း၏အလယ်ထဲမှ အနက်ရောင်စင်ရှေ့တွင် အမွှေးတိုင်ထွန်းရင်း ရွတ်ဖတ်နေတဲ့ အမေစွန်းက သူမ၏မျက်နှာကို ကြည့်ကာ အင်မတန်ပျော်မြူးသွားသည်။
“လုံးဝပြောင်းလဲသွားတယ်! ငါတို့ အောင်မြင်တာပဲ!!”
သူမက သူမလက်ညိုးကို သွားဖြင့် ကိုက်ကာ မီးထွန်းထားဆဲဖြစ်သည့် အမွှေးတိုင်ပြာထဲကို သွေးစက်အနည်းငယ်ချလိုက်သည်။ မကြာလိုက်ပေ။ ဆုတောင်းမှုပြုသည့် အနက်ရောင်သေတ္တာထဲမှ အမျိုးသားသရဲတစ်ကောင်ထွက်လာခဲ့သည်။
“မား၊ မားတို့ပြောနေတာကို ကျွန်တော် အကုန်ကြားလိုက်ရတယ်၊ အခု အဖိုးကြီးချန်ကို အမြန်ခေါ်လိုက်တော့!”
ထိုအရာက စွန်းမိသားစုမှ ဆိုးရွားသည့် နည်းလမ်းများဖြင့် ထိန်းသိမ်းထားခြင်းခံရသောကြောင့် သက်ရှိကမ္ဘာတွင် ကျန်ရစ်နေသည့် စွန်းကျန်း၏ ဝိဉာဉ်ပင်ဖြစ်သည်။
သူက သုံးဆယ်ကျော်အရွယ်ဖြစ်ပြီး အရပ်လည်းမရှည်ဘဲ၊ တြိဂံပုံမျက်လုံးများရှိကာ နှာခေါင်းကတော့ ပြားချပ်နေခဲ့သည်။ သို့သော်လည်း သူ့အမေ၏ မျက်လုံးထဲတွင်တော့ သူက အချောဆုံးပင်။
“ကောင်းပြီ ကောင်းပြီ.. မား အဖိုးကြီးချန်ကို အခုပဲ ဒီခေါ်လိုက်တော့မယ်!”
အဖိုးကြီးချန်ဆိုသည်ကတော့ စွန်းကျန်းကို ယင်လက်ထပ်ထိမ်းမြားပွဲကို အောင်သွယ်ပေးခဲ့သည့် တောက်ဓမ္မဆရာပင်ဖြစ်သည်။
သူ အလောတကြီးရောက်လာပြီးနောက် စွန်းယွင်၏ လုံးဝပြောင်းလဲသွားသည့် မျက်နှာကို ကြည့်ကာ တွက်ချက်မှုအနည်းငယ်ပြုလုပ်လိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။
“သူမရဲ့ ကံကြမ္မာကတော့ လုံးဝပြောင်းလဲသွားပြီ၊ အခုကစပြီးတော့ ဟိုသရဲကလည်း မင်းကို လာနှောင့်ယှက်မှာ မဟုတ်တော့ဘူး၊ နောက်ပြီး သားဖြစ်သူရဲ့ ယင်လက်ထပ်ခြင်းကလည်း အတည်ဖြစ်သွားပြီ၊ ဆိုလိုတာက ကောင်မလေးရဲ့ အသက်ရှင်သန်ခြင်းက လုံးဝ ပြတ်တောက်သွားပြီ၊ ပြီးတော့ ငါ့ရဲ့ အစီအရင်ကြောင့် သူမရဲ့ဝိဉာဉ်က ပြန်ဝင်စားဖို့ မသွားနိုင်ဘဲ အလောင်းထဲမှာတင် ပိတ်မိနေလိမ့်မယ်”
စွန်းကျန်းက ထိုစကားကို ကြားတော့ ယုတ်မာစွာ ပြုံးလိုက်သည်။
“အဖိုးကြီးချန်၊ သူ့ဝိဉာဉ်ကို အခုပဲ သွားဖမ်းကြရအောင်”
စွန်းကျန်းက မသေခင်မှာလည်း မကောင်းမှု များစွာပြုလုပ်ခဲ့ပြီး သူ့ရဲ့ အကျင့်စရိုက်ကလည်း အမြဲတမ်း တရားမျှတမှုမရှိ၊ ပျက်ပြားနေခဲ့သည်။ သေဆုံးပြီးနောက် သူက သက်ရှိကမ္ဘာတွင် ရှိမနေသင့်သော်လည်း သူ့မိဘများက ဆွဲခေါ်ထားခဲ့သည်။ ဤသို့ဖြင့် သရဲဖြစ်လာပြီးသည့်နောက်တော့ ပို၍ပင် ယုတ်မာကြမ်းတမ်းလာခဲ့သည်။
သူက မိဘတွေကို သူ့အတွက် ယင်လက်ထပ်ခြင်းလုပ်ဆောင်ပေးဖို့ ပြောခဲ့ပြီး ယွီထုန်လျို့ကို သတို့သမီးဟုပင် အမည်တပ်ခဲ့သည်။
သူ, စွန်းကျန်းကသာလျှင် ကစားရခြင်းကို ပျင်းရိသွားရမည့် လူဖြစ်ပြီး မည်သူကမျှ သူ့ကို လွန်ဆန်လို့ မရစေရ!
ယွီထုန်လျို့က သူအသက်ရှိစဉ်က အတူမနေချင်ဘူးဆိုမှတော့ သူသေသွားရင်တောင် ယွီထုန်လျို့ကို သူ့လက်အောက်မှာ နွားတစ်ကောင်လို ခိုင်းစေလို့ရနေစေရမည်။
စွန်းကျန်းက စွန်းမိသားစု၏ တစ်ဦးတည်းသော သားဖြစ်ကာ စွန်းမိသားစု၏ နေမင်းဖြစ်သည်။ သူတို့ ၏တစ်ဦးတည်းသောသားက ငယ်ငယ်ရွယ်ရွယ်မှာ အသေဆိုးနှင့် သေရသည်ကို လက်မခံနိုင်ကြတာကြောင့် သူတို့သား၏ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးနိုင်ရန် ပြင်ဆင်ကြတော့သည်။
ငွေများများပေးနိုင်သ၍ လုပ်ဆောင်ပေးနိုင်သည့် ထူးခြားပညာရှင်တွေက ရှိနေစမြဲပင်။
အဖိုးကြီးချန်ဟူသည်မှာ စွန်းမိသားစုမှ သူတို့သားဖြစ်သူ၏ လက်ထပ်ပွဲကို လုပ်ဆောင်ပေးဖို့ရန်အတွက် ယွမ် သန်း၈၀ ပေးကာ ငှားရမ်းထားသည့် သူပင်ဖြစ်ခဲ့သည်။