← Chapters

ငွေကြေးကို ဖြုန်းတီး၍ ကလေးကို သတ်လိမ့်မည် (မြွေပါလည်းဆုံး၊ သားလည်းဆုံး)

Vol. 4 Ch. 39

ငွေကြေးကို ဖြုန်းတီး၍ ကလေးကို သတ်လိမ့်မည် (မြွေပါလည်းဆုံး၊ သားလည်းဆုံး)

Vol. 4 Ch. 39

ဝိဥာဥ်အား သန့်စင်ခြင်း

အေးစိမ့်ကာ မှောင်မည်းနေသည့် အိပ်ခန်းတစ်ခန်းထဲတွင် အပြင်ဘက်မှ အလင်းရောင်ဝင်မလာစေရန် လိုက်ကာများကို တင်းတင်းစေ့ထားခဲ့သည်။ အခန်းတွင်းမှ မျက်နှာကြည့်မှန်၊ ကိုယ်လုံးပေါ်မှန်များကလည်း တစ်စစီ အက်ကွဲနေပြီး ကြမ်းပြင်ပေါ်တွင် မှန်ကွဲစများ ပြန့်ကြဲနေခဲ့သည်။

ဆံပင်များ ဖွာလန်ကြဲနေသည့် မိန်းကလေးတစ်ဦးက သူမ၏မျက်နှာကို ဖုံးကွယ်ထားရင်း ထိတ်လန့်တုန်လှုပ်စွာ ရေရွတ်နေခဲ့သည်။

“ဒါက ငါ့မျက်နှာမဟုတ်ဘူး… မဟုတ်ဘူးလို့!!”

အရိပ်မည်းများအောက်မှ သူမ၏ မျက်နှာမှ တစ်ခြမ်းလောက်ကတော့ ရွက်ကြမ်းရေကျိုမျက်နှာဖြင့် မိန်းကလေးတစ်ယောက်၏ပုံစံဖြစ်သော်လည်း ကျန်သည့်တစ်ခြမ်းကတော့ လူအိုမျက်နှာဖုံးစွတ်ထားသကဲ့သို့ အရေပြားများ ပျော့တွဲကျနေခဲ့ကာ ခြောက်ခြားစရာပင်ကောင်းနေခဲ့သည်။

ထိုမိန်းကလေးကတော့ ဘဝပြောင်းခြင်းအစီအရင်၏ တန်ပြန်ခြင်းကို ခံလိုက်ရသည့် စွန်းယွင်ပင်ဖြစ်ချေသည်။

သူမ ၏မျက်နှာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

ထိုအချိန်က မိသားစုညစာစားနေချိန်ဖြစ်ပြီး သူမ၏ မိဘများက သားဖြစ်သူ အပိုင်စီး၍ ရနိုင်မည့် ခန္ဓာကိုယ်အသစ်တစ်ခုကို ရှာဖွေရန် အဖိုးကြီးချန်အား နည်းလမ်းရှာခိုင်းဖို့ တိုင်ပင်နေခဲ့ကြသည်။

ကျောင်းမြက်လေးနှင့် အွန်လိုင်းမှ စကားပြောနေခဲ့သည့် စွန်းယွင်တစ်ယောက် ရုတ်တရက် ပါးပြင်တစ်ဖက်မှ ပူလောင်သည့်နာကျင်မှုကို ခံစားလိုက်ရပြီး မျက်နှာကို အုပ်ကိုင်ကာ အော်ဟစ်လိုက်မိသည်။

အမေစွန်းက သူမ၏မျက်နှာကို မြင်တော့ ကြောက်လန့်တကြားအော်ဟစ်လာခဲ့ချေသည်။

“မင်း!! မင်းမျက်နှာက!!?”

သူတို့က စွန်းယွင်၏ မျက်နှာတစ်ခြမ်းက ပျော်ကျသွားပြီး အရေပြားက စက္ကန့်ပိုင်းအတွင်း ပျော့တွဲကျလာသည့် သွေးပျက်စရာမြင်ကွင်းကို မြင်လိုက်ရသည်။

သူတို့အားလုံးသဘောပေါက်လိုက်သည်က အဖိုးကြီးချန်တွင် မကောင်းသည့်အရာ တစ်ခုခုဖြစ်သွားသည်ကိုပင်။

“ရှောင်ကျန်း တစ်ခုခုဖြစ်သွားပြီထင်တယ်၊ အဖိုးကြီးချန်ကို ရှာမတွေ့ဘူးလား? သူ့ကို ချက်ချင်း မြန်မြန်ရှာစမ်းပါ!!”

အမေစွန်းက သူမ၏ ခင်ပွန်းသည်ဖြစ်သူကို ရိုက်နှက်လိုက်ရင်း အော်ပြောလာခဲ့သည်။

“ကျွန်မသားလေးက ဒုက္ခတွေအများကြီးခံခဲ့ရတာ.. သူ့ကို ရှာမတွေ့ရင် ကျွန်မသေလိမ့်မယ်လို့!!”

တစ်မိသားစုလုံး ယောက်ယက်ခတ်သွားခဲ့ပြီး မည်သူကမှ စွန်းယွင်၏မျက်နှာကို ဂရုမစိုက်နိုင်ကြတော့ချေ။ သူတို့အားလုံးက သူတို့၏သားဖြစ်သူ စွန်းကျန်းကို ရှာဖွေဖို့ကိုသာ စိုင်းပြင်းနေခဲ့ကြသည်။

ပျက်စီးသွားသည့် သူမ၏မျက်နှာကို ကြည့်ရင်း စွန်းယွင်တစ်ယောက် ယူကြုံးမရဖြစ်နေခဲ့သည်။ သူမက အိမ်ထဲမှ ရှိသမျှ မှန်များကို ရိုက်ခွဲ၍အော်ဟစ်နေခဲ့ကာ သူမ၏ အခန်းထဲမှ ထွက်မလာတော့ချေ။

“ပြန်ပြောင်းစမ်းပါ! မြန်မြန်ပြန်ပြောင်းသွားလိုက်စမ်း !!!!!”

သူမက ပါးပြင်ကို ဆက်တိုက်ပွတ်ပစ်နေရင်းမှ အတွေးတစ်ခုပေါ်လာကာ မိဘတွေဆီကို ချက်ချင်း မတ်ဆေ့ချ်တစ်စောင်ပို့လိုက်သည်။

“ပါး! သမီးကို နောက်ထပ် တောက်ကျန်းတစ်ယောက်ရှာပေး! ပြီးတော့ ဘဝချင်းလဲဖို့ လူတစ်ယောက်ပါ ရှာပေး! သမီး ဒီပုံစံကြီးနဲ့ မနေနိုင်ဘူး!!!!”

သူမမှာ သူမ၏ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားသည့် မျက်နှာကိုသာ အာရုံများနေခဲ့သောကြောင့် အခန်းတွင်းမှ အပူချိန်က တဖြည်းဖြည်းလျော့ပါးလာခဲ့ပြီး ပတ်ဝန်းကျင်ကလည်း တစ်ဖြည်းဖြည်းမှောင်မည်းလာသည်ကို သတိမထားမိခဲ့ပေ။

အလွန်အမင်းအေးစက်မှုကြောင့် တုန်ရီလာချိန်မှာမှ စွန်းယင် သတိပြန်ဝင်လာခဲ့သည်။ လက်ရှိတွင်အေးစက်မှုကြောင့် သူမ၏ ကြက်သီးမွှေးညင်းများပင် ထနေခဲ့ပေသည်။

အခန်းက မှောင်မည်းနေပြီး သူမ၏ လက်ကိုတောင် ငုံ့ကြည့်၍ မမြင်နိုင်တော့သောကြောင့် စွန်းယွင် ကြောက်စိတ်များဝင်လာသည်။

“အန်တီဝမ်? အန်တီဝမ် ကျွန်မရေသောက်ချင်တယ်!!”

အိမ်အကူက ပြန်မဖြေလာသောကြောင့် သူမ အိပ်ရာဘေးမှ မီးအိမ်ကို အသည်းအသန်ထဖွင့်လိုက်သည်။ ခလုတ်နှိပ်သံမြည်ပြီးနောက် အခန်းထဲတွင် အလင်းရောင်ပေါ်လာခဲ့သော်ငြား မီးအိမ်၏ ဝါကျင့်ကျင့် အလင်းရောင်မဟုတ်၊ အေးစက်သည့် လရောင်သာဖြစ်သည်။

စွန်းယွင် သူမဘေးမှ ပတ်ဝန်းကျင် ရုတ်ချည်းပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။

သူမက စာသင်ကျောင်းဆောင်၏ အမိုးထပ်တွင် ရပ်နေခဲ့ပြီး လခြမ်းလေးက သူမခေါင်းထက်တွင် တောက်ပစွာလင်းနေခဲ့သည်။ သူမသာ ခြေနှစ်လမ်းခန့်ဆက်လျှောက်လိုက်မည်ဆိုပါက တိုက်အောက်ခြေထိ ပြုတ်ကျသွားနိုင်လိမ့်မည်။ သူမ အောက်ကို ငုံ့ကြည့်လိုက်ချိန်တွင် မြေပြင်တွင်လည်း ခြောက်သွေ့နေသည့် သွေးကွက်ကြီး တစ်ခုရှိနေသည်ကို တွေ့လိုက်ရသည်။

စွန်းယွင် ရုတ်တရက် သတိရသွားချေသည်။

ဒါက ဟိုခွေးမ ဖန်းချောင်ယွမ် သတ်သေခဲ့တဲ့ အဆောက်အဦးမဟုတ်ဘူးလား!!?

ထိုအချိန်တုန်းက သူမ၏ အလောင်းနှင့် မြေပြင်ပေါ်မှသွေးကွက်ကြီးအား ကျောင်းသားများမှ ဓာတ်ပုံရိုက်ထားပြီး ကျောင်းသတင်းဖိုရမ်တွင် ဖြန့်ဝေခဲ့ကြသည်။

သရဲခြောက်ခံရဖူးသည့် အတွေ့အကြုံကို ပြန်လည်သတိရလိုက်ပြီးနောက် နဂိုက စိတ်ညစ်နေရသည့် စွန်းယွင်၏ စိတ်ပိုင်းဆိုင်ရာအင်အားက ချုံးချုံးကျသွားတော့သည်။

“ငါ နင့်ကို ကြောက်မယ်များထင်နေတာလား?? ခွေးကောင်မ! ငါတို့အိမ်က နင့်ကို ရိုက်သတ်ဖို့အတွက် အကောင်းဆုံးတောက်ကျန့်ကို ခေါ်လို့ရအောင်ထိ ပိုက်ဆံရှိတယ်နော်…..”

“တကယ်လား?”

သူမ၏ နားရွက်နောက်မှ လေသံတိုးတိုးကြားလိုက်ရသည်ကြောင့် စွန်းယွင်ခေါင်းလှည့်လိုက်ချိန်တွင် သွေးများဖုံးလွှမ်းနေပြီး အငြိုးအတေးများ ပြည့်နှက်နေသည့် မျက်လုံးနီများနှင့် ပုံပျက်နေသော မျက်နှာကို တွေ့လိုက်ရသည်။

သူမ အလွန်အမင်း ကြောက်လန့်လွန်းအားကြီးသောကြောင့် သူမ၏ ဒူးများကတုန်ရီကာ ဟန်ချက်ပျက်သွားခဲ့ရသည်။ နောက်ဆုံး သူမခံစားလိုက်ရသည်က ကျောင်းခေါင်မိုးပေါ်မှ အောက်သို့ ပြုတ်ကျသွားခဲ့ခြင်းပင်။

ထိုအချိန်ကျမှ အဆောက်အဦးပေါ်က ခုန်ချလိုက်သည့် ခံစားချက်ကို စွန်းယွင် အပြည့်အဝနားလည်သွားခဲ့သည်။ အရိုးများ ကျိုးကြေသွားသည့် ခံစားချက်က အသည်းခိုက်အောင် နာကျင်ခံစားရသော်လည်း သူမ၏ အသိစိတ်ကတော့ ကြည်လင်ပြတ်သားနေခဲ့ရသည်။

သရဲဖြစ်နေသည့် ဖန်းချောင်ယွမ်က သူမလဲကျနေရာသို့ ခြေတစ်လှမ်းချင်း လျှောက်လာခဲ့သည်။

ရုတ်တရက် စွန်းယွင်မျက်လုံးများပြုးကျယ်သွားက ကြောက်ရွံ့တုန်လှုပ်လာခဲ့သည်။ အကြောင်းပြချက်ကတော့ ဖန်းချောင်ယွမ်၏ ဘေးတွင် ရင်းနှီးနေသည့် ပုံရိပ်ယောင်များက တစ်ယောက်ပြီးတစ်ယောက်‌ ပေါ်လာခြင်းကြောင့်ပင်။

အသက်အငယ်ဆုံးက အလယ်တန်းကျောင်းသူလေးဖြစ်ပြီး အကြီးဆုံးကတော့ အသက်လေးဆယ်ကျော် စွန်းမိသားစု၏ အိမ်စေတစ်ယောက်ပင်ဖြစ်သည်။ သူတို့အားလုံး၏ သေဆုံးမှုက သူမနှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ဆက်စပ်နေခဲ့သည်။

ထိုကိစ္စကို ရှာတွေ့ပြီးနောက် ကုကျစ်စုန့်က ဝိဉာဉ်ဂိတ်ပေါင်းများစွာကို ဖွင့်လိုက်ပြီး ပြန်မဝင်စားရသေးသည့် မြေအောက်ကမ္ဘာမှ ဝိဉာဉ်များကို ဆင့်ခေါ်လိုက်သည်။ သူမက ဝိဉာဉ်များအား စုစည်းပြီး စွန်းယွင်ဆီမှ အပြစ်ကြွေးတောင်းနိုင်ဖို့ လုပ်ဆောင်ပေးခဲ့သည်။

တစ်ကိုယ်လုံးစိုစွတ်နေပြီး ဖြူဆုတ်နေသည့် မိန်းကလေးတစ်ယောက်က မျက်လုံးများတွင် အငြိုးအတေးများက အပြည့်ဖြင့် ပြောလာသည်။

“စွန်းယွင်၊ နင် ငါ့ကို မှတ်မိသေးရဲ့လား!? ရှိုးပွဲမှာ ပင်တိုင်အကနေရာကို နင်မရဘဲ ငါရခဲ့လို့ နင်ငါ့ကို ရေကန်ထဲ တွန်းချခဲ့တာလေ!!”

“မစ္စစွန်းယွင်၊ ငါမင်းကို သေလောက်အောင် မုန်းတယ်!!”

“မလာခဲ့နဲ့ ! ငါ့နားကို မလာခဲ့နဲ့! ဝေးဝေးကိုသွား!! ဝေးဝေးကို သွားကြလို့ !!!!”

စွန်းယွင် ချုံးပွဲချငိုယိုနေခဲ့သော်လည်း ဒေါသကြီးနေသည့် ဝိဉာဉ်တွေကတော့ သူမအနားသို့ တစ်ရွေ့ရွေ့ တိုးလာနေကြနေကြဆဲပင်။

ထိုနေ့ညတွင် သားဖြစ်သူကို မြေလှန်ရှာဖွေနေကြသော်လည်း မတွေ့ရှိခဲ့သောကြောင့် စွန်းမိသားစုက အိမ်သို့ စိတ်ပျက်လက်ပျက်နှင့် ပြန်ရောက်လာခဲ့ကြသည်။

အိမ်ကိုပြန်ရောက်လာမှသာ အစီအရင်၏ တန်ပြန်မှုကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်သွားရသည့် သမီးဖြစ်သူကို စိတ်ပူရန် သတိရသွားကြသည်။

“အန်တီဝမ်၊ ယွင်ယွင်ရော?”

အန်တီဝမ်က ပြန်ဖြေသည်။

“မမလေးစွန်းယွင်က သခင်မကြီးတို့ ထွက်သွားပြီးတော့ ဒေါသအရမ်းကြီးနေခဲ့တာ၊ အခန်းထဲမှာရှိသမျှတွေကို ရိုက်ခွဲပစ်ပြီး ကျွန်မကိုလည်း ဝင်ပြီး ရှင်းလင်းခွင့်မပေးဘူး”

အမေစွန်းက စိတ်ပျက်စွာဖြင့် :

“ထားလိုက်တော့၊ ငါ့ဘာသာ သွားကြည့်လိုက်မယ်”

စွန်းယွင်၏ အခန်းတံခါးပေါက်ဆီကို ရောက်တော့ သူမက တံခါးကို နှစ်ချက်ခေါက်လိုက်ပြီး :

“ယွင်ယွင်၊ ထွက်လာခဲ့တော့လေ၊ မား သမီးပို့လိုက်တဲ့ စာကို တွေ့လိုက်တယ်၊ သမီးရဲ့ပါးက သမီးအတွက် လိုအပ်တဲ့ အစီအရင်တွေ ပြင်ဆင်ပေးဖို့ လူရှာခိုင်းထားပြီနော်၊ သမီး စိတ်ဆိုးနေတာကို မား သိပါတယ်၊ ဒါပေမယ့် သမီး အစ်ကိုရဲ့ ဝိဉာဉ်က အန္တရာယ်ထဲကို ကျနေနိုင်တာကြောင့် မားတို့က သူ့ကို ပိုပြီးစိတ်ပူနေလို့ပါ”

အခန်းထဲက တိတ်ဆိတ်နေပြီး ပြန်လည်ဖြေသံလည်း မရှိခဲ့သော့ကြောင့် အမေစွန်းက တံခါးကို ဖွင့်လိုက်ပြီး :

“မားဝင်လာပြီနော်”

အချိန်မကြာလိုက်၊ စွန်းယွင်၏အခန်းထဲမှ အော်သံစူးစူးထွက်လာခဲ့ပြီး တစ်အိမ်လုံးပဲ့တင်ထပ်သွားခဲ့သည်။ အဖေစွန်းက သူ့ ဇနီးသည်၏အသံကြောင့် အပြေးရောက်လာချိန်တွင် သူတို့၏သမီးအား ဖက်ထားရင်း ငိုယိုနေသည့် ဇနီးသည်ကို မြင်လိုက်ရလေသည်။

“ယွင်ယွင်၊ သမီး!! မားကို မခြောက်နဲ့နော်!”

သူမ သမီးဖြစ်သူ၏မျက်နှာက ယင်တစ်ခြမ်း၊ယန်တစ်ခြမ်းကဲ့သို့ ဖြစ်နေခဲ့သည်။ ပို၍ အရေးကြီးသည့် အချက်မှာ သူမ၏မျက်လုံးများက အသက်မဲ့နေခဲ့ကာ ပါးစပ်ကလည်းဟောင်းလောင်းပွင့်နေခဲ့သည်။ သူမကို ဆွဲလှုပ်နေတာသည်ကိုလည်း မတုံ့ပြန်နိုင်တော့ချေ။ သူမက လုံးလုံးလျားလျားကို ထုံထိုင်းသည့် လူအ,တစ်ယောက်ဖြစ်နေခဲ့လေပြီ။

အဖေစွန်းက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ရင်း အော်ဟစ်လိုက်သည်။

“ငါ့ရဲ့ စွန်းမိသားစုကို ဘယ်သောက်ကောင်က ဒီလိုဖျက်ဆီးလိုက်တာလဲ?!!”

တစ်ချိန်တည်းမှာပဲ တရားခံဖြစ်သည့် ဖန်းချောင်ယွမ်က ခြေထောက်အရှည် ငါးစင်တီမီတာလောက်တောင် မရှည်သည့် အနီရောင် စက္ကူရုပ်လေးထဲတွင် ရှိနေခဲ့ပြီး ယွီထုန်လျှို့၏ပုခုံးပေါ်တွင် ထိုင်နေရင်း တီဗီကြည့်နေခဲ့သည်။

သူမ၏ စိတ်နှလုံးထဲမှ နာကျည်းမှုကို လက်စားချေလိုက်နိုင်ပြီဖြစ်သောကြောင့် နှလုံးသားထဲမှ အငြိုးအတေးတွေ တော်တော်များများသည်လည်း အငွေ့ပျံသွားခဲ့ပြီ။

ယွီထုန်လျို့နှင့် ရှင်းလန်က သူမ၏ ဘဝက တိုတောင်းလွန်းသည်ကို နှမြောတသ ဖြစ်နေကြသော်လည်း သူမကတော့ စိတ်ကျေနပ်နေပြီဖြစ်သည်။

ချိန်းဆိုထားသည့် သုံးရက်ပြည့်ချိန်တွင် ဖန်းချောင်ယွမ်က ကုကျစ်စုန့် သတိပေးစရာပင်မလိုဘဲ၊ သူ့ဘာသာ စက္ကူရုပ်လေးထဲမှခုန်ထွက်လာခဲ့သည်။

ဖန်းချောင်ယွမ် ကုကျစ်စုန့်ကို ခါးကိုင်းညွှတ်ကာ အရိုအသေပြုလိုက်ပြီး ချိုသာသည်းအသံဖြင့် ကျေးဇူးတင်စကား ဆိုလာခဲ့သည်။

“စုန့်ကျဲကျဲ၊ ကျွန်မ အစ်မကို ဘယ်လို ကျေးဇူးတင်ရမလဲ မသိတော့ပါဘူး၊ အစ်မသာ မကူညီခဲ့ရင် ကျွန်မ လက်စားချေနိုင်ဖို့မပြောနဲ့ စွန်းမိသားစုဆီမှာ အဖမ်းခံပြီး အနှင်ခံလိုက်ရမလားတောင် မသိနိုင်ဘူး”

ယွီထုန်လျို့ကလည်း ထောက်ခံလာသည်။

“ဟုတ်တယ် စုန့်စုန့်၊ မင်းကြောင့်သာ မဟုတ်ရင် ငါအသက်ရှိမှာတောင် မဟုတ်ပါဘူး”

ကုကျစ်စုန့်ရဲ့ မျက်လုံးများက မပြောင်းလဲသော်လည်း သူမ၏လေသံကတော့ အနည်းငယ်နူးညံ့နေခဲ့သည်။

“မင်းမှာ အခြားဆုတောင်းချင်တာရော ရှိသေးလား?”

“စွန်းယွင်လည်း အပြစ်ပေးခံလိုက်ရပြီး ဟိုအရူးလည်း စိတ်ကျန်းမာရေးဆေးရုံရောက်သွားပြီလေ၊ ကျွန်မမှာ ထပ်ပြီး မုန်းရမယ့်သူ မရှိတော့ပါဘူး”

‘ဟိုအရူး’ ဆိုသည်မှာ သူမက သူကြိုက်တတ်သည့်ပုံစံမျိုးဟု လူကြားထဲတွင်ပေါ်တင်ထုတ်ပြောခဲ့သည့် ဖန်းချောင်ယွမ်၏ ကျောင်းမှ စီနီယာဖြစ်သည်။

သူက သူမကို တိုက်ရိုက်အနိုင်မကျင့်ခဲ့သော်ငြား စွန်းယွင်၏ စိတ်ဓာတ်ပြင်းထန်သည်ကို အသေချာသိထားခဲ့ပြီး သူ့ကို ကြိုက်သည့် မိန်းကလေးများက တစ်ယောက်မကျန် နှိပ်စက်အနိုင်ကျင့်ခံရတာကိုလည်း သိထားခဲ့သော်လည်း သိသိရက်နှင့်ပင် လူဘုံအလယ်တွင် ထိုသို့စကားမျိုးပြောဆိုခဲ့သည်။ သူပြောခဲ့သည့် စကားကြောင့် သူမကို ဘဝပျက်စေခဲ့သည်။

သူမ အနိုင်ကျင့်ခံနေရသည့် ရက်များတွင်လည်း ထိုအရူးမှာ လိပ်တစ်ကောင်ကဲ့သို့ အခွံထဲတွင် ပုန်းနေခဲ့ပြီး အစမှ အဆုံးထိ တောင်းပန်စကား တစ်ခွန်းမှ မဆိုလာခဲ့ချ။

ဖန်းချောင်ယွမ်က သူ့ကို အလွန် ရွံရှာစက်ဆုပ်ကာ သူမ သတ်သေမိခဲ့သည်ကိုလည်း နောင်တရမိသည်။ သူ့ကို ကြိုက်မိသွားသောကြောင့် အနိုင်ကျင့်ခံခဲ့ရသည့် တခြားကောင်မလေးများအတွက်လည်း မထိုက်တန်ဟု တွေးမိခဲ့သည်။

စွန်းယွင်ကို လက်စားချေပြီး နောက်တစ်ရက်တွင် ဖန်းချောင်ယွမ် သူမကို အငြိုးအတေးသရဲ ဖြစ်စေခဲ့သည့် ထိုကျောင်းမြက်အရူးကောင်၏ ခြေထောက်ကို ချိုးပစ်ခဲ့သည်။

ဖန်းချောင်ယွမ်က ဆက်ပြောသည်။

“အစ်မတို့ပြောမှ ကျွန်မ စိတ်ပူတာ တစ်ခုက ကျွန်မရဲ့အမေပါပဲ၊ ကျွန်မ ကိုယ့်အတွက်ကိုယ်ပဲ စဉ်းစားခဲ့ပြီး အမေ့ကို ဝမ်းနည်းစေခဲ့တယ်”

ယွီထုန်လျို့ : “စိတ်မပူပါနဲ့ ရှောင်ဖန်း၊ ရှင်းကျဲနဲ့ ငါနဲ့ မင်းအတွက် အန်တီကို သေချာဂရုစိုက်ပေးပါ့မယ်”

“ကျေးဇူးပါ၊ ထုန်လျို့ကျဲကျဲ”

ကုကျစ်စုန့် :

“ငါတို့တွေ့ခဲ့ရတာက ကံကြမ္မာဘဲ၊ မင်းရဲ့ ဝိဉာဉ်မှာ အငြိုးအတေးက ကပ်ငြိနေတာတွေ ကျန်ရှိသေးရင် မင်းပြန်မဝင်စားခင် မြေအောက်ကမ္ဘာမှာ အချိန်အကြာကြီးနေရလိမ့်မယ်၊ ငါမင်းရဲ့ ဝိဉာဉ်ကို ကူပြီး သန့်စင်ပေးလိုက်မယ်”

ပြန်မဝင်စားချင်ဘဲ သက်ရှိကမ္ဘာမှာပဲ အကြာကြီးနေချင်ခဲ့သည့် သရဲများအတွက်ကတော့ အမုန်းတရားက အရေးကြီးသည့် အရာတစ်ခုဖြစ်သော်လည်း ပြန်လည်ဝင်စားချင်သည့် ဝိဉာဉ်တွေအတွက်တော့ အမုန်းတရားဆိုသည်မှာ သူတို့ခြေထောက်ကိုဆွဲထားသည့် သံခြေကျင်းလို အနှောင့်အယှက်ပင်ဖြစ်ချေသည်။

သရဲများ မရေတွက်နိုင်အောင် အမြောက်အမြားရှိသော်လည်း ပြန်ဝင်စားမည့် စာရင်းတွင်တော့ နေရာလွတ်က အနည်းငယ်သာရှိသည်။ ပြန်လည်ဝင်စားမည့်အချိန်ကို စီရင်သည့် အရာရှိများက မုန်းတီးမှုဝိဉာဉ်တွေကို ဆူးညှောင့်ခလုတ်ဟုသာ သဘောထားတတ်သောကြောင့် သူတို့ပြန်ဝင်စားနိုင်ရန်အတွက် နှစ်ပေါင်းများစွာ စောင့်ဆိုင်းရတတ်သည်။

တစ်ဖက်တွင်တော့ ပုံမှန်ဖောက်ထွင်းမြင်နေသည့် သရဲများက အမြန်ဆုံး ပြန်လည်ဝင်စားတတ်ကြသည်။

ကုကျစ်စုန့်က အသက်ကို ပြင်းပြင်းရှူထုတ်လိုက်ပြီးနောက် ဖန်းချောင်ယွမ်ကို ကယ်တင်နိုင်ရန် တောက်ဓမ္မဂါထာ “မြေပြင်သန့်စင်ကာ ပြန်လည်မွေးဖွားခြင်းဂါထာ” ကို ရွတ်ဖတ်နေသည်။

“ကြီးမားမြင့်မြတ်ကာ ကြင်နာသနားညှာတာတတ်ပါသော မယ်တော်ကွမ်ယင်သည် အကျွန်ုပ်အား ကာကွယ်၍ ကောင်းချီးပေးပါစေ….”

ဂါထာရွတ်ဖတ်နေစဉ် သူမ၏‌ လေသံတွင် မှော်စွမ်းအားတစ်ခု ပါဝင်နေခဲ့သည်။ ဘေးနားမှ နားထောင်နေခဲ့သည့် ယွီထုန်လျို့နှင့် ရှင်းလန်တို့တောင်မှ သိသိသာသာ စိတ်ပေါ့ပါးလာပြီး ဒုတိယတစ်ခေါက် ရွတ်ဖတ်ပြီးချိန်မှာတော့ ဖန်းချောင်ယွမ်ကိုယ်ထဲမှ အမုန်းတရားက ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပေသည်။

All Chapters